ရှေးဟောင်း ချိတ်ဆက်မှု
Vol. 59 Ch. 816
ဝူယုက လျှို့ဝှက် စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် ပိုးအိမ်ကို အမှောင် ဟင်းလင်းပြင် အတွင်း တွန်းလိုက်၏။ သူက ဖုံးကွယ်ခြင်း အတတ်ပညာကို ဖော်ထုတ်ထားကာ သူနှင့် ပိုးအိမ်တို့ကို အာကာသနှင့် တစ်သားတည်း ဖြစ်စေခဲ့သည်။ သူ၏ အော်ရာက လျော့ကျသွား၏။ သူက အလွန်လျှင်မြန်စွာ ရွေ့လျားနေခြင်း မရှိသလို အလွန် အာရုံ စူးစိုက်ဖို့လည်း မလိုပါချေ။ သူ ဝိညာဥ်အာရုံကို ဖြည်းညင်းစွာ ဖြန့်ကျက်ကာ ပိုးအိမ် အတွင်းရှိ အဖြစ်အပျက်များကို စစ်ဆေး ကြည့်လိုက်၏။
ထိုအခါ မြင်တွေ့လိုက်ရသော မြင်ကွင်းက သူ့နှလုံးသားက တဒိန်းဒိန်း တုန်ရီ သွားစေခဲ့သည်။
“သူက ဘယ်လိုလုပ်ပြီး...”
ဝူယုက အတွေးကို မေးခွန်း အဖြစ် ပြောင်းလဲကာ ဝိညာဥ်အသံ တစ်ခု ပိုးအိမ် အတွင်း ပို့လွှတ်ရင် ဟန်ပြင်လိုက်သည်။ သို့သော်လည်း... သူ ချက်ချင်းပင် ပြန်ရပ်တန့်လိုက်၏။ ထိုကဲ့သို့ မေးခွန်းမျိုးကို မမေးသင့်ချေ။
လူတိုင်း၌ ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိကြသည်သာ ဖြစ်သည်။ ဝေ့ဝူယင်တွင်လည်း များစွာ ရှိပေလိမ့်မည်။ စိတ်တည်ငြိမ်စေရန် အတွက် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ရင်း တိတ်တဆိတ် နေရန် သူ ဆုံးဖြတ် လိုက်၏။ မကြာခင်မှာပင် ဝူယုမှာ သူ့ စိတ်စွမ်းအင်များကို ရင်းနှီးသည် ဟု ခံစားရသည့် အော်ရာအား ဖော်ထုတ်ရန် အတွက်သာ အသုံးပြုလိုက်တော့သည်။
...
ရက်ပေါင်း အနည်းငယ် ကြာမြင်ပြီးနောက် အဖြူရောင် ဟင်းလင်းပြင် သင်္ဘောလေးမှာ အမှောင် ဟင်းလင်းပြင် တစ်နေရာတွင် ရပ်တန့် သွား၏။ ၎င်းက လောင်စာကုန်သွားခြင်းပင်။
လက်ရှိ၌... အလယ်အလတ်စား အရွယ် အရည်အသွေးနိမ့် ဟင်းလင်းပြင် သင်္ဘော သုံးစင်းမှာ ထိုအဖြူရောင် သင်္ဘောလေးကို ငါးမန်းများ ကဲ့သို့ လှည့်ပတ် နေကြသည်။ ၎င်းတို့က အမြောက်များကို ဟင်းလင်းပြင် သင်္ဘောလေးဆီ ချိန်ရွယ်ကာ အညံ့ခံရန် ဝိညာဥ်သွယ်မှုများကို အဆက်မပြတ် ပေးပို့ နေကြ၏။ ရှင်းလင်းစွာပင်... သူတို့က ထာဝရ နယ်မြေ ပိုင်နက် အတွင်းရှိ ဟင်းလင်းပြင် ဓားပြများ ဖြစ်ကြပေသည်။ သို့သော်လည်း... သင်္ဘောများ၏ အရည်အသွေးကို ကြည့်ခြင်းအားဖြင့် သူတို့က အလွန် အားနည်းကာ ထိုနယ်ပယ်သို့ အသစ် ဝင်ရောက်လာသူများ ဖြစ်ကြောင်း သိသာလှသည်။
မိနစ် အနည်းငယ် ကြာပြီးသည် အထိ သင်္ဘောဆီမှ မည်သည့် တုန့်ပြန်မှုမှ ထွက်ပေါ် မလာခဲ့ပါချေ။ ဓားပြ သင်္ဘောသုံးစင်း၏ စိတ်လှုပ်ရှားမှုများမှာ ပိုမို၍ တိုးလာခဲ့၏။ ထိုသင်္ဘောလေး၏ အရည်အသွေးက အလွန်ပင် မြင့်မားလွန်းသည်။ အထဲ၌ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် ရှိနေမည်ကို သူတို့ အမှန်တကယ်ပင် ကြောက်လန့် နေမိကြသည်။
သို့သော်လည်း... သင်္ဘော၏ အရည်အသွေးကြောင့် လက်လွှတ်ရန်လည်း သူတို့ ဆန္ဒ မရှိပါချေ။ ၎င်းက စွန့်ပစ်ခံ သင်္ဘောတစ်စင်း ဆိုပါက မည်သို့ လုပ်မိနည်း။ သူတို့က ပျော်၍ ဓားပြ လုပ်နေသူများ မဟုတ်ချေ။ လုံးဝ ရွေးချယ်စရာ မရှိသည့် အခြေအနေကြောင့် ထိုလမ်းစဥ်အား ရွေးချယ် ထားရသူများသာ ဖြစ်သည်။
ကျင့်ကြံခြင်းက ခက်ခဲလှသည်။ ရင်းမြစ် အားလုံးကို ထိပ်တန်း အင်အားစုများကသာ ထိန်းချုပ်ထားသည်။ အမြင့်ဆုံးသို့ တက်လှမ်းရန် လမ်းကြောင်းက အန္တရာယ် အသွယ်သွယ်ဖြင့် ပြည့်နှက် နေပေသည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ သဘာဝ ပတ်ဝန်းကျင်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်ထဲတွင် အကြွယ်ဝဆုံး ဖြစ်သည့်တိုင် ၎င်းတို့ကိုသာ သီးသန့် အားကိုးပါက ဘယ်တော့မှ ထိပ်တန်း အဆင့်များကို ရောက်ရှိနိုင်လိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် ပါရမီ အရာတွင် နိမ့်ပါးသော လူများ အတွက် ထိုအမှန်တရားက ပိုမို၍ မှန်ကန်ပေသည်။
ဓားပြသုံးစင်းမှာ စတင်၍ လှုပ်ရှား လာကြ၏။ သူတို့၏ ထိပ်တန်း ကျင့်ကြံသူများ ဖြစ်သည့် အလင်းပြန်ခြင်း အဆင့်များမှာ သင်္ဘောကို စတင် ဝန်းရံလိုက်ကြသည်။ သူတို့၏ သတ္တိများကတော့ ချီးကျူးဖွယ်ရာပါပင်။
ရုတ်တရက်... ပုံရိပ် တစ်ခုမှာ အဖြူရောင် သင်္ဘောငယ်၏ အထက်၌ ပေါ်လာခဲ့၏။
“စွန့်ပစ်သွားတာလား...”
ပုံရိပ်က သင်္ဘောထက်သို့ တက်ရန် ကြိုးပမ်းနေသည့် ဓားပြများကို တစ်ချက် ကြည့်လိုက်၏။ သူတို့က ကြယ်တာရာ အဆင့် အထူး ကိရိယာများကို သုံးကာ အမှောင် ဟင်းလင်းပြင် အတွင်း ရပ်တည်နိုင်အောင် လုပ်ဆောင်ထားကြသည်။
ပုံရိပ်က လက်တစ်ဖက်ကို ဝှေယမ်းလိုက်၏။ ချက်ချင်းပင် ဓားပြများ၏ အကာအကွယ် အလွှာများက ပျက်စီး ပျောက်ကွယ်သွား၏။ အမှောင် ဟင်းလင်းပြင်၏ အအေးဓာတ်က ချက်ချင်းပင် တိုးဝင်လာသည်။ သူတို့၏ ခန္ဓာကိုယ်များက ချက်ချင်းပင် အေးခဲကာ သေဆုံး သွားကြ၏။
နဂါးငွေ့တန်း ကြယ်ကွင်းပြင်နှင့် ခြားနားစွာပင် ဤနေရာရှိ အအေးဓာတ်က အဆပေါင်း များစွာ ပိုမို၍ များပြားပေသည်။ လောကသခင်များပင်လျှင် လောကနယ်မြေကို ဖော်ထုတ်ထားခြင်း မပြုပါက ချက်ချင်း သေဆုံး သွားလိမ့်မည် ဖြစ်သည်။
သင်္ဘောသား အားလုံးမှာ ခေါင်းဆောင်မျာ၏ အဖြစ်အပျက်ဆိုးကို ကြည့်ကာ အလွန်ပင် အံ့သြ သွားကြ၏။ ဒုတိယ ကွန်မန်ဒါ နှစ်ယောက်က အလောင်းများကို ပြန်ဆည်ယူရန် အမိန့်ပေးလိုက်ကြ၏။ သို့သော်လည်း... ပိုမို ဉာဏ်ကောင်းသည့် တစ်ယောက်ကတော့ အခြေအနေက ဆုတ်ခွာရန် တစ်ခုတည်းသာ ရှိကြောင်း သဘောပေါက် ပေသည်။ ကံမကောင်းစွာပင်... ပုံရိပ်က နောက်တစ်ကြိမ် လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားပြ သင်္ဘော သုံးစင်းလုံး၏ ဝင်္ကပါများမှာ ရပ်တန့် ပျက်စီး သွားကြ၏။
ဘုန်း...
ချက်ချင်း ဆိုသလိုပင် အမှောင် ဟင်းလင်းပြင်၏ အအေးဓာတ်မှာ သင်္ဘော သုံးစင်းလုံးကို ဝါးမြိုကာ သိမ်းပိုက် သွားလေတော့သည်။
ပုံရိပ်က အလောင်းများကို လှည့်ပင် မကြည့်ချေ။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူက သင်္ဘော ကုန်းပတ်ပေါ်သို့ ရောက်ရှိသွား၏။ ထို့နောက် သူက လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်ရာ မမြင်နိုင်သည့် စွမ်းအင်လှိုင်း တစ်ခုက အလွန်မြင့်မားသော အရှိန်ဖြင့် ပျံ့နှံ့သွားသည်။ တစ်ခဏ အတွင်းမှာပင် ထိုစွမ်းအင်က ပြန်လာကာ သူ့ခန္ဓာကိုယ် အတွင်း ပြန်ဝင်သွား၏။
“သူ သတိထားမိသွားတာလား...”
ပုံရိပ်က အံ့အားသင့်သွားဟန် ရသည်။ သူတို့က လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ထွက်ခွာ သွားသည့်ပုံ ရသည်။ ဒေါသအငွေ့အသက် အချို့က ပုံရိပ်၏ မျက်နှာထက်တွင် ပေါ်လာခဲ့လေ၏။ သူက ဖနှောင့်တစ်ချက် ဆောင့်လိုက်ရာ အဖြူရောင် သင်္ဘောငယ်မှာ မရေမတွက်နိုင်သည့် အပိုင်းအစများ အဖြစ် ပြောင်းလဲကာ ပျက်စီး သွားခဲ့တော့သည်။
သင်္ဘောကို ဖျက်ဆီးပြီးနောက် ပုံရိပ်မှာ ထိုနေရာတွင်ပင် အချိန်အတန်ကြာ ဆက်ရပ် နေခဲ့၏။ အေးစက်စက် အလောင်းများက သူ့ကို ကျော်လွန်ကာ လွင့်မြော သွားကြသည်။
“ငါတို့ ကလန်ရဲ့ ကျင့်စဥ်က တကယ်ပဲ ပေါက်ကြားသွားတာလား... ထာဝရ နယ်မြေမှသာ မဟုတ်ဘူး ဆိုရင်ကွာ... တောက်... ဘယ်လောက် စိတ်ရှုပ်စရာ ကောင်းလိုက်လဲ
ပုံရိပ်က ဖုံးကွယ်ခြင်း ကျင့်စဥ်ကို ပြန်လည် သုံးလိုက်ရာ ခြေရာပင် မကျန်ရစ်ပဲ ပျောက်ကွယ် သွားလေ၏။ အကယ်၍ ဝူယုသာ ထိုမြင်ကွင်းကို တွေ့ပါက ထိုနည်းလမ်းကို ချက်ချင်း မှတ်မိလိမ့်မည် ဖြစ်ပေတော့သည်။
...
ထာဝရ နယ်မြေ...
ထာဝရ နယ်မြေမှာ အလွန် ကျယ်ပြန့်သည့် နေရာကြီး တစ်ခု ဖြစ်၏။ အရွယ်အစား အမျိုးမျိုး ရှိသည့် ဂြိုဟ်ကြီး နှစ်ဆယ့် ခြောက်လုံး ပါဝင်ကာ လပေါင်း လေးဆယ့်လေးခု ပါရှိသည်။ လောကနယ်မြေများကိုပါ ထည့်သွင်း တွက်ချက်ရပါက... သူတို့၏ လူဦးရေက ထရီလျံ သုံးထောင်ကျော် အထိ ရှိပေလိမ့်မည် ဖြစ်သည်။ ၎င်းက ဂြိုဟ်တစ်ခုနှင့် လလေးစင်း ပါဝင်သည့် အယ်ဗန်တို့၏ အယ်ဗန် ဘေးမဲ့ နယ်မြေကိုပါ ထည့်သွင်း ရေတွက်ထားခြင်း ဖြစ်သည်။
ထာဝရ နယ်မြေ အတွင်းရှိ ဂြိုဟ်တစ်ခုချင်းစီမှာ အလွန်ပင် ကြွယ်ဝ ချမ်းသာကာ စည်းစိမ် ဥစ္စာတို့၏ သင်္ကေတ တစ်ခု ဖြစ်သည်။ ထို့အပြင်... သူတို့က အဂ္ဂိရတ် တာအိုကို ကိုးကွယ် ကြသည်။ ထာဝရ နယ်မြေသည် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်းရှိ မည်သည့် နယ်မြေထက် မဆို သေမျိုး အဂ္ဂိရတ် အာဏာရှင် အရေအတွက်ကို ပိုမို မွေးထုတ်ထားသည်။ အင်ပါယာ ကလန်ပင်လျှင် ချွင်းချက် မရှိပါချေ။ ထာဝရ နယ်မြေ အတွင်း၌ ပြိုင်ဆိုင်မှု လေထုက အတော်လေး ပြင်းထန်သည့်တိုင် အင်အားစု တစ်ခုတည်းကသာလျှင် နယ်မြေတစ်ခုလုံးကို ကြီးစိုးထားသည်။ ၎င်းက ထာဝရ အစည်းအရုံးပင်။
ရှိရှိသမျှ ပါရမီရှင် အားလုံးကို ကိုယ်ပိုင် အင်အားစု အတွင်း ဆွဲသွင်းခြင်းဖြင့် ထာဝရ အစည်းအရုံး၏ အင်အားက နှစ်စဥ်နှင့် အမျှ တိုးတက် လာနေခဲ့၏။ သူတို့ကို အဆုံးမဲ့ ကောင်းကင်၏ အဂ္ဂိရတ် မြို့တော် ဟူ၍ပင် တင်စား ခေါ်ဝေါ်ကြသည်။
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ အတွင်း ထာဝရ အစည်းအရုံးထံမှ များစွာသော နာမည် ကျော်များ ထွက်ပေါ်ခဲ့ကာ ထိုနာမည် အားလုံး၏ ထိပ်၌ ရှိနေသူကတော့ ထာဝရ ဧကရာဇ်ပင် ဖြစ်သည်။ သူ၏ နောက်တွင်တေ့ ဆေးနတ်ဘုရား ရှန့်ထို အပါအဝင် ခေတ်အဆက်ဆက် နာမည်ကျော် အဂ္ဂိရတ် အာဏာရှင် များစွာ ရပ်တည်နေ၏။ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုပင်လျှင် ထာဝရ ဧကရာဇ်၏ တပည့် အဖြစ် ကောလဟလများ ထွက်ပေါ်နေသူ ဖြစ်သည်။ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို ကိုယ်တိုင်က ထိုကောလဟလကို မငြင်းဆို ထာဝရ အစည်းအရုံးကလည်း မငြင်းလေရာ ၎င်းကို အမှန်ဟူ၍ပင် အများက ယူဆကြသည်။
ထာဝရနယ်မြေ တစ်နည်းအားဖြင့် ထာဝရဘုံ အတွင်း၌ လတစ်စင်း လှည့်ပတ်နေသည့် အလယ်အလတ်စား အရွယ် ဂြိုဟ်တစ်ခု ရှိနေခဲ့သည်။ ၎င်းက ထာဝရ အစည်းအရုံးမှ ဖန်တီးထားသည့် ဂြိုဟ်နှင့် လတို့ပင် ဖြစ်သည်။ ၎င်းက ထာဝရ နယ်မြေ၏ အစွန်အဖျားနားတွင် တည်ရှိ၏။ ၎င်း၏ နာမည်ကတေ့ သက်တံ့ကောင်းကင် ဟူ၍ပင်။
သက်တံ့ကောင်းကင်...
ထာဝရ အစည်းအရုံးမှာ ထိုနာမည်ကို ကျပန်း ပေးထားခြင်း မဟုတ်ပါချေ။ အဆင့်မြင့် ကြယ်တာရာ သတ္တုရိုင်း တစ်ခု ဖြစ်သည့် သက်တံ့တာအို အမတေကို ထုတ်လုပ်ဖို့ သင့်တော်အောင် ဂြိုဟ်ကို ဖန်တီးထားခြင်း ဖြစ်သဖြင့် ထိုကဲ့သို့ နာမည်ပေးခဲ့ခြင်း ဖြစ်သည်။
နေသွေးနီနီတောင် ကဲ့သို့ ထီးထီးသော တောင်ထွတ် ရာပေါင်းများစွာမှာ ဂြိုဟ်၏ မျက်နှာပြင် အနှံ့ ဖြန့်ကျက်နေ၏။ ၎င်းတို့က အနီရောင်မှ ခရမ်းရောင် အထိ အရောင်ပေါင်းများစွာ ကွဲပြားနေပါသည်။ တောင်တန်းများမှာ တစ်ခုနှင့် တစ်ခု ဂြိုဟ်ဝင်္ကပါများနှင့် ချိတ်ဆက်ထားကာ ဂြိုဟ် အမြုတေနားတွင် သက်တံ့တာအို အမတေ သတ္တုရိုင်းများ ဖွဲ့စည်းနိုင်ပေသည်။
ထိုအခိုက်အတန့်၌ ယောက်ျား နှစ်ယောက်၊ မိန်းမ တစ်ယောက်နှင့် သားရဲ တစ်ကောင်မှာ သက်တံ့ကောင်းကင် ဂြိုဟ်ထက်ရှိ ရေကန် တစ်ခု နံဘေးတွင် ရှိနေခဲ့ကြ၏။ သားရဲက အတောင်ပံများကို ဖြန့်ရင်း မျက်လုံးများကို မှိတ်ကာ ရေမျက်နှာပြင်ထက်တွင် မျောပါ နေခဲ့၏။ ငါးများက ကြည်လင်သည့် ရေထု အတွင်း အတွင်း လူးလွင့် ကူးခပ်နေကာ တစ်ခါတစ်ရံ သားရဲ၏ ပါးစပ် အတွင်း ခုန်ဝင်၍ အစာအဖြစ် စတေးခံပေး နေကြသည်။
နတ်ဘုရား တစ်ပါးလို ခန့်ညား ချောမောသည့် အသက်လတ် ယောက်ျားမှာ မြက်ဦးထုပ်ကို ဆောင်းထားကာ ငါးမျှားချိတ်ကို ကိုင်၍ ငါးဖမ်းရန် ကြိုးပမ်း နေခဲ့၏။ နောက်ထပ် နှစ်ယောက် ဖြစ်သည့် လူငယ်နှင့် မိန်းမငယ်လေးတို့ကတော့ ကြာပန်း သဏ္ဌာန် ဘေးချင်းယှဥ် ထိုင်နေခဲ့ကြသည်။
သူတို့ကတော့ ပိုင်လင်၊ ဝူယု၊ ဝမ်မင်ယာနှင့် ဝေ့ဝူယင်တို့ပင် ဖြစ်လေတော့သည်။
***