← Chapters

ဒြပ်စင် (၂)

Vol. 59 Ch. 822

ဒြပ်စင် (၂)

Vol. 59 Ch. 822

ကျင်းကျူး၏ မှတ်ဉာဏ်များသာ အမှန်ဆိုပါက... စစ်ဝိညာဥ်များမှာ ဝိညာဥ်များကို မြှင့်တင် ပေးနိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ၎င်းက ပုံမှန် ကျင့်ကြံသူများ အပေါ် အခြေခံထားသည့် အယူအဆ တစ်ခု ဖြစ်သည်။ အခြေတည် ဆေဘာ ဝိညာဥ် အပေါ် သက်ရောက်နိုင်၊ မသက်ရောက်နိုင် ဝေ့ဝူယင် ကိုယ်တိုင် မသေချာပါချေ။ ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုနည်းလမ်းက ဒြပ်စင် အပေါ် မသက်ရောက်စေဖို့ သူ မျှော်လင့်မိပေသည်။

အသုံးပြုခဲ့သည့် အကြိမ် လက်ချိုးရေတွက်၍ ရသည့်တိုင် ဒြပ်စင်မှာ သူ့အသက် ထက်ဝက်နီးပါး သူနှင့် အတူ ရှိနေခဲ့ခြင်း ဖြစ်သည်။ ဒြပ်စင် အပေါ် သူ့သံယောဇဥ်က ကြယ်တာရာ ဝိညာဥ်များအောက် လျော့နည်းခြင်း မရှိပါချေ။

“ကျုပ် လုပ်မယ်...”

ရုတ်တရက် ဘုရင်က ပြောလိုက်၏။

“…”

ဝေ့ဝူယင် အံ့သြသွားခဲ့သည်။ ဘုရင်မှာ စကား အလွန် ပြောခဲသည်။ သူက သူပြောချင်သည့် အရာကို အမြဲတမ်း စကားလုံး တစ်လုံးဖြင့်သာ ဖော်ပြလေ့ ရှိသည်။ ထို့ကြောင့်ပင် သူ့နှုတ်မှ ထွက်လာသမျှ စကားလုံးတိုင်းက ရတနာများလိုပင် ဖြစ်သည်။ ဝေ့ဝူယင်၊ ဧဒင်နှင့် ခရာတိုတို့မှာ ဘုရင်ထံမှ စိုးရိမ်သည့် ခံစားချက်များကို သတိထားမိလိုက်ရာ အံ့သြသွားကြ၏။

“ငါ‌ရောပဲ...”

အိုရီက ပြောလိုက်၏။ ခါတိုင်းနှင့် ကွာခြားစွာပင် ထိုဆန်းကြယ် ဒြပ်စင် ကြယ်တာရာ ဝိညာဥ်၏ အသံက လေးနက်နေသည်။ သူသည်လည်း ဘုရင် ကဲ့သို့ပင် ထိုကိစ္စအပေါ် အလွန် အလေးအနက်ထားနေသည်မှာ ရှင်းလင်းလှသည်။

ဒြပ်စင်ကို လက်ခံ ရရှိသည့် အခါတုန်းက ဘုရင်နှင့် အိုရီတို့သာ ဝေ့ဝူယင်ထံတွင် ရှိနေခဲ့သေးသည်။ သူက သူတို့နှင့် ထျန်းတျန်ထဲတွင် နေထိုင်ခဲ့သည်။ ပြောရလျှင် ဒြပ်စင်မှာ ဘုရင်နှင့် အိုရီတို့ ပူးပေါင်း မြေတောင်မြှောက် ပေးထားသည့် ကလေး တစ်ယောက်လိုပင်။

“ကန့်ကွက်စရာ မရှိဘူး... ငါတို့ အကောင်းဆုံး ပံ့ပိုးပေးမယ်”

ဧဒင်က အလေးအနက် အမူအရာဖြင့် ဆိုလိုက်၏။ ထို့နောက် သူက ကြယ်တာရာ အမြုတေကို ဖွင့်ကာ ထျန်းတျန် အတွင်းရှိ ကြယ်တာရာ အမြုတေ နှစ်ခုဆီသို့ ချိတ်ဆက်လိုက်သည်။ ခရာတိုက ဘာမှ မပြောပါချေ။ သူက ဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ်ကာ ဧဒင် အတိုင်း လိုက်လံလုပ်ဆောင် လိုက်လေသည်။

ဒြပ်စင်ကို သန့်စင်ရန်က သူ့တာဝန် မဟုတ်တော့ကြောင်း ဝေ့ဝူယင် သဘောပေါက် သွား၏။ သူက နွေးထွေးစွာပြုံးလိုက်ကာ လက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက စစ်ဝိညာဥ် တစ်ခုကို စတင်ကာ ထုတ်လွှတ်လိုက်၏။

ဝှစ်...

စစ်ဝိညာဥ် တစ်ခုမှာ ဝေ့ဝူယင်၏ ဟင်းလင်းပြင် လက်စွပ်ထဲမှ ထွက်ပေါ်လာခဲ့၏။ ၎င်းက ပြီးပြည့်စုံသည့် အဖြူရောင် စက်လုံးလေး သဖွယ် ဖြစ်သည်။ အကယ်၍ သင်သာ ၎င်း၏ မျက်နှာပြင်ကို အနီးကပ် လေ့လာကြည့်မည် ဆိုပါက စစ်ပွဲ၏ ရက်စက် ကြမ်းကြုတ်သော မြင်ကွင်းများကို ရေးခြယ် ပြသနေကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင် တစ်ခါက စစ်ဝိညာဥ် တစ်ခုတွင် ချိုက်လျှို့ယန်၏ နောက်ခုံး အခိုက်အတန့်ကို တွေ့မြင်ခဲ့ရသည်။ သူမက ကျင်းကျူး၏ ခန္ဓာကိုယ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်းမှ တဖြည်းဖြည်း အငွေ့ပျံ ပျောက်ကွယ်သွားခဲ့သည်။ နောက်ဆုံး အခိုက်အတန့်တွင်ပင်... သူမက ကျင်းကျူး အပေါ် ချစ်ခြင်းမေတ္တာကို ထုတ်ဖော် ပြသခဲ့သည်။ သူမ၏ အသက်ထက် ကျင်းကျူး၏ အလောင်းကို ကာကွယ် ပေးခဲ့သည်။ မိန်းမလှလေး၏ သေဆုံးခြင်းက ရက်စက်ကာ ဝမ်းနည်းဖွယ် ကောင်းလွန်း လှ၏။

ထိုမြင်ကွင်းကို နောက်တစ်ဖန် ပြန်လည် မြင်ယောင်ရင်း ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ဝမ်းနည်း ကြေကွဲဖွယ် မှတ်ဉာဏ် တစ်ခုပင်။ စိတ်ကို တည်ငြိမ်အောင် စက္ကန့်အနည်းငယ်ကြာ အချိန်ယူပြီးနောက် သူ ဘုရင်နှင့် အိုရီတို့ကို လေ့လာလိုက်၏။ သူတို့ နှစ်ယောက်စလုံးမှာ ခန္ဓာကိုယ် ပြင်ပသို့ ထွက်ခွာ နေကြကာ နဖူးနှင့် နှလုံးတို့ထံ စွမ်းအင် ကျည်တောက်များနှင့် ချိတ်ဆက် ထားကြ၏။

အခြေတည် ဆေဘာ ဝိညာဥ်ထံမှ ၎င်း၏ အခြေခံ စွမ်းအင်များကို မည်ကဲ့သို့ မြှင့်တင်ရကြောင်း မှတ်ဉာဏ်များ ရရှိပြီးနောက်တွင်... ၎င်းမှာ အဆင့်တစ် အခြေတည် ဝိညာဥ် တစ်ခုသာ ဖြစ်ကြောင်း ဝေ့ဝူယင် သိရှိလာရသည်။ သို့သော်လည် ၎င်းတို့၏ အဆင့်က သုညမှ စသလား ဝေ့ဝူယင် မသိသလို ထိုအဆင့်တစ်ခုချင်းတွင်လည်း သာမန် ကျင့်ကြံခြင်း အဆင့်များလို ကိုးဆင့် ခွဲထားသလား သူ မသိချေ။

၎င်းက ကွဲပြားခြားနားသည့် ကျင့်ကြံခြင်း လမ်းစဥ် တစ်ခု ဖြစ်လေရာ ကမ္ဘာဦး သားရဲများ၏ ကျင့်ကြံခြင်း လမ်းစဥ်လိုသာ ရှုမြင်ဖို့ ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။

“စမယ်...”

ထိုအခိုက်တွင်ပင် ဘုရင်ထံမှ ကြေညာသံ တစ်ခု ထွက်ပေါ်လာခဲ့လေ၏၊

ဝှစ်... ဝှစ်...

ဘုရင်နှင့် အိုရီတို့၏ ပူးပေါင်း အားထုတ်မှု အောက်၌ စစ်ဝိညာဥ်မှာ ဖြည်းညင်းစွာပင် စတင် ပြိုကွဲလာသည်။ တဖြည်းဖြည်း အရည်အသွင် ပြောင်းလဲသွားသည့် အဖြူရောင် စက်လုံးကလေးကို ကြည့်ရင်း ဝေ့ဝူယင်၏ စိတ်ဝင်စားမှုမှာ တိုးမြင့် လာခဲ့၏။ မကြာခင်မှာပင် စစ်ဝိညာဥ်က မိုးရေတစ်ပေါက်မှ အရွယ်အစား ရှိသည့် အရည်တစ်စက် အဖြစ် ပြောင်းလဲသွားသည်။

ဒြပ်စင်က ခပ်ဖျော့ဖျော့ ဆေဘာ ဟိန်းဟောက်သံများကို ထုတ်လွှတ်လိုက်၏။ ၎င်းက စိတ်လှုပ်ရှားမှုကို ဖုံးကွယ် မထားသော်လည်း တစ်ချိန်တည်း၌ ဖြစ်ပေါ်လာမည့် အရာကို စိုးရိမ်နေပုံ ရသည်။ အခြေတည် ဆေဘာ ဝိညာဥ်တွင်လည်း ကိုယ်ပိုင် မှတ်ဉာဏ်များ ရှိကာ ၎င်းကို သန့်စင်ထားသည့် ကျင့်ကြံသူထံ လွှဲပြောင်း ပေးနိင်စွမ်း ရှိသည်။

ဒြပ်စင်မှာ ဘုရင်၊ ခရာတို၊ အိုရီနှင့် ဧဒင်တို့လောက် မဖွံ့ဖြိုးသေးသည်မှာ မှန်သော်လည်း လက်ရှိ အခြေအနေ အပေါ် အပြည့်အဝ နားလည်နိုင်စွမ်း ရှိပေသည်။

‘အခြေတည် ဆေဘာ ဝိညာဥ်မှာ သူ့ကိုယ်ကိုယ်သူ ဘယ်လို တိုးတက်အောင် လုပ်မလဲ ဆိုတာနဲ့ သူ့မှာ ဘာစွမ်းရည်တွေ ရှိလဲ ဆိုတာလောက်ပဲ မှတ်ဉာဏ်တွေ ရှိတယ်... ခရာတိုတို့ဆို ငါမပါရင် သူတို့ကိုယ သူတို့ ဘာစွမ်းရည်တွေ ပိုင်ဆိုင်ထားလဲ ဆိုတာတောင် မသိကြဘူး... တကယ့်ကို အမှီအခိုကင်းတဲ့ တည်ရှိမှုမျိုးပဲ”

ဒြပ်စင် အကြောင်း ပိုမို၍ တွေးလေလေ... နဂါးခေါင်းဆောင်းနှင့် ကျန့်ကျန့်ကို ဝေ့ဝူယင် ပိုမို၍ အမှတ်ရလာလေလေ ဖြစ်သည်။

“အခြေတည် ဝိညာဥ်တွေက ဘယ်လို အဆင့်ဆင့် တိုးတက်လာသလဲ ဆိုတာ မသိရတာ ကံဆိုးတာပဲ”

ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်လိုက်မိ၏။ အခြေတည် ဝိညာဥ်များက မည်ကဲ့သို့ပင် ဆိုစေကာမူ... သူတို့က ကိုယ်တိုင် ကျင့်ကြံနိုင်သည့် သက်ရှိများ မဟုတ်တာတော့ သေချာလှသည်။ အကယ်၍ ကောင်းကင်က ဝိညာဥ်များကို ဖန်တီးသည်၊ ဝိညာဥ်ကို ပျိုးထောင်ပေးသည်၊ ခန္ဓာကိုယ် အသစ်များထဲ ပို့ဆောင်ပေးသည် ဆိုသည့် ဇာတ်လမ်း ပုံပြင်များသာ အမှန်ဆိုလျှင်... လက်ရှိ၌ သူလုပ်နေသည့် အရာက ထိုဖြစ်စဥ်လော။ သူက ကောင်းကင်ကဲ့သို့ လုပ်ဆောင်နေခြင်းလော။

ဝေ့ဝူယင်၏ အသက်ရှူသံများမှာ မတည်မငြိမ် ဖြစ်လာခဲ့၏။ သူ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်ရင်း တည်ငြိမ်စေရန် မိနစ်ပေါင်းများစွာပင် အချိန်ယူလိုက်ရသည်။ တစ်ချိန်တည်း၌ စစ်ဝိညာဥ် အရည်စက်မှာ မိုးပေါက် တစ်ခုလို ဒြပ်စင် အပေါ် ကျရောက် သွားခဲ့ပြီ ဖြစ်သည်။ အရည်စက် တစ်ခုလုံးကို စုပ်ယူပြီးနောက် ဒြပ်စင်၏ ဟိန်းဟောက်သံက ပိုမို၍ နက်ရှိုင်းလာ၏။ ကြည့်ရသည်က ၎င်းမှာ နာကျင်မှုကို ခံစားနေရသည့် ပုံပင်။

ဝေ့ဝူယင်က လက်ကို ဆန့်ထုတ်ကာ ဒြပ်စင်ကို ထိတွေ့လိုက်၏။ ၎င်း၏ ခန္ဓာကိုယ် ကလေးက တစ်ချက် တုန်ရီသွားသည်။ နာကျင်မှုနှင့် ပျော်ရွှင်မှုတို့ ရောနှောနေသည့် ခံစားချက်မှာ ဝေ့ဝူယင်၏ အာရုံ အတွင်း ဝင်ရောက်လာ၏။

ဝေ့ဝူယင် ငြိမ်သက်စွာပင် ဆက်လက် ကြည့်နေလိုက်သည်။ ဘုရင်နှင့် အိုရီတို့ ကိုယ်တိုင် ဦးဆောင် လုပ်နေခြင်း ဖြစ်လေရာ သူ ဝင်ပါစရာ မလိုပါချေ။ အကယ်၍ လိုအပ်မည် ဆိုပါက သူတို့ အနေဖြင့် ဟင်းလင်းပြင် လက်စွပ်များထဲမှ အဂ္ဂိရတ် ထုတ်ကုန်များ အပါအဝင် ဧဒင် အမှတ်အသားထဲမှ အသက်နှင့် သစ်သား စွမ်းအင်များကိုပါ သုံးစွဲ နိုင်ပေသည်။

ဖြစ်စဥ်မှာ တိတ်တဆိတ်ပင် ဆက်လက် ဖြစ်ပွားနေခဲ့လေ၏။

...

ဝေ့ဝူယင် အခြေတည် ဆေဘာ ဝိညာဥ်ကို ကျင့်ကြံနေခဲ့စဥ်တွင် အပြင်လောကသည်လည်း တည်ငြိမ် နေခဲ့သည်တော့ မဟုတ်ချေ။

သူ့နည်းသူ့ဟန်နှင့် အတူ များစွာသော အကြောင်းအရာများမှာ ဆက်လက် ဖြစ်ပွား နေခဲ့လေသည်။ ထိုအထဲမှ အရေး အကြီးဆုံးကတော့ ထိပ်သီး ညီလာခံ အတွက် နေ့စွဲ တစ်ခု ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ ထိုညီလာခံကို ထာဝရ အစည်းအရုံးက အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပမည် ဖြစ်သည်။

ထာဝရ အစည်းအရုံးမှာ အမြဲတမ်း ကြားနေ အဖွဲ့အစည်း တစ်ခု ဖြစ်လေရာ တန်ခိုးရှင် အင်အားစု အများစုက သူတို့ကို ယုံကြည်ကြသည်။ ထို့အပြင် သူတို့မှာ ထိုတာဝန်က မည်မျှ အရေးကြီးကြောင်း နားလည်၏။ အဘယ်ကြောင့် ဆိုသော် ၎င်း၏ ရည်ရွယ်ချက်က ခေတ်သစ် တစ်ခုကို အစပျိုးနိုင်သည့် အယူအဆသစ် တစ်ခုနှင့် ဆက်စပ် နေသောကြောင့်ပင်။

ဂုဏ်ပြုပွဲ၌ ယွီစွန်းလီမှာ လျှို့ဝှက် အာဏာရှင် အဆင့်နှင့် ပတ်သက်၍ အသက်၊ ပါရမီ၊ ခွန်အားတို့ ပါဝင်သည့် သတ်မှတ်ချက် အသစ် တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ထိုအရာက မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို ပျံ့နှံ့ သွားစေခဲ့ကာ “လျှို့ဝှက် အာဏာရှင် ရွေးချယ်ခံ” ဆိုသည့် အယူအသစ် တစ်ခုကို အစပျိုး စေခဲ့သည်။

မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ သမိုင်း တစ်လျှောက်လုံး၌... “ရွေးချယ်ခံ” ဆိုသည့် ခေါင်းစဥ်မှာ ကြယ်တာရာ အမြုတေ အဆင့်များ အကြားတွင်သာ ရှိခဲ့ဖူးသည်။

လျှို့ဝှက် အာဏာရှင် အဆင့်...

၎င်းက သာမန် ကျင့်ကြံသူများ အလှမ်းမှီဖို့ မဖြစ်နိုင်သည့် ပန်းတိုင် တစ်ခုလိုပင်။ ကြယ်တာရာအမြုတေ အဆင့် ရွေးချယ်ခံများ ထဲတွင်ပင် ဘယ်နှစ်ယောက်က လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်ခဲ့လို့နည်း။ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းနိုင်ခဲ့သူတိုင်းက ရွေးချယ်ခံများသာ ဖြစ်သည်။ အကောင်းတကာ့ အကောင်းဆုံး ပါရမီရှင်များပင် ဖြစ်သည်။

လျှို့ဝှက် အာဏာရှင် အဆင့် မဆိုထားဦး...။ ထိပ်သီး ပါရမီရှင်များထဲတွင် မည်သူက အသက် ငါးရာ မပြည့်ခင် ကြယ်အမြုတေ အဆင့်ကို တက်လှမ်းနိုင်ခဲ့လို့နည်း။

သို့သော်လည်း ထိုအရာက ယခင်ကသာ ဖြစ်သည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံး ထွက်ပေါ်လာပြီး နောက်တွင် ကျင့်ကြံခြင်း၏ စံနှုန်း အများအပြားမှာ ကျိုးပျက် သွားခဲ့ရသည်။ ပုံမှန်အားဖြင့် နှစ်ရာပေါင်းများစွာ အချိန်ယူရသည့် ကျင့်ကြံခြင်း အဆင့် လေးဆင့်ကို မာ့လုလင်က အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ အကူအညီနှင့် အတူ ဆယ်စုနှစ်ဝက် အတွင်းမှာပင် ချိုးဖျက် ပြခဲ့သည်။ ထို့အပြင်... သူမ၏ ကျင့်ကြံခြင်း အခြေခံက ကြောက်စရာ ကောင်းလောက်အောင် ခိုင်မာခဲ့သည်။

ကြယ်တာရာ အမြုတေ အဆင့်၏ စည်းမျဥ်းများ ပင်လျှင် ကျိုးပျက်နိုင်လျှင် လျှို့ဝှက် အာဏာရှင် အဆင့်ကရော မည်ကဲ့သို့ မကျိုးပျက်ပဲ နေနိုင်ပါမည်နည်း။

ယွီစွန်းလီ၏ ကြေညာချက်က ထိုအကြောင်းအရာနှင့် ချိတ်ဆက်ကာ အချိန်တို အတွင်းမှာပင် ပိုမို ကျယ်ပြန့်လာခဲ့သည်။ နောက်ဆုံး... ထိပ်သီး ညီလာခံ တစ်ခု ကျင်းပတော့မည် အထိ။

ကြယ်ကွင်းပြင်၏ ထိပ်သီး ကျင့်ကြံသူများမှာ ထိုညီလာခံတွင် “လျှို့ဝှက် အာဏာရှင် ရွေးချယ်ခံ” စံနှုန်း၊ သတ်မှတ်ချက်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးမည်ဖြစ်သည်။

***

All Chapters