← Chapters

မြေကြီး ခြေချခြင်း (၃)

Vol. 59 Ch. 826

မြေကြီး ခြေချခြင်း (၃)

Vol. 59 Ch. 826

ဟူး...ဟူး...

ထာဝရ အစည်းအရုံး၏ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်များမှာ အလွန်ကြီးမားသည့် ဟင်းလင်းပြင် သင်္ဘော တစ်စင်းပေါ်သို့ ရောက်ရှိ နေကြပြီ ဖြစ်သည်။ ၎င်းက ထန်မျိုးနွယ်၏ ဟင်းလင်းပြင် သင်္ဘောများထက် အဆများစွာ ပိုမို ကောင်းမွန်အောင် တည်ဆောက်ထားပေသည်။ သင်္ဘောထက်၌ တပ်ဆင်ထားသည့် ဝင်္ကပါများ၊ တိုက်ခိုက်ရေး လက်နက်များမှာ အမြင့်ဆုံး အရည်အသွေးတွင် ရှိနေကြ၏။

ဟင်းလင်းပြင် သင်္ဘောထက်သို့ ရောက်ရှိနေသည်က အဂ္ဂိရတ် အာဏာရှင် ရှစ်ယောက်တည်းသာ မကချေ။ မြ‌‌ရောင်သံချပ်ကာ ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားသည့် ပုံရိပ်နှစ်ခုလည်း အပါအဝင်ပင် ဖြစ်သည်။ သူတို့ နှစ်ယောက်ထံမှ ထွက်ပေါ်နေသည့် အော်ရာများက မခန့်မှန်းနိုင်အောင် မြင့်မားလှ၏။

သူတို့ကတော့ ထာဝရ အစည်းအရုံး၏ ထာဝရ သူရဲကောင်း သုံးယောက် အနက်မှ နှစ်ယောက်ပင် ဖြစ်လေသည်။ သူတို့က မြေကြီး ရှန့်ထိုများ ဖြစ်ကြကာ၊ ထာဝရ နယ်မြေ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ ကာကွယ်သူများလည်း ဖြစ်ကြသည်။ ကောလဟလများ အရဆိုလျှင်... ထိုထာဝရ သူရဲကောင်းများမှာ ထာဝရ ဧကရာဇ် ကိုယ်တိုင် ပျိုးထောင်ပေးထားသည့် ထုတ်ကုန်များဟုပင် ဆိုကြသည်။ သို့သော်လည်း... ထိုအရာ အတည်မပြုနိုင်သည့် သီအိုရီများသာ ဖြစ်ပေသည်။

ယနေ့၌ ထာဝရ သူရဲကောင်း သုံးယောက်ထဲမှ နှစ်ယောက်မှာ သက်တံ့ကောင်းကင် ဂြိုဟ်ဆီသို့ ဦးတည်ကာ ချီတက် လာနေခဲ့ပြီ ဖြစ်သည်။ မည်သည့်‌ သေမျိုးတစ်ပိုင်း အရှင် အဆင့်က သူတို့၏ ပိုင်နက်ထဲကို လာရောက်ကာ မြေကြီး ခြေချခြင်းကို စိန်ခေါ်ရဲသနည်းသူတို့ ကြည့်လိုကြသည်။ အကယ်၍ စန်းလော့ယန်၏ လျှင်မြန်စွာ တွေးတောနိုင်စွမ်းကြောင့်သာ မဟုတ်လျှင်... သူတို့၏ ခရမ်းရောင် နတ်ဘုရား မှော်ဆေးအိုးမှာ ပျက်စီး သွားနိုင်ချေ ရှိသည်။

မူယုယက ထာဝရ သူရဲကောင်းများကို ကြည့်လိုက်၏။ ထို့နောက် သူမက စန်းလော့ယန်ဘက်ကို လှည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ကာ အဝေးကို ငေးမောနေခဲ့၏။ မူယုယက စန်းလော့ယန်ဆီသို့ လျှောက်သွားကာ မေးလိုက်သည်။

“အင်ပါယာ ကလန်က ဘာလို့ အဲဒီလို လုပ်တာလဲ... သူတို့က တမင်သက်သက် ရန်စတာလား”

ထိုမေးခွန်း နှစ်ခုက စန်းလော့ယန်၏ အမူအရာကို ပိုမို၍ နက်မှောင် သွားစေခဲ့သည်။ သူတို့က လျှို့ဝှက် ကျိန်စာကို ချိုးဖျက်နိုင်သည့် နည်းလမ်း တစ်ခု တွေ့သွားခဲ့ပြီလော။ သို့တည်းမဟုတ် ခွန်အားကို ခင်းကျင်း ပြသခြင်းတစ်မျိုးလော။ သူ မသိချေ။

ထို့အပြင် အင်ပါယာ ကလန်မှာ ထာဝရ နယ်မြေကို လုံလောက်သည့် ယုံကြည်ချက် မရှိပဲ ကျူးကျော်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ပင် စန်းလော့ယန်မှာ ထာဝရ သူရဲကောင်းနှစ်ယောက်ကို အပါ ခေါ်လာခဲ့ခြင်း ဖြစ်သည်။

“ငါတို့ ဖော်ထုတ်ကြတာပေါ့...”

စန်းလော့ယန်က ပြောလိုက်၏။ မြေကြီး ခြေချခြင်းကို ဆင့်ခေါ်နေသည့် အော်ရာက အင်ပါယာ ကလန်၏ ပြိုင်စံရှားကျင့်စဥ်နှင့် ဆက်စပ်နေသည်မှာ အမှန်ပင် ဖြစ်သည်။

ဝှစ်... ဝှစ်...

ဟင်းလင်းပြင် သင်္ဘောမှာ အမှောင် ဟင်းလင်းပြင်ကို သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်၏ အဆုံးစွန်သော အမြန်နှုန်းနှင့် အတူ ဖြတ်ကျော် နေခဲ့၏။ ထိုအရာက အလွန်ပင် မြန်ဆန်လှကာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ အမြန်ဆုံး သင်္ဘော ဆယ်စင်းထဲတွင်ပင် ပါဝင်ပေလိမ့်မည်။

အနီးအနားရှိ ဂြိုဟ်များမှ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ဟင်းလင်းပြင် သင်္ဘော ဖြတ်သန်းသွားသည့် အာကာသလှိုင်းများကို ခံစားမိကြရာ စိတ်ဝင်စားများက ပိုမို၍ မြင့်တက်လာသည်။ မကြာခင်မှာပင် သူတို့မှာ စတင်၍ စုရုံးလာကြကာ မြေကြီး ခြေချခြင်း အစပျိုးသည့် နေရာဆီ ဝိညာဥ်အာရုံများ ပို့လွှတ် လိုက်ကြတော့သည်။

...

ထိုအချိန် သက်တံ့ကောင်းကင်ဂြိုဟ်၊ လေထု အပေါ်ယံလွှာ၌...

ဝေ့ဝူယင်နှင့် ဝမ်မင်ယာတို့မှာ ပခုံးချင်းယှဉ်ကာ ရပ်နေခဲ့ကြ၏။ သူတို့က သုန်မှုန်သော အမူအရာများဖြင့် အထက် ကောင်းကင်ကို မော့ကြည့် နေခဲ့ကြသည်။

“မဟာ ဧကရာဇ် ဝူယုက လျှို့ဝှက် ရည်ရွယ်ချက်ကို နိုးထနိုင်ခဲ့တဲ့ပုံ ရတယ်… သူရဲ့ ကန့်သတ်ချက်က တတိယ အဆင့်တင် မကတော့ဘူး”

ရုတ်တရက် ဝမ်မင်ယာက ပြောလိုက်၏။ ဝေ့ဝူယင်၏ အမူအရာက လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ မိန်းကလေးကို လှည့်ကြည့် လိုက်၏။ ဝူယု၏ ကြိုးစားမှုနှင့် တစ်ခုခု မှားယွင်းနေကြောင်း သူ သိသည့်တိုင် မည်သည့် အရာမှန်း သူ ခန့်မှန်း၍ မရခဲ့ပါချေ။

ခြားနားစွာပင်... ကောင်းကင် ပုရောဟိတ်များမှာ ကိုယ်ပိုင် ကျင့်ကြံခြင်း အခြေခံကို ကျော်လွန်၍ နားလည်နိုင်ကြသူများ ဖြစ်သည်။ ထို့အပြင် ဝမ်မင်ယာမှာ လျှို့ဝှက် အင်အားစု တစ်ခုတွင် ဆယ်စုနှစ်ဝက်ကျော် နီးပါး ပညာသင်ကြားခဲ့သူ ဖြစ်သည်။

ဝမ်မင်ယာမှာ ဝေ့ဝူယင်၏ သဘောထားကို ချက်ချင်းပင် ရိပ်မိလိုက်၏။ သူမက မတုန့်မဆိုင်းပင် ရှင်းပြလိုက်လေသည်။

“တစ်ခါတုန်းက မဟာ ပုရောဟိတ်က လျှို့ဝှက် အာဏာရှင် အဆင့်တွေ အကြောင်းရှင်းပြဖူးတယ်... လျှို့ဝှက် အာဏာရှင် အဆင့်လေး၊ မြေကြီးရှန့်ထို အဆင့်ကို ဘယ်လိုတက်လှမ်းရမယ် ဆိုတဲ့ အကြောင်းတွေပါ အပါအဝင်ပေါ့လေ... သူ့ပြောပုံ အရဆိုရင် မြေကြီးရှန့်ထို တစ်ယောက် ဖြစ်လာဖို့ အတွက် လျှိ့ဝှက် တာအိုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ လျှို့ဝှက် ရည်ရွယ်ချက်ကို နိုးထနိုင်ဖို့ လိုအပ်တယ်”

“သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို မရောက်ခင် လျှို့ဝှက် ရည်ရွယ်ချက်ကို နိုးထနိုင်ခဲ့ရင်ရောလို့ ကျွန်မက မေးတော့ သူ မဖြေဘူး... ဒါပေမဲ့ ကျွန်မတော့ မှန်ကန်တဲ့ အခြေအနေနဲ့ ဉာဏ်အလင်း ရခဲ့မယ် ဆိုရင် မြေကြီး ရှန့်ထို အဆင့်ကို အဆင့်ကျော်ပြီး တက်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်... ကြည့်ရတာ မဟာ ဧကရာဇ် ဝူယုက လျှို့ဝှက် ရည်ရွယ်ချက်ကို နိုးထ နိုင်ခဲ့တဲ့ပုံ ရတယ်”

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ ကျင့်ကြံသူ တစ်ယောက်က လျှို့ဝှက် အာဏာရှင် အဆင့်တွင် အဆင့်ကျော် နိုင်သည်လော။

သူ စိတ်ရှုပ်ထွေးစွာပင် ကောင်းကင်ကို နောက်တစ်ကြိမ် ကြည့်လိုက်မိသည်။ ဝူယုက အမှန်တကယ်ကြီး မြေကြီးရှန့်ထို အဆင့်ကို ခုန်ကျော် တက်လှမ်းနေသည်လော။

...

နာရီအနည်းငယ် အတွင်းမှာပင်... သက်တံ့ ကောင်းကင်ဂြိုဟ်တွင် မြေကြီး ခြေချခြင်း ဖြစ်စဥ် ဖြစ်ပေါ်နေသည် ဆိုသည့် သတင်းက လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

များစွာသော လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ဟင်းလင်းပြင် သင်္ဘောများနှင့် အတူ ထိုနေရာဆီ ဦးတည် နေကြ၏။ ကျင့်ကြံခြင်း လမ်းစဥ်တွင် အဆင့်တစ်ခု တက်လှမ်းခြင်းမှ နာရီပိုင်းလောက်ဖြင့် အောင်မြင်နိုင်သည့် အရာမျိုး မဟုတ်ချေ။ ရက်အနည်းငယ်ခန့်မှ စ၍ နှစ်နှင့်ချီ ကြာသည့် သာဓကများပင် ရှိခဲ့သည်။ မြေကြီး ခြေချခြင်း ဖြစ်စဥ်ကို သုံးသပ်ခြင်းအားဖြင့် ကိုယ်ပိုင် ဉာဏ်အလင်းများ ရရှိလေမလား အများစုက မျှော်လင့် နေကြလေသည်။

ကောလဟများ အရဆိုလျှင် ဖြစ်စဥ်ကို ကျော်ဖြတ်နေသည့် ကျင့်ကြံသူမှာ အင်ပါယာ ကလန်နှင့် အတော်လေး အော်ရာကို ပိုင်ဆိုင်ထားပေသည်။ အင်ပါယာ ကလန်သား တစ်ယောက်က ထာဝရ ကြယ်တာရာ နယ်မြေတွင် မြေကြီး ခြေချခြင်း ဖြစ်စဥ်ကို ကျော်ဖြတ်ခြင်း... ထိုအရာသာ အမှန်တကယ် ဆိုပါက အင်ပါယာ မျိုးနွယ်မှာ နယ်မြေများ အကြား ငြိမ်းချမ်းရေးကို တိုက်ရိုက် စိန်ခေါ်နေခြင်းမျိုးပင်။

ထာဝရ အစည်းအရုံးမှာ ဘက်မလိုက် အဖွဲ့အစည်း တစ်ခု ဖြစ်သည့်တိုင် သူတို့ထံတွင် ခွန်အား မရှိသည်တော့ မဟုတ်ချေ။ ထို့အပြင်... ထာဝရ နယ်မြေက သူတို့ ခံတွင်း သဖွယ် ဖြစ်သည်။ ထိုနေရာတွင် သူတို့ကို စော်ကားရန် ကြိုးပမ်းပါက အကျိုးရလဒ်က အင်ပါယာ ကလန် အတွက်ပင် လွယ်ကူလိမ့်မည် မဟုတ်ချေ။

ဝှစ်...

ပုံရိပ် တစ်ခုမှာ သက်တံ့ကောင်းကင်ဂြိုဟ် အထက် မိုင်သိန်းချီ အကွာအဝေး တစ်နေရာတွင် ပေါ်လာခဲ့၏။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ မျက်နှာကို ဖုံးကွယ် ထားသည်။ ပုံရိပ်မှ သက်တံ့ကောင်းကင်ဂြိုဟ်ကို အချိန် အတန်ကြာ ငေးကြည့် နေခဲ့၏။ မကြာခင် သူ့မျက်လုံးများက အံ့အားသင့်ခြင်းများနှင့် ပြည့်လျှံလာသည်။

“မြေကြီး ခြေချခြင်း...”

သူ၏ လေသံက အနည်းငယ် ကြောက်ရွံ့ တုန်လှုပ်မှုတို့နှင့် ပြည့်နှက်နေသည်။ ထိုပုဂ္ဂိုလ်မှာ ဝူယုကို တစ်ချိန်လုံး နောက်ယောင်ခံ လိုက်နေခဲ့သည့် လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူပင်။

သူက လျှို့ဝှက် အာဏာရှင် အဆင့်နှစ် လျှို့ဝှက် ဝိညာဥ် အဆင့်တွင် ရှိနေသူ ဖြစ်သည်။ မြေကြီး ခြေချခြင်း ဖြစ်စဥ်မှ တစ်ဆင့်... သူ နောက်ယောင်ခံလိုက်နေသည့် ပုဂ္ဂိုလ်မှာ သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် ဖြစ်ကြောင်း သူသိရှိလာရသည်။ အကယ်၍ ထိုကျင့်ကြံသူသာ ဒေါသထွက်လာကာ သူ့ကို ရန်မူဖို့ ကြိုးပမ်းပါက လွတ်မြောက်ဖို့ ခက်ခဲပေလိမ့်မည် ဖြစ်သည်။

“ဒီလူက ဘယ်သူများလဲ...”

ပုံရိပ်က တွေးလိုက်မိ၏။ ရုတ်တရက် သူ့ခန္ဓာကိုယ်က တုန်ရီသွားကာ အရပ်မျက်နှာ တစ်ခုကို လှမ်းကြည့် လိုက်သည်။ သူ၏ ဝတ်ရုံထံမှ အရိပ်အလင်း အချို့ ထွက်ပေါ်လာကာ အမှောင် ဟင်းလင်းပြင်နှင့် တစ်သားတည်း ပေါင်းစပ်သွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်က လေအလျင်ကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

All Chapters