← Chapters

ကာလရှည်ကြာ ပျောက်ဆုံးနေသည့် နတ်မိမယ်

Vol. 59 Ch. 819

ကာလရှည်ကြာ ပျောက်ဆုံးနေသည့် နတ်မိမယ်

Vol. 59 Ch. 819

ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ အသန့်စင်ဆုံးသော မြူနှင်းများက သူ အသက်ရှူသည့် အတိုင်း နူးညံ့စွာ လှုပ်ယမ်းလာသည်။ ထို့နောက် သူ ရှူထုတ်လိုက်၏။ မြူနှင်းများမှာ ပြန်လည် ငြိမ်သက် သွားသည်။

ကနဦး စစ်ဆေးမှု ရလဒ် အပေါ် ကျေနပ်သည့် အမူအရာဖြင့် ဝေ့ဝူယင်၏ အနည်းငယ် ပြုံးလိုက်၏။ သူ အောင်မြင်နိုင်ချေ ရှိသည်။

ပုံမှန်အားဖြင့် အဂ္ဂိရတ် ဖော်စပ်ခြင်း လုပ်ငန်းစဥ်တွင်... ပေါင်းစပ်ခြင်း အဆင့်၌ အသန့်စင်ဆုံး မြူနှင်းများကို မှော်ဆေးအိုး အတွင်း စုစည်းရသည်။ ၎င်းတို့က ဆေးလုံး၏ အရည်အသွေးကို တိုးမြှင့်ပေးကာ အဆများစွာ သန့်စင်အောင် ကူညီပေးနိုင်သည်။ ဝေ့ဝူယင် ဖော်စပ်သည့် အဂ္ဂိရတ် ထုတ်ကုန် အများစုတွင် အညစ်အကြေးများ မပါဝင်ခြင်းမှာ ထိုအသန့်စင်ဆုံး မြူနှင်းကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။

“ငါတို့ ဒါကို ဘယ်လို နာမည် ပေးကြရင် ကောင်းမလဲ...”

အိုရီက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ သူတို့ ငါးယောက် အသစ် တစ်ခုကို မတီထွင်ခဲ့ကြတာ ကြာခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး ဆန်းသစ်ခဲ့သော အရာက အာရုဏ်ဦး နေမီးတောက် ဆေးလုံး ဖြစ်သည်။ ထို့မတိုင်ခင်ကတော့ ဆန်းကြယ် အဆုံးစွန် ဖိနှပ်ခြင်း အစီအရင်၊ အတုအယောင် နတ်ဘုရား ကိုယ်ပွား ကျင့်စဥ်နှင့် ဒြပ်စင် ဆေဘာ အသက်ကယ် ကျင့်စဥ်တို့ကို ကိုယ်ပိုင် တီထွင် ကြံဆမှုဖြင့် သူတို့ ဖန်တီးခဲ့ဖူးသည်။

“ဘာလို့လဲ... ဒါက ငါတို့ လုပ်ထားတဲ့ဟာမှ မဟုတ်တ”

ခရာတိုက ငြင်းချက်ထုတ် လိုက်၏။ အသန့်စင်ဆုံး မြူနှင်းကို ခြယ်လှယ်နိုင်သည့် စွမ်းရည်မှာ အဂ္ဂိရတ် ကြယ်တာရာများ၏ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်သည်။ ဝေ့ဝူယင်၏ ကိုယ်ပိုင် တီထွင် ကြံဆမှု တစ်ခုပင်။

“ကလန့်...”

ဘုရင်က ခရာတို၏ ထင်မြင်ချက်ကို သဘောမတူကြောင်း ပြောလိုက်၏။ ၎င်း၏ အသံက ခရာတိုကို အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်သွားစေခဲ့သည်။

“ဘာလဲကွ မင်းက...”

သို့သော်လည်း... ဘုရင်က ဘာမှ ပြန်မပြောပါချေ။ ဧဒင်က ကြားဝင်ကာ ရှင်းပြလိုက်၏။

“အသန့်စင်ဆုံး မြူနှင်းတွေကို ခြယ်လှယ်နိုင်တာက ငါတို့ချည်းပဲ ပိုင်ဆိုင်တဲ့ သီးသန့် စွမ်းရည် မဟုတ်ဘူး... မှန်တယ်... ဒါပေမဲ့ အသန့်စင်ဆုံး ဝိညာဥ် စွမ်းအင်၊ ခုနစ်သွယ် ရင်းမြစ် ဝိညာဥ် အလင်းနဲ့ အသက် အင်အားတွေကို အသန့်စင်ဆုံး မြူနှင်းနဲ့ ရောနှောပြီး အဂ္ဂိရတ် ထုတ်ကုန် တစ်ခုရဲ့ အရည်အသွေးကို တိုးမြှင့်တာ ကျတော့ရော... မင်း ဘယ်လိုထင်လဲ”

“ဟုတ်သားပဲ...”

ခရာတိုမှာ ချက်ချင်းပင် နားလည်သွား၏။ စိတ်ပျက်လက်ပျက် ဖြစ်နေသည့် သူ၏ လေသံက ပျောက်ကွယ် သွားသည်။ ၎င်းက သူ တစ်ခါမှ မကြားဖူးသည့် အစီအရင် တစ်ခု ဖြစ်သည်။ ထို့နောက်... ချက်ချင်း လက်ငင်း ဆိုသလိုပင် သူက အကြံပြုလိုက်၏။

“ကောင်းကင်နဂါးဂိတ် အစီအရင် ဆိုရင်ရော...”

“မကောင်းဘူး.. မမိုက်ဘူး...”

အိုရီက ခပ်မြန်မြန်ပင် ငြင်းလိုက်သည်။

“ကလန့်...”

ဘုရင်ကလည်း ‌ထောက်ခံလိုက်၏။ ထိုနာမည်က ဘာအဓိပ္ပာယ်မှ မရှိချေ။ သူက ဟင်းလင်းပြင် နဂါး ဆိုတိုင်း နာမည်တိုင်းတွင် နဂါးထည့် မှည့်၍မည်လော။ ဘာမှ မဆိုင်ချေ။

ဝေ့ဝူယင်ကတော့ ဖြူရော်စွာသာ ပြုံးလိုက်မိ၏။ အစီအရင်ကို အဆုံးမသတ်ရသေးခင်မှာပင် သူ၏ ကြယ်တာရာ ဝိညာဥ်များမှာ စိတ်လှုပ်ရှားကာ ရန်ဖြစ် နေကြပြီ ဖြစ်သည်။ အသန့်စင်ဆုံး မြူနှင်းများကို ထိန်းချုပ်ဖို့ အတွက် ကြိုးစားကြည့်ပြီး နောက်တွင် ထိုအစီအရင်နှင့် ပတ်သက်၍ ဝေ့ဝူယင်၏ ယုံကြည်ချက်က ပိုမို ခိုင်မာလာခဲ့သည်။ ၎င်းက မမျှော်လင့်ပဲ ဖြစ်ပေါ်လာသည့် သီအိုရီ တစ်ခုသာ ဖြစ်သည့်တိုင် အောင်မြင်ပါက လောက တစ်ခုလုံးကို တုန်လှုပ် သွားစေသည့် နည်းလမ်း ဖြစ်လာပေလိမ့်မည်။

ခရာတိုမှာ အခြားလူများ၏ အပြင်းအထန် ငြင်းချက်ထုတ်မှုကြောင့် အနည်းငယ် ငြိမ်ကုပ်သွား၏။ ၎င်း၏ အမူအရာက စဥ်းစား မရဖြစ်နေပုံပင်။ ကောင်းကင် နဂါးဂိတ် အစီအရင်... ထိုလောက်ကောင်းသည့် နာမည် ရှိနိုင်ဦးမည်လော။

“အဋ္ဌမ ရင်းမြစ် အသွင်ပြောင်းခြင်း အစီအရင် ဆိုရင်ရော ဘယ်လို သဘောရကြလဲ...”

တစ်ခဏမျှ စဥ်းစားပြီးနောက်၌ ဧဒင်က အကြံပေးလိုက်၏။ သူ၏ အတွေးနှင့် အာရုံက ရှင်းလင်းပေသည်။ ထိုအရာက... အဂ္ဂိရတ် လမ်းစဥ်၏ အဆင့် ခုနစ်ဆင့်ကို ဖြတ်ကျော်ပြီးသည့် ပြီးပြည့်စုံသော ထုတ်ကုန် တစ်ခုကို ထပ်မံ၍ အသွင်ပြောင်းလဲရန် ကြိုးပမ်းခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် အဂ္ဂိရတ် တာအို၏ အဋ္ဌမမြောက် အဆင့်ဟုပင် ဆိုနိုင်ပေသည်။

“...”

ခရာတို၊ ဘုရင်၊ အိုရီနှင့် ဝေ့ဝူယင်တို့မှာ တိတ်ဆိတ် သွားကြ၏။ သူတို့က အံ့သြ မှင်သက်စွာဖြင့် ဧဒင်ကို ကြည့်လိုက်မိကြသည်။ ထိုနာမည်က လိုက်ဖက်လှသည်။ အလွန်အမင်း လိုက်ဖက်လှသည်။

“ကောင်းကင် နဂါးဂိတ်လောက်တော့ မမိုက်ပေမဲ့ ဒီနာမည်လည်း မဆိုးပါဘူး...”

ခရာတိုက လက်လျှော့လိုက်သည့် မှတ်ချက်ချလိုက်၏။ ဝေ့ဝူယင်က အသာအယာ ပြုံးလိုက်သည်။ ထိုကြယ်တာရာ ဝိညာဥ် လေးခုကြောင့်ပင် သူ၏ ကျင့်ကြံခြင်း လမ်းစဥ်က ပိုမို၍ ပျော်စရာ ကောင်းလာခဲ့ခြင်း ဖြစ်သည်။ ပင့်သက် တစ်ချက် ရှိုက်ရင်း သူ အစီအရင် ဝင်္ကပါကို စတင် အသက်သွင်းလိုက်၏။ မကြာခင်မှာပင် အသန့်စင်ဆုံး မြူနှင်းများမှာ အရှိန်အဟုန်ဖြင့် ပုလင်း အတွင်း စီးဝင်သွားလေတော့သည်။

...

ထိုကဲ့သို့ ဝေ့ဝူယင်နှင့် ဝူယုတို့ နှစ်ယောက် တစ်နှစ်တာ ကတိကို အစပျိုး နေကြချိန်တွင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၊ ဝိညာဥ် ရှန့်ထို နယ်မြေ အတွင်း၌ အရေးပေါ် သတင်း တစ်ပုဒ်မှာ တောမီးရိုင်း တစ်ခု သဖွယ် အရှိန်တညီးညီး ပျံ့လွင့် နေခဲ့ချေသည်။

ဝိညာဥ်ရှန့်ထို နယ်မြေ တစ်နည်းအားဖြင့် ဝိညာဥ် ရှန့်ထိုဘုံသည် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်းရှိ ဘုံကိုးခု၌ အစွမ်း အထက်ဆုံးဘုံ တစ်ခုပင် ဖြစ်သည်။ ထို့အပြင်... သူတို့၏ မြေကြီးရှန့်ထိုမှာ ကြယ်တာရာ နယ်မြေ တစ်ခုလုံး၌ အသန်မာဆုံး ဖြစ်၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင်ကြီး တစ်ခုလုံးရှိ မြေကြီးရှန့်ထိုများအား ချရေးရမည် ဆိုလျှင်ပင်... ဝိညာဥ်ရှန့်ထို ဧကရာဇ်မှာ ထိပ်ဆုံး သုံးယောက် နေရာ၌ ပါဝင်မည့်သူ ဖြစ်သည်။

ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကို ရှန့်ထို ခန်းမကြီး ကိုးခု၊ နယ်မြေကြီး ကိုးခု ခွဲခြားထားသည့်တိုင် ဝိညာဥ် ရှန့်ထို နယ်မြေမှာ မြို့တော် အဖြစ် လူသိများပေသည်။ ထို့အပြင်... ၎င်းမှာ ကြယ်တာရာ နယ်မြေကြီး တစ်ခုလုံး၏ ခေါင်းဆောင် သဖွယ် ဖြစ်သည့် အယ်နီယာ အဂ္ဂိရတ် ရှန့်ထို အိမ်ပြု နေထိုင်ရာ နေရာလည်း ဖြစ်သည်။

အခြား ရှန့်ထို ခန်းများလိုပင် ဝိညာဥ် ရှန့်ထို ခန်းမ အတွင်း၌ အရှင်သခင် ခန်းမ ကိုးခု ပါဝင်နေပေသည်။ ထိုခန်းမ တစ်ခုချင်းစီကို အဆင့်အတန်း အမြင့်ဆုံး သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်က အုပ်ချုပ်သည်။ လက်ရှိ ပျံ့နှံ့နေသည့် သတင်းမှာ လောကဖြိုခွဲသူ အရှင်သခင် ခန်းမမှ သေမျိုးတစ်ပိုင်း အရှင် လောက ဖြိုခွင်းသူ ကိုယ်တိုင် ထုတ်ပြန်သည့် သတင်းပင် ဖြစ်သည်။ ၎င်းကား...

...

“အဲဒီ သတင်းက အမှန်ပဲလားကွ... ငါက သူ သေနေပြီ ထင်နေတာ”

“အမှန်ပဲ ကိုယ့်လူ... မင်း ဖက်တီးဝူကို သိတယ်မလား... သူ့ရဲ့ ညီဝမ်းကွဲက အစစ်အမှန်လက်ဝါး ဝိညာဥ်ခန်းမရဲ့ အဆင့်နိမ့် အစေခံ တစ်ယောက်နဲ့ နောက်မီးလင်းနေတာ တဲ့ကွ... သူက သတင်းကို အဲဒီ ကောင်မလေးဆီက နှိုက်လာတာ... ဖက်တီးဝူ ပြောပုံ အရဆို အဲဒီ ကလေးမက သတင်းကို လောက ဖြိုခွဲသူ ဝိညာဥ်ခန်းမမှာ အလုပ်လုပ်နေတဲ့ သူ့အကို အစောင့် ဆီက ကြားခဲ့ရတာ တဲ့... ဘယ်လောက်တောင် ရူးချင်စရာ ကောင်းလိုက်လဲ”

“ဟုတ်ပါ့... တကယ် ရူးချင်စရာပဲ... နေ... နေဦး... အ‌စောင့် အကိုဆိုတာက ရွှမ်ထိုက် မလား... မင်း ပြောပုံ အရဆို ငါ့မိန်းမက ထိုက်အာက နောက်မီးလင်း...”

“ငါ... ငါ ဘာမှ မပြောမိဘူးနော်”

...

“မင်း ကြားပြီးပြီလား... လောကဖြိုခွဲသူ ခန်းမရဲ့ ‌ပျောက်ဆုံးနေတဲ့ မင်းသမီးလေး ပြန်ရောက်လာပြီ ဆိုတာ”

“မင်း သတင်းက နောက်တောင် ကျနေပြီကွ... ငါက ပြန်လာရုံတင် မဘူး... ငါကြားရသလောက်ဆို ယောက်ျားထုကြီးက သူတို့ နတ်သမီးလေး ပြန်လာတာကို ဂုဏ်ပြုဖို့ ပွဲတစ်ခုတောင် စီစဥ် နေပြီတဲ့”

“အိုး... ဟိုး... သူတို့က လက်မလျှော့ကြသေးဘူးလားဟ”

“ထွီ... ဘာလို့ လက်လျှော့ရမှာလဲ... မင်း သူ့ကို မြင်ဖူးလား... ငါ့မှာသာ သူ့ကို လိုက်ဖို့ အခွင့်အရေး ရှိမယ် ဆိုရင် သေတဲ့ အထိတောင် လက်လျှော့မှာ မဟုတ်ဘူး... သရဲ ဖြစ်ရင်တောင် သူ့ဘေးနား ကပ်နေမယ်ကွာ... မင်းသိလား... သူသာ ခွင့်ပြုမယ်ဆို ငါ့တစ်ဘဝလုံး သူ့ဘေးနားမှာ သူရဲကောင်း တစ်ယောက် အနေနဲ့ စောင့်ရှောက်ပေးချင်တာ”

“ယုံပါတယ်... မင်းကတော့ တကယ့် နှာသူရဲကောင်းပဲ... ဒါနဲ့ သူက တကယ် လှလို့လားကွ”

“မေးတတ်ပါ့လေကွာ... လှတာပေါ့... တစ်ခါတုန်းက ငါ့ဦးလေးက သူ့ကို တစ်ခါ ဖျပ်ခနဲ လှမ်း တွေ့ဖူးလိုက်တယ် တဲ့... အဲဒီ အချိန်တည်းက သူ့အသည်းနှလုံးနဲ့ ဝိညာဥ်ကို သူ့ကို အပိုင်ပေးလိုက်တာပဲ... တကယ့်ကို ပြုစားနိုင်တဲ့ အလှပိုင်ရှင်မျိုးပါကွာ”

“ဒါနဲ့... နေ... နေဦး... မင်းက ကိုယ်တိုင် မတွေ့ဖူးဘူးပေါ့လေ”

“…”

...

ကာလရှည်ကြာ ပျောက်ဆုံးနေသည့် နတ်မိမယ်လေး၏ ပြန်လည် ရောက်ရှိလာမှုက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ တစ်လွှား များစွာသော ဆွေးနွေးဝိုင်းများကို ဖြစ်ပေါ်စေခဲ့လေသည်။ ထိုကဲ့သို့ များစွာသော လူများ၏ အာရုံ စူးစိုက်မှုကို ရရှိထားသူကတော့ အခြားသူ မဟုတ်... လောကဖြိုခွဲသူ ခန်းမ၏ နာမည်ကျော် နှင်းဆီသလင်း နတ်မိမယ်လေး တစ်ဖြစ်လည်း ယွီစွန်းလီပင် ဖြစ်လေတော့သည်။

***

All Chapters