← Chapters

အဂ္ဂိရတ် တာအို နန်းတော်

Vol. 12 Ch. 165

အဂ္ဂိရတ် တာအို နန်းတော်

Vol. 12 Ch. 165

မှန်ပေသည်။ အဂ္ဂိရတ် တာအို နန်းတော် တစ်ခုလုံးကို အဂ္ဂိရတ် စွမ်းအင်များဖြင့်သာ တည်ဆောက်ထားသည်။ တံခါးများ၊ ပြတင်းပေါက်များ၊ နံရံများ၊ မျက်နှာကျက်များ၊ ကြမ်းပြင်များ... ဟိုးအောက်ခြေမှ အမိုးအထိ အရာ အားလုံးမှာ အဂ္ဂိရတ် စွမ်းအင် အတိဖြင့် ပြီးနေ၏။

ကျင့်ကြံသူ တစ်ယောက်သည် အလွန်မြင့်မားသော အဆင့်တစ်ခုကို ရောက်သည့် အချိန်၌ ချီ၊ အမတေ၊ လောကအင်အား... စသည် စွမ်းအင်များကို ထာဝရ တည်မြဲအောင် ပြောင်းလဲ လာနိုင်ကြကြောင်း ဝေ့ဝူယင် ကြားခဲ့ဖူးသည်။ ဤနေရာ၌ သုံးနှုန်းထားသည့် ထာဝရ တည်မြဲခြင်း ဆိုသည်မှာ ကျောက်တုံး၊ မြေကြီး စသည်ဖြင့် ထုထည် ရှိသော အစိုင်အခဲများ အနေဖြင့် လောကကြီးတွင် တည်မြဲနိုင်ခြင်းကို ရည်ညွှန်းခြင်း ဖြစ်၏။

“မယုံကြည်နိုင်စရာပဲ...”

ထိုချီးမွမ်းစကားလေးကို ပါးစပ်မှ ဖော်ထုတ် ပြောဆိုရင်း အံ့သြထိတ်လန့်နေသည့် အတွေး အလုံးစုံကို ဝေ့ဝူယင် နိဂုံးချုပ်လိုက်သည်။

ထိုအဆောက်အဦထဲတွင် အဂ္ဂိရတ် ပညာကို လိုက်စားရခြင်းက အမှန်တကယ်ပင် အကျိုးကျေးဇူး များစွာ ဖြစ်ထွန်းလိမ့်မည် ဖြစ်သည်။ ရေထဲတွင် တစ်နှစ်ပတ်လုံး ကူးခပ်နေသူ တစ်ယောက်မှာ ရေ၏ ရွေ့လျားမှု၊ သဘာဝတို့နှင့် ပိုမို လိုက်လျောညီထွေ ဖြစ်လာလိမ့်မည် မဟုတ်ပါလား။

ဆဋ္ဌမမြောက် အလွှာ၌ ရှိနေကြသည့် တပည့် အချို့က နတ်မြင်းပျံနှင့် အတူ ရောက်ရှိလာသည့် ဝေ့ဝူယင်ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေကြ၏။ နှစ်ရက်အတွင်း သတင်းများက ပျံ့နှံ့ပြီး ဖြစ်ရာ ထိုလူငယ်လေးမှာ တရားဝင် မဟုတ်သေးသည့် အဂ္ဂိရတ် ဧကရာဇ် တစ်ပါး ဖြစ်ကြောင်း သူတို့ သိရှိကြပြီး ဖြစ်သည်။

ထို့အပြင် ဖန်တီးခြင်း တောင်ထွတ်၌ ကောင်းကင် နိုဘယ်အဆင့်၊ ကောင်းကင် ဧကရာဇ် အဆင့် တပည့် တစ်ယောက်မှ မရှိရာ ဝေ့ဝူယင်၏ အဆင့်အတန်းက ပိုမို ပေါ်လွင်လှသည်။ သူကား နှစ်ပေါင်း တစ်ထောင် အတွင်း ပထမဦးဆုံးသော ကောင်းကင်နိုဘယ်အဆင့် တပည့် ဖြစ်ပေသည်။

ဝေ့ဝူယင် တည်ငြိမ်စွာပင် ကောင်းကင်နတ်မြင်းပျံပေါ်မှ ခုန်ဆင်းကာ အဂ္ဂိရတ် တာအို နန်းတော်ဆီသို့ လျှောက်လာခဲ့၏။ ထိုအခိုက်၌ သူသည် မောက်မာသည့် အမူအရာအား ဖမ်းမထားသလို အထွေအထူး နှိမ့်ချခြင်းလည်း မပြုပါချေ။

မိန်းကလေး တပည့် အချို့မှာ ဝေ့ဝူယင်အား ကြည့်ကာ သူတို့ အချင်ချင်း တီးတိုး ပြောဆိုနေကြ၏။

“သူက အတော်ချောတာပဲ... ဟိုဂျိုကျိုး နားရွက်ပဲ့တွေနဲ့ ကွာပါ့...”

“အင်း... ဟုတ်ပါ့ဟယ်”

ဝေ့ဝူယင်မှာ ထိုစကားများကို ကြားရရာ ဂုဏ်မယူပဲ မနေနိုင်အောင် ဖြစ်ရသည်။ ထိုရုပ်ရည်က ဖခင်နှင့် မိခင်တို့ ပေးအပ်ခဲ့သည့် တစ်ခုတည်းသော အမွေဖြစ်ရာ သူ အလွန် တန်ဖိုးထားပေသည်။

တံခါးကို ဖြတ်၍ အဆောက်အဦအတွင်း ဝင်ရောက်လိုက်နှင့် ချက်ချင်းပင် အဂ္ဂိရတ် စွမ်းအင် အငွေ့အသက်များက သူ၏ ခန္ဓာကိုယ်ကို တိုးဝှေ့လာသည်။

“နှုတ်ဆက်ပါတယ် ဆရာ...”

သေမျိုးဘုံအဆင့် တပည့် တစ်ယောက်မှာ ဤနရာ၌ ကြိုဆိုသူ တာဝန်ကို ယူထားပုံ ရသည်။ သူမသည် ဝေ့ဝူယင် အနားသို့ ချက်ချင်းပင် ရောက်လာကာ အာရုံကို ဖမ်းစားလိုက်သည်။ သူမသည် အညိုရောင် ဆံပင်တိုများနှင့် အရပ်ပုပု မိန်းကလေး တစ်ဦး ဖြစ်၏။ နှိမ့်ချသည့် အမူအရာ ရှိသည့်တိုင် တကယ်တမ်းအားဖြင့် သူမမှာ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

ဝေ့ဝူယင်မှာ သူမ၏ အသွင်အပြင်ကို အသေးစိတ် စစ်ဆေး မနေတော့ချေ။ သူ သိချင်သည့် အရာကို တိုက်ရိုက်ပင် မေးလိုက်၏။

“ထုတ်ကုန်တွေ အပ်တဲ့နေရာက ဘယ်နေရာမှာလဲ သိပါရစေ...”

မိန်းကလေးက ဝေ့ဝူယင်မှာ အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်နိုင်ကြောင်း တွေးမိသွားရာ ညင်သာစွာပင် ပြုံးလိုက်၏။ အသက်အရွယ်အရ သူသည် အဆင့်သုံး၊ လေး ပညာရှင် တစ်ယောက် ဖြစ်နိုင်ကြောင်း သူမ ခန့်မှန်းလိုက်သည်။ ထိုလူငယ်လေးက နာမည်ကြီးနေသည့် အဂ္ဂိရတ်ဧကရာဇ်လောင်း ဖြစ်လိမ့်မည်ဟု သူမ သိပ်မတွေးမိခဲ့ချေ။

မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်မှာ ဤနေရာတွင် လူသစ်တစ်ဦး ဖြစ်သည်။ တစ်နေ့တွင် တစ်ကြိမ် မဟုတ်လျှင်ပင် တစ်ပတ်လျှင် တစ်ကြိမ်ခန့် လူငယ် မျက်နှာသစ်လေးများမှာ ယခုကဲ့သို့ လာရောက်ကာ မေးမြန်း စုံစမ်းလေ့ ရှိသည်။ ဝေ့ဝူယင်ကိုလည်း ထိုအထဲမှ တစ်ယောက်ဟုသာ သူမ ပေါ့ပေါ့တန်တန် တွေးလိုက်ခြင်း ဖြစ်သည်။

“အဲဒါက  အခြေအနေ နှစ်ခုပေါ် မူတည်တယ်... ရှင်က တာဝန် ပြီးမြောက် လာတာလား... ဒါမှမဟုတ် အင်ပါယာ အမှတ်တွေ အတွက်လား...”

“အင်ပါယာ အမှတ်တွေ အတွက်ပါ...”

“ဒါဆို အင်ပါယာ အကဲဖြတ်သမားဆီကို သွားပါ...”

သူမက ခေါင်းတစ်ချက် ညိတ်ကာ အင်ပါယာ အကဲဖြတ်သမား ရှိရာသို့ လမ်းညွှန်လိုက်သည်။ ဝေ့ဝူယင် သူမကို ကျေးဇူးတင်စကား ဆိုကာ ထွက်ခွာရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း ကတိုက်ကရိုက်ပင် မိန်းကလေးက တားဆီး လိုက်သည်။

“နေဦးရှင့်... အင်ပါယာ အကဲဖြတ်သမားက အဆင့်ခြောက်နဲ့ ပိုမြင့်တဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေကိုပဲ လက်ခံတာ... အဲဒီထက် နိမ့်ရင် သူက ဒေါသထွက်ပြီး အပြစ်ပေးလိမ့်မယ်”

သူမက လေးလေးနက်နက်ပင် သတိပေးလိုက်သည်။

“ဟုတ်ကဲ့... ကျေးဇူးပါပဲ”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်ရင်း လက်စွပ်ထဲမှ ပုလင်းလေး တစ်ခုကို ထုတ်ယူကာ သူမကို ကမ်းပေးလိုက်၏။ ထို့နောက် စကားတစ်ခွန်းပင် မဆိုတော့ပဲ သူ ထွက်ခွာတော့၏။

မိန်းကလေးမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။ သူမသည် ကြယ်တာရာ အမြုတေ အဆင့် ဖြစ်သည့်တိုင် မိန်းမသား တစ်ဦး ဖြစ်ရာ ချောမောလှသည့် ဝေ့ဝူယင်၏ ရုပ်ရည်အပေါ်တွင် သာယာမိသည်။ ထို့ကြောင့်ပင် စေတနာထားကာ သတိပေးလိုက်ခြင်း ဖြစ်၏။

“သူ နင့်ကို ဘာပေးခဲ့တာလဲ...”

အခြား ကြိုဆိုသူ အမျိုးသား တစ်ယောက်က သူမ အနားသို့ လျှောက်လာကာ မေးလိုက်၏။

"ငါ...”

သူမက ပြန်ဖြေရန် ဟန်ပြင်လိုက်စဥ်မှာပင် ပုံရိပ်တစ်ခုမှာ တံခါးကို ဖြတ်လျှက် အတွင်းသို့ ဝင်ရောက် လာခဲ့သည်။ သူသည် ခပ်ညိုညို အသားအရေ၊ ထူထဲသော မျက်ခုံးမွေးများ၊ လေးထောင့် သဏ္ဌာန် မေးရိုးနှင့် အနက်ရောင် မုတ်ဆိတ်ရှည်ကြီးများကို ပိုင်ဆိုင်ထားသည့် ယောက်ျား တစ်ယောက် ဖြစ်၏။ ထိုကဲ့သို့ ရုပ်ကြမ်းကြီးကို တောက်ပ နီမြန်းသော ဝတ်စုံများနှင့် တွဲလျှက် မြင်ရခြင်းက အနည်းငယ်တော့ ကသိကအောက် နိုင်လှသည်။

“ကုဟို...”

ကြိုဆိုသူ နှစ်ယောက်၏ ခန္ဓာကိုယ်များက အနည်းငယ် တုန်ရီသွား၏။ ကုဟိုက သူတို့ကို တစ်ချက် ကြည့်ကာ ဟမ့် ခနဲ နှာခေါင်းရှုံ့ရင်း တစ်စုံတစ်ယောက်ကို ရှာဖွေသလို ပတ်ချာလည်ကို ကြည့်နေခဲ့သည်။ ထို့နောက်တွင် သူက ခြေသံပြင်းပြင်းနင်းကာ ဝေ့ဝူယင်နှင့် ဆန့်ကျင်ဘက် လမ်းတစ်ခုအတိုင်း ထွက်ခွာ သွားတော့၏။

“သူက တာဝန်ဘုတ်ပြားဆီကို သွားမလို့လား... ဒါပေမဲ့ သူက အဂ္ဂိရတ် ပညာရှင် တစ်ယောက် မဟုတ်ဘူးလေ”

ကြိုဆိုသူ အမျိုးသားက နားမလည်စွာ ရေရွတ်လိုက်ချိန်တွင်ပင် အခြား တပည့်များစွာမှာ အဆက်မပြတ် ရောက်ရှိလာကြပြန်၏။ သူတို့ထဲမှ အချို့က တိုက်ရိုက်ပင် ကုဟိုနောက်သို့ လိုက်ဝင်သွားကြကာ အချို့မှာမူ အပြင်ကပင် ပြူတစ်ပြူတစ် ကြည့်နေကြသည်။

“ဘာတွေဖြစ်နေတာလဲ...”

ကြိုဆိုသူ အမျိုးသားမှာ အံ့သြ ထိတ်လန့်နေ၏။ သူက အပြင်ဘက်သို့ ရွေ့လျားသွားကာ အခြေတည် ဖုန်မှုန့် အဆင့် တပည့် တစ်ယောက်ကို ဖမ်းဆုပ်လိုက်သည်။

“ဘာတွေဖြစ်နေတာလဲ... ဘာလို့ ကုဟိုက ဒီကို ရောက်လာတာလဲ”

အခြေတည် ဖုန်မှုန့် အဆင့်က ကြောက်ကြောက်လန့်လန့်နှင့် ပြန်ဖြေလိုက်သည်။

“ဟို... ဟို... အဂ္ဂိရတ် ဧကရာဇ်လောင်းက ခုနကပဲ ဒီကို ဝင်သွားတယ် တဲ့... ကုဟိုက... သူ... သူက”

ကြိုဆိုသူ အမျိုးသားမှာ ချက်ချင်းပင် သဘောပေါက်သွားဟန် ရ၏။ သူက ဆက်လက် နားမထောင်တော့ပဲ အခြေတည် ဖုန်မှုန့် တပည့်ကို လွှတ်ပေးလိုက်သည်။

ကြည့်ရသည်က ကုဟိုမှာ အထက် ခေါင်းဆောင်၏ ခိုင်းစေချက်ဖြင့် ဝေ့ဝူယင်ကို သူတို့ အဖွဲ့အတွင်း သွတ်သွင်းရန် ရောက်ရှိလာခြင်း ဖြစ်ရမည်။

“ကြည့်ရတာ ငါတို့ တောင်ထွတ်က စည်ကားလာတော့မယ် ထင်ပါရဲ့”

ကြိုဆိုသူ အမျိုးသားက တီးတိုး ရေရွတ်လိုက်သည်။ ဖန်တီးခြင်း တောင်ထွတ်၏ ကောင်းကင်နိုဘယ် တပည့် တစ်ယောက်ကို မိမိတို့ အဖွဲ့ထဲသို့ သွတ်သွင်းရန် မည်သူက ဆန္ဒ မရှိပဲ နေမည်နည်း။ သို့သော်လည်း သူတို့ မသိသည့် အချက်ကား... ဝေ့ဝူယင်မှာ မည်သည့် အဖွဲ့အစည်းအတွင်းကိုမှ ဝင်ရောက်ရန် ဆန္ဒ မရှိပဲ ကိုယ်ပိုင် အဖွဲ့တစ်ခု တည်ထောင်ရန်သာ စိတ်အား ထက်သန်နေခြင်းပင်။

တစ်ချိန်တည်း၌ ကြိုဆိုသူ မိန်းကလေးမှာမူ တိတ်ဆိတ်နေ၏။

“ဟို... သူ...”

သူမက မသေချာ မရေရာစွာဖြင့် ရေရွတ်လိုက်သည်။

“ဘာကိုလဲ... သူက”

“သူက အင်ပါယာ အကဲဖြတ် ခန်းကို သွားတယ်လို့ ငါထင်တယ်... တာဝန်ဘုတ်ပြားဆီကို မဟုတ်ဘူး”

ကြိုဆိုသူ မိန်းကလေးက မယုံကြည်နိုင်ဟန်ဖြင့် ဆိုလိုက်၏။

“နင် ဘယ်လိုသိလဲ...”

“ဘယ်လိုသိလဲ ဆို‌တော့... သူ ငါ့ကို ဒါပေးသွားတယ်လေ”

သူမက လက်ဝါးကို ဖြန့်၍ ဝေ့ဝူယင် ပေးထားခဲ့သည့် ပုလင်းလေးကို ပြလိုက်သည်။ အပြာရောင် အရည်အချို့မှာ ပုလင်းထဲတွင် တဖျပ်ဖျပ် ကူးခပ်နေ၏။

"အဲဒါက...”

ကြိုဆိုသူ အမျိုးသားက ထိုပုလင်းလေးကို စစ်ဆေး ကြည့်လိုက်သည်။ ချက်ချင်းပင် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။

“ဒါ... ဒါက...”

ကြိုဆိုသူ မိန်းကလေးက ပုလင်းကို တင်းတင်းကြပ်ကြပ် ပြန်လည် ဆုပ်ကိုင်လိုက်ရင်း တုန်တုန်ရီရီဖြင့် ခေါင်းညိတ်လိုက်၏။

“ယင်ဝိညာဥ် မျက်ရည်... အဆင့်ခုနစ် ‌ဆေးရည်”

ထိုစကားကို ဆိုလိုက်စဥ်မှာပင် သူမ လက်ထဲရှိ ပုလင်းမှာ ဘယ်တုန်းကမှ မရှိခဲ့သလို ဖျပ်ခနဲ ပျောက်ကွယ်သွားသည်။

“ဘယ်ရောက်သွားတာလဲ...”

အလန့်တကြားဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်စဥ်မှာပင် အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမငယ် တစ်ယောက်မှာ မလှမ်းမကမ်း၌ ရပ်ရင်း ဆေးပုလင်းအား စိတ်ဝင်စားမှု အပြည့်ဖြင့် အကဲခတ်နေသည်ကို သူတို့ တွေ့မြင် လိုက်ရသည်။

သူမသည် ခပ်ပါးပါး မျက်ခုံးမွေးများ၊ ဘဲဥပုံ မျက်နှာနှင့် နူးညံ့သည့် မက်မွန်သီး နှုတ်ခမ်းများကို ပိုင်ဆိုင်ထားသည်။ သူမ၏ အရပ်က ခြောက်ပေ ခြောက်လက်မခန့် ရှိရာ ယောက်ျားလေး အများစုထက်ပင် ခေါင်းတစ်လုံး ပိုမို မြင့်မားနေသည်။

“ဒါက တကယ့်ကို ယင်ဝိညာဥ် မျက်ရည်ပဲ... သူက ဒါကို ဖန်တီးနိုင်တာလား... မဖြစ်ဘူး... သူ ဟိုမိစ္ဆာကောင်နောက် ပါသွားလို့ မဖြစ်ဘူး... ငါလိုက်သွားမှပဲ”

ထို့နောက် သူမမှာ ယင်ဝိညာဥ် မျက်ရည်ပုလင်းကို ယူဆောင်ကာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

" ... “

ကြိုဆိုသူ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် တဒင်္ဂမျှ စိုက်ကြည့်လိုက်ပြီးနောက် ပြိုင်တူပင် ရေရွတ်လိုက်မိသည်။

“သူက အဲဒါကို ခိုးသွားတာလား...”

ချက်ချင်းပင် သူတို့ နှစ်ဦး၏ နှလုံးသားများက ရူးသွပ်မှုများဖြင့် ပြည့်နှက်သွားကာ မိန်းကလေးအား ဖမ်းဆီးရန် အတွက် နောက်မှ ပြေးလိုက်ကြတော့သည်။ ထိုအရာမှာ အဆင့်ခုနစ် ဆေးရည် ဖြစ်သည်။

ခွေးမ... ငါတို့ဆေးကို ပြန်ပေး။

...

ထောင့်အနည်းငယ်ကို ချိုးကွေ့ပြီး မကြာခင်မှာပင် ဝေ့ဝူယင်သည် ကောင်တာ တစ်ခုသို့ ရောက်ရှိ လာခဲ့သည်။ ထိုကောင်တာ၌ ချိတ်ဆွဲထားသည့် သုံးထောင့် ပုံသဏ္ဌာန် ဆိုင်းပုတ်ကို ဝေ့ဝူယင် စိတ်ထဲမှ ဖတ်လိုက်၏။

“ကျင်းဟို... အဂ္ဂိရတ် အကဲဖြတ်သမား...”

ကောင်တာမှ အထဲသို့ လှမ်းအကဲခတ်လိုက်ရာ မီးခိုးရောင် ဆံပင်၊ မုတ်ဆိတ်များနှင့် ပိန်လှီသော အဘိုးအို တစ်ယောက်ကို မြင်လိုက်ရသည်။ သူသည် နောက်မှီ ကုလားထိုင် အရှင်ပေါ်တွင် ခပ်ဖြည်းဖြည်း ရှေ့နောက် ယမ်းရင်း ထိုင်နေကာ အတော်လေး ပျင်းရိနေပုံ ပေါ်၏။ မွဲခြောက်ခြောက် ဝတ်စုံများနှင့် သူ၏ ပုံစံက စုတ်တီးစုတ်ပြတ် နိုင်သည့်တိုင် ထိုအဘိုးအိုမှာ သာမန် အဘိုးအို တစ်ယောက် မဟုတ်ကြောင်း ဝေ့ဝူယင် ဆဋ္ဌမ အာရုံဖြင့် ခံစားလိုက်ရ၏။

“ထုတ်ကုန်တွေ အပ်ဖို့ ကျွန်တော် လာတာပါ”

ဝေ့ဝူယင်က ယဥ်ယဥ်ကျေးကျေးပင် ပြောလိုက်လေသည်။

***

All Chapters