← Chapters

ဒြပ်စင်

Vol. 59 Ch. 821

ဒြပ်စင်

Vol. 59 Ch. 821

အပြင်လောက တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့ချိန်တွင် ဝေ့ဝူယင်၊ ဝမ်မင်ယာနှင့် ဝူယုတို့မှာ စက်ဝိုင်း တစ်ခု အတွင်း ထိုင်ကာ လေပေါ် မြောလွင့်နေသည့် ပုလင်းလေး တစ်လုံးကို ကြည့်နေခဲ့ကြသည်။ သူတို့၏ အမူအရာများက အနည်းငယ် သုန်မှုန်ကာ လေးနက် နေကြ၏။

“မင်း သေချာရဲ့လား...”

ဝူယုက သံသယဖြင့် မေးလိုက်၏။ ဝမ်မင်ယာက အလေးအနက် အမူအရာဖြင့် ခေါင်းညိတ် လိုက်လေသည်။

“သေချာတယ်...”

ဝူယုက မျက်မှောင်ကြုတ်နေသည့် ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူ့ မျက်လုံးအတွင်း စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာကာ လောကမူလ ဆေးရည်ပုလင်းကို ပြန်ကြည့်လိုက်သည်။

ဝေ့ဝူယင်က သက်ပြင်းချလိုက်၏။

“အရည်အသွေးက ဒီလောက် မြင့်မားသွားလိမ့်မယ်လို့ ကျုပ် ထင်မထားခဲ့ဘူး... တတိယ အဆင့်ကို တက်လှမ်းနနိုင်မယ်လို့ ခင်ဗျား ယုံကြည်ချက် ရှိရင် လုပ်ပါ”

လုပ်ငန်းစဥ် အတွင်း အဋ္ဌမ ရင်းမြစ် အသွင်ပြောင်းခြင်း အစီအရင်မှာ ထင်မှတ် မထားသည့် ပြောင်းလဲမှု အချို့ ဖြစ်ပေါ်ခဲ့သည်။ အရည်အသွေး အဆင့်မြင့်တွင် ရှိသည့် လျှို့ဝှက် မြေကြီး အဆင့် လောက မူလ ဆေးရည်မှာ အရည်အသွေး အထွတ်အထိပ် အဆင့်ကို ဆင့်ကဲ ပြောင်းလဲ သွားခဲ့သည်။ ထို့အပြင်... ဆေးရည် အတွင်း ရှိနေသည့် လျှို့ဝှက် သင်္ကေတများမှာလည်း တစ်နည်းနည်းဖြင့် ပြောင်းလဲ သွားခဲ့သည်။ ဝမ်မင်ယာကတော့ ၎င်းမှာ ဆေးရည်၏ အရည်အသွေး ပြောင်းလဲမှုကြောင့်ဟု ဆိုသည်။

ဝေ့ဝူယင် အမှန်တကယ်ပင် ကျေနပ် နေမိ၏။ ထိုအရာက သူ့အတွက်တော့ သာမန်ကာ လျှံကာ အတွေးနှင့် စမ်းသပ်မှု တစ်ခုသာလျှင် ဖြစ်သည်။ ခက်ခဲမှု အချို့ ရှိသည့်တိုင် ပထမဆုံး အကြိမ် ကြိုးပမ်းမှုတွင်ပင် သူ ‌အောင်မြင်ကာ ဆေးရည်၏ အရည်အသွေးကို မြှင့်တင်နိုင်ခဲ့သည်။

လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု၏ အရည်အသွေးကို တိုးမြှင့်နိုင်သည့် နည်းလမ်း တစ်ခု ရှိသည် ဆိုသည့် သတင်းသာ ပျံ့နှံ့သွားပါက အဂ္ဂိရတ် အသိုင်းအဝိုင်းကြီး တစ်ခုလုံး ဖိန့်ဖိန့်တုန် သွားကြလိမ့်မည် ဖြစ်သည်။

သို့သော်လည်း... အခြားတစ်ဖက်၌ အကုန်အကျမှာ များလွန်းလှပေသည်။ ထိုဖြစ်စဥ် တစ်ခုတည်း အတွက် ဝေ့ဝူယင် အသန့်စင်ဆုံး မြူနှင်းများကို ရှစ်မီတာခန့် အထိ ဆုံးရှုံးခဲ့ရသည်။ ယခုဆိုလျှင် သူ၏ အသန့်စင်ဆုံး မြူနှင်း ဧရိယာမှာ ခြောက်ဆယ့်ငါး မီတာမှ ငါးဆယ့်ခုနစ် မီတာ အထိ လျော့ကျသွားခဲ့ပြီ ဖြစ်သည်။

ထိုပမာဏက များပြားလှသည်ဟု မထင်ရသည့်တိုင် အဂ္ဂိရတ် မြူနှင်း တစ်မီတာချင်းစီတိုင်းမှာ အဆင့်ခုနစ်နှင့် အထက် အဂ္ဂိရတ် ထုတ်ကုန် တစ်သောင်း အောင်မြင်စွာ ဖော်စပ်နိုင်ပြီးမှသာ ထွက်ပေါ်လာသည့် ရလဒ် ဖြစ်သည်။ အရွယ်အစား တဖြည်းဖြည်း ကြီးမားလာသည်နှင့် အမျှ လိုအပ်ချက်ကလည်း ပိုမို၍ များပြားလာသည်။

“ဒါပေမဲ့ ထိုက်တန်ပါတယ်လေ...”

ဝေ့ဝူယင် တွေးလိုက်မိ၏။ မည်သို့ပင် ဆို‌စေ... ၎င်းက အဂ္ဂိရတ် လမ်းစဥ်တွင် တစ်ခါမှ မပေါ်ခဲ့ဖူးသည့် နည်းလမ်း အသစ် တစ်ခု ဖြစ်ပေသည်။ အဂ္ဂိရတ် ရှန့်ထိုများ ပင်လျှင် ထိုနည်းလမ်းကို ရရှိရန် အချင်းချင်း သတ်ဖြတ်ကြပေလိမ့်မည်။

ဝူယုက ပျော်ရွှင်စွာပင် ကျေးဇူးတင်စကား အချို့ ဆိုပြီးနောက် ပုလင်းကို ယူကာ ပျောက်ကွယ် သွားခဲ့၏။ သူက ဂြိုဟ်၏ တစ်နေရာတွင် တံခါးပိတ် ဆေးရည်ကို သန့်စင်တော့မည် ဖြစ်သည်။ ဆေးရည်၏ အရည်အသွေး တိုးတက်လာမှုနှင့် အတူ ဝေ့ဝူယင်၏ တစ်နှစ် သတ်မှတ်ချိန်ကို ပြည့်မှီရန် သူ ယုံကြည်ချက် ရှိနေခဲ့ပြီ ဖြစ်သည်။

ဝမ်မင်ယာက ဝေ့ဝူယင်၏ ချောမောသည့် ရုပ်ရည်ကို ငေးကြည့် နေခဲ့မိ၏။ ချစ်မြတ်နိုးစိတ်၊ အထင်ကြီးစိတ်၊ လေးစားစိတ်များက သူမ၏ နှလုံးသား အတွင်း ပြည့်လျှံနေသည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးက လောကအား လှုပ်ခါစေခဲ့သည် ဆိုလျှင် အဋ္ဌမ ရင်းမြစ် အသွင်ပြောင်းလဲခြင်း နည်းလမ်းက ကောင်းကင်ကိုပင် တုန်လှုပ်စေလိမ့်မည် ဖြစ်ပေသည်။

ဝေ့ဝူယင်က ပင့်သက်တစ်ချက် ရှိုက်ကာ အတွေးများကို ပြန်လည် သိမ်းဆည်းလိုက်၏။ သူ့တွင် အချိန်ရှိခိုက် လုံလစိုက်စရာများ ရှိပေသေးသည်။

“စစ်ဝိညာဥ်တွေ ဘယ်လောက် အကျိုးသက်ရောက်နိုင်မလဲ စမ်းသပ်ကြည့်ဖို့ အချိန်ရောက်ပြီ...”

ရွှမ်း...

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်သည်နှင့် ထျန်းတျန် အတွင်းရှိ ဒြပ်စင်မှာ တုန်ရီသွားကာ ဆေဘာ ဟိန်းဟောက်သံ တစ်ချက် ထွက်ပေါ်လာ၏။ ဘုရင်၏ ကြယ်တာရာ ဝိညာဥ် အတွင်းရှိ ဆေဘာစွမ်းအင်များမှာ စတင်ကာ တုန်ရီလာခဲ့ပြီ ဖြစ်သည်။

ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိပြီးနောက်တွင်... အခြေတည် ဆေဘာဝိညာဥ် ဖြစ်သည့် ဒြပ်စင်မှာ ဘုရင်၏ လောကပင်လယ် အတွင်း ဆက်လက် တည်ရှိနေခဲ့သည်။ တစ်ခါတစ်ရံတွင်သာ ၎င်းက အိုရီ၏ လောကပင်လယ်ထဲကို အလည်အပတ် သွားလေ့ ရှိသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုလုံးလုံး... အခြေတည် ဆေဘာဝိညာဥ်အား အဆင့် မြှင့်တင်ရန် နည်းလမ်းကို ရှာမတွေ့ခဲ့လေရာ ဝေ့ဝူယင် အလွန်ပင် စိတ်ပျက်ခဲ့ရသည်။ သူ လုပ်နိုင်ခဲ့သည့် တစ်ခုတည်းသော အရာက ဝိညာဥ် စွမ်းအင်ဖြင့် သန့်စင်ခြင်းသာ ဖြစ်ပေသည်။ သို့သော်လည်း ဖြစ်ဖြစ်မြောက်မြောက် တိုးတက်မှု မရှိခဲ့ပါချေ။

အမှန်အတိုင်း ဝန်ခံရပါက ယနေ့အချိန်အထိ... အခြေတည် ဆေဘာ ဝိညာဥ် အကြောင်း ဝေ့ဝူယင် ဘာမှ မသိသေးချေ။ ၎င်းက လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက်သည့် တည်ရှိမှုမျိုးပင်။ အခြေတည် ဆေဘာ ဝိညာဥ်အား ဆက်သွယ်၍ မရသည့်တိုင် ၎င်း၏ ဆန္ဒကိုတော့ ဝေ့ဝူယင် ခံစား၍ ရပေသည်။ ထို့အပြင်... အိုရီနှင့် ဘုရင်တို့မှာလည်း ဆေဘာဝိညာဥ် အပေါ် မည်သည့် အမှတ်အသားမျိုးမှ ချမှတ်နိုင်ခြင်း မရှိသေးချေ။

စတင် ကျင့်ကြံခဲ့သည့် နေ့ရက်မှ စ၍ အခြေတည် ဝိညာဥ် ပိုင်ဆိုင်သည့် ကျင့်ကြံသူ တစ်ဦးတစ်ယောက်မှ ဝေ့ဝူယင် မတွေ့ဖူးသေးချေ။ ထိုအကြောင်း ဝူယုကို မေးတော့ သူကိုယ်တိုင်လည်း ရေရေရာရာ မဖြေမပေးနိုင်ချေ။ သို့သော်လည်း... သူ့ထံမှ စိတ်ဝင်စားစရာ အကြောင်းတစ်ခုကိုတော့ ဝေ့ဝူယင် ကြားခဲ့ရပေသည်။

ထာဝရ ဧကရာဇ်တွင် အာဂန်ပင်နှင့် တူသည့် အခြေတည် သစ်သား ဝိညာဥ် တစ်ခု ရှိခဲ့ဖူးသည်။ ထိုကဲ့သို့ ပိုင်ဆိုင်သူက သူ တစ်ယောက်တည်း မဟုတ်ချေ။ အထွတ်အမြတ် အယ်ဗန် ဧကရီသည်လည်း အခြေတည် သန့်စင် ဝိညာဥ်ကို ပိုင်ဆိုင်ခဲ့ဖူးသည်။ ထို့အပြင်... အသူရာ နတ်ဆိုးသခင်သည်လည်း အခြေတည် နတ်ဆိုး ဝိညာဥ် တစ်ခုကို ပိုင်ဆိုင်ဖူးသည်။ ၎င်းက သူကိုယ်တိုင်နှင့် ဆင်တူကာ တစ်ကိုယ်လုး ခရမ်းရောင် အဆင်း ရှိသည်ဟု ဆိုသည်။

ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့တွင်တော့ ရှိ၊ မရှိ ဝူယု မသိချေ။ သို့သော်လည်း... သေချာတာ တစ်ခုကတော့ ထာဝရ ဧကရာဇ် ကိုယ်တိုင်ပင် ၎င်းတို့၏ ဇစ်မြစ်ကို မသိခဲ့ခြင်းပင်။ သူက အခြေတည် ဝိညာဥ်များကို ပြုစုပျိုးထောင်ရန် အတွက် အဂ္ဂိရတ် ထုတ်ကုန်များကို စမ်းသပ် ဖော်စပ်ခဲ့ဖူးသေးသည်။ ဝိညာဥ် ဉာဏ်အလင်း ဆေးရည်မှာ ထိုကြိုးစားမှုများထဲမှ အထင်ရှားဆုံး ရလဒ် တစ်ခု ဖြစ်သည်။ ကံမကောင်းစွာပင်... ထိုဆေးရည်သည်လည်း အခြေတည် ဝိညာဥ်များကို မြှင့်တင်ရာ၌ အသုံးမဝင်ခဲ့ပါချေ။

ထာဝရ ဧကရာဇ် ကိုယ်တိုင်ပင် ကျရှုံးခဲ့လေရာ ဝူယုမှာလည်း ကြိုးပမ်း အားထုတ်မှုကို အားလျှော့ခဲ့သည်။ အခြေတည် ဝိညာဥ်များအား မြှင့်တင်ခြင်းက သေမျိုးများ တတ်နိုင်သည့် နယ်ပယ် တစ်ခု မဟုတ်နိုင်ချေ။ တတ်နိုင်သည် ထားဦး။ သူတို့၏ ဗဟုသုတက ထိုမျှလောက် မကျယ်ပြန့်တာ သေချာသည်။

ဟိုးရှေးရှေးတုန်းက ထာဝရ ကြယ်တာရာ နယ်မြေတွင် အခြေတည် ဝိညာဥ်များ အကြောင်း စွဲစွဲလမ်းလမ်း လေ့လာသည့် ဗိသုကာ ပညာရှင် တစ်ယောက် ရှိခဲ့ဖူးသည်။ သူက နတ်ဆိုးတို့၏ မျိုးဆက် တစ်ယောက်လည်း ဖြစ်၏။ သူ၏ အဆိုအရ ဆိုလျှင် အခြေတည် ဝိညာဥ်များမှာ ကောင်းကင် ဝိညာဥ် ဖန်တီးခြင်း၏ ကျရှုံးမှု ရလဒ် တစ်ခု မဟုတ်ချေ။ နတ်ဆိုးများ ကဲ့သို့ ထူးဆန်းသော ဖြစ်စဥ် တစ်ခုဖြင့် မွေးဖွားလာသူများဖြစ်သည်။ သို့သော်လည်း သူတို့က နတ်ဆိုးများနှင့် ဆက်စပ်မှု မရှိပါချေ။

ဗိသုကာ ပညာရှင်၏ လေ့လာမှုကို အကျဥ်းချုပ်ရသော အခြေတည် ဝိညာဥ်များမှာ နတ်ဆိုးများ မဟုတ်သလို မပြည့်စုံသည့် ဝိညာဥ်များလည်း မဟုတ်ပါချေ။ သူတို့ ဖြစ်ပေါ်လာသည့် ပုံစံများနှင့် ဇစ်မြစ်များက အမျိုးမျိုး ကွဲပြားနိုင်သည်ဟု ဆိုသည်။ သူတို့က သက်ရှိများ ဖြစ်သည်။ သို့သော်လည်း သူတို့ထံတွင် မည်သည့် တိုက်ခိုက်ရေးနှင့် ခုခံရေး စွမ်းအားမှ မရှိချေ။ သူတို့က မွေးရာပါ အားနည်သူများ ဖြစ်ကြသည်။ သူတို့က ကိုယ်တိုင် မကျင့်ကြံနိုင်သလို ဉာဏ်ရည်မှာလည်း မရှိသလောက် ဖြစ်သည်။

ထိုအချက်ကို ဝေ့ဝူယင်လည်း လက်ခံသည်။ အခြေတည် ဆေဘာ ဝိညာဥ်မှာ ဆေဘာနှင့် ဒြပ်စင် မူလ စွမ်းအင်များကို သိုလှောင်နိုင်သည့် အခွံတစ်ခု သာသာသာ ဖြစ်သည်။ သူ ကိုယ်တိုင် ပင်လျှင် ဆေဘာ အင်အား သို့မဟုတ် သတ္တုမူလ အင်အားဖြင့် ပိုမို အစွမ်းထက်သည့် ခန္ဓာ တစ်ခု ဖန်တီးနိုင်သည်။ စစ်အမတေများဖြင့် ဖန်တီးထားသည့် ဆေဘာပင်လျှင် ၎င်းထက် အဆများစွာ ပိုမို ကောင်းမွန်သည်။ ၎င်းက လျှို့ဝှက် မြေကြီး အထွတ်အထိပ် အဆင့်တွင်ပင် ရှိ၏။

သို့‌သော်လည်း အိုရီနှင့် ဘုရင်တို့မှာ ဒြပ်စင်နှင့် ခိုင်မာစွာ တွဲယှဥ် ချည်နှောင်ထားကြလေရာ သူ မည်ကဲ့သို့ လွယ်လွယ် စွန့်ပစ်နိုင်မည်နည်း။

ဝူယုမှာ သွေးမူလ ကျင့်ကြံခြင်း နည်းလမ်းအား ကျင့်ကြံရန် ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ ဝမ်မင်ယာမှာလည်း မျက်လုံးများကို မှိတ်ကာ ငြိမ်သက်စွာ တရားထိုင်နေခဲ့၏။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း သူမ၏ အခြေခံမှာ အဆများစွာ တိုးတက်လာခဲ့လေရာ ၎င်းနှင့် လိုက်လျောညီထွေ ဖြစ်ရန် အတွက် အခြား ကဏ္ဍများကို သူမ မြှင့်တင်ရတော့မည် ဖြစ်သည်။ သူမ အနေဖြင့် ထိုစွမ်းအင်များကို သုံးကာ ရုပ်ခန္ဓာ၊ အသိစိတ် ပင်လယ်နှင့် ထျန်းတျန်တို့ကို သန့်စင်နိုင်ပေသည်၊

ပိုင်လင်ကတော့ ရေပြင်ထက်တွင်ပင် အနားယူ နေခဲ့၏။ သူမအား ကြည့်ရသည်က အတော်လေး ပျင်းရိနေပုံ ပေါ်လေသည်။ သွေးအမတေအား လောင်ကြွမ်း တိုက်ခိုက်ပြီး နောက်တွင် ပိုင်လင်မှာ များစွာသော ထိခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူမ၏ မျက်လုံးများက စွမ်းအင် ပြည့်ဝနေဆဲ ဖြစ်သည့်တိုင် မီးဖီးနစ် အသွင်ပြောင်းခြင်းကိုပင် သူမ ဖော်ထုတ်နိုင်ခြင်း မရှိတော့ချေ။

လက်ရှိ၌ သူမမှာ ဝေ့ဝူယင် သန့်စင်ပေးထားသည့် ဆေးမျိုးဆက် စွမ်းအင် ဆေးလုံးများကို သန့်စင်နေခဲ့သည်။ ကံမကောင်းမစွာပင်... သူမ၏ ပြဿနာက ထိုထက် အဆများစွာ ပိုမို နက်ရှိုင်းပေသည်။ ကျင့်ကြံခြင်း အခြေခံ ထိခိုက်မှုက သာမန် ပြဿနာ တစ်ခု မဟုတ်ချေ။

ဝေ့ဝူယင်မှာ စမ်းချောင်း နံဘေးမှ တောင်ငယ် တစ်ခုဆီသို့ ရွှေ့ပြောင်းကာ မဟာမြေကြီး ရည်ရွယ်ချက်ကို သုံး၍ ဂူတစ်ခု တူးဖော်ခဲ့သည်။ သူက ထိုနေရာကို လုံခြုံ တည်ငြိမ်စေရန် အတွက် ချိပ်စည်းများ၊ အစီအရင်များ အထပ်ထပ် ချဲ့ပြီး ဖြစ်၏။ လက်ရှိ၌ သူက ကြာပန်း သဏ္ဌာန် ထိုင်နေခဲ့ကာ လက်ဟန် ချိပ်စည်း တစ်ခုကို ထုတ်ဖော် လိုက်လေသည်။ ထိုအခါ... သူ၏ ထျန်းတျန်ထဲမှ အလင်းရောင် တစ်ခု ထွက်ပေါ်လာခဲ့လေ၏။

ဝှစ်...

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ၎င်းက ဘုရင်၏ ဝိညာဥ် ဆင်းတုနှင့် ဆင်တူသည့် ဆေဘာတစ်လက် အသွင် ဖွဲ့စည်းသွားသည်။ သို့သော်လည်း... ၎င်းထံမှ အိုရီနှင့် ဆင်တူသည့် အော်ရာ အချို့လည်း ထွက်ပေါ် နေပေသည်။ ဒြပ်စင်မှာ ဘုရင်နှင့် အိုရီတို့၏ စွမ်းအားများကို မျှဝေ ပိုင်ဆိုင်သည်မှာ ရှင်းလင်းလှပေသည်။

ရွှမ်း...

ဒြပ်စင်ထံမှ အော်သံ တစ်ခု ထွက်ပေါ်လာလေရာ တောင်တန်း တစ်ခုလုံးမှာ တုန်ရီသွား၏။ ဒြပ်စင်မှာ ကိုယ်တိုင်ကိုယ်ကျ အများကြီး အစွမ်း မထက်သည့်တိုင် ဘုရင်ထံမှ ဆေဘာရည်ရွယ်ချက်နှင့် အိုရီထံမှ မူလ ဒြပ်စင် ရည်ရွယ်ချက်တို့ကို ပေါင်းစပ် ပိုင်ဆိုင်ထားသည်။ ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ ဒြပ်စင်ကို အချိန် အတန်ကြာ စိုက်ကြည့် နေခဲ့၏။ နဂါးခေါင်းဆောင်နှင့် ပုဂ္ဂိုလ်က သူ့ အတွေးအားရုံ အတွင်း ပေါ်လာခဲ့သည်။

“အဲဒီလို ဖြစ်နိုင်လား...”

တစ်ခဏ ကြာပြီးနောက် သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်သည့် အငွေ့အသက်များ ဖြစ်ပေါ်လာခဲ့၏။ ဝေ့ဝူယင် ချက်ချင်းပင် ထိုအယူအဆကို ဘေးဖယ်လိုက်ကာ ဟင်းလင်းပြင် လက်စွပ်ကို ချိတ်ဆက်လိုက်သည်။ ထိုယူဆချက်က မှန်မှန်... မမှန်မှန် မရေးမကြီးသေးချေ။ လက်ရှိ၌... စစ်ဝိညာဥ်များက အခြေတည် ဆေဘာ ဝိညာဥ် အပေါ် သက်ရောက်နိုင်မှု ရှိ၊ မရှိကို သူ အရင်ဆုံး စစ်ဆေးရပေလိမ့်မည် ဖြစ်သည်။

***

All Chapters