မြေကြီး ခြေချခြင်း (၂)
Vol. 59 Ch. 824
ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ် ငြိမ်သက်ကာ အနှောက်အယှက် ကင်းမဲ့နေ၏။ လက်ရှိ၌ ဝူယုမှာ သက်တံ့ကောင်းကင်ဂြိုဟ်၏ သမုဒ္ဒရာ တစ်ခုထဲတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သူက မိုင်ထောင်ပေါင်းများစွာ နက်သည့် သမုဒ္ဒရာ ကြမ်းပြင်တွင် တင်ပျဥ်ချိတ်ကာ ထိုင်နေခဲ့၏။
ထိုအရပ်က အလွန်အမင်း နက်မှောင်ကာ အလင်းပင် တိုးမပေါက်သည့် နေရာ တစ်ခု ဖြစ်သည်။ သို့သော်လည်း.. ဝိညာဥ်အာရုံဖြင့် အလုံးစုံကို ဝူယု ရှင်းလင်းစွာ မြင်နေရသည်။ အပြုံးတစ်ခုမှာ ဝူယု၏ နှုတ်ခမ်းထက်၌ ပေါ်လာခဲ့၏။
သူ နှစ်ရက်ဆက်တိုက် တရားထိုင်ကာ ခံစားချက်များကို တည်ငြိမ်အောင် ကြိုးပမ်းလိုက်သည်။ ထို့နောက်... သွေးမူလ နည်းလမ်း၏ လမ်းညွှန်ချက်များကို အကြိမ် တစ်ရာကျော်အောင် ထပ်တလဲလဲ ဖတ်ပြီး ဖြစ်သည်။ ထိုနည်းလမ်းထဲတွင် ပါဝင်သည့် ကျင့်ကြံခြင်း သဘောတရား အားလုံးကို သူ နှံ့နှံ့စပ်စပ် နားလည်ထားပြီး ဖြစ်သည်။
သွေးမူလ နည်းလမ်းကို အဆင့်သုံးဆင့် ခွဲခြားထား၏။ သွေးဆုံးဆ၊ သွေးလောကနှင့် သွေးနှလုံးသားတို့ ဟူ၍ပင်။ ထိုအဆင့် တစ်ခုချင်းစီမှာ ကျင့်ကြံသူ တစ်ယောက်၏ သွေးကို ပြောင်းလဲသည့် ဖြစ်စဥ်များပင်။ ၎င်းတို့က နှလုံးကိုပင် ဒုတိယမြောက် ထျန်းတျန် အဖြစ် အသွင်ပြောင်းပေးနိုင်သည်ဟု ဆိုသည်။
ပထမ အဆင့် ဖြစ်သည့် သွေးသုံးဆ အဆင့်တွင် ကျင့်ကြံသူ တစ်ယောက်မှာ မူလ အမတေနှင့် လျှို့ဝှက် ရည်ရွယ်ချက်တို့ကို သွေးအတွင်း ပေါင်းစပ်ရသည်။ ထိုနည်းလမ်းဖြင့် သွေး၏ ပေါ်လီမာ သုံးဆကို ဖန်တီးခြင်းမျိုး ဖြစ်သည်။
(ပေါ်လီမာ= အခြေခံ မော်လီကျူးများ ပေါင်းစပ်ထားသည့် ဒြပ်ပေါင်း)
လျှို့ဝှက် အာဏာရှင် တတိယ အဆင့်ကို ကျရှုံးဖူးသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင် ဝူယုမှာ ခန္ဓာကိုယ် အတွင်း လျှို့ဝှက် ရည်ရွယ်ချက် ပေါင်းစပ်ရသည့် လိုအပ်ချက်ကို ရင်းနှီးပေသည်။ သွေးမူလ နည်းလမ်းက ထိုလိုအပ်ချက်ကို ဖြည့်ဆည်း ပေးလိမ့်မည် ဖြစ်ကာ အောင်မြင်မှုကို သေချာစေလိမ့်မည် ဖြစ်သည်။
လောကမူလ ဆေးရည်မှာ ထိုဖြစ်စဥ်၏ တိုးတက်မှုကို ကူညီပေးနိုင်သည့် အဂ္ဂိရတ် ထုတ်ကုန် အချို့ထဲမှ တစ်ခု ဖြစ်သည်။ ဝေ့ဝူယင်မှာ သွေးမူလ နည်းလမ်းနှင့် လောကမူလ ဆေးရည်ကို တွဲဖက် ပိုင်ဆိုင်ထားလေရာ ပိုမို၍ နားလည်ရ ခက်လာသလို ဝူယု ခံစားလိုက်ရ၏။
နှစ်ရက်ကြာမြင့်ပြီးနောက် ဝူယုမှာ ဆက်လက် တုန့်ဆိုင်းခြင်း မပြုတော့ပဲ လောကမူလ ဆေးရည်ပုလင်းကို ဖွင့်လိုက်တော့၏။ မိုင်ရာပေါင်းများစွာ ပတ်ဝန်းကျင်ရှိ ရေနေသတ္တဝါများမှာ ပြင်းထန်သည့် အော်ရာကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။ ဝူယုက အသက်ကို ခပ်ပြင်းပြင်း ရှူကာ ပုလင်း အတွင်းရှိ ကြည်လင်သော အရည်စက် ကလေးများကို ပါးစပ် အတွင်း မော့ချလိုက်တော့၏။
တဒင်္ဂ အတွင်းမှာပင် သူ၏ သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများမှာ အဖြူရောင် အလင်းများဖြင့် စတင် စီးဆင်းလာသည်။ ဆေးရည်များမှာ သူ့စွမ်းအင် သွေးကြောများ တစ်လျှောက် သက်ရှိ တစ်ကောင်လို ဖြန့်ကျက်သွား၏။ ၎င်းက ဆံချည်မျှင် သွေးကြောလေးများကိုပင် ချွင်းချက် မထားပါချေ။
ဆေးရည်စက်များ ကျောရိုးဆီ စီးဆင်းသွားသော အခိုက်၌ သူ၏ အရိုးဖွဲ့စည်းပုံ တစ်ခုလုံးမှာ အလင်းများဖြင့် တောက်ပသွားသည်။
သွေး၊ အရိုးနှင့် အရည်ပြားများက ဖြည်းညင်းစွာပင် လောက နယ်မြေနှင့် ဆင်တူသည့် အော်ရာ တစ်ခုကို ထုတ်လွှတ်လာရာ ဝူယု၏ မျက်လုံးများမှာ ကျဥ်းမြောင်း သွား၏။ ထို့နောက် သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ အလွန် ပြင်းထန်သည့် နာကျင်မှု တစ်ခုမှာ သူ့နှလုံး အတွင်း ဖြစ်ပေါ်လာခဲ့လေ၏။
ဒိန်း... ဒိန်း... ဒိန်း...
ပြင်းထန်သည့် နှလုံး ပေါက်ကွဲသံများက သမုဒ္ဒရာ တစ်ခုလုံးကို တုန်ရီ သွားစေခဲ့၏။ ၎င်းက အလွန် ပြင်းထန်သည့် ငလျင်နှင့် ဆူနာမီလှိုင်းများကို ဖြစ်ပေါ်လာစေလေရာ ကမ်းရိုးတန်း ဒေသများမှာ မိနစ်ပိုင်း အတွင်း ရေလွှမ်း သွားကြသည်။
ကံကောင်းထောက်မစွာပင် ဝူယုမှာ အဂ္ဂိရတ် ထုတ်ကုန်များကို သန့်စင်ရာ၌ အတွေ့အကြုံ ရင့်ကျက်သည့် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်ပေသည်။ သူက လျှင်မြန်စွာပင် သွေးမူလ နည်းလမ်းထဲမှ သန့်စင်မှု နည်းလမ်း အတိုင်း လိုက်နာကာ လောကမူလ ဆေးရည်၏ အာနိသင်ကို ထိန်းချုပ် လိုက်သည်။ ထို့နောက်... ဖြည်းညင်းစွာပင် သွေးကို ဆေးရည်မှ ထုတ်လွှတ်ပေးသည့် မူလ အမတေ၊ လျှို့ဝှက် ရည်ရွယ်ချက်တို့နှင့် ပေါင်းစပ်လိုက်၏။
ပြင်းထန်သည့် နာကျင်မှုက အဆက်မပြတ်ပင် ဆက်လက် ဖြစ်ပေါ်နေခဲ့လေသည်။
သုံးဆယ့် ခုနစ်ရက် ကြာပြီးနောက်...
ဝူယု၏ ခန္ဓာကိုယ် အနှံ့အပြားရှိ အလင်းများမှာ တဖြည်းဖြည်း စတင်ကာ မှေးမှိန်လာခဲ့၏။ ဆေးရည်များ၏ အကြမ်းဖျဥ်း သုံးဆယ် ရာခိုင်နှုန်းခန့်ကို သူ သန့်စင်ခဲ့ပြီး ဖြစ်သည်။ ဝူယု၏ မျက်လုံးများမှာ သေမျိုးများ ဖော်ပြနိုင်စွမ်းငှာ မရှိသည့် အလင်းများဖြင့် ပြည့်နှက်နေ၏။ လျှို့ဝှက် သင်္ကေတများ၏ သူ၏ သူငယ်အိမ်များ အတွင်းစီးဆင်းနေသည်။
သို့သော်လည်း... ဝူယု၏ အမူအရာက လုံးဝ ခံစားချက် ကင်းမဲ့နေ၏။ သူ၏ စိတ်အစဥ်က အတည်ငြိမ်ဆုံး အဆင့်ကို ရောက်ရှိနေခဲ့သည့်ပုံပင်။
လောကမူလ ဆေးရည်၏ ဆယ်ပုံတစ်ပုံခန့် သန့်စင်ခဲ့ပြီး ကတည်းက... ဝူယုမှာ လွယ်လွယ်ကူကူပင် သွေးမူလ နည်းလမ်း၏ ပထမ အဆင့် ဖြစ်သည့် သွေးသုံးဆ အဆင့်ကို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ သွေးအမတေများမှာ လျှို့ဝှက် ရည်ရွယ်ချက်၊ မူလ အမတေတို့နှင့် တစ်သားတည်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကုယ်က လောကနယ်မြေများ၊ လောကဘုံများနှင့် ဂြိုဟ်များကိုပင် ဖန်တီးနိုင်သည့် အော်ရာကို စတင်ကာ ထုတ်လွှတ် နေခဲ့ပြီ ဖြစ်သည်။
သူ၏ ထျန်းတျန် အတွင်းတွင်တော့ သွေးမူလ နည်းလမ်း အတိုင်းပင် အာကာသ စွမ်းရည်များမှာ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များနှင့် အတူ စတင်ကာ ပေါင်းစည်း နေခဲ့ပြီ ဖြစ်သည်။ ၎င်းက ကိုယ်ပိုင် ဟင်းလင်းပြင် တစ်ခု ဖန်တီးခြင်း ဖြစ်ကာ ဟင်းလင်းပြင် လက်စွပ်များနှင့် ဆင်တူပေသည်။
နာရီအနည်းငယ် ကြာပြီးနောက် ထူးဆန်းသော အာကာသ လှိုင်းများမှာ သူ့ ထျန်းတျန် အတွင်းမှ စတင်ကာ ထွက်ပေါ်လာခဲ့၏။ အကယ်၍ မာ့ကျန်းသာ ထိုမြင်ကွင်းကို မြင်ပါက အလွန် အံ့အားသင့် သွားလိမ့်မည် ဖြစ်သည်။ ထိုအရာက အတွင်းပိုင်းလောက ဖန်တီးခြင်း၏ လက္ခဏာပင်။
အတွင်းပိုင်းလောက...
အတွင်းပိုင်း လောက ဆိုသည်မှာ ပုံမှန် လောကနယ်မြေများ ကဲ့သို့ပင် ကြီးမား ကျယ်ပြန့်သည့် နေရာလွတ် တစ်ခု ဖြစ်သည်။ သို့သော်လည်း... ၎င်းက အပြင်လောကတွင် မဟုတ်ပဲ ထျန်းတျန် အတွင်းတွင် တည်ရှီနေသည်။ ၎င်းက ကျင့်ကြံဖို့ အလွန် ခက်ခဲလှကာ မြေကြီးရှန့်ထို အချို့ပင်လျှင် မတတ်နိုင်သည့် နယ်ပယ်မျိုး ဖြစ်သည်။ ၎င်းအား သက်ရှိများနှင့် လျှို့ဝှက် အဆင့် ရတနာများကို သယ်ယူရာ၌ အသုံးပြုနိုင်ပေသည်။
ချိုက်လျှို့ယန်နှင့် ကျင်းကျူးတို့၏ လျှို့ဝှက် အဆင့် လက်စွပ်များမှာ ပြင်ပ ရတနာများ၊ ဝင်္ကပါများဖြင့် ဖန်တီးထားခြင်း မဟုတ်ချေ။ သက်ရှိ လျှို့ဝှက် အာဏာရှင် အဆင့်များ၏ အတွင်းပိုင်းလောကများကို ထုတ်ယူ ထားခြင်းသာ ဖြစ်ပေသည်။ ၎င်းက အလွန် ရက်စက်ကာ အကုန်အကျများသည့် ဖြစ်စဥ် တစ်ခု ဖြစ်၏။ အတွင်းပိုင်လောက တစ်ခုကို ထုတ်ယူပြီးပါက ပြန်လည် ဖန်တီးရန်မှာ ပထမ တစ်ကြိမ်ကထက် အဆပေါင်းများစွာ ခက်ခဲပေသည်။
လောကမူလ ဆေးရည်ကို သန့်စင်ပြီးနောက် ဝူယုမှာ သွေးမူလ နည်းလမ်းကို ချောချောမွေ့မွေ့နှင့် အောင်မြင်ခဲ့ရုံသာ မက အတွင်းပိုင်း လောက တစ်ခုကိုပါ စတင် ဖန်တီးနိုင်ခဲ့သည်။ ထို့အပြင်... သူ့ လျှို့ဝှက် အမြုတေ အတွင်းတွင်လည်း လျှို့ဝှက် သင်္ကေတ အသစ် သုံးခုမှာ စတင်ကာ ဖြစ်ပေါ် လာနေခဲ့၏။ ထိုအထဲမှ နှစ်ခုက သူ သိပြီးသား ဖြစ်ကာ... တတိယမြောက် တစ်ခုကတော့ တစ်ခါမှ မတွေ့မမြင်ဖူးသည့် အသစ် တစ်ခု ဖြစ်ပေသည်။
အနည်းငယ် အာရုံစိုက်လိုက်သည်နှင့် ထိုလျှို့ဝှက် သင်္ကေတများကို သွေးများ အတွင်း ယူဆောင်နိုင်ကြောင်း ဝူယု တွေ့ရှိလိုက်ရသည်။ ထို့နောက် ၎င်းတို့က ခန္ဓာကိုယ်နှင့် အနည်းငယ်ချင်းစီ ပေါင်းစည်းလာခဲ့၏။ အမှားအယွင်းနှင့် ချွတ်ချော်မှု မရှိပါချေ။
ဝူယုမှာ ပိုမို၍ စိတ်လှုပ်ရှား လာခဲ့၏။ သင်္ကေတများကို ပိုမို၍ အာရုံစိုက်လေလေ သူ၏ စိတ်က ၎င်းတို့၏ အရည်အသွေးအပေါ် ပိုမို အံ့အားသင့်လေလေ ဖြစ်သည်။ ၎င်းတို့ကို ခုနစ်ရောင်ခြယ် အလင်းလွှာ တစ်ခုက ဝန်းရံထား၏။ သူ ပိုမို စိတ်ဝင်စားလာကာ တတိယမြောက် လျှို့ဝှက် သင်္ကေတ တစ်ခုကို အသိစိတ် ပင်လယ်ဆီ ဆွဲယူလိုက်သည်။
ရုတ်တရက်... ထင်မှတ်မထားသည့် ရလဒ် တစ်ခု ထွက်ပေါ်လာကာ ဝူယုမှာ ထိုသင်္ကေတ အတွင်း ပါဝင်နေသည့် ရည်ရွယ်ချက်ကို စတင်ကာ နားလည်လာခဲ့၏။ သူ၏ မျက်နှာက မယုံကြည်နိုင်ခြင်း၊ အံ့အားသင့်ခြင်းများဖြင့် ရောပြွမ်း ပြည့်နှက် လာ၏။ သို့သော်လည်း ဝူယုမှာ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်ကာ ထိုဖြစ်စဥ် အပေါ် အာရုံစိုက်လိုက်၏။
လောကမူလ ဆေးရည်မှာ ဉာဏ်အလင်း ဖော်ဆောင်ပေးသည့် ဆေးရည်မျိုး မဟုတ်ချေ။ သို့သော်လည်း... အဋ္ဌမ ရင်းမြစ် အသွင်ပြောင်းခြင်း အစီအရင်နှင့် သန့်စင်ပြီးနောက်တွင် ၎င်းမှာ ခုနစ်ရောင်ခြယ် ဝိညာဥ် အလင်း၏ အော်ရာကို စတင် ပိုင်ဆိုင်လာခဲ့သည်။ ထို့အပြင်... ၎င်း၏ လျှို့ဝှက် သင်္ကေတများမှာလည်း စိတ်တာအို၏ အရည်အသွေးများကို စတင် သယ်ဆောင်လာခဲ့၏။ ထိုအရာကပင်... ထင်မှတ်မထားသည့် ရလဒ် တစ်ခုကို ဖြစ်ပေါ်လာစေခဲ့ခြင်း ဖြစ်ပေသည်။
ဝေ့ဝူယင် ကိုယ်တိုင်ပင်လျှင် အဋ္ဌမ ရင်းမြစ် အသွင်ပြောင်းခြင်း အစီအရင်က ထိုကဲ့သို့ ရလဒ်မျိုး ထွက်ပေါ်လာမည်ဟုလည်း မခန့်မှန်း မိပါချေ။ ၎င်းက ကံကောင်းမှု၊ တိုက်ဆိုင်မှုတို့နှင့် အတူ အမှတ်မထင် ပေါ်ထွက်လာခဲ့သည့် ရလဒ် တစ်ခု ဖြစ်ပေသည်။
ဝူယုမှာ လျှို့ဝှက် သင်္ကေတထဲမှ သူ တစ်ခါမှ မတွေ့ဖူးသည့် ထိုးထွင်း ပြုမြင်မှုများကို စုပ်ယူ နေခဲ့၏။ သုံးရက် ကြာမြင့်ပြီးနောက် ထိုထိုးထွင်း သိမြင်မှု အားလုံးမှာ သူ့လျှို့ဝှက် ဝိညာဥ်နှင့် ပေါင်းစည်း သွားခဲ့လေသည်။
သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ ဝူယု၏ လျှို့ဝှက် ဝိညာဥ်မှာ ဟိန်းဟောက်သံများကို စတင် ထုတ်လွှတ် လာခဲ့၏။ ဝူယု၏ မျက်လုံးများက အဆုံးမဲ့သော လျှို့ဝှက် အလင်းတို့ဖြင့် လင်းလက်လာသည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သောင်းပေါင်းများစွာသော ပုံရိပ်ယောင် လျှို့ဝှက် သင်္ကေတများမှာ သူ့ ပတ်လည်၌ မျောပါနေကြောင်း ရှာဖွေ တွေ့ရှိလိုက်ရ၏။
“ဒါက...”
လျှို့ဝှက် ဝိညာဥ် နိုးထလာမှုကို ခံစားလိုက်ရရာ မယုံကြည်နိုင်သည့် အငွေ့အသက်များမှာ ဝူယု၏ မျက်နှာထက်၌ ဖြတ်ပြေး သွားခဲ့၏။
ဘုန်း...
နက်ရှိုင်းသည့် ပေါက်ကွဲသံ တစ်ခုမှာ သူ့ခန္ဓာကိုယ် အတွင်းပိုင်း၌ ဖြစ်ပေါ်လာသည်။ လျှို့ဝှက် တာအို၏ ဆင့်ခေါ်မှုကို ခံရသည့် အလား သူ့စိတ်များက ပြင်းထန်စွာ လှုပ်ရှားလာ၏။
“ဒါက မဖြစ်နိုင်တာ...”
ဝူယုက မတုန့်မဆိုင်းပင် အပေါ်တည့်တည့်ကို တဟုန်ထိုး ပျံတက်သွားခဲ့တော့၏။ လူသားပီပီ စိုးရိမ်စိတ် ရှိသည့်တိုင် ဝူယုမှာ ငကြောက် တစ်ယောက် မဟုတ်ပါချေ။ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်၏ အမဲလိုက် ခံရချိန်တွင်ပင် သူ ဘယ်တုန်းကမှ မျှော်လင့်ချက် မမဲ့ခဲ့ချေ။
ဝှစ်...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူ အမှောင် ဟင်းလင်းပြင် အတွင်း ရောက်ရှိသွား၏။ ထို့နောက် မျှော်လင့်မထားသည့် မြင်ကွင်း တစ်ခုကို တွေ့လိုက်ရလေတော့သည်။
ဝူယုက မျက်မှောင်ကြုတ်လိုက်၏။ သို့သော်လည်း သူက တုန့်ဆိုင်းခြင်း မရှိပါချေ။ ခြေဗလာနှင့် အတူ အမှောင် ဟင်းလင်းပြင်ကို နင်းကာ မြူနှင်း တစ်ခုလိုမျိုး ပျောက်ကွယ် သွားခဲ့၏။ သူက သေမျိုး အကန့်အကန်အား ကျော်လွန်နေသည့် ကမ္ဘာတစ်ခုဆီသို့ ဝင်ရောက်သွားသည့်ပုံပင်။
***