မြေကြီး ခြေချခြင်း
Vol. 59 Ch. 823
လျှို့ဝှက် အာဏာရှင် ရွေးချယ်ခံ ခေါင်းစဥ်နှင့် ပတ်သက်၍ ထိပ်သီး ညီလာခံ တစ်ခု ကျင်းပမည့် ကြေညာချက်မှာ ကြယ်ကွင်းပြင် တစ်ခုလုံးရှိ မရေမတွက်နိုင်သည့် အာရုံများကို ဆွဲဆောင် နိုင်ခဲ့ပေသည်။ ၎င်းကို “ကြယ်ကွင်းပြင် ရှန့်ထို ညီလာခံ” ဟု အမည် ပေးထားကာ ကျင်းပမည့် နေ့စွဲကတော့ နောက်ထပ် ဆယ့်နှစ်လ တိတိ အကြာတွင် ဖြစ်သည်။ ကျင်းပမည့် နေရာကား... ထာဝရ နယ်မြေ၏ မြို့တော် ဖြစ်သည့် ထာဝရကောင်းကင်ဂြိုဟ်တွင်ပင်။
ထာဝရ အစည်းအရုံးက ညီလာခံနှင့် ပတ်သက်သည့် အချက်အလက် အချို့ကို ထုတ်ပြန်ခဲ့သည်။ နံပတ်တစ်... ညီလာခံကို မြေကြီး ရှန့်ထို အားလုံးအား ဖိတ်ကြားမည် ဖြစ်သည်။ ဆိုလိုသည်က မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ရှန့်ထိုအားလုံး တက်ရောက်နိုင်ပေသည်။
နံပတ်နှစ်... ညီလာခံ ကျင်းပနေစဥ် အတွင်း အင်အားစု အားလုံး ငြိမ်းချမ်းရေး ကျိန်စာကို ကျိန်ဆိုရမည် ဖြစ်သည်။ သို့မှသာ မြေကြီးရှန့်ထိုများ နောက်ဆံ မတင်းပဲ အေးအေးဆေးဆေး ဆွေးနွေးနိုင်မည် ဖြစ်သည်။ ထို့အပြင် ထာဝရ အစည်းမှာ လျှို့ဝှက် အာဏာရှင် အဆင့်တိုင်းကို ဆွေးနွေးဝိုင်းအား လေ့လာခွင့် ပေးမည် ဖြစ်သည်။ အကယ်၍ ခွင့်ပြုပါက သူတို့အနေဖြင့် ကိုယ်ပိုင် အမြင်များကို ဝင်ရောက် ဆွေးနွေးနိုင်လိမ့်မည် ဖြစ်သည်။
နောက်ဆုံး အချက်... သေမျိုး အဂ္ဂိရတ် အာဏာရှင်တိုင်းကို ထိပ်သီး ညီလာခံသို့ ဖိတ်ခေါ်မည် ဖြစ်သည်။ သူတို့မှာ မြေကြီးရှန့်ထိုများနှင့် တန်းတူ ဆက်ဆံခံရမည် ဖြစ်ကာ စိတ်ကြိုက် ပါဝင် ဆွေးနွေးနိုင်ပေသည်။ ထိုကြေညာချက်က အတော်လေး ထူးဆန်းလှ၏။ သို့သော်လည်း အများစုက ထိုအရာမှာ အာရုဏ်ဦး အာဏာရှင် ဧကရာဇ် အတွက် ရည်ညွှန်းခြင်း ဖြစ်ကြောင်း တန်းကာ ခန့်မှန်းမိကြပေသည်။
ကောလဟလများ အရဆိုလျှင် အာရုဏ်ဦး အာဏာရှင် ဧကရာဇ်မှာ လျှို့ဝှက် အာဏာရှင် တစ်ယောက်ပင် မဖြစ်သေးဟု ဆိုသည်။ သူက အသက် တစ်ရာ မပြည့်သေးသည့် လူငယ်တစ်ယောက် ဖြစ်ကာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကိုပင် ပိုင်ဆိုင် မထားချေ။ သို့သော်လည်း အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် သူက သမာရိုးကျ နည်းလမ်းများကို ဖောက်ဖျက်ကာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ဖန်တီးပြခဲ့သည်။ ထိုအရာက အံ့အားသင့်စရာ ကောင်းလွန်းလှ၏။
တစ်ခေတ်တစ်ခါတုန်းက ထာဝရ ဧကရာဇ်သည်လည်း အလားတူ ပြုလုပ်ခဲ့ဖူးသည်။ သူ၏ လောကအံ့ဖွယ် ခုနစ်ပါးက တစ်ခေတ်တစ်ခါချင်းစီတိုင်းကို တုန်လှုပ်စေခဲ့သည်ချည်းသာ ဖြစ်သည်။ ကောလဟလများ အရဆိုလျှင် ထာဝရ ဧကရာဇ်မှာ လောကရှန့်ထို ဖြစ်လာနိုင်မည့် နည်းလမ်းကိုပင် ရှာတွေ့ခဲ့သည်ဟု ဆိုသည်။
သတင်းများက ပုံစံအမျိုးမျိုးဖြင့် ဆက်လက်၍ ပျံ့နှံ့နေ၏။ ရက်ပေါင်း လေးဆယ် တိတိ ကြာမြင့်ပြီးသည့်နောက်... ဝေ့ဝူယင် သိမ်းပိုက်ထားသည့် တောင်မှာ လုံးဝ အသွင်ပြောင်း သွားခဲ့၏။ အမတေနှင့် စွမ်းအင်များမှာ တောင်အတွင်းမှ နေ၍ အပြင်ဘက်သို့ စီးထွက်နေသည်။ အကယ်၍ အဝေးမှ ကြည့်ပါက ၎င်းမှာ တောင်တစ်ခုနှင့်ပင် တူညီခြင်း မရှိတော့ချေ။ ၎င်းက ကောင်းကင်ကို ထွင်းဖောက်လုနီးပါး ချွန်မြနေသည့် ဆေဘာတစ်စင်း အလားပင်။
ဂူအတွင်းတွင်တော့ ဝေ့တူယင်မှာ တင်ပျဥ်ချိတ် ထိုင်နေဆဲ ဖြစ်သည်။ သူက မျက်လုံးများကို မှိတ်ထားကာ ဆေဘာအလင်းများ ထွက်ပေါ်နေသည့် ဒြပ်စင်ကို ကိုင်ထားခဲ့၏။ ၎င်း၏ ရောင်စဥ်များမှာ မီးရှူးမီးပန်းများလိုပင် မျက်နှာပြင်ထက်၌ ပေါက်ကွဲ ထွက်ပေါ်နေသည်။ ဒြပ်စင်ထံမှ ထွက်ပေါ်နေသည့် ဆေဘာအလင်း တစ်ခုချင်းစီမှာ တောင်တစ်လုံးကို ထက်ပိုင်းပိုင်းပစ်နိုင်သည့် အထိ အင်အား ပြင်းထန်သည့်တိုင် ဝေ့ဝူယင်ကတော့ မထိမခိုက်ပင် ရှိနေသေးဆဲ ဖြစ်သည်။
ထက်ရှမှုနှင့် လွှမ်းမိုးမှု ဆန္ဒမှာ သူ့ထံမှ ထွက်ပေါ်နေကာ ဆေဘာ ရည်ရွယ်ချက် အလွှာပါး တစ်ခုကို ဖန်တီး၍ သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ထား၏။ ဆေဘာအလင်းများမှာ ထိုအလွှာပါးနှင့် ထိတွေ့သွားတိုင်း အမိန့်နာခံသည့် အိမ်မွေး တိရစ္ဆာန်လေးသဖွယ် ပြောင်းလဲသွားကာ သူ့အရည်ပြားများထံ စီးဆင်းလာသည်။ ထို့နောက် အိမ်ကို ပြန်သည့် အလား ဆေဘာထံ ပြန်လည် ဝင်ရောက် သွားကြ၏။
ဘုရင်နှင့် အိုရီတို့မှာ စတင် ဦးဆောင် လှုပ်ရှားသည့် အချိန်မှ စ၍ စစ်ဝိညာဥ် တစ်ရာကျော်ကို သန့်စင်ခဲ့ပြီး ဖြစ်သည်။ ထိုအရာက ကြီးမားသော အပြောင်းအလဲများကို ဖြစ်ပေါ်စေခဲ့ကာ အခြေတည် ဆေဘာ ဝိညာဥ် အတွင်းရှိ မှတ်ဉာဏ် အသစ်များကိုပင် ပွင့်စေခဲ့သည်။
“ပြန်ပြီး သန့်စင်မယ်...”
ဘုရင်နှင့် အိုရီတို့၏ အသံများမှာ ဂူအတွင်း ပဲ့တင်ရိုက်၍ ထွက်ပေါ်လာ၏။ အမျိုးမျိုးသော အလင်းများက အရပ် မျက်နှာပေါင်းစုံမှ သူတို့ထံသို့ စီးဆင်းလာသည်။ ကိုယ်ပျောက် လက်များ၏ ထိန်းချုပ်ခံထားရသည့် အလား ၎င်းတို့ အားလုံးမှာ ဒြပ်စင်ထံ စီးဝင် သွားကြသည်။
ထို့နောက် စက္ကန့် အနည်းငယ် အတွင်းမှာပင် ရောင်စဥ် အားလုံးမှ ပျောက်ကွယ် သွား၏။ တောင်၏ ပြောင်းလဲမှုက ပိုမို ထင်ရှားလာကာ ဆေဘာ အမတေနှင့် ရည်ရွယ်ချက်များမှာ နေရာ အနှံ့ ပျံ့လွင့်နေသည်။ ထိုပတ်ဝန်းကျင်က ဆေဘာ ကျင့်ကြံသူများ အတွက် အလွန် အကျိုးရှိသည့် အထွတ်အမြတ် နယ်မြေ တစ်ခု သဖွယ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
ဝှစ်...
ဝေ့ဝူယင်မှာ ဂူအတွင်းမှ ပျောက်ကွယ်သွားကာ ဂြိုဟ်၏ လေထု အပေါ်ယံလွှာတွင် ပြန်လည် ပေါ်လာခဲ့သည်။ သူ့လက်ထဲတွင်တော့ ဆေဘာတစ်စင်းကို ပိုင်ဆောင်ထား၏။
တောင်ခြေတွင်တော့ ဆေဘာ အထူးပြု ရင်းမြစ်များကို တူးဖော် ရှာဖွေနေသည့် ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများစွာ ရောက်ရှိနေကြ၏။ ဆေဘာနှင့် ပတ်သက်သည့် အထွတ်အမြတ် ကျင့်ကြံခြင်း နယ်မြေ တစ်ခုကို ရှာတွေ့ရန်မှာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတစ်ခု ဖြစ်သည်။ သူတို့ အတွက် ကံကောင်းစွာပင် တောင်ခြေ တစ်ဝိုက်၌ ဆေဘာရည်ရွယ်ချက်ကို သိုလှောင်ထားသည့် သစ်ဥသစ်ဖုများ၊ သစ်သီးများကိုပင် ရှာဖွေ တွေ့ရှိကြရသည်။
ဝေ့ဝူယင်မှာ ထိုပုံရိပ် အားလုံးကို လျစ်လျူထားကာ လက်ထဲရှိ အခြေတည် ဆေဘာ ဝိညာဥ်ကိုသာ အာရုံစိုက် နေခဲ့၏။ စစ်ဝိညာဥ် တစ်ရာကို ရက်ပေါင်းလေးဆယ် သန့်စင်ပြီး နောက်တွင် ၎င်းမှာ ဒုတိယ အဆင့်သို့ တိုးတက် သွားခဲ့သည်။ ထို့အပြင်...မှတ်ဉာဏ် အသစ်များပင် နိုးထလာခဲ့သည်။
“စိတ်ဝင်စားစရာပဲ...”
အဆင့်နှစ် အခြေတည် ဆေဘာ ဝိညာဥ်၏ စွမ်းအားကို စမ်းသပ်ဖို့ ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက်... ဝေ့ဝူယင်၏ အသိစိတ် ပင်လယ်မှု လှုပ်ခပ်သွားခဲ့၏။ သူက မျပ်မှောင်ကြုတ်ကာ ကောင်းကင်ကို မော့ကြည့် လိုက်သည်။
ဝှစ်...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အခြေတည် ဆေဘာ ဝိညာဥ်မှာ သူ့ ထျန်းတျန် အတွင်း ပြန်ဝင် သွားခဲ့၏။ ရုတ်ချည်းပင် ဝမ်မင်ယာမှာ ဟင်းလင်းပြင် ဖြတ်ကျော်ခြင်း နည်းလမ်းဖြင့် သူ့နံဘေးသို့ ရောက်ရှိလာခဲ့သည်။ မည်သည့် လေသံမှ ထွက်ပေါ်လာခြင်း မရှိချေ။ ထိုအရာက အာကာသ ပဲ့တင်သံလှိုင်း ဆယ်စု ရှိခြင်း၏ လက္ခဏာ တစ်ရပ်လည်း ဖြစ်သည်။
မိန်းကလေး၏ မျက်လုံးများမှာ ရွှေရောင် တဖျပ်ဖျပ် တောက်ပနေကာ အမှောင် ဟင်းလင်းပြင်ထဲကို ငေးကြည့် နေခဲ့၏။
ထိုအခိုက်၌ သူမသာလျှင် မဟုတ်ချေ။ ထာဝရ နယ်မြေ အတွင်းရှိ လျှို့ဝှက် အာဏာရှင် အဆင့်တိုင်း လိုလို ခေါင်းများကို မော့ကာ အပေါ်သို့ ကြည့်နေကြခြင်း ဖြစ်သည်။
“သူလား...”
ဝေ့ဝူယင်က မေးလိုက်၏။ ထိုအခိုက်၌ ထူးဆန်းကာ ခန့်မှန်းရသည့် အော်ရာ တစ်ခုကို သူ ကောင်းစွာ ခံစားနိုင်ပေသည်။
ဝမ်မင်ယာက ခေါင်းညိတ်လိုက်၏။
“သူ တတိယ အဆင့်ကို တက်နေပြီ”
သူမ၏ လေသံက အနည်းငယ် အံ့အားသင့်နေဟန် ရ၏။ ဝေ့ဝူယင်က ဝူယုကို နောက်တစ်ဆင့် တက်လှမ်းရန် အချိန် တစ်နှစ် ပေးခဲ့သည်။ သို့သော်လည်း ဝူယုမှာ ရက်ပေါင်းလေးဆယ်ထဲဖြင့် ကပ်ဘေးကို ဆင့်ခေါ်နိုင်လိမ့်မည်ဟု ဝမ်မင်ယာ ထင်မှတ် မထားခဲ့ချေ။ သူက အလွန်အမင်း ပါရမီ မြင့်မားခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း... ဝေ့ဝူယင်၏ မျက်မှောင်ကတော့ ပိုမို၍သာ နက်ရှိုင်းလာခဲ့၏။ ဝမ်မင်ယာ စကားပြောလိုက်သည့် အချိန်တည်းက တစ်ခုခု မှားယွင်းနေကြောင်းသူ သတိထားမိနေခြင်းပင်။
...
လွန်ခဲ့သည့် ရက်လေးဆယ်က...
ဝူယုမှာ စိတ်လှုပ်ရှားစွာပင် လောကမူလ ဆေးရည်ကို ကိုင်ကာ ထွက်ခွာ လာခဲ့၏။ သူ ထိုအရာကို သန့်စင်ကာ သွေးမူလ နည်းလမ်းကို ကျင့်ကြံတော့မည် ဖြစ်သည်။ လျှို့ဝှက် မြေကြီး အထွတ်အထိပ် အဆင့် ထုတ်ကုန် တစ်ခုကို လက်ထဲတွင် ကိုင်ထားရသည်က အနည်းယ် စိတ်လှုပ်ရှားစရာ ကောင်းလှ၏။
အဆုံးမဲ့ ကောင်းကင်ကို ရောက်ရှိခဲ့သည့်မှာ ဆယ်စုနှစ်ဝက် ကျော်ခဲ့ပြီ ဖြစ်လေရာ ထိုနေရာဒေသ အသစ်၏ လူမှု အဖွဲ့အစည်းနှင့် ကျင့်ကြံခြင်း စံနှုန်းများကို သူ နားလည်ပြီး ဖြစ်သည်။ ဟန်ယုဟိုင်၏ ဂုဏ်သတင်းနှင့် အောင်မြင်မှုများ အကြောင်း ကြားသိချိန်ခဲ့ရချိန်၌ ဝူယု အတွက် ခံရခက်ကြီး ဖြစ်ခဲ့ရသည်။
လွန်ခဲ့သော နှစ်များက ထိုကြွက်ကလေးမှာ သူ့ကို တုန်အောင် ကြောက်ရသည့် တည်ရှိမှုမျိုး ဖြစ်သည်။ သူ တစ်ချက် ကြည့်လျှင် ထိုကလေးမှာ နေစရာပင် မရှိခဲ့ချေ။ သို့သော်လည်း ယခုတွင်တော့ ဟန်ယုဟိုင်မှာ မြေကြီးရှန့်ထို တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ဂုဏ်သိက္ခာ အရှိဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်နေခဲ့လေပြီ။
တစ်ချိန်တည်း၌... ထာဝရ ဧကရာဇ်၏ အစေခံများဖြစ်သည့် စန်းမျိုးနွယ်မှာလည်း အထင်ကြီးဖွယ် ခွန်အားနှင့် အစွမ်းတို့ကို ဆုပ်ကိုင် နိုင်ခဲ့ကြပြီး ဖြစ်သည်။ အခြားလူများရော မည်ကဲ့သို့ ရှိမည်ကို ဝူယု တွေးလိုက်မိ၏။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်၏ သက်တမ်းဖြင့် ဆိုလျှင် သူတို့မှာ ယနေ့တိုင် အသက်ရှင် နေသင့်သည်။ ထို့အပြင် ကြားသိခဲ့ရသည့် နာမည် တစ်ခုက ဝူယုကို ပိုမို ဒေါသထွက်စေခဲ့သည်။
စန်းလော့ယန်...
နှာခေါင်းတိုတို၊ မျက်လုံးပြူးပြူးနှင့် ထိုကောင်စုတ်လေးကို ဝူယု မည်ကဲ့သို့ မမှတ်မိပဲ နေပါမည်နည်း။ စန်းလော့ယန်မှာ သူနှင့် ထာဝရ ဧကရာဇ်တို့ တွေ့ဆုံတိုင်း သစ်သီး ဝလံများ လာချပေးသည့် အစေခံလေး တစ်ယောက်သာ ဖြစ်သည်။ ထိုစဥ်ကာလများတုန်းက ထာဝရ ဧကရာဇ်၏ အနည်းငယ် ပစားပေးခြင်း ခံရသည့် ထိုကလေးမှာ ယခုတွင်တော့ သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်နှင့် ဂုဏ်သိက္ခာ မြင့်မားသည့် မူလ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်နေခဲ့ချေပြီ ဖြစ်သည်.
ထာဝရ ဧကရာဇ် နောက်ကို မလိုက်မိသည့် အတွက် ဝူယု နောင်တ ရမိသလို ခံစားမိသည်။ သို့သော်လည်း ထိုနောင်တများမှာ လောကမူလ ဆေးရည်နှင့် သွေးမူလ နည်းလမ်းတို့ကို ဆိုင်ကိုင်မိသော အခိုက်မှ စ၍ နွေရာသီ ရောက်သည့် နှင်းများလို အရည်ပျော် သွားခဲ့ပြီ ဖြစ်သည်။ ထိုနှစ်ခုမှာ မရိုးရှင်းလှချေ။
လျှို့ဝှက် မြေကြီး အဆင့်မြင့် ထုတ်ကုန်၊ အရည်အသွေးနိမ့် တစ်ခု၏ စျေးနှုန်းပင်လျှင် အကြမ်းဖျဥ်း လျှို့ဝှက် ကျောက်တုံး သုံးရာ တန်သည်။ လောက မူလ ဆေးရည်မှာ အစောကြီးတည်းက လျှို့ဝှက် မြေကြီး အထွတ်အထိပ် အဆင့် ဖြစ်သည်။ ဝေ့ဝူယင်၏ သန့်စင်မှု အပြီး၌ ၎င်း၏ အရည်အသွေးမှာလည်း အထွတ်အထိပ် အဆင့်ကို ခုန်တက်သွားခဲ့သည်။ ထိုအဆင့် ထုတ်ကုန် တစ်ခု၏ တန်ခိုးက ခန့်မှန်း၍ မရအောင် မြင့်မားမှု သေချာသည်။
ထို့အပြင်... မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် သင်သာ အဂ္ဂိရတ် ရှန့်ထို သုံးယောက်ထဲမှ တစ်ယောက် မဟုတ်ပါက လျှို့ဝှက် အဆင့် ထုတ်ကုန် တစ်ခုကို ရရှိဖို့ မဖြစ်နိုင်ပါချေ။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ တစ်ခါတစ်ရံ စုပေါင်း၍ လျှို့ဝှက် အဆင့် ထုတ်ကုန်များ ဖော်စပ်လေ့ ရှိသော်လည်း ရလဒ်က အနိမ့်တကာ့ အနိမ့်ဆုံး အဆင့်သာ ဖြစ်သည်။
လျှို့ဝှက် မြေကြီး အထွတ်အထိပ် အဆင့်၊ အထွတ်အထိပ် အရည်အသွေးရှိသည့် ထုတ်ကုန်များကို ဖော်စပ်ဖို့လား... အဂ္ဂိရတ် ရှန့်ထို သုံးယောက်ထံတွင်ပင် နည်းလမ်း မရှိပါချေ။
ပုလင်းထဲရှိ လောကမူလ အရည် တစ်စက်ပင်လျှင် အဆင့်နိမ့် ကြယ်တာရာ နယ်မြေ တစ်ဝက်ကို ဝယ်ယူဖို့ လုံလောက်သည်ဟု ဝူယု ခံစားရသည်။ ဝေ့ဝူယင် ထိုဆေးရည်ကို မည်သည့် နေရာမှ မည်ကဲ့သို့ ရရှိလာသည်ကို ဝူယု မမေးပါချေ။ သူစိတ်လည်း မဝင်စားချေ။ အကယ်၍ သခင်လေးက ပြောဖို့ ဆန္ဒ ရှိပါက ပြောပေလိမ့်မည်။
“ငါ သူ့နောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်တာ နောင်တရစရာ မရှိဘူး”
သူက ပင့်သက်တစ်ချက် ရှိုက်ရင်း ရေရွတ်လိုက်လေတော့၏။
***