← Chapters

အချိန်ကန့်သတ်ချက် တစ်နှစ်

Vol. 59 Ch. 818

အချိန်ကန့်သတ်ချက် တစ်နှစ်

Vol. 59 Ch. 818

“ဒါပေမဲ့ ရှင်က...”

သူမက စကားကို တစ်ဝက် တစ်ပျက်ဖြင့် ရပ်လိုက်မိ၏။ အကယ်၍ ထိုအရာသာ အမှန်ဆိုပါက ဝူယုမှာ အသက် တစ်သောင်းနီးနီး ရှိနေလောက်ပြီ ဖြစ်သည်။ ဝူယုမှာ နောက်ထပ် တစ်ဆင့်ကို တက်လှမ်းရင်း သေဆုံးသွားခဲ့သည်ဟု သူမ ကြားခဲ့ဖူးသည်။ ထိုသတင်းက ဂိုဏ်းအတွင်း ကျော်ကြားခြင်း မရှိသော်လည်း ဗာကီရီနှင့် အာဏာရှင် အဖွဲ့သား တစ်ယောက် အနေဖြင့် သူမ လေ့လာဖူးပေသည်။

ဝူယုက ဝမ်မင်ယာကို ပြုံးပြလိုက်၏။ ထိုမိန်းကလေးမှာ ဝေ့ဝူယင် အတွက် သူမ အသက်ကိုပင် စတေးလုနီးပါး ပေးအပ်ခဲ့သူ ဖြစ်သည်။ ထို့အပြင် ဝေ့ဝူယင်ကလည်း ကိုယ်ပိုင် ကျင့်ကြံခြင်းကိုပင် ထိခိုက်ခံကာ သူမ၏ အခြေခံကို မြင့်တက်အောင် ကူညီပေးခဲ့သည်။ သူမက ဝေ့ဝူယင် မြတ်နိုးသည့် မိန်းကလေး တစ်ယောက် ဖြစ်ကြောင်း သူသိပေသည်။ ထို့အပြင် သူမက ကောင်းကင် နိမိတ်ဖတ် ပညာရှင် တစ်ယောက်လည်း ဖြစ်ပေသည်။

ဝေ့ဝူယင် ဝူယု မည်ကဲ့သို့ ပြန်လည် မွေးဖွားလာခဲ့သည့် အကြောင်းရင်း အားလုံးကို ရှင်းပြလိုက်၏။ ဝမ်မင်ယာမှာ ဝမ်တိုင်ပြည်၏ မင်းသမီးတစ်ပါး ဖြစ်သည့် အပြင် အလွန် ဉာဏ်ကောင်းသည့် မိန်းကလေး တစ်ဦး ဖြစ်သည်။ ထို့ကြောင့်ပင် စိတ်လှုပ်ရှားဖွယ် သတင်းကို လျှင်မြန်စွာ ချိန်ညှိနိုင်လိုက်၏။

သူမက အလျှင်အမြန်ပင် ဝူယုကို ဦးတစ်ချက် ညွှတ်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် အနန္တ ဧကရာဇ်ဂိုဏ်းဝင် တစ်ယောက် ဖြစ်ကြောင်းပါ မိတ်ဆက်လိုက်၏။ ဝူယုက ဖြူရော်စွာသာ ပြုံးကာ ဝေ့ဝူယင်ကို ကြည့်လိုက်မိသည်။ ယောက်ျားသားများမှာ သူတို့ မိန်းမများက လက်အောက်ငယ်သားများ အပေါ် လေးစားမှု ပြသခြင်းကို မကြိုက်ကြကြောင်း သူ သိရှိပေသည်။ သူ့အမြင်၌ ဝမ်မင်ယာမှာ သခင်လေး၏ မိန်းမ ဖြစ်ရာ သူ့အတွက် သခင်မလေး သဖွယ် ဖြစ်ပေသည်။

ဝေ့ဝူယင်က ဘာမှတ်ချက်မှ မပေးပါချေ။ ဝမ်မင်ယာမှာ အနန္တ ဧကရာဇ်ဂိုဏ်းဝင် တစ်ယောက် ဖြစ်လေရာ သူမ ကိုယ်ပိုင် စိတ်ကြိုက် ပြုမူ နိုင်ပေသည်။ အကြီးအကဲ တစ်ယောက်အပေါ် လေးစားမှု ပြသခြင်းကို သူ လိုက်၍ ခံစားနေလိမ့်မည် မဟုတ်ပါချေ။

တစ်ခဏ ကြာပြီးနောက်၌ ဝေ့ဝူယင်က အပျင်းဆန့်ရင်း ဝူယုကို ကြည့်လိုက်၏။ ထို့နောက် သူက ပြောလိုက်လေသည်။

“ဝူယု... ခင်ဗျား နောက်ထပ် အဆင့် တစ်ခုကို တက်ဖို့ အချိန်တန်ပြီလို့ ကျုပ် ထင်တယ်”

“...”

ဝူယုမှာ အံ့သြသွားဟန် ရကာ ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်၏။

“သခင်လေး ပြောချင်တဲ့ အဓိပ္ပာယ်က. ဘာလဲ..”

သူက မေးလိုက်၏။ လျှို့ဝှက် အာဏာရှင် အလွှာ၌ အဆင့်တစ်ခု တက်လှမ်းရသည်မှာ လွယ်ကူသည့် ကိစ္စ မဟုတ်ချေ။ လက်ရှိ သူ၏ ကျင့်ကြံခြင်း အခြေခံဖြင့် တတိယ အဆင့်ကို တက်လှမ်းဖို့ ကြိုးစား၍ ရသည့်တိုင် သူ အလုံးစုံ ယုံကြည်ချက် မရှိသေးချေ။ ထို့အပြင်... အတိတ်၌ ကျရှုံးခဲ့သည့် အရိပ်ကလည်း သူ့အပေါ် လွှမ်းမိုးနေတုန်း ဖြစ်သည်။

ဝမ်မင်ယာမှာလည်း ဝေ့ဝူယင်၏ စကားအပေါ် အနည်းငယ် အံ့အားသင့် နေခဲ့၏။ သို့သော်လည်း... ဝေ့ဝူယင် ထိုကဲ့သို့ ပြောပါက သူ့တွင် လုံလောက်သည့် အကြောင်းရင်း တစ်ခု ရှိကြောင်း သူမ ယုံကြည်ပေသည်။ သူ့ထံတွင် ဝူယု၏ အောင်မြင်မှု အပေါ် ယုံကြည်မှု ရှိနေပုံ ရသည်။

“ခင်ဗျား ပြောတော့ ကျုပ် ပေးတဲ့ နည်းလမ်းက တတိယ အဆင့်ကို ရောက်အောင် ကူညီပေးနိုင်တယ်ဆို”

ဝေ့ဝူယင်က မျက်ခုံးကို ပင့်ရင်း မေးလိုက်၏။ လျှို့ဝှက် ဘာသာစကားကို သူ နားမလည်သည့်တိုင်အောင် ဝူယုက အတတ်နိုင်ဆုံး အကြမ်းဖျဥ်း ရှင်းပြပေးခဲ့သည်။ ထိုအထဲ၌ သွေးမူလ နည်းလမ်းကို ကျင့်ကြံပါက မည်သည့် အဆင့်ကို ရောက်ရှိနိုင်သည်၊ မည်သို့သော စွမ်းရည်ကို ပိုင်ဆိုင်နိုင်သည်၊ မည်သည့် ရင်းမြစ်များ လိုအပ်သည်တို့ ပါဝင်နေပေသည်။ ထို့အပြင်... သူ မူလ အမတေကို ပမာဏအများကြီး လိုအပ်ပေသည်။

“ဟုတ်တော့ ဟုတ်တယ်လေ... ဒါပေမဲ့...”

ဝူယုက အထွန့်တက်ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း ဝေ့ဝူယင်၏ တည်ငြိမ်သည့် အမူအရာကို မြင်သော အခိုက်၌ သူက စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်လိုက်သည်။ ထိုလူငယ်က မည်သူ ဖြစ်သည်ကို သူ ပြန်လည် အမှတ်ရ သွား၏။ သူ၏ မျက်လုံးများက ချက်ချင်းပင် စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက်တို့ဖြင့် တလက်လက် တောက်ပလာခဲ့လေသည်။

ဝေ့ဝူယင်က ပြုံးလိုက်၏။

“ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ ခရီးစဥ်မှာ ကျုပ် ကောင်းတာလေးတွေ ရလာခဲ့တယ်... အဲဒီထဲက တစ်ခါက ခင်ဗျားရဲ့ ကျင့်ကြံခြင်း အတွက် သင့်တော်တယ်ဗျ...”

ထို့နောက်... သူက ဟင်းလင်းပြင် လက်စွပ်ကို ထိလိုက်၏။ ၎င်းက ချိုက်လျှို့ယန် တစ်ချိန်တစ်ခါက ဝတ်ဆင်ခဲ့သည့် လက်စွပ်ပင်။ ဝေ့ဝူယင် သူမ ပိုင်ဆိုင်ခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ထုတ်ယူလိုက်၏။

၎င်းက အဖြူရောင် နို့ရည်ပုလင်း တစ်ခုပင် ဖြစ်သည်။ ထိုအရည်များ အတွင်းတွင်တော့ ထူးဆန်းသည့် သင်္ကေတလေးများမှာ လှည့်ပတ်နေသည်။

ထိုပုလင်းလေးကို တွေ့သည်နှင့် ဝူယုနှင့် ဝမ်မင်ယာတို့၏ မျက်လုံးများမှာ ပြူးကျယ် သွားကြ၏။ ဝမ်မင်ယာ၏ မျက်လုံးများက ချက်ချင်းပင် ရွှေရောင် အလင်းတန်းများနှင့် တောက်ပလာသည်။

“လျှို့ဝှက် မြေကြီး အထွတ်အထိပ် ဆေးရည်...”

“ဘာတုန်း...”

ဝူယုမှာ လျှို့ဝှက် မြေကြီး အထွတ်အထိပ် အဂ္ဂိရတ် ထုတ်ကုန်များကို တစ်ခါမှ မတွေ့ဖူးချေ။ အရည်ပုလင်းလေးကို အနီးကပ် စစ်ဆေးရင်း သူ့မျက်လုံးများက ပိုမို၍ ပြူးကျယ် လာခဲ့၏။ ထိုအထဲ၌ ရာပေါင်း များစွာသော လျှို့ဝှက် သင်္ကေတများ ကူးခပ်နေကြ၏။ သို့သော်လည်း ပြီးပြည့်စုံသည့် လျှို့ဝှက် သင်္ကေတကတော့ သုံးခုသာ ရှိပေသည်။ ထိုအထဲမှ နှစ်ခုမှာ သူ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းစဥ် ဖွဲ့စည်းခဲ့သည့် လျှို့ဝှက် သင်္ကေတ နှစ်ခုနှင့် ဆင်တူပေသည်။ သို့သော်လည်း... တတိယမြောက် တစ်ခုကိုတော့ သူ တွေ့ဖူးခြင်း မရှိပါချေ။

“အဲဒါက လောကမူလ ဆေးရည်ပဲဗျ... အညွှန်းအရ ဆိုရင်တော့ အထွတ်အထိပ် လျှို့ဝှက် မြေကြီး ဆေးရည် တစ်မျိုးပဲ... အဲဒီ အထဲမှာ အရည်အသွေးမြင့် မူလ အမတေတွေကို ပမာဏာ အများကြီး သိုလှောင်ထားတယ် တဲ့... လျှို့ဝှက် အဆင့်‌ လောကနယ်မြေတွေ ဖန်တီးတဲ့ အခါမှာ ဒီဆေးရည်ကို သုံးနိုင်တယ် လို့ ပြောတယ်... အဲဒီ အပြင် ကျင့်ကြံခြင်း နည်းလမ်းတွေ ကျင့်ကြံတဲ့ အခါမှာလည်း သုံးလို့ရတယ်”

ဝေ့ဝူယင်က အရည်ပုလင်းလေးကို လှုပ်ခါရင်း ပြောလိုက်သည်။ ၎င်းက ချိုက်လျှို့ယန် ပိုင်ဆိုင်ခဲ့သည့် လျှို့ဝှက် အဆင့် ထုတ်ကုန်များစွာ အနက်မှ တစ်ခုသာ ဖြစ်ပေသည်။ သူမ၏ အဆင့်အတန်းက ကျိန်းသေပင် မနိမ့်ပါးလောက်ချေ။

ဆေးရည်ကို လေ့လာရင်း ဝူယု၏ နှလုံးသားက မြင်းပေါင်း တစ်ထောင် ပြေးသလို တုန်ခါ နေခဲ့ပြီ ဖြစ်သည်။ သွေးမူလ နည်းလမ်းထဲတွင် ထိုထုတ်ကုန်က မည်ကဲ့သို့ အကျိုးပြုနိုင်ပုံကို အတိအကျပင် ဖော်ပြထားသည်။ လောက မူလ ဆေးရည်မှာ အရည်အသွေးမြင့် မူလ အမတေ တစ်ခု ဖြစ်ရုံသာ မက... လျှို့ဝှက်မြေကြီး အထွတ်အထိပ် အဆင့် ဆေးရည် တစ်ခုလည်း ဖြစ်ပေသည်။ ၎င်းက လျှို့ဝှက် အမတေနှင့် လျှို့ဝှက် ရည်ရွယ်ချက်တို့ကို သင်္ကေတများ ပုံစံဖြင့် သိုလှောင်ထားပေသည်။

“ခင်ဗျားကို တစ်နှစ် အချိန်ပေးမယ်...”

ဝေ့ဝူယင်က ပြောလိုက်၏။ ထိုအရာက ဝူယု၏ အမူအရာကို ပြောင်းလဲ သွားစေခဲ့သည်။ သွေးမူလ နည်းလမ်း၏ ပထမ အဆင့်ကို တစ်နှစ် မဆိုထားနှင့် တစ်ပတ် အတွင်းမှာပင် ကျင့်ကြံ၍ ရသည့်တိုင် လျှို့ဝှက် မြေကြီး အဆင့် ဆေးရည်ကို သန့်စင်ခြင်းကတော့ ထိုမျှ မလွယ်ကူလှချေ။

သို့သော်လည်း ဝေ့ဝူယင်က ဝူယုကို အထွန့်တက်ဖို့ အချိန် မပေးပါချေ။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ဆေဘာ သေးသေးလေး တစ်ခုမှာ သူ့လက်ဝါးထက်၌ ပေါ်လာခဲ့၏။ တစ်ခဏအတွင်းမှာပင် ၎င်းက မီတာ တစ်ရာကျော် အထိ ကြီးမားလာကာ ပတ်ဝန်းကျင် ဧရိယာ တစ်ခုလုံးကို ဆေဘာ အော်ရာဖြင့် ချိပ်ပိတ် ပစ်လိုက်သည်။ ထို့နောက် သူက ဟင်းလင်းပြင် လက်စွပ်ထဲမှ ဆေးအိုးတစ်ခုကိုပါ ဆင့်ခေါ်လိုက်၏။

ဘုန်း...

ဒြပ်စင် ဥဿုံ နေကြတ် မှော်ဆေးအိုးမှာ မြေပြင်ပေါ် ပြင်းထန်စွာ ပြုတ်ကျသွား၏။ ရေကန်ထက်၌ လှိုင်းများ ဖြတ်ပြေးသွားကာ ပိုင်လင်မှာ လူးလွင့်သွားသည်။ ခဏအတွင်းမှာပင် အသန့်စင်ဆုံး မြူနှင်းများမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြန့်ကျက်သွား၏။

ယခင်က ခြောက်ဆယ့် သုံးမီတာ အထိ ရှိခဲ့သော နယ်မြေမှာ ယခုအခါတွင် ခြောက်ဆယ့်ငါး မီတာ အထိ ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် မြူနှင်းများမှာ အလွန်ပင် ထူထပ် လွန်းရကား အရည်အဖြစ် ငွေ့ရည်ဖွဲ့လုနီးပါးပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဝူယုနှင့် ဝမ်မင်ယာတို့ နှစ်ယောက်မှာ ပတ်ဝန်းကျင်ရှိ အသန့်စင်ဆုံး မြူနှင်းများကို ကြည့်ကာ မျက်လုံးများ ပြူးကျယ် သွားကြ၏။

“တစ်နှစ်ပဲ...”

ဝေ့ဝူယင်က ခိုင်မာသည့် လေသံဖြင့် ပြောလိုက်၏။ သူက မည်သည့် ညှိနှိုင်းမှု တောင်းဆိုမှုကိုမှ ခွင့်ပြုလိမ့်မည် မဟုတ်ပါချေ။ ထို့နောက် သူက နေရာတွင်ပင် တင်ပျဥ်ခွေ ထိုင်ချကာ လက်ဟန် ချိပ်စည်း တစ်ချို့ကို ဖန်တီး လိုက်လေတော့၏။

ပိုင်လင်ကတော့ ရေကန်ထဲကို ငုပ်ဆင်းသွားသည်။ ထို့နောက် ရေပေါ် ပြန်ပေါ်လာကာ ရေပန်းများကို လေထဲ မှုတ်ထုတ်လိုက်သည်။ သူမက ထိုကဲ့သို့ လုပ်ရသည်ကို ပျော်ရွှင်နေဟန် ရသည်။

ဝေ့ဝူယင်က အသန့်စင်ဆုံး မြူနှင်းများကို စုပ်ယူလိုက်၏။ သူ့တွင် ရည်ရွယ်ချက် တစ်ခု ရှိပေသည်။ သို့သော်လည်း ကျရှုံးရန် အခွင့်အရေးကိုလည်းသူ စဥ်းစားပြီး ဖြစ်သည်။ ဝေ့ဝူယင် ထိုအကြံကို ဝူယုနှင့် အသန့်စင်ဆုံး မြူနှင်းများ အကြောင်း ဆွေးနွေးရင်း ရရှိခဲ့ခြင်းဖြစ်သည်။ သူ၏ သီအိုရီက ရိုးရှင်းပေသည်။ အသန့်စင်ဆုံး မြူနှင်းများကို သန့်စင်ပြီးသား ထုတ်ကုန်နှင့် ပေါင်းစပ်ပါက ဘာဖြစ်မည်နည်း ဆိုသည့် ရလဒ်ကို ရှာဖွေခြင်းမျှသာ ဖြစ်သည်။

ကျင့်ကြံခြင်း ဆိုသည်မှာ တစိုက်မတ်မတ် ‌ဖော်ထုတ်မှုနှင့် ရှာ‌ဖွေ တွေ့ရှိမှုတို့၏ ရလဒ် တစ်ခုပင် ဖြစ်သည်။ အဂ္ဂိရတ် ကြယ်တာရာများမှာ အဂ္ဂိရတ် ဝိညာဥ် အကြွင်းအကျန်များကို ထိန်းချုပ်နိုင်သည် ဆိုလျှင် သူက ထိုစွမ်းအားကို အသန့်စင်ဆုံး မြူနှင်းများ အပေါ်တွင် အသုံးပြုနိုင်မလား သိချင်မိသည်။ အကယ်၍ အဂ္းိရတ် ကြယ်တာရာများမှာ အမှန်တကယ် အဂ္ဂိရတ် တာအို၏ ရည်ရွယ်ချက် ဖြစ်သည် ဆိုလျှင်... ထိုဖြစ်နိုင်ချေက မှန်ကန်နိုင်ပေသည်။ သူ ထိုအရာကို ယခု စစ်ဆေးကြည့်ရန် ဆုံးဖြတ်ထား၏။

ဝူယုနှင့် ဝမ်မင်ယာတို့မှာ အသန့်စင်ဆုံး မြူနှင်း နယ်မြေ၏ အပြင်ဘက်တွင် စိတ်ရှည်စွာပင် ရပ်စောင့် နေခဲ့ကြ၏။ ဝေ့ဝူယင်က တုန့်နှေးနေခြင်း မရှိပဲ ဧဒင်နှင့် တိုက်ရိုက်ပင် ချိတ်ဆက်လိုက်သည်။ ထို့နောက် အဂ္ဂိရတ် စွမ်းအင်များကို ထိန်းချုပ်လိုက်၏။ ကံကောင်းထောက်မစွာပင် အမှားအယွင်း မရှိပါချေ။

သူက လက်ဟန်ချိပ်စည်း တစ်ခုကို ဖော်ထုတ်လိုက်၏။ ထို့နောက် လက်ထဲရှိ ဆေးရည်ပုလင်း အဖုံးကို ဖွင့်ကာ သီအိုရီကို လက်တွေ့ အကောင်အထည် ဖော်ဖို့ ပြင်လိုက်တော့သည်။

***

All Chapters