← Chapters

လျှို့ဝှက် အာဏာရှင် ရွေးချယ်ပွဲ

Vol. 59 Ch. 820

လျှို့ဝှက် အာဏာရှင် ရွေးချယ်ပွဲ

Vol. 59 Ch. 820

ယွီစွန်းလီ အများပြည်သူ၏ မြင်ကွင်းမှ ပျောက်ကွယ် နေခဲ့သည်မှာ ထောင်စုနှစ်ဝက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုစဥ်အခါတုန်းက သူမ ပျောက်ဆုံးသွားသည့် သတင်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ဖူးသေးသည်။

ထိုခေတ်ထိုကာလတုန်းက ယွီစွန်းလီမှာ တန်ခိုးရှင် နတ်မိမယ် စာရင်းတွင် အမြဲတမ်း နံပတ်တစ် ချိတ်ခဲ့သူ ဖြစ်သည်။ သူမက ကြယ်တာရာ ကွင်းပြင် တစ်ခုလုံးကို လှုပ်ခါနိုင်သည့် အလှပိုင်ရှင် မျိုးပင်။ ထိုစဥ်အခါက သူမကို လိုက်သည့်လူ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးသည်။

ယွီစွန်းလီ ထိုမျှ ရေပန်းစားသည်က အဆန်းတော့ မဟုတ်ချေ။ သူမက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတွင် အသန်မာဆုံး သေမျိုးတစ်ပိုင်း အရှင် အဖြစ် ကျော်ကြားသည့် လောကဖြိုခွင်းသူမှ မွေးဖွားလာခဲ့သူ ဖြစ်သည်။ လောကဖြိုခွင်းသူမှာ မြေကြီးရှန့်ထို ဖြစ်ရန် အလားအလာ အမြင့်ဆုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်လေရာ သူ့ ကျော်ကြားမှုက သမီး ဖြစ်သူ အပေါ် များစွာ သက်ရောက်မှု ရှိခဲ့သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... ယွီစွန်းလီမှာ ယခု ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... သူမက ရိုးရိုးတန်းတန်း ပြန်ရောက်လာခြင်း မဟုတ်ချေ။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့် ပြန်လာခဲ့ခြင်း ဖြစ်သည်။ ပျောက်ဆုံး မသွားခင် အချိန်အခါက သူမမှာ ကြယ်အမြုတေ အဆင့် တစ်ယောက်သာ ဖြစ်သည်။

လက်ရှိအချိန်အထိ ယွီစွန်းလီ အဘယ်ကြောင့် ပျောက်ဆုံးသွားခဲ့သည်ကို မည်သူမှ မသိကြသေးပေ။ ကောလဟလများကတော့ အဆင့်တက်ရန် တံခါးပိတ် ကျင့်ကြံနေခြင်းဟု ပြောကြသည်။ အချို့ကလည်း အဖမ်းခံရကာ အကျဥ်းသား ဖြစ်နေခြင်းဟု ခန့်မှန်းကြသည်။

သို့သော်လည်း များစွာသော လူများက ဒုတိယ အယူအဆကို လက်မခံ ကြပါချေ။ အကယ်၍ ယွီစွန်းလီသာ တစ်စုံတစ်ယောက်၏ အကျဥ်းသားသာ ဖြစ်ပါက သူမ၏ လှပမှုဖြင့် သိမ်းပိုက်ခံ နေလောက်ပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာပင် မိန်းကလေးမှာ သန့်စင်သည့် မူလယင် မပျက်စီးသေးပဲ ပြန်လည် ရောက်ရှိလာခြင်းပင် ဖြစ်သည်။

ဝိညာဥ်ရှန့်ထို နယ်မြေ အတွင်း၌... အသေးစား အရွယ် လတစ်စင်း တည်ရှိနေသည်။ ၎င်း၏ မျက်နှာပြင်မှာ ကျို့ပဲ့သွားသည့် ဖန်သား တစ်ခုနှင့် ဆင်တူကာ အခြား အပိုင်းအစများ ပြီးပြည့်စုံစွာ လာရောက် ပေါင်းစည်းမည်ကို စောင့်ဆိုင်းနေပုံ ရသည်။ ထိုလငယ်လေးကို လောကကွဲပျက်လဟု ခေါ်၏။

လောကကွဲပျက်လ...

အရွယ်အစားနှင့် အလင်းပြန်ခြင်း အရ လတစ်စင်း အဖြစ် သမုတ်ကြသည့်တိုင် လောကကွဲပျက်လမှာ မည်သည့် နေကြယ်၊ ဂြိုဟ်တို့ကိုမှ လှည့်ပတ် နေခြင်း မရှိချေ။

၎င်းက လောကဖြိုခွဲသူ အရှင်သခင် ခန်းမ လက်အောက်ရှိ ဂြိုဟ်ကိုးလုံး၏ အလည်တည့်တည့်၌ တည်ရှိနေကာ ကိုယ်ပိုင် ဝန်ရိုးပေါ်တွင်သာ ငြိမ်းချမ်းစွာ လှည့်ပတ်နေပေသည်။ ထို့ကြောင့်ပင်... လောကကွဲပျက်လကို လတစ်စင်းထက် ဂြိုဟ်အသေး တစ်စင်း ဟု ရည်ညွှန်းလျှင် ပိုမို မှန်ကန်ပေလိမ့်မည်။

လောကကွဲပျက်လ၏ မျက်နှာပြင်ထက်တွင်တော့ မီးခိုးရောင် အလင်းတန်းများ တောက်ပနေသည့် နန်းတော်ကြီး တစ်ခု တည်ရှိနေ၏။ ၎င်းမှာ လမျက်နှာပြင် ဧရိယာ၏ လေးပုံတစ်ပုံခန့်ကို သိမ်းပိုက် စိုးမိုးထားသည်။ ထိုအရာကတော့... ‌လောကဖြိုခွဲသူ ခန်းမ အခြေစိုက်လေရာ လောကကွဲပျက် နန်းတော်ပင် ဖြစ်လေတော့သည်။

ယနေ့...

ဝမ်... ဝမ်... ဝမ်...

မရေမတွက်နိုင်သည့် ဟင်းလင်းပြင် သင်္ဘောများမှာ လောကကွဲပျက်လ၏ လေထုလွှာ အပြင်ဘက်၌ ပျံသန်း နေခဲ့လေသည်။ ၎င်းတို့ထဲတွင်... ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်းရှိ အင်အားစုများသာ မက အဘက်ပြင်မှ အင်အားစုများပင် ပါဝင်နေလေ၏။

ထိုအခိုက်၌... လောကကွဲပျက် နန်းတော်မှာ မရေမတွက်နိုင်သော လူကြီး၊ လူငယ် ဧည့်သည်များနှင့် စည်ကား နေခဲ့လေသည်။ လူငယ်များထဲမှ အများစုမှာ အလွန် ချောမောလှပသော ယောက်ျားပျိုများပင် ဖြစ်သည်။ ထို့အပြင်... ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင် မိန်းမပျိုလေးများလည်း ပါဝင်နေ၏။ သူတို့ အားလုံးကား လက်ရှိခေတ်၏ လူငယ် မျိုးဆက်တွင် အလွန်တရာ ကျော်ကြားကြသူများပင် ဖြစ်ကြသည်။

လောကကွဲပျက် နန်းတော် အတွင်းရှိ ကြီးမား ကျယ်ပြန့်လှသော အခန်းတစ်ခုထဲတွင်တော့ မိန်းကလေး တစ်ယောက်မှာ ပိန်သွယ်သော လက်ချောင်းကလေးများဖြင့် သူမ၏ ပိတုန်းရောင် ဆံကေသာကို ဖီးသင် နေခဲ့၏။ သူမ၏ ဆံနွယ်များက အစမှ အဆုံး ရေတံခွန် တစ်ခု သဖွယ် ဖြာကျနေသည်။

မိန်းကလေးမှာ ဘဲဥ ပုံသဏ္ဌာန် မှန်ဝိုင်း တစ်ခုရှေ့တွင် ထိုင်ကာ သူမ၏ နတ်သက်ကြွေ ယမင်းရုပ်တုလို ရုပ်ရည် သွင်ပြင်ကို ငေးကြည့်နေခဲ့ခြင်းပင် ဖြစ်လေ၏။ သူမအား မြင်တွေ့သူတိုင်း အဘယ်ကြောင့် တန်ခိုးရှင် နတ်မိမယ် စာရင်း၌ နံပတ်တစ် ဖြစ်ခဲ့သည်ကို ငြင်းချက် ထုတ်မိလိမ့်မည် မဟုတ်ပါချေ။

ထိုမိန်းကလေးကတော့ အားလုံး၏ ပါးစပ်ဖျား၌ ရေပန်းစားနေသည့် ယွီစွန်းလီပင် ဖြစ်လေတော့သည်။ မိန်းကလေးက နှုတ်ခမ်းကလေးကို အနည်းငယ် စူလိုက်၏။

“မေမေကလည်း ဘာလို့ အဲဒီလို လုပ်ရတာလဲ...”

ယွီစွန်းလီ၏ နောက်တွင်တော့ သူမနှင့် ရုပ်ရည်ချင်း ဆင်တူသည့် အသက်လတ် မိန်းမကြီး တစ်ဦး ရှိနေခဲ့၏။ ဆင်တူသည် ဆိုသည့်တိုင်... သူမ၏ အလှတရားက ယွီစွန်းလီနှင့် ယှဥ်နိုင်ဖို့ အလှမ်းကွာသေးသည်ကတော့ အမှန်တရားပင် ဖြစ်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုမိန်းမကြီးသည်လည်း သူ့နည်းသူ့ဟန်ဖြင့် လှပသူ တစ်ယောက် ဖြစ်ပေသည်။

“သမီး ပြန်လာတာကို လူတိုင်း သိသင့်တယ်မလား”

မိန်းမကြီးက ယွီစွန်းလီ၏ ဆံနွယ်ကလေးများကို ညင်သာစွာ ပွတ်သပ်ပေးရင်း ပြောလိုက်သည်။ သူမ၏ မျက်လုံးကလေးများက နူးညံ့ညင်သာကာ ဂရုစိုက်ခြင်းများနှင့် ပြည့်နှက်နေသည်။ မည်သူမဆို သူမ၏ ထိုအမူအရာကို တွေ့ပါက အလွန်အမင်း အံ့သြသွားကြလိမ့်မည် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူမက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေတစ်ခုလုံး၏ အစွမ်း အထက်ဆုံး သေမျိုးတစ်ပိုင်း အရှင် လောက ဖြိုခွင်းသူ ဖြစ်နေသည် မဟုတ်ပါလား။

ယွီစွန်းလီက မှန်ထဲမှ နေ၍ မိခင် ဖြစ်သူကို ကြည့်လိုက်၏။ ထို့နောက် သူမက အောက်ကို ငုံ့ကာ ပန်းနုရောင် ဆေးခြယ်ထားသည့် လက်သည်းလေးများကို ကြည့်လိုက်သည်။

“သမီးသိပါတယ်... ဒါပေမဲ့...”

“ဘာမှားနေလို့လဲ...”

မိန်းမကြီးက နူးညံ့စွာ ပြုံးရင်း မေးလိုက်၏။

“သမီး အပြင်လောကနဲ့ ပြန်ပြီး ထိတွေ့သင့်ပြီလို့ မေမေ ထင်တယ်... သမီး ပျောက်သွားကာ အချိန် အရမ်း ကြာနေပြီလေ”

ယွီစွန်းလီက သူမ၏ ဆံပင်များအား ဖီးသင်ပေးနေသည့် မိခင်ဖြစ်သူ၏ လက်ကို ကိုင်လိုက်၏။ ထို့နောက် ပါးဖြင့် အနည်းငယ် ပွတ်သပ်လိုက်သည်။

“သမီး သိပါတယ်... ဒါပေမဲ့ နည်းနည်း စိုးရိမ်မိတယ်”

ယွီလီရှင်းမှာ သမီးဖြစ်သူ၏ ခံစားချက်ကို သိရှိလေရာ သက်ပြင်း တစ်ချက် ချလိုက်မိ၏။

“သမီးကို ကယ်ခဲ့တဲ့လူရဲ့ နာမည်က ဝေ့ဝူယင် ဆိုတာ သေချာလား”

“သေချာတယ် မေမေ... သူက အဲဒီ နာမည်ကို မမေ့ဖို့ ပြောသွားတယ်... ပြီးတော့ သူ့မှာ မီးဖီးနစ် တစ်ကောင်လည်း ပါတယ်... ဒါပေမဲ့ မေမေတို့ ပြောနေတဲ့ မြေကြီးရှန့်ထို ဆိုတာကိုတော့ မတွေ့ခဲ့ရဘူး... သူက အရိပ်ဥကို ဖျက်ဆီးတဲ့ အချိန်ကျမှ ပေါ်လာတာ ဖြစ်ချင် ဖြစ်မယ်”

ယွီစွန်းလီမှာ အရိပ်ဥ အတွင်း သူမ ကြုံတွေ့ခဲ့ရသမျှကို မိခင် ဖြစ်သူအား မခြွင်းမချန် ပြန်လည် ပြောပြပြီး ဖြစ်သည်။

တစ်ခဏမျှ တိတ်ဆိတ်ပြီးနောက် ယွီလီရှင်းက ခေါင်းတစ်ချက် ညိတ်လိုက်၏။ လွန်ခဲ့သည့် လပိုင်းအတွင်းက ဝိညာဥ်မြှင့်တင်ခြင်း နယ်မြေတွင် များစွာသော အပြောင်းအလဲနှင့် ရိုက်ခတ်မှုများ ဖြစ်ပွားသွားခဲ့သည်။ သို့သော်လည်း... အာရုဏ်ဦး အာဏာရှင် ဧကရာဇ်ဟု ခေါ်သည့် ဝေ့ဝူယင်ကတော့ ပေါ်လာခဲ့ခြင်း မရှိသေးချေ။ သတင်းများ အရဆိုလျှင် ထိုဖြစ်ရပ်တစ်ခုလုံးကို ဦးဆောင်ခဲ့သူက မီးဖီးနစ် တစ်ကောင်နှင့် ကိုယ်ပွားလိုလို၊ ပုံရိပ်ယောင် လိုလို မြေကြီးရှန့်ထို တစ်ယောက်သာ ဖြစ်ပေသည်။

လောကဖြိုခွဲသူ ခန်းမသို့ ပြန်လည် ရောက်ရှိပြီးနောက်တွင် ယွီစွန်းလီမှာ ဝေ့ဝူယင်နှင့် ပတ်သက်သည့် သတင်းများကို ကြားခဲ့ရသည်။ ထင်မှတ်မထားစွာပင်... သူက မဟာစက်ဝန်း ကြယ်ကွင်းပြင်၌ နာမည်ကျော် ဒဏ္ဍာရီ တစ်ခုလို ဖြစ်နေခဲ့သည်။ သို့သော်လည်း ယွီလီရှင်း၏ အဆိုအရ... သူက တစ်ခါမှ ကိုယ်တိုင်ကိုယ်ကျ ထွက်ပေါ်မလာခဲ့ဖူးဟု ဆိုသည်။

“သူ ရောက်လာပြီး ပြဿနာ အရှာခံရမှာ သမီး စိုးရိမ်နေတာလား...”

ယွီလီရှင်းက မေးလိုက်၏။ ယွီစွန်းလီက ခေါင်းခါလိုက်သည်။

“သမီး အဲဒါကို မစိုးရိမ်ပါဘူး... ဒီပြိုင်ဆိုင်မှုလောက်ကိုမှ မကိုင်တွယ်နိုင်ရင် သူက စစ်မှန်တဲ့ ယောက်ျား မဟုတ်ဘူး... သမီး စိုးရိမ်နေတာက ဟို အစစ်အမှန် မွေးဖွားခြင်းဆိုတဲ့ ခွေးတွေ... ဒီပွဲက သူတို့ အတွက် ပစ်မှတ် ထားစရာ ဖြစ်ချင် ဖြစ်သွားမှာ... ကျွန်မက အဲဒီ မီးဖီးနစ်၊ မြေကြီးရှန့်ထိုတို့ အကြောင်း သိနေတယ်လို့ သူတို့ တွေးနေမှာ သေချာတယ်”

ယွီလီရှန်းက ခပ်ဖြည်းဖြည်း သက်ပြင်းတစ်ချက် ချလိုက်သည်။

“နှင်းဆီလေးရယ်... ဘာမှ မစိုးရိမ်ပါနဲ့တော့... တကယ်လို့ သူတို့ဘက်က မြေကြီ ရှန့်ထို တစ်ယောက် ရောက်လာမယ် ဆိုရင်တောင် မေမေတို့က သမီးကို အပါခံတော့မှာ မဟုတ်ဘူး”

သူမ၏ အမူအရာက အဆုံးမဲ့သော ယုံကြည်ချက်တို့ဖြင့် ပြည့်နှက် နေ၏။ ယွီစွန်းလီက အံ့သြသွားကာ မှန်ထဲမှ မိခင်ဖြစ်သူ၏ မျက်နှာကို မော့ကြည့်လိုက်သည်။

“မေမေက...”

ယွီလီရှင်းက ပြုံးလိုက်၏။ လျှို့ဝှက် သင်္ကေတ အချိ့က သူမ၏ မျက်လုံးများထဲတွင် ပေါ်လာကာ လျှင်မြန်စွာပင် ပြန်လည် ပျောက်ကွယ် သွားသည်။

“အရင်ဆုံး မိတ်ဆွေဟောင်းတွေနဲ့ သွားတွေ့လိုက်ရအောင်နော် သမီးလေး...”

…

ယွီစွန်းလီ ပြန်လည် ရောက်ရှိလာသည့် ဂုဏ်ပြုပွဲ အခမ်းအနားမှာ အံ့အားသင့်စရာ သိပ်မရှိလှပဲ ပြီးမြောက် သွားခဲ့သည်။ သို့သော်လည်း များစွာသော ထိပ်သီး ပါရမီရှင်များ၊ ကျင့်ကြံသူများကတော့ ခံစားချက် မျိုးစုံ ပြည့်ရွှမ်း၍ ကျန်ရစ်ခဲ့သည်။ ထိုအထဲ၌ တစ်ထပ်တည်း တူညီနေသည်ကတော့ ယွီစွန်းလီကို လိုက်ရန် ကြံစည် နေသူတို့၏ စိတ်ပျက်မှုပင် ဖြစ်လေသည်။

နှင်းဆီသလင်း နတ်မိမယ်လေးမှာ ယခင်ကအတိုင်း လှပစွာပင် ပေါ်လာခဲ့သည်။ များစွာသော ယောက်ျားသားများနှင့် မိန်းကလေးများမှာ ကြိုးစားချင်ကြသည့်တိုင် သတ်မှတ်ချက်နှင့် မကိုက်ညီကြောင်း သူတို့ကိုယ်ကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်လာခြင်းနှင့် အတူ မိန်းကလေး၏ ထည့်သွင်း စဥ်းစားမှု နယ်ပယ်မှာလည်း ကျယ်ပြန့်လာခဲ့သည်။ ထိုအရာက သူမ၏ သတ်မှတ်ချက် သီးသန့်သာလျှင် မဟုတ်ပါချေ။ သူမ မိခင် ဖြစ်သူ လောကဖြိုခွဲသူ၏ သတ်မှတ်ချက်လည်း ဖြစ်ပေသည်။

မျှော်လင့်ချက်များနှင့် အတူ ဂုဏ်ပြုပွဲသို့ တက်ရောက်လာသည့် ကျင့်ကြံသူ အများစုကို ဖယ်ရှားပစ်ခဲ့သည့် သတ်မှတ်ချက် သုံးခု ရှိပေသည်။ ၎င်းတို့က ကျင့်ကြံခြင်း၊ အသက်အရွယ်၊ ပါရမီတို့နှင့် တိုက်ရိုက် သက်ဆိုင် နေပေသည်။

ပထမဆုံး အချက် အနေဖြင့် ကျင့်ကြံသူမှာ လျှို့ဝှက် အာဏာရှင် အဆင့် ဖြစ်ရပေလိမ့်မည်။ သက်တမ်း ပြဿနာမှာ ကျင့်ကြံသူများ အကြားတွင် လေးနက်စွာ အမြစ်တွယ် နေပေသည်။ ပါရမီ၊ အလားအလာတို့က ယုံကြည်၍ မရချေ။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ ရွေးချယ်ခံ တစ်ယောက် ဖြစ်ပြီးမှ လျှို့ဝှက် အာဏာရှင် အဆင့်ကို မတက်လှမ်းနိုင်သူ များစွာ ရှိပေသည်။ သူတို့က လျှို့ဝှက် ကြယ်တာရာ အဆင့်များ အဖြစ်သာ သက်တမ်း တိုတိုနှင့် သေဆုံးသွားရလေ့ ရှိသည်။ မည်သူမှ ထိုသတ်မှတ်ချက် အပေါ် မေးခွန်း မထုတ်ကြပါချေ။

ဒုတိယ လိုအပ်ချက်ကတော့ ပိုမို၍ ရက်စက် လှ၏။ သူတို့က ယွီစွန်းလီထက် အသက်ငါးရာ ပိုကြီးခွင့် မရှိခြင်းပင် ဖြစ်သည်။ ထိုသတ်မှတ်ချက်က သက်တော်ရှည် စီနီယာ များစွာကို တိုက်ရိုက်ပင် ဖယ်ရှား ပစ်လိုက်သည်။ လက်ရှိ၌ မိန်းကလေးမှာ အသက် ၁၀၂၁ နှစ် ရှိပြီ ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့် သက်တမ်း၏ ဆယ်ပုံ တစ်ပုံခန့်ကိုသာ နေရသေးပေသည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... သူမနှင့် သက်တူ ရွယ်တူ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ထိုလိုအပ်ချက်နှင့် ကိုက်ညီ နေကြဆဲ ဖြစ်ပေသည်။ သို့သော်လည်း... လောကဖြိုခွဲသူ ကြေညာသည့် တတိယ အခြေအနေက များစွာသော လူများ၏ ယုံကြည်ချက်များကို ပြိုကွဲ သွားစေခဲ့သည်။

၎င်းက ခွန်အားပင်။

မိမိကိုယ်ကို ယွီစွန်းလီနှင့် သင့်တော်သည်ဟု ယူဆသူများမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်နှင့် ဆယ်မိနစ် တိုက်ခိုက်ရမည် ဖြစ်သည်။ ပြင်ပ အကူအညီများ၊ အဆောင်၊ ရတနာများ သုံးခွင့် မရှိချေ။ ဂုဏ်ပြုပွဲ၌ ရဲရင့်သည့် လျှို့ဝှက် အာဏာရှင် အဆင့် အချို့မှာ စမ်းသပ် တိုက်ခိုက်ခဲ့ကြသော်လည်း တစ်မိနစ်မျှ မပြည့်ခင်မှာပင် သူတို့ ရှုံးနိမ့် သွားကြသည်။

၎င်းက ဂုဏ်ပြုပွဲအတွက် ကောင်းမွန်သော ဖျော်ဖြေမှု ဖြစ်ခဲ့ပေသည်။ အသည်းကွဲစရာ ကောင်းစွာပင် နှင်းဆီသလင်း နတ်မိမယ်လေးမှာ ယခင်ကထက် အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။ ပြိုင်ဘက်ကင်းသည့် အလှတရား၊ ပါရမီ၊ နောက်ခံနှင့် မူလယင်တို့ကြောင် သူမမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးတွင် အသင့်တော်ဆုံး တာအို လက်တွဲဖော် ဖြစ်ပေသည်။

သူမ၏ မူလယင်မှာ များစွာသော ကျင့်ကြံသူများကို လျှို့ဝှက် အဆင့် ထိုးထွင်းသိမြင်မှုများ ရရှိလာအောင် ကူညီပေးနိုင်စွမ်း ရှိသည်။ ၎င်းက သေမျိုးတစ်ပိုင်း အရှင် အဆင့်၊ မြေကြီး ရှန့်ထို အဆင့်တို့ အတွက် အခွင့်အရေးကိုပင် တိုးမြှင့်ပေးနိုင်ပေသည်။

ထိုအဖြစ်အပျက်များက တောမီး တစ်ခု ကဲ့သို့ ပျံ့နှံ့ သွားခဲ့ကာ များစွာသော လူများ အကြားတွင် စိတ်ဝင်စားစရာ ခေါင်းစဥ်သစ် တစ်ခုပင် ဖြစ်ပေါ်လာခဲ့လေသည်။

၎င်းက... “လျှို့ဝှက် အာဏာရှင် ရွေးချယ်ပွဲ”ဟူ၍ပင်။

***

All Chapters