အဆင့်ချိုးဖျက်ခြင်း (၃)
Vol. 59 Ch. 825
ထိုအခိုက်၌ စန်းလော့ယန်မှာ အခြား သေမျိုး အဂ္ဂိရတ် အာဏာရှင် ခုနစ်ယောက်နှင့် အတူ ခရမ်းရောင် ဆေးအိုး တစ်ခုကို ဝန်းရံကာ ဆေးဖော်စပ် နေခဲ့၏။ ၎င်းက ခရမ်းရောင် နတ်ဘုရားဆေးအိုးမှ တစ်ပါး အခြားမရှိလေပြီ။ ခရမ်းရောင် နတ်ဘုရားဆေးအိုး၏ ပတ်လည်တွင် အသန့်စင်ဆုံး မြူနှင်းများမှာ အချင်း ဆယ့်ငါးမီတာခန့်ကို ဖြန့်ကျက် ထွက်ပေါ်စေခဲ့၏။ ၎င်းက ထာဝရ အစည်းအရုံး၏ တတိယမြောက် အကောင်းဆုံး မှော်ဆေးအိုးပင် ဖြစ်ပေသည်။
အဂ္ဂိရတ် အာဏာရှင်များ အားလုံးမှာ အလွန်အမင်း အာရုံစိုက် နေကြ၏။ ဆေးဖော်စပ်ခြင်းဖြစ်စဥ်မှာ အရေးအကြီးဆုံး အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူတို့၏ နဖူးနှင့် ကျောများမှာ ချွေးများဖြင့် စီးကျနေသည်။ သူတို့၏ မျက်လုံးများက မောပန်း နွမ်းနယ်ခြင်းများနှင့် ပြည့်နှက်နေကာ မျက်နှာ အမူအရာမှာ ဖြူရော်၍ နေကြ၏။
ရုတ်တရက်... စန်းလော့ယန်၏ မျက်လုံးများက သတိထားခြင်းများဖြင့် ပြည့်နှက်သွားကာ အောက်တည့်တည့်ကို ငုံ့ကြည့်လိုက်သည်။
“မြေကြီး နိုးထခြင်း...”
မယုံကြည်နိုင်သည့် အငွေ့အသက်များက ဖြူရော်သည့် သူ့မျက်နှာထက်တွင် ပေါ်လာခဲ့သည်။ အခြား သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာလည်း တူညီသည့် အော်ရာ တစ်ခုကို ခံစားလိုက်ရ၏။ လျှို့ဝှက် တာအို၏ နှောက်ယှက် ခံလိုက်ရမှုကြောင့် သူတို့၏ စိတ်ခံစားချက်များက ပြောင်းလဲ သွားသည်။
စန်းလော့ယန်၏ အမူအရာက ချက်ချင်းပင် မှောင်မည်းသွားကာ လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်၏။ သို့သော်လည်း သူ အချိန်မမှီပါချေ။ ဆေးအိုး အတွင်း ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ အဂ္ဂိရတ် အာဏာရှင် ခုနစ်ယောက်လုံးပါ သွေးပွက်ပွက် အန်လိုက်ကြရ၏။ သူတို့က မူလ နေရာများမှ နေ၍ လွင့်စဥ်၍ပင် သွားကြကာ နံရံများနှင့် ပြင်းထန်စွာ တိုက်မိကုန်ကြသည်။
အရိုးကျိုးသည့် အသံများနှင့် နာကျင်စွာ အော်ဟစ်သံများမှာ အခန်း အတွင်း ပွက်ပွက်ညံသွား၏။ စန်းလော့ယန်၏ အမူအရာက အလွန်အမင်း နက်မှောင်နေသည်။
သူက မျက်မှောင်ကြုတ်ကာ မျက်လုံး အသွင်ပြောင်းခြင်း အစီအရင်ကို အသက်သွင်းလိုက်၏။ သူ့မျက်လုံး တစ်ဖက်တစ်ချက်ချင်းစီတိုင်း၌ ခုနစ်ရောင်ခြယ် ကြယ်တာရာ ခုနစ်ခုပေါ်ပေါက် လာခဲ့သည်။ ၎င်းတို့က သေမျိုး အဂ္ဂိရတ် ကြယ်တာရာများပင်။
စန်းလော့ယန်က လျှင်မြန်စွာပင် လက်ကျန် အဂ္ဂိရတ် စွမ်းအင်များကို ထိန်းချုပ်လိုက်ကာ နောက်ဆုံး အဆင့်ကို ကိုယ်တိုင် ကိုင်တွယ်လိုက်၏။ သူ့ထံမှ အဂ္ဂိရတ် စွမ်းအင်များက အလုံးအရင်းလိုက် ဆေးအိုး အတွင်း စီးဝင် သွားသည်။ စန်းလော့ယန်၏ မျက်နှာက ပိုမို၍ ဖြူရော်လာကာ နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံး ထောင့်စွန်းတို့မှ သွေးများ စီးကျလာခဲ့၏။ ဆေးဖော်စပ်ခြင်း၏ နောက်ဆုံး အဆင့်ကို ထိန်းချုပ်ရသည်က အလွန်အမင်း ခက်ခဲသည်မှာ ရှင်းလင်းလှသည်။
တစ်နာရီခန့် ကြာမြင့်ပြီးနောက်... ခရမ်းရောင် နတ်ဘုရား မှော်ဆေးအိုးထဲမှ ဆေးလုံးတစ်ခု ထွက်ပေါ်လာခဲ့၏။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ ပတ်လည်တွင် ဝန်းရံကာ ၎င်းကို စိတ်လှုပ်ရှားစွာ စစ်ဆေး နေခဲ့ကြသည်။ လျှို့ဝှက်မြေကြီး အဆင့်နိမ့်၊ အရည်အသွေးနိမ့် ဖြစ်ကြောင်း သေချာသော အခါတွင်မှ သူတို့ မျက်နှာထက်တွင် အပြုံးပန်းများ ဝေလာခဲ့ကြ၏။ ထိုအပြုံးက ဂုဏ်ယူမှု၊ ဝမ်းမြောက်မှုတို့၏ အပြုံးလည်း ဖြစ်ပေသည်။
တစ်ခဏ ကြာပြီးနောက်... မူယုယက စတင်ကာ စကားပြောလိုက်၏။
“ဒါနဲ့... ဘယ်သူက ထာဝရ နယ်မြေထဲလာပြီး မြေကြီး ခြေချခြင်းကို ကြိုးစားရဲတာလဲ...”
အခြား အဂ္ဂိရတ် အာဏာရှင်များ၏ အမူအရာများမှာ ပြန်လည် သုန်မှုန် သွားကြသည်။ မည်ကဲ့သို့သော ပုဂ္ဂိုလ်က ထိုမျှ သတ္တိရှိသနည်း။
အခြား အဂ္ဂိရတ် အာဏာရှင် တစ်ယောက်က အေးစက်စက် နှာခေါင်းရှုံ့ လိုက်၏။
“တို့တွေ သွားရှာကြတာပေါ့”
ချက်ချင်းပင်... အခန်းအတွင်းရှိ လေထုမှာ ပြင်းထန်သည့် အကြမ်းဖက်လိုစိတ်များနှင့် ပြည့်နှက် သွားသည်။ သူတို့က ဆံပင်နှင့် အဝတ်အစားများ ရှုပ်ပွေနေသည့် စန်းလော့ယန်ကို ကြည့်လိုက်ကြ၏။ အကယ်၍ သူသာ ဝင်ရောက် မထိန်းချုပ်ပါက ဆေးဖော်စပ်မှုမှာ ကျရှုံး သွားလောက်ပြီ ဖြစ်သည်။
စန်းလော့ယန်က အဂ္ဂိရတ် အာဏာရှင်များ၏ ဒေါသူပုန်ထနေသည့် ဖြူရော်ရော် မျက်နှာများကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။ ထို့နောက် သူက ဆေးလုံးကို ပုလင်း တစ်ခု အတွင်း ထည့်သွင်း သိမ်းဆည်းလိုက်၏။
“သွားကြမယ်...”
သူက ဝန်ရိုးစွန်း ဒေသမှ လေကဲ့သို့ အေးစက်နေသည့် လေသံဖြင့် ပြောလိုက်လေတော့၏။
...
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်ခုလုံးသာ မက၊ အိမ်နီးချင်း ကြယ်တာရာ နယ်မြေများရှိ ကျင့်ကြံသူများပါ အာကာသ ငလျင် တစ်ခု လှုပ်ခါသွားသည်ကို ခံစားမိကြပေသည်။
ကျင့်ကြံနေသူ၊ တိုက်ခိုက်နေသူ၊ သင်ကြားနေသူ၊ လေ့လာသင်ယူနေသူ၊ လိင်ဆက်ဆံနေသူ... မည်သူ တစ်ဦး တစ်ယောက်မျှ ချွင်းချက် မရှိပါချေ။ နို့စို့ရွယ် ကလေးငယ်များ ပင်လျှင် တစ်စုံတစ်ရာကို ခံစားမိကြရာ ငိုယိုမှုကို ရပ်တန့်ကာ လောကကို ငေးမော လိုက်ကြသည်။ သူတို့၏ အပြစ်ကင်းစင်သော မျက်လုံးကလေးများမှာ လျှို့ဝှက် ဆန်းကြယ်သည့် အလင်းများဖြင့် တောက်ပနေခဲ့လေ၏။
သူတို့ အားလုံးမှာ တူညီသည့် အရပ် မျက်နှာ တစ်ခုတည်းကို ငေးမော နေခဲ့ကြခြင်းဖြစ်သည်။ အချို့က အောက်ကို ငုံ့ကြည့်ကာ အချို့က အပေါ်ကို မော့ကြည့်ကြသည်။ အချို့ကို ဘယ်ကို ကြည့်၍ အချို့က ညာကို ကြည့်ကြ၏။ သေချာတာ တစ်ခုကတော့ သူတို့ အားလုံး ကြည့်နေသည့် အရပ်မျက်နှာကား သက်တံ့ကောင်းကင်ဂြိုဟ် တည်ရှိရာ ဒေသပင်။
ထိုအရာက လျှို့ဝှက် ရည်ရွယ်ချက်နှင့် မန်နာတို့ ပေါင်းစည်းသည့် အလွန်အမင်း ရှားပါးလှသော ဖြစ်စဥ် တစ်ခုပင်။ ဗဟုသုတ ကြွယ်ဝသည့် ထိပ်သီး ကျင့်ကြံသူများကတော့ ထိုအရာမှာ ရှန့်ထို အဆင့်၏ မြေကြီး နိုးထလာခြင်း ဖြစ်စဥ် ဖြစ်ကြောင်း သိရှိကြ၏။
မြေကြီး နိုးထခြင်း...
နာမည် ကဲ့သို့ပင် ထိုဖြစ်စဥ်မှာ ရိုးရှင်းလှ၏။ ၎င်းက... လျှို့ဝှက် အာဏာရှင် အဆင့်များ စတုတ္ထမြောက် တာအိုကို စိန်ခေါ်သော အခါ ဖြစ်ပေါ်လာတတ်သည့် တိုက်ရိုက် ရလဒ် တစ်ခုပင်။
...
အမှောင်ယင် နန်းတော် အတွင်း၌ အလွန်လှပသော မိန်းကလေး တစ်ယောက်မှာ အခန်းကျယ်ကြီး တစ်ခုထဲတွင် ကြာပန်း သဏ္ဌာန် ထိုင်နေခဲ့၏။ ယင်စွမ်းအင် အမှုန်အမွှားများက သူမ၏ ခန္ဓာကိုယ် ပတ်လည်တွင် ပိုးစုန်းကြူးများလို ဝေ့ဝဲ နေကြသည်။
မိန်းကလေး၏ နောက်တွင်တော့ သူမကဲ့သို့ပင် လှပသည့် မိန်းမပျို တစ်ယောက် ရှိနေခဲ့၏။ သူမက လက်ဟန် ချိပ်စည်းများကို ဖော်ထုတ်နေကာ ယင်စွမ်းအင်များကို ထူထပ်စေလျှက် ပတ်ဝန်းကျင်၏ သက်ရောက်မှုကို ပိုမို မြှင့်တင်ပေးနေခဲ့လေသည်။
“သန့်စင်ယင် ဆုံမှတ် နည်းလမ်းနဲ့ ပတ်သက်ပြီး နင့်ရဲ့ ပါရမီက အတော်လေး ထူးဆန်းတယ်... နောက်ပြီး နင့်ရဲ့ ယင်ခန္ဓာကိုယ်ကလည်း မယုံကြည်နိုင်လောက်အောင်ပဲ”
မိန်းမပျိုက လှပစွာ ပြုံးရင်း ချီးကျူးလိုက်၏။ သူမကတော့ အမှောင်ယင် နန်းတော် သခင်မ ကျွင်းပေ့ယင် ကိုယ်တိုင်ပင် ဖြစ်လေတော့သည်။
နာ့ရှင်းရီမှာ ခန္ဓာကိုယ် ပတ်လည်ရှိ ယင်စွမ်းအင်များကို စုပ်ယူကာ ဆက်လက် ကျင့်ကြံ နေခဲ့၏။ သူမက ကျင့်ကြံမှုကို အနှောက်အယှက် ဖြစ်မှာ စိုးရိမ်သည့် အလား ကျွင်းပေ့ယင်၏ ချီးကျူးစကားကို တုန့်ပြန်ခြင်း မပြုချေ။
ကျွင်းပေ့ယွင်မှာ မိန်းကလေး၏ မတုန့်ပြန်မှု အပေါ် အံ့အားသင့်ပုံ မရချေ။ သူမက မျက်လုံးများကို ကျဥ်းမြောင်းလိုက်ကာ နောက်ထပ် လက်ဟန် ချိပ်စည်း တစ်ခုကို ပြောင်းလဲ လိုက်၏။ သူမ ထိုကဲ့သို့ ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် နာ့ရှင်းရီက မျက်လုံးများကို ဖွင့်လာကာ လက်ကို မလိုက်သည်။
ကျွင်းပေ့ယွင်၏ နှလုံးခုန်နှုန်းက ရပ်တန့်သွားကာ မူလ လက်ဟန် ချိပ်စည်းထံ ပြန်လည် ပြောင်းလဲ လိုက်လေ၏။ နာ့ရှင်ူရှီက ထိုအရာကို သတိပင် ပြုမိပုံ မရပဲ ဝူယု ချန်ထားရစ်သည့် အစီအရင်ကိုသာ စစ်ဆေး လိုက်သည်။ ၎င်းက တောက်ပကာ တစ်စုံတစ်ရာ ပြောင်းလဲနေပုံ ရလေ၏။
ရုတ်တရက်... ကျွင်းပေ့ယင်၏ မျက်လုံးများက လျှို့ဝှက် အလင်းရောင်များဖြင့် တောက်ပသွားလေသည်။ သူမက ခေါင်းကို မော့ကာ အရပ်မျက်နှာ တစ်ခုကို လှမ်းကြည့်လိုက်၏။
“မြေကြီး ခြေချခြင်းလား... ဘယ်သူလဲ...”
သူမ၏ အမူအရာက အလွန် အံ့အားသင့်နေပုံ ပေါ်၏။ ပုံမှန်ဆိုလျှင် သေမျိုးတစ်ပိုင်း အရှင်များမှာ ထိုကဲ့သို့သော ဖြစ်စဥ်မျိုးကို သီးသန့် ချိပ်ပိတ်များသော နေရာမျိုးတွင်သာ အနှောက်အယှက် ကင်းစွာ ကြိုးစားကြည့်လေ့ ရှိကြသည်။ ထာဝရ အစည်းအရုံး၊ အင်ပါယာကလန် အစရှိသည့် ထိပ်သီး တန်ခိုးရှင် အင်အားစုများသာလျှင် ချွင်းချက် ဖြစ်ပေသည်။
နာ့ရှင်းရီက ကျင့်ကြံမှုကို ရပ်တန့်လိုက်ကာ ကျွင်းပေ့ယင်ဘက်ကို လှည့်လိုက်၏။ သူမ၏ မျက်နှာက စိတ်ဝင်စားသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
“မြေကြီး ခြေချခြင်း ဟုတ်လား...”
ကျွင်းပေ့ယင်က ခေါင်းတစ်ချက် ညိတ်ကာ မြေကြီး ခြေချခြင်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ရှင်းပြလိုက်သည်။ ထို့နောက်... သူမက နားမလည်နိုင်သည့် အမူအရာဖြင့် ဆက်လက် ပြောလိုက်လေ၏။
“အဲဒီ ဖြစ်စဥ်က ငါတို့ရဲ့ နယ်မြေထဲမှာ ပေါ်လာတာ ဆိုတော့ ပုံမှန်ဆိုရင် ထာဝရ အစည်းအရုံးကပဲ ဖြစ်သင့်တယ်... ဒါပေမဲ့...”
သူမ စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်ကာ မျက်မှောင်ကြုတ်လိုက်၏။
“ဒါပေမဲ့ ဘာလို့လဲ...”
နာ့ရှင်းရီက မေးလိုက်လေသည်။ ကျွင်းပေ့ယင်က ချက်ချင်း ပြန်မဖြေသေးပဲ ခေါင်းကို မော့ကာ အမှောင် ဟင်းလင်းပြင်ကိုသာ ငေးမော နေခဲ့၏။
အချိန် အတန်ကြာပြီး နောက်တွင်မှ သူမက ပြန်ဖြေ လိုက်လေသည်။
“ဒါပေမဲ့... သူက အင်ပါယာ ကလန်သား တစ်ယောက်လို့ ငါ ခံစားရတယ်... ဒါပေမဲ့ အော်ရာက အတိအကျ မတူပြန်ဘူး... ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ”
မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ သမိုင်းတွင် အင်ပါယာ မျိုးနွယ်မှာ မြေကြီး ခြေချခြင်းကို လူသိရှင်ကြား တက်လှမ်းလေ့ အရှိဆုံး အင်အားစု ဖြစ်ပေသည်။ အများစုက ကျရှုံးသည့် ရလဒ်များနှင့် ရင်ဆိုင်ကြရသည့်တိုင် ထိုအရာကပင် အင်ပါယာ ကလန်၏ ခွန်အားကို လှစ်ဟာပြသနေခြင်း ဖြစ်ပေသည်။
“အင်ပါယာ ကလန်က အပြင်ပန်းမှာတောင် ဒီလောက် သန်မာနေရင် ဝှက်ထားတဲ့ ခွန်အားက ဘယ်လောက်တောင် ရှိမယ် မထင်ဘူး”
ကျွင်းပေ့ယင်မှာ ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။
နာ့ရှင်းရီကတော့ ငြိမ်သက်စွာပင် ကောင်းကင်ကို ငေးမော နေခဲ့သည်။ အတန်ကြာပြီးနောက် သူမက လက်မောင်းထက်ရှိ အမှတ်အသားကို ငုံ့ကြည့်လိုက်သည်။ ၎င်းက သူမထံ ရောက်ရှိလာခဲ့သည့် လျှို့ဝှက် အာဏာရှင်နှင့် ချိတ်ဆက်နေသလို သူမ ခံစားလိုက်ရ၏။
“သူ ဘယ်ကို ရောက်နေတလဲ...”
ငွေရောင် မျက်လုံးများနှင့် ချောမောသည့် လူငယ်လေး၏ မျက်နှာကို သူမ ပြန်လည် မြင်ယောင် လာမိသည်။ ဝေ့ဝူယင် မည်သည့် နေရာကို ရောက်နေသည်၊ မည်သည့် အရာများ လုပ်ကိုင်နေသည်ကို သူမ မထိန်းချုပ်နိုင်ပဲ တွေးလိုက်မိ၏။ သူတို့ မတွေ့ခဲ့ရသည်မှာ ဆယ်စုနှစ် တစ်ခုနီးပါး ကြာခဲ့ပြီ ဖြစ်သည်။
တစ်ခဏကြာပြီးနောက်... သူမက ပြောလိုက်လေ၏။
“ပြန်စကြမယ်...”
ကျွင်းပေ့ယင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူမက ချစ်စဖွယ် ပြုံးလိုက်လေ၏။
“အင်း... ရီအာ”
သူမက လက်ဟန် ချိပ်စည်းကို ပြန်လည် စတင်လိုက်၏။ မကြာခင်မှာပင် သန့်စင်သည့် ယင်စွမ်းအင်များက အဖက်ဖက်မှ စတင်ကာ စီးဆင်း လာခဲ့လေသည်။
နာ့ရှင်းရီက မျက်လုံးများ မှိတ်လိုက်၏။ မျက်လုံးများ မှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးများ အတွင်း ပေါ်လာခဲ့လေသည်။
“ယုံကြည်လို့ မရတဲ့ ခွေးမ...”
သူက စိတ်ခံစားချက်များကို လျှင်မြန်စွာပင် ပြန်လည် ထိန်းသိမ်းလိုက်၏။ ထို့နောက် သူမက ပုံမှန်အတိုင်း ပြန်လည် ကျင့်ကြံ လိုက်တော့သည်။
***