← Chapters

အသက် အနမ်း၊ ယုံကြည်မှု အနမ်း

Vol. 59 Ch. 815

အသက် အနမ်း၊ ယုံကြည်မှု အနမ်း

Vol. 59 Ch. 815

ဝေ့ဝူယင်က နူးညံ့ ညင်သာစွာပင် ဝမ်မင်ယာ၏ ခန္ဓာကိုယ် ကလေးကို ပွေ့ချီလိုက်၏။ သူမ၏ အသက်ရှူသံများက အလွန်ပင် နှေးကွေးနေကာ အချိန်မရွေး ရပ်တန့်သွားတော့မယောင် ထင်ရသည်။ ဝေ့ဝူယင်က ဝူယုကို လှည့်ကြည့်လိုက်၏။

ဝူယုက အလိုက်တသိပင် ဝမ်မင်ယာ၏ အခြေအနေကို စစ်ဆေး ကြည့်လိုက်သည်။ တစ်ခဏ ကြာပြီးနောက် သူက သက်ပြင်းတစ်ချက် ချလိုက်၏။

“သူက အခု အခွံလွတ်လို နေပြီ... သက်တမ်းက ဆိုးဆိုးရွားရွား လျော့ကျနေတဲ့ အပြင် အစွမ်းအား စွမ်းအင်တွေ အကုန်လုံးပါ နတ္ထိ ဖြစ်နေပြီ...ကြယ်တာရာ အမြုတေကို ပံ့ပိုးပေးထားတဲ့ နယ်မြေ မျိုးစေ့ ကြောင့်သာ မဟုတ်ရင် သူ သေနေလောက်ပြီ”

ထို့နောက် သူက ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ ဝေ့ဝူယင်မှာ အလွန် အားကောင်းသည့် ဝိညာဥ်အာရုံကို ပိုင်ဆိုင်ထားလေရာ ထိုအရာက သတိထားမိမည်မှာ ကျိန်းသေသည်။ သူက မျက်လုံးများကို မှိတ်ကာ ဝမ်မင်ယာ၏ နဖူးကို ထိလိုက်၏။ ထူးဆန်းသော မီးခိုးရောင် ဝိညာဥ်အလင်းများက သူ့လက်မှ စီးကာ ထွက်ပေါ်လာခဲ့လေသည်။

“ရပ်လိုက်...”

ဝေ့ဝူယင်က ဝမ်မင်ယာကို နောက်ကို ပြန်ဆွဲလိုက်၏။ ဝူယုမှာ လျှို့ဝှက် အာဏာရှင် အဆင့် စွမ်းရည် တစ်မျိုး ဖြစ်သည့် အချိန် ‌နောက်ပြန်ဆုတ်ခြင်း စွမ်းအားကို သုံးကာ ဝမ်မင်ယာကို ပြန်လည် ကုသဖို့ ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း... ၎င်းက အလွန်ပင် အကုန်အကျများသည့် နည်းလမ်း တစ်ခု ဖြစ်ကာ သူ့ သက်တမ်း အချို့အဝက်ကိုပင် စတေးရလိမ့်မည် ဖြစ်သည်။

ဝူယုက နားမလည်ဟန်ဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်၏။

“အာရုံခံကြည့်...”

ဝေ့ဝူယင်က ပြောလိုက်၏။ ဝူယုမှာ အနည်းငယ် အံ့သြသွားသည်။ သူက ဝမ်မင်ယာကို နောက်တစ်ကြိမ် စစ်ဆေး ကြည့်လိုက်၏။ သို့သော်လည်း... ယခုတစ်ကြိမ်တွင်တော့ သူ့မျက်လုံးများက အဆုံးမဲ့ ရောင်စုံ ကြယ်များဖြင့် ပြည့်နှက်နေသည့် အစီအရင် တစ်ခု သဖွယ် ပြောင်းလဲ သွားသည်။ ၎င်းက အလွန်အမင်း လှပလွန်းလှ၏။

တစ်ခဏ ကြာပြီးနောက် ဝူယုမှာ သူ ရှာဖွေ တွေ့ရှိလိုက်ရသည့် အရာကြောင့် အံ့သြ သွားခဲ့၏။ ဝေ့ဝူယင် မည်သည့် အရာကို လိုချင်ကြောင်း သူ သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။ သူက အလျှင်အမြန်ပင် လက်ဟန် ချိပ်စည်း တစ်ခုကို ဖွဲ့စည်းလိုက်ရာ ရောင်စုံ လျှို့ဝှက် အလင်းများမှာ ဝေ့ဝူယင်၊ ဝမ်မင်ယာနှင့် ပိုင်လင်တို့ကို လွှမ်းခြုံ သွား၏။ နောက်ဆုံး၌ ၎င်းတို့က အလုံပိတ် ပိုးအိမ် တစ်ခုလို ဖြစ်သွားသည်။

ထို့နောက် သူက မတုန့်မဆိုင်းပင် ဟင်းလင်းပြင် သင်္ဘောကို ပြန်လည် ထိန်းချုပ် လိုက်၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ၎င်းက အမြင့်ဆုံး အမြန်နှုန်းဖြင့် ပျံသန်း ထွက်ခွာ သွားတော့သည်။ သူတို့ ထွက်ခွာသွားပြီး မကြာမီ ပုံရိပ် တစ်ခုမှာ ထိုနေရာ၌ ပေါ်လာခဲ့လေသည်။ သူက ပတ်ဝန်းကျင်ကို တစ်ခဏမျှ လှည့်ပတ် ကြည့်လိုက်သည်။ ထို့နောက်... ဟင်းလင်းပြင် သင်္ဘော ထွက်ခွာသွားသည့် လမ်းကြောင်း အတိုင်း နောက်မှ လိုက်သွားခဲ့လေတော့၏။

ချိပ်ပိတ်ထားသည့် ပိုးအိမ် အတွင်း၌ ဝေ့ဝူယင်မှာ ဝမ်မင်ယာကို ဖက်ထားခဲ့၏။ သူ၏ အတွေးများကတော့ အလွန် လျှင်မြန်စွာ လှည့်ပတ် နေပေသည်။ မှတ်ဉာဏ် လွှဲပြောင်းခြင်း နည်းလမ်းမှ တစ်ဆင့်... ဝမ်မင်ယာ၏ မှတ်ဉာဏ်များကို သူ ရရှိပြီး ဖြစ်သည်။ ထိုမှတစ်ဆင့် သူ အများအပြား လေ့လာနိုင်ခဲ့သည်။

ပထမဆုံး တစ်ချက်... သူ အထင်လွှဲမှား ခဲ့ပေသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ တုန်းက သူ မင်ရှုဖုန်းကို ပြန်ပေးဆွဲခဲ့ဖူးသည်။ သူ၏ ရည်ရွယ်ချက်က ငရဲကြီး ဆယ့်နှစ်ထပ်နှင့် ၎င်းတို့ အကြောင်း အ‌သေးစိတ် အချက်အလက်များကို သိရန် ဖြစ်သည်။ သူ ငရဲ၏ ဒုတိယမြောက် အလွှာကို လေ့လာနိုင်ခဲ့သည်။ ထိုအရိပ်အမြွက်ကပင် ငရဲ၏ ဒုတိယမြောက် ကပ်ဘေးကို ဖြတ်ကျော်ရာ၌ သူ့အတွက် များစွာ အထောက်အကူ ဖြစ်ခဲ့ပေသည်။ သို့သော်လည်း... ငရဲ၏ ဒုတိယမြောက် အလွှာ အကြောင်း မင်ရှုဖုန်း ရှင်းပြချိန်၌ သူမ၏ စကားများက ရှုပ်ယှက်ခတ် နေခဲ့ပေသည်။

ထိုအရာက ကောင်းကင်တာအို၏ တင်းကြပ်မှုပင် ဖြစ်ကြောင်း မင်ရှုဖုန်း မသိခဲ့သလို သူ ကိုယ်တိုင်လည်း မသိခဲ့ပါချေ။ လူတစ်ယောက်မှာ သေဆုံးပြီးနောက် ငရဲကို သွားရောက်ရပါက ဘဝဟောင်းမှ မှတ်ဉာဏ်များကို ဆက်လက် ပိုင်ဆိုင်ထားနိုင်ပေသည်။ မဟုတ်ပါက... ပထမ ငရဲနှင့် ဒုတိယ ငရဲတွင် အမှတ်တရများ၏ နာကျင်မှုကို မည်ကဲ့သို့ ခံစားနိုင်ပါမည်နည်း။

ထိုစဥ်အခါက... ပထမဆုံး အပြစ်သားမှာ အမွေခံ အပြစ်သားများကို ငရဲ၏ ကပ်ဘေးများ အကြောင်း ပေးမသိစေလိုပဲ စွန့်စားခန်း ကစားပွဲ တစ်ခုသဖွယ် ဖန်တီးခဲ့ခြင်းဟု ဝေ့ဝူယင် အထင်မှားခဲ့သည်။ သူ လုံးဝ လုံးဝ မှားယွင်းခဲ့သည်။ အပြစ်သားသွေးမျိုးဆက်က သူ့ကို ထိုအရာများ မသိအောင် တားဆီးခဲ့ခြင်း မဟုတ်ချေ။ ကောင်းကင်တာအို၏ တန်ပြန် သက်ရောက်မှုမှ ကာကွယ်ရန် တားဆီးပေးခဲ့ခြင်းသာ ဖြစ်သည်။

ဒုတိယ တစ်ချက်... အခြား နည်းလမ်း မရှိခြင်းပင် ဖြစ်သည်။ ငရဲ၏ ကပ်ဘေး ဆယ့်ရှစ်ခုနှင့် ပတ်သက်၍ ဝေ့ဝူယင်တွင် ပြင်းထန်သော ဖိအားများ ရှိနေ‌ကြောင်း သူမ သတိထားမိခဲ့သည်။ ထို့ကြောင့်ပင် သူမက ဆယ်စုနှစ်ဝက်ကျော်ခန့် သုတေသန ပြုလုပ်ခဲ့သည်။ ၎င်းတို့ကို ရှင်းပြရန်မှာ မှတ်ဉာဏ် လွှဲပြောင်းခြင်းမှ တစ်ပါးအခြား နည်းလမ်း မရှိကြောင်း သူမ သိရှိလာရသည်။ ထို့ကြောင့် တန်ပြန် သက်ရောက်မှု ခံစားရမည်ကို သိရှိသည့်တိုင် သူမ စတေးပေးခဲ့သည်။ ထိုအရာက ဝေ့ဝူယင်၏ ကျေးဇူးတရားကို အတတ်နိုင်ဆုံးသော နည်းလမ်းဖြင့် သူမ ပြန်ဆပ်လိုက်ခြင်းပင် ဖြစ်သည်။

ဝေ့ဝူယင်က ဝမ်မင်ယာကို ဂုဏ်ယူသည့် အပြုံးဖြင့် ငုံ့ကြည့်လိုက်၏။

“မင်းက တကယ့်ကို တစ်ခုခုပဲ...”

ငရဲ၏ ကပ်ဘေးများ အကြောင်း ဝမ်မင်ယာ ရှာဖွေ တွေ့ရှိလိမ့်မည်ဟု ဝေ့ဝူယင် မျှော်လင့် မထားခဲ့သည်က အမှန်ပင် ဖြစ်သည်။ သို့သော်လည်း သူမက အောင်မြင်ခဲ့သည်။ ပြီးပြည့်စုံစွာ အောင်မြင်ခဲ့သည်။ လွှဲပြောင်းမှု အတွက် သူမ ရွေးချယ်ခဲ့သော နည်းလမ်းကလည်း အမှားအယွင်း မရှိခဲ့ချေ။ မည်သည့် တန်ပြန် သက်ရောက်မှုမှ ဖြစ်ပေါ် မလာခြင်းကို ထောက်ချင့်ရပါက ကောင်းကင်တာအိုမှာ သူ့ကို ကောင်းကင် နိမိတ်ဖတ်သူ တစ်ယောက်ဟု ယူဆလိုက်ပုံ ရသည်။

နောက်ဆုံးတစ်ချက်... သူ့တွင် ငရဲ၏ ပထမ ကပ်ဘေး ခြောက်ခု အကြောင်း ပြီးပြည့်စုံသည့် အချက်အလက်များ ရရှိခဲ့ပြီ ဖြစ်သည်။ အခြား ဆယ့်နှစ်ခု အကြောင်းကိုလည်း ဝမ်မင်ယာ၏ မှတ်ဉာဏ်ထဲတွင် ထူးဆန်းသော ဘာသာစကားဖြင့် ရေးသားထားသည်။ သူမသည်လည်းပဲ ထိုအရာကို နားလည်ခြင်း မရှိချေ။ ထို့အပြင်... အခြား မှတ်တမ်းများလည်း မရှိချေ။ ၎င်းသာ အမှန်ဆိုပါက... ငရဲ၏ ကပ်ဘေး ဆယ့်ရှစ်ခုလုံး အကြောင်း သိသည် ဟု မင်ရှုဖုန်း ဆိုခဲ့ခြင်းမှာ သူ့ကို လိမ်ခြင်းသာ ဖြစ်ပေလိမ့်မည်။

ဝေ့ဝူယင် ဆက်လက် တွေးတော နေစဥ်မှာပင် ဝူယု၏ အသံက ပိုးအိမ် အတွင်း ပျံ့လွင့် လာခဲ့၏။

“သခင်လေး ဘယ်လိုသိတာလဲ...”

သူ၏ အသံက အနည်းငယ် အံ့အားသင့်နေသည့် ပုံ ပေါ်ပေသည်။

“ကျုပ် ခန့်မှန်းလိုက်တာပါ... တစ်ယောက်ယောက်က ကျုပ်တို့ကို ခြေရာခံ လိုက်နေတယ်လို့ ခံစားရတယ်... အဲဒါ အကုန်ပဲလေ”

ဝမ်မင်ယာက သူ့ကို မှတ်ဉာဏ်များ လွှဲပြောင်းပေးစဥ်၌ မူမမှန်သည့် ခံစားချက် တစ်ခုကို သူ ခံစားခဲ့ရသည်။ အမှန်တရား မျက်လုံးနှင့် ကြည့်ရှုခဲ့စဥ်က ထိုခံစားချက်များကို သူ ရခဲ့ဖူးသည်။ ထိုအရာနှင့် ဆက်စပ်၍ သူ ခန့်မှန်း လိုက်ခြင်းသာ ဖြစ်သည်။ ဝူယုက ထိုအရာကို အတည်ပြုခဲ့ခြင်းသာ ဖြစ်လေ၏။

“သူက လျှို့ဝှက် အာဏာရှင် အဆင့်... ပြီးတော့ ဖုံးကွယ်ခြင်း ကျင့်စဥ်ကို သုံးထားတာ...”

ဝူယုက စကားကို ရပ်လိုက်၏။ သူ၏ အမူအရာက လေးနက်ကာ တစ်စုံတစ်ရာကို စဥ်းစားနေပုံ ရလေသည်။ တစ်ခဏ ကြာပြီးနောက်မှ သူက ဆက်လက် ပြောလိုက်သည်။

“သူ့ရဲ့ အော်ရာက ရင်းနှီးနေသလိုပဲ”

“သူက ခင်ဗျား နောက်ကို လိုက်နေတာလား...”

ဝေ့ဝူယင်က မေးလိုက်၏။ ဝူယုက ဘာမှ ပြန်မဖြေချေ။ ထို့အစားသူက မျက်မှောင်ကြုတ်ကာ စဥ်းစားနေ၏။

“ပင်းမျိုးနွယ်များလား...”

ဝူယုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သို့သော်လည်း... ထိုအော်ရာက ပင်းမျိုးနွယ်၏ ရေခဲ အော်ရာနှင့်တော့ မတူပါချေ။

“ခင်ဗျား ကိုယ်ကိုရော စစ်ပြီးပြီလား”

ဝေ့ဝူယင်က မေးလိုက်၏။ ဝူယုက ခေါင်းညိတ်လိုက်သည်။

“ပြီးပြီ... ကျုပ်ကို ခြေရာခံ နေတဲ့လူ မရှိဘူး... ကြည့်ရတာ သူတို့က ကျုပ်တို့ထက် သင်္ဘောကို ခြေရာခံ နေကြတာ ဖြစ်မယ်”

ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်မိ၏။ အတော်လေးတော့ ထူးဆန်းနေချေပြီ ဖြစ်သည်။ သို့သော်လည်း အနည်းငယ် စဥ်းစားပြီးနောက် သူ ကောက်ချက် တစ်ခု ချလိုက်နိုင်၏။ သူတို့က ဝူယုနှင့် ပတ်သက်၍ အမဲလိုက် ခံနေရခြင်း ဖြစ်နိုင်သည်။ မည်သို့ပင် ဆိုစေ... ဝူယုမှာ သူ၏ လျှို့ဝှက် အာဏာရှင် အဆင့်‌ အော်ရာကို ထာဝရ နယ်မြေသို့ ဝင်ရောက်ရာ၌ ထုတ်ဖော် ပြသခဲ့သည်။ ဘယ်လိုပဲတွေးတွေး... နောက်ဆုံး ကောက်ချက်က ထိုနေရာသို့သာ ပြန်လည် ရောက်ရှိနေခဲ့သည်။

ကြည့်ရသည်က သူ ဟင်းလင်းပြင် သင်္ဘောကို စတေးရတော့မည် ဖြစ်သည်။ သူ ထိုသင်္ဘောကို သဘောကျသည်။ အတော်‌လေးကို သဘောကျသည်။

“ဟင်း...”

သူ့လက်မောင်းကြားရှိ ဝမ်မင်ယာက အနည်းငယ် ညီးညူလိုက်၏။ သူမက ကုန်ဆုံးသွားသည့် စိတ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် ကြိုးပမ်းရင်း အိပ်မောကျနေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင် သူမကို ငုံ့ကြည့် လိုက်မိ၏။

“ငါ မင်းအတွက် လုပ်ပေးတာ ဘာမှ မရှိသေးဘူး... ဒါတောင် မင်းက ငါ့အတွက် အရာအားလုံး ပေးဆပ်ဖို့ ဆန္ဒ ရှိနေပြီ... ဘာလို့လဲ ဆိုတဲ့ ‌မေးခွန်းကို ငါ အဖြေရှာ မရဘူး”

သူမ၏ မှတ်ဉာဏ်များထဲတွင် ရှာဖွေ ကြည့်တော့လည်း ငရဲ၏ ကပ်ဘေးများနှင့် သက်ဆိုင်သည့် အကြောင်းအရာမှ တစ်ပါး အခြား မည်သည့် အရာကိုမှ မတွေ့ရချေ။ ထိုအခိုက်၌ နှလုံးသားက မလှုပ်ရှားမိဘူး ဆိုလျှင် ဝေ့ဝူယင် လိမ်ရာကျလိမ့်မည် ဖြစ်သည်။ သူ သူမ၏ ငွေရောင် ဆံပင်လေးများကို သပ်တင်ပေးလိုက်၏။

ထို့နောက် သူက ရှေ့ကို တိုးကာ သူမ၏ နဖူးကလေးကို နမ်းလိုက်သည်။ ပြီးသည်နှင့် အောက်ကို အနည်းငယ် လျှောလိုက်ကာ သူမ၏ နှုတ်ခမ်းကလေးကို ဖိကပ်လိုက်၏။ ယခုတစ်ကြိမ် အနမ်းက ပထမ တစ်ကြိမ်ကလို နူးညံ့ ချိုမြိန်မှုတို့ ကင်းမဲ့နေပေသည်။ သို့သော်လည်း သူ့အတွက် အဓိပ္ပာယ် အများကြီး ပိုရှိပေသည်။

ဟူး... ဟူး...

ဧဒင် အမှတ်အသား အတွင်းမှ သစ်သားနှင့် အသက် အော်ရာများမှာ အပြင်သို့ စီးထွက်လာခဲ့၏။ ၎င်းတို့က အလွန်လှပသည့် ရောင်စုံအလင်းတန်းများ အဖြစ် ဝမ်မင်ယာ၏ နှုတ်ခမ်းဆီမှ ခန္ဓာကိုယ် အတွင်း ဝင်ရောက် သွားခဲ့သည်။

ဝမ်မင်ယာ၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာခဲ့၏။ သူမ ပထမဆုံး မြင်တွေ့လိုက်ရသည်က လူငယ်၏ ချောမောသော မျက်နှာပင် ဖြစ်သည်။ ဝင်သက်ထွက်သက် နွေးနွေးက သူမ၏ မျက်နှာကို ဟပ်နေကာ နှုတ်ခမ်းများမှာ စိုစွတ် နွေးထွေးမှုကို ခံစားနေရ၏။

ဖြည်းညင်းစွာပင် ဝမ်မင်ယာ၏ အသားအရေက ပြန်လည် ကျန်းမာလာသည်။ သူမ၏ ဆံနွယ် ဆံသားများမှာ မူလက ကဲ့သို့ ပြန်ည် အညိုရောင် သမ်းလာကာ နှုတ်ခမ်းများမှာ ပန်းနုရောင် အဆင်းနှင့် ပြည့်ဖြိုးမှုတို့ကို ပြန်လည် ရရှိလာ၏။ ဝေ့ဝူယင်က သူမအတွက် ဘာကိုမှ ပေးရန် တုန့်ဆိုင်း မနေတော့ပဲ ပိုးအိမ်ငယ် အတွင်း၌ လျှို့ဝှက်ချက် အားလုံးကို ဖော်ထုတ် လိုက်တော့သည်။

သူ့ခန္ဓာကိုယ် အတွင်းရှိ အသက်အင်အားများကတော့ အဆုံးမဲ့ဟန် ရလေ၏။

***

All Chapters