မိန်းကလေးကို ရှာဖွေခြင်း
Vol. 59 Ch. 817
နောက်မှ ခြေရာခံလိုက်နေသူအား လှည့်စားပြီးနောက်တွင် ဝေ့ဝူယင်တို့ လေးယောက်မှာ အနီးဆုံး ဂြိုဟ်တစ်ခုဆီ ဝင်ရောက်ကာ အနားယူရန် ဆုံးဖြတ်ခဲ့ကြသည်။
ရက်အနည်းငယ် ကြာမြင့်ပြီး နောက်၌ ဝမ်မင်ယာမှာ သဘာဝ အလှအပကို ပြန်လည် ရရှိနေခဲ့ပြီ ဖြစ်သည်။ ထိုမျှမက ယခင်ကထက် သာလွန်သည့် အော်ရာ တစ်ခုကိုပင် ပိုင်ဆိုင် နေခဲ့ပြီ ဖြစ်၏။ ခမ်းခြောက်သွားသည့် သူမ၏ အသက် စွမ်းအင်များက အကန့်အသတ်ထိ ပြန်လည် မြင့်တက်လာကာ ကျင့်ကြံခြင်း ပင်လျှင် တိုးတက်လာပုံ ရသည်။
ဝှစ်... ဝှစ်...
မိန်းကလေး၏ လက်များမှာ အဆက်မပြတ် လှုပ်ရှားနေကာ ချိပ်စည်းများကို ဖော်ထုတ် နေခဲ့၏။ သူမ၏ ပတ်လည်၌ ရွှေရောင် အလင်းစက်ဝန်း ကိုးခုက ထူးဆန်းသော ပတ်လမ်းများနှင့် အတူ လှည့်ပတ် နေကြပေသည်။ အကယ်၍ သေချာကြည့်မည် ဆိုပါက ၎င်းတို့မှာ လောကကိုးပါးဘုံမှ ဂြိုဟ်များနှင့်ပင် ဆင်တူနေကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်မှာ အလင်းစက်ဝန်းလေးများကို သေချာစွာ လေ့လာနေခဲ့၏။ အချိန်နှင့် အမျှ ၎င်းတို့မှာ ဝမ်မင်ယာထံမှ အသက် အင်အား ကြိုးမျှင်များကို စုပ်ယူနေကြောင်း သူတွေ့နေရသည်။ လောကကိုးပါး ကံကြမ္မာ နည်းလမ်းကို သူ ဖတ်ဖူး၏။ သို့သော်လည်း တန်ပြန် သက်ရောက်မှု အနေဖြင့် အသက်အင်အားများကို စုပ်ယူကြောင်း ထိုအထဲ၌ မပါပါချေ။ ချွင်းချက် အနေဖြင့် ကျရှုံးခြင်း ကဲ့သို့သော အခါမျိုးတွင်သာ ထိုကဲ့သို့ ဖြစ်စဥ်မျိုးဖြစ်ပေါ်လေ့ ရှိသည်။
ထိုအချက်က ဝမ်မင်ယာမှာ လောကကိုးပါး ကံကြမ္မာ နည်းလမ်းနှင့် လုံးဝ ကွဲပြားသည့် နည်းလမ်း တစ်ခုအား အသုံးပြုနေကြောင်း ရှင်းလင်းစေသည်။ ထို့အပြင်... အလင်းစက်ဝန်း တစ်ခုချင်းစီမှာ အစစ်အမှန် ကမ္ဘာများ အလား လောကဖိအား ခပ်ဖျော့ဖျော့ကို ထုတ်လွှတ် နေကြ၏။
မိနစ် အနည်းငယ် ကြာမြင့်ပြီးနောက် စက်ဝန်းများမှာ စတင်၍ အရှိန်အဟုန် ပြင်းစွာ လည်ပတ် လာကြ၏။ လေများက တဟူးဟူး တိုက်ခတ်လာကာ ရေကန် အတွင်း၌ လှိုင်းများ ထန်လာခဲ့၏။ ဝမ်မင်ယာ၏ ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာပင် မြေပြင်မှ ကြွတက်လာ၏။ ဝတ်ရုံများက တဖျပ်ဖျပ် လွင့်ပါနေလေရာ သူမ၏ ကောက်ကြောင်းများက ပိုမို၍ ရှင်းလင်းလာသည်။ အလွန် အရေးကြီးသည့် အခြေအနေ တစ်ခုတွင် မဟုတ်ပါက... ဝေ့ဝူယင် ထိုမြင်ကွင်းကို အလွန် နှစ်ခြိုက်မိလိမ့်မည် ဖြစ်သည်။
အနှစ် ခြောက်ဆယ်စာ အသက်အင်အားများကို ဆုံးရှုံးသွားပြီးနောက် အလင်းစက်ဝန်းများမှာ လည်ပတ်မှု ရပ်တန့် သွား၏။ ထို့နောက် သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ၎င်းတို့က ရွှေရောင် အလင်းစက်များစွာ အဖြစ် ပေါက်ကွဲ သွားသည်။ ထိုအလင်းစက် ကလေးများမှာ ဖန်သား ကဲ့သို့ ကြည်လင်နေကာ ဝမ်မင်ယာ၏ နဖူးဆီ တိုးဝင် သွားကြသည်။
ဝမ်မင်ယာ၏ အသက် အင်အားများ ပြန်လည် တိုးမြင့်လာသည်ကို ကြည့်ရင်း ဝေ့ဝူယင် အလွန်ပင် အံ့အားသင့် သွားခဲ့၏။ အဆုံးသတ်၌ သူမက အသက်အင်အား တစ်စက္ကန့် မျှကိုပင် ဆုံးရှုံးခြင်း မရှိပါတော့ချေ။
ဝမ်မင်ယာက ဖြည်းညင်းစွာပင် မြေပြင်ပေါ် ပြန်လည် ဆင်းသက်လာခဲ့၏။ စွမ်းအင် ပြည့်ဝကာ ကြည်လင် တောက်ပနေသည့် သူမ၏ မျက်လုံးကလေးများက ဖြည်းညင်းစွာပင် ပြန်ပေါ်လာခဲ့သည်။ ဝေ့ဝူယင်မှာ ထိုမြင်ကွင်းကို မရှုစားအားသေးပဲ သူမကိုသာ အရင် မေးလိုက်၏။
“အောင်မြင်လား...”
ဝမ်မင်ယာက ခေါင်းညိတ်ပြလိုက်သည်။
“အောင်မြင်တယ်... နောက်ပြီး ရင်းမြစ်ကိုပါ တွေ့ခဲ့တယ်”
ဝေ့ဝူယင် အနည်းငယ် အနည်းငယ် အံ့အားသင့် သွားခဲ့၏။
“တကယ်လား...”
သူ ဝမ်မင်ယာအား လူတစ်ယောက်ကို ရှာဖွေ ခိုင်းခဲ့ခြင်း ဖြစ်သည်။ တိတိကျကျ ပြောရလျှင်... အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးပေါ်တွင်တုန်းက ထွက်ပြေးရင်း တွေ့ခဲ့ရသည့် အယ်ဗန် မိန်းကလေးအား ရှာဖွေခိုင်းခဲ့ခြင်း ဖြစ်သည်။
ထိုစဥ်အခါက ဝေ့ဝူယင်မှာ လောကသခင် တစ်ပါး၏ အမဲလိုက်မှုကို ခံနေရလေရာ အသည်းအသန် အသက်လု ပြေးနေရချိန် ဖြစ်သည်။ ထို့နောက် သူ သူမကို တွေ့ခဲ့သည်။ သူမ၏ နာမည်က အိရှန်းဝူ ဖြစ်ကာ မီးတောက် ကိုးပါး ထာဝရ ဝိညာဥ် ဟု ခေါ်သည့် နည်းလမ်း တစ်ခုအား ပိုင်ဆိုင်ထားကြောင်း သူ ဖော်ထုတ်နိုင်ခဲ့သည်။ သူတို့ နှစ်ယောက်၏ တွေ့ဆုံမှုက တစ်ခဏတာမျှသာ ဖြစ်ကာ နှစ်မိနစ်လောက်ပင် ရှည်လျားခြင်း မရှိခဲ့ချေ။ အချိန်အခါက သေရေးရှင်ရေး ဖြစ်လေရာ သူ သူမကို နောက်ပိုင်းတွင် မေ့သွားခဲ့သည်။ သူမ ကျင့်ကြံထားသည့် နည်းလမ်းက တန်ခိုးရှင် မျက်လုံး ကျင့်စဥ်နှင့် ဆင်တူသည်။ ထို့အပြင်... ၎င်းတို့၏ အစီအရင် ဝင်္ကပါများမှာလည်း အတော်လေး ဆင်တူလှ၏။
ထိုစဥ်အခါက သူ ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ် အပေါ် အလွန် ယုံကြည်ချက် မြင့်မားနေလေရာ တော်ဝင် ရွေးချယ်ပွဲ အကြောင်း လေ့လာပြီး ထွက်ခွာသွားခဲ့သည်။ သို့သော်လည်း... လက်ရှိ ပြဿနာများအား ကြုံတွေ့ပြီး နောက်တွင်တော့ အိရှန်းဝူ ထိုအရာမှာ နတ်ဘုရားများ၏ အစီအရင် တစ်ခု ဖြစ်ကြောင်း ပြောဆိုခဲ့သည်ကို ပြန်လည် သတိရ လာခဲ့သည်။
သူမ၏ အဆိုအရ ဆိုလျှင်... ထိုကျင့်စဥ်မှာ သူတို့၏ လောကအား ဖန်တီးပြီးချိန်၌ နတ်ဘုရားများက ချန်ရစ်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ မူလ ပိုင်ရှင်က နတ်ဘုရားများပင် ဖြစ်သည်။ လက်ရှိ အကြပ်အတည်းကြောင့်သာ မဟုတ်ပါက ဝေ့ဝူယင် ထိုအသေးစိတ် အချက်အလက် အားလုံးကို မေ့နေလောက်ပြီ ဖြစ်သည်။ အကယ်၍ မီးတောက်ကိုးခု ထာဝရ ဝိညာဥ် နည်းလမ်းက တန်ခိုးရှင် မျက်လုံးနှင့် ဆင်တူသည့် အစီအရင် တစ်ခုက ဆင်းသက်လာသည် ဆိုလျှင်... ၎င်းတို့ အားလုံး၏ မူလ အစီအရင်က ကောင်းကင်ဘုံ နတ်မျက်လုံးပင်လျှင် ဖြစ်နိုင်ပေသည်။
သူ့ယူဆချက်သာ မမှားပါက ထိုနည်းလမ်း အကြောင်း အပြည့်အစုံ မှတ်သားထားသည့် မှတ်တမ်း တစ်ခု ရှိနိုင်သည်။ ဖြစ်နိုင်ချေအားဖြင့် နိမ့်ပါးသည့်တိုင် ဘယ်လိုပဲ ဖြစ်ဖြစ် သူ ကြိုးစား ကြည့်ရမည် ဖြစ်သည်။ သူ့တွင် အခြား ရွေးချယ်စရာ မရှိပါချေ။
ဝမ်မင်ယာက တစ်ခဏမျှ ရပ်တန့်ပြီးနောက် ဝေ့ဝူယင်ကို ထူးဆန်းသည့် အမူအရာဖြင့် ကြည့်လိုက်၏။
“အရှင်ဝေ့...”
“မင်း ငါ့ကို ဝေ့ဝူယင်လို့ ခေါ်လို့ရပါတယ်”
ဝေ့ဝူယင်က နွေးထွေးသော အပြုံးဖြင့် ပြောလိုက်သည်။
“...”
ဝမ်မင်ယာမှာ တစ်ခဏမျှ အံ့သြသွား၏။ သူမ၏ နှလုံးသားက ခံစားချက် အချို့ဖြင့် ပြည့်လျှံသွားသည်။ မိန်းကလေးက နာခံစွာပင် ခေါင်းညိတ်လိုက်၏။
“ဝေ့ဝူယင်... ရှင် ကျွန်မကို ကျင့်ကြံခြင်း အခြေခံ တစ်ချို့ လွှဲပေးထားရတယ် မလား... အနားယူတာ ဖြစ်ဖြစ် ဒါမှမဟုတ် စွမ်းအင် ပြန်ဖြည့်တာ ဖြစ်ဖြစ် လုပ်သင့်တယ်”
ဝမ်မင်ယာမှာ ဝေ့ဝူယင် အပေါ် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ကျင့်ကြံခြင်း အခြေခံ တစ်စိတ်တစ်ပိုင်းကို လွှဲပြောင်းပေးခြင်းက မည်မျှ ကုန်ကျစရိတ် မြင့်မားကြောင်းသူမ သိပေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက သူမ၏ ကြယ်တာရာ အမြုတေများမှာ ဆယ့်တစ် စင်တီမီတာ ရှိခဲ့သည်။ ထိုအရာက အဆင့်တူ ကြယ်တာရာ အမြုတေ အဆင့်ငါးများ မဆိုထားနှင့်...။ ကြယ်တာရာ အမြုတေ အဆင့်ခြောက်များ ထက်ပင် နှစ်ဆယ့်နှစ်ဆ ပိုမို ကြီးမားပေသည်။ ရက်အနည်းငယ် အတွင်းမှာပင် သူမ၏ ကြယ်တာရာ အမြုတေများက ၃၀.၅ စင်တီမီတာ အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်မှာ သူမ၏ အသက်အင်အားများကို ပြန်လည် ဖြည့်ဆည်းပေးခဲ့ရုံသာ မက သူ့ကျင့်ကြံခြင်း တစ်စိတ်တစ်ပိုင်းကို သူမ ခန္ဓာကိုယ် အတွင်း မြှပ်နှံပေးခဲ့တာ ထင်ရှားပေသည်။
ဝေ့ဝူယင်က ပြုံးလိုက်၏။
“စိတ်ပူစရာ မလိုပါဘူး... ငါ့ရဲ့ ကျင့်ကြံခြင်း အခြေခံက တည်ငြိမ်ပြီး ခိုင်မာနေတုန်းပါပဲ”
တည်ငြိမ်စွာ ပြောလိုက်သည့်တိုင် သူ့ ကြယ်တာရာ အမြုတေ တစ်ခုချင်းစီကတော့ မူလ အရွယ်အစားအောက် ခုနစ် စင်တီမီတာခန့် လျော့ကျ သွားခဲ့ပြီ ဖြစ်သည်။ ထိုကုန်ကျစရိတ်က အလွန်ပင် များပြားလွန်းသည်။ သို့သော်လည်း သူ့အမြင်၌ သူမက ထိုထက်ပိုမို၍ ထိုက်တန်ပေသည်။
မိန်းကလေးက ဝေ့ဝူယင်ကို ကြည့်လိုက်၏။ သို့သော်လည်း... လူငယ်က မျက်လုံးများကို မှိတ်ထားလေရာ သူ အမှန်တကယ် ပြောနေခြင်း ဟုတ်၊ မဟုတ် ခန့်မှန်းရ ခက်ခဲလှသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... မိန်းကလေးမှာ နွေးထွေးသော ခံစားချက်ကို ခံစားလိုက်ရ၏။
“အဲဒီ အစီအရင်ရဲ့ ရင်းမြစ်ကို အယ်ဗန် မျိုးနွယ်ဝင် အိရှန်းဝူက ပိုင်ဆိုင်ထားတ... အဲဒါက အခု ဒြပ်စင် နယ်မြေထဲမှာ ရှိနေတယ်”
“ဒြပ်စင်နယ်မြေ...”
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ ဝူယုကလည်း သူမကို လှည့်ကြည့်လိုက်သည်။
ဝမ်မင်ယာက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း... သူမ၏ အကြည့်များက အနည်းငယ် သုန်မှုန်နေ၏။
“ဟုတ်တယ်... ဒြပ်စင်နယ်မြေ... တည်နေရာ အတိအကျ သိရဖို့ ကျွန်မ အာရုံခံ ကြည့်သေးတယ်... ဒါပေမဲ့ အကာအကွယ်တွေက အရမ်းကို တင်းကြပ်လွန်းတယ်... မဟုတ်ရင် ရှာရတာ ပိုပြီး လွယ်ကူမှာ... ကျွန်မ မြင်ခဲ့ရတာ အမှန်ဆိုရင် အဲဒါက အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ မူလဂြိုဟ်ပေါ်မှာ ရှိနေလိမ့်မယ်”
“အစစ်အမှန် ဒြပ်စင်ဂိုဏ်း...”
ဝေ့ဝူယင်က မေးစေ့ကို လက်ဖြင့် ပွတ်သပ်ကာ စဥ်းစားလိုက်၏။ နဂါးများ အပေါ် လုပ်ရပ်နှင့် ပတ်သက်၍ မကျေလည်မှုများ ရှိသည့်တိုင် ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိ၌ သူက ဒြပ်စင် ရွေးချယ်ပွဲ၏ ရွေးချယ်ခံ တစ်ယောက် ဖြစ်ပေသည်။ ထို့အပြင် လင်းကလန်က သူနှင့် လင်းရှန်းရှဲ့တို့ကို စေ့စပ်ထားကြောင်း ကောလဟလများကိုလည်း ဝူယုထံမှ သူ ကြားသိရသည်။
အစစ်အမှန် ဒြပ်စင် နယ်မြေ အတွင်းရှိ အခြေအနေနှင့် ပဋိပက္ခများက ရှုပ်ထွေး လွန်းလှသည်။ မူလ ကျောက်စိမ်းဒြပ်စင်ဂိုဏ်း အဖွဲ့ဝင်များ၊ ကျိုးပဲ့ဒြပ်စင် အဖွဲ့များမှာ လွတ်မြောက်ခွင့် အလားအလာ အတွက် သူ့ကို လွယ်လွယ်ကူကူနှင့် အလွတ် မပေးမှာ သေချာသည်။ အကယ်၍ လင်းမျိုးနွယ်သာ လျှို့ဝှက် ကျိန်စာကို ချိုးဖျက်နိုင်သွားပါက သူတို့မှာ အစစ်အမှန် ဒြပ်စင် နယ်မြေမှ ထွက်ခွာရလိမ့်မည် ဖြစ်သည်။ အစကတဖန် ပြန်လည် ထူထောင်ရပေလိမ့်မည်။ သူတို့၏ ကျော်ကြားမှုကြောင့် ကြယ်တာရာ နယ်မြေ အများစုမှာ သူတို့ကို လက်ခံဖို့ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ပိုမို အားနည်းသည့် ကြယ်တာရာများကို ရွှေ့ပြောင်းပါကလည်း သူတို့၏ ရင်းမြစ်လမ်းကြောင်းမှာ လုံးဝ ပြတ်တောက် သွားလိမ့်မည် ဖြစ်သည်။ ထိုအရာ သူတို့၏ ခြေလက်များကို ရိုက်ချိုးပစ်လိုက်ခြင်းပင် ဖြစ်သည်။ ထို့အပြင်... သူတို့မှာ လင်းမျိုးနွယ်ကို နှစ်တစ်ထောင်ကျော် တိုင်အောင် အမုန်းတရားဖြင့် ဖိနှိပ် ခဲ့ကြသည်။ လင်းမျိုးနွယ်သာ ပြန်လည် ကြီးထွားလာပါက သူတို့ ရှင်းလင်းခြင်း ခံရမည်မှာ မလွဲမသွေပင် ဖြစ်သည်။
ဒြပ်စင် ကာကွယ်သူနှင့် ဆန်းကြယ် ဧကရာဇ်တို့ကတော့ သူတို့၏ သဘောထားကို ထင်ထင်ရှားရှား ဖော်ပြခြင်း မပြုပါချေ။ သို့သော်လည်း... သူတို့က ကိုယ်ကျိုးစီးပွားနောက်ကိုသာ လိုက်မည့် သဘော ရှိပေသည်။
ဝေ့ဝူယင် ထိုအရာ အားလုံးကို ဝူယုထံမှ တစ်ဆင့် သိရှိ ထားခဲ့ပြီး ဖြစ်သည်။ ရွှေရောင် အသက်နန်းတော်နှင့် ချိတ်ဆက်နေသည့် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့် ဝူယုထံမှ အဆုံးမဲ့ ကောင်းကင် အကြောင်း သတင်း ကွန်ယက်မှာ ကျယ်ပြန့်လှသည်။
ဝူယုက ငါးမျှားတံကို ပြန်လည် ရုတ်သိမ်းလိုက်၏။ ထို့နောက် ဝေ့ဝူယင်ကို ကြည့်လိုက်သည်။
“သခင်လေး... ကျုပ်...”
“ကျွန်တော် သိပါတယ်...”
ဝေ့ဝူယင်က လက်ကာပြကာ ဝူယုကို ဟန့်တားလိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်ကာ အတွေးနက် သွားဟန် ရလေ၏။
ဝမ်မင်ယာက ထိုချောမောသော လူကြီးကို လှမ်းကြည့်လိုက်သည်။ သူမ စိတ်ထဲ၌ အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရ၏။ သို့သော်လည်း ဘယ်သူမှန်း တိတိကျကျ သူမ စဥ်းစား မရပါချေ။ ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုလူကြီးမှာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်ကာ ဝေ့ဝူယင်၏ လက်အောက်ငယ်သား တစ်ယောက် ဖြစ်တာ သေချာလှသည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်က လူငယ် မျိုးဆက် တစ်ယောက်နောက်သို့ လိုက်သည်က သမာရိုးကျတော့ မဟုတ်လှချေ။
ဝေ့ဝူယင်၏ မျက်မှောင်က အနည်းငယ် ပြေလျော့ သွား၏။ တစ်ခဏ ကြာပြီးနောက် သူက ခေါင်းကို မော့ကာ ဝမ်မင်ယာကို ကြည့်လိုက်သည်။ ထို့နောက် ဝူယုကို မေးငေါ့ပြလိုက်၏။
“သူက ဝူယုလေ... မင်းသိပါတယ်... အနန္တ ဧကရာဇ်ဂိုဏ်းရဲ့ တည်ထောင်သူပေါ့...”
“...”
ဝမ်မင်ယာ၏ မျက်လုံးများက ပြူးကျယ် သွား၏။ သူမက ဝူယုကို နောက်တစ်ဖန် အကြိမ်ကြိမ် ကြည့်လိုက်သည်။ မှတ်ဉာဏ်များမှာ သူမ စိတ်အတွင်း ပြန်လည် နိုးထလာခဲ့၏။ ပန်ချီကားများ... ရုပ်တုများ... ဟုတ်သည်။ သူမ အန္တ ဧကရာဇ်ဂိုဏ်း အတွင်းရှိ အရေးပါသော နေရာများတွင် ထိုပုဂ္ဂိုလ်ကြီး၏ ပန်းချီကားနှင့် ရုပ်တုများကို တွေ့ဖူးသည်။ သူမမှာ ရင်တဒိတ်ဒိတ်ပင် တုန်လာခဲ့၏။
***