အဆင့်ခုနစ် ဆေးများ
Vol. 12 Ch. 166
“မင်း နေရာမှားနေပြီ ကောင်လေး... ဒီနေရာက ဆဋ္ဌမမြောက် အဂ္ဂိရတ် တာအိုနန်းတော်ပဲ... အဂ္ဂိရတ် သခင်တွေနဲ့ အဂ္ဂိရတ် ဧကရာဇ်တွေကိုပဲ လက်ခံတယ်”
အဘိုးအိုက မျက်လုံးကို ဖွင့်မကြည့်ပဲ ပျင်းရိသော လေသံဖြင့် တုန်ပြန်လိုက်၏။
ဝေ့ဝူယင်မှာ ဒေါသမဖြစ်မိချေ။ သူသည် အဂ္ဂိရတ် ဇာတိ ဝိညာဥ်ကို ဖုံးကွယ်ထားရာ လူအများစုမှာ သူ့အား အသက် သုံးဆယ့် ခုနစ်နှစ် အရွယ် သာမန် အဂ္ဂိရတ် ပညာရှင်တစ်ယောက်ဟု ထင်ကြလိမ့်မည် ဖြစ်သည်။ သူက ရှည်ရှည်ဝေးဝေး ရှင်းပြရန် စိတ်မကူးတော့ပဲ ကောင်းကင်နိုဘယ် အမှတ်အသားပြားကို ထုတ်ယူကာ ကောင်တာပေါ် တင်လိုက်၏။
အဘိုးအိုက ပျင်းရိစွာဖြင့် မျက်လုံးတစ်ဖက်ကို ဖွင့်ကာ လှမ်းကြည့်လိုက်၏။ ထို့နောက် သူက ထိုင်ခုံ၌ မှီလျှက်ကပင် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အမှတ်အသားပြားကို ဆွဲယူလိုက်သည်။
“ဟမ်... ကောင်းကင်နိုဘယ်...”
သူ၏ မျက်ခုံးများက အပေါ်သို့ မြင့်တက်သွားကာ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။ ချက်ချင်းပင် သူ၏ မျက်လုံးများ၌ အံ့အားသင့်ခြင်းများ ဖြစ်ပေါ်လာသည်။
“မင်းမှာ ငွေရောင် မျက်လုံးတွေ ရှိတယ်...”
သူက ကောင်းကင်နိုဘယ် ဆိုသော အဆင့်အတန်းထက် ဝေ့ဝူယင်၏ မျက်လုံးများကို ပိုမို စိတ်ဝင်စားနေဟန် ရသည်။
“ဟုတ်တယ်....”
ဝေ့ဝူယင်က ခပ်တိုးတိုး ပြန်ဖြေလိုက်၏။
“အိုက်ယား...”
အဘိုးအိုက ထိုင်နေရာမှ ထရပ်ကာ ပျင်းရိစွာ အကြောတစ်ချက် ဆန့်လိုက်၏။ ထို့နောက် သူက ကောင်တာ ရှိရာသို့ လျှောက်လာကာ ကောင်းကင်နိုဘယ် တပည့် ကျောက်ပြားကို ဝေ့ဝူယင်ထံ ပြန်လည် လျှောတိုက်ကာ ပစ်ပေးလိုက်သည်။
“မင်းမှာ အခွင့်အရေးရှိရင် ရုပ်ဧကရာဇ်ရဲ့ တာအိုနန်းတော်ကို သွားလည်သင့်တယ်... အဲဒီမှာ ကောင်းကင်ဘုံ နတ်မျက်လုံးဆိုတဲ့ ကျင့်ကြံခြင်း နည်းလမ်းတစ်ခု ရှိတယ်... မင်း အဲဒီ နည်းလမ်းကို ကျင့်ကြံနိုင်လောက်တယ်... မကျင့်ကြံနိုင်ရင်လည်း ဘာမဖြစ်ပါဘူး”
ဝေ့ဝူယင်က မျက်မှောင်ကြုတ်ကာ မှတ်သားလိုက်သည်။ ကောင်းကင်ဘုံ နတ်မျက်လုံး... နာမည်ကပင် အတော်လေး အထင်ကြီးစရာ ကောင်းလှသည်။
ရုတ်တရက် သူ၏ ညာဘက် လက်မောင်းဆီမှ နာကျင်မှု တစ်ခု ဖြစ်ပေါ်လာ၏။ ဝေ့ဝူယင် အင်္ကျီလက်ကို မတင်ကာ အပြစ်သား တက်တူးကို ငုံ့ကြည့်လိုက်သည်။ ကမ္မ တန်ဖိုး ပြောင်းလဲခြင်း... ထိုခံစားချက်ကို သူ ရင်းနှီးပေသည်။
ကမ္မတန်ဖိုး.. ၅၈၅.၇ →၅၆၅.၇
“နှစ်ဆယ်တောင်...”
ကောင်းကင်ဘုံ နတ်မျက်လုံး ဆိုသည့် စကားလုံး ထွက်ပေါ်ပြီး တစ်ဒင်္ဂ အတွင်းမှာပင် ကမ္မတန်ဖိုး နှစ်ဆယ်တိတိ ကျဆင်းသွားခဲ့သည်။ ထိုအရာက ဘာကို ဆိုလိုပါသနည်း။
သူ ငေးငိုင် တွေးတောနေစဥ်မှာပင် အဘိုးအို ကျင်းဟိုက ကောင်တာကို ခေါက်လိုက်၏။
“ကောင်လေး... မင်း ဘာကို အကဲဖြတ်ခိုင်း မလို့လဲ”
ထိုအခါတွင်မှ ဝေ့ဝူယင်မှာ လာရင်း ရည်ရွယ်ချက်ကို ပြန်လည် သတိရသွား၏။ သူက ချက်ချင်းပင် ယူဆောင်လာသည့် အဆင့်ခုနစ် ဆေးပုလင်းများကို ထုတ်ယူကာ စားပွဲပေါ် တင်လိုက်သည်။
အဘိုးအိုက ပေါ့ပေါ့တန်တန်ပင် ပုလဲတစ်လုံးကို ကောက်ယူကာ စစ်ဆေးလိုက်သည်။ ထိုအထဲတွင် ကောင်းကင်လောကဆေး ဟု ခေါ်သည့် အဆင့်ခုနစ် ဆေးတစ်လုံး ပါဝင်နေ၏။ ကောင်းကင်လောကဆေးမှာ ပင်ကိုယ်အားဖြင့် အဆင့်ခုနစ် အထွတ်အထိပ် ဆေးအမျိုးအစား ဖြစ်သော်လည်း ဝေ့ဝူယင်မှာမူ အမြင့်ဆုံး အားထုတ်မှုဖြင့်ပင် အဆင့်နိမ့်ဆေးကိုသာ ဖော်စပ်နိုင်ပေသေးသည်။
ဖော်ပြချက်များ အရဆိုလျှင် လောကပင်လယ်ဆေးများသည် ကျင့်ကြံသူ၏ အသိစိတ် အာရုံကို မန်နာနှင့် ချိတ်ဆက် ပေးနိုင်စွမ်း ရှိသည်။ ပြီးပြည့်စုံသည့် အထွတ်အထိပ် အဆင့် ကောင်းကင်လောကဆေး တစ်လုံး ဆိုလျှင် ကောင်းကင်အုပ်စိုးသူ တစ်ယောက်ကိုပင် မွေးထုတ်ပေးနိုင်စွမ်း ရှိ၏။
“ဒါက...”
ကျင်းဟိုမှာ အနည်းငယ် ကတုန်ကရီ ဖြစ်သွား၏။
“ကောင်းကင်လောကဆေးလုံး...”
သူက ပုလင်းအဆို့ကို ဂရုတစိုက် ဖယ်ရှားရင်း ဆေးလုံးကို လက်ဝါးပေါ် သွန်ချလိုက်သည်။
“တကယ့်ကို ဆေးအစစ်ပဲ...”
သူက ဝေ့ဝူယင်ကို မော့ပင် မကြည့်တော့ပဲ အခြား ပုလင်းသုံးလုံးကိုပါ ကတိုက်ကရိုက် စစ်ဆေးလိုက်တော့၏။
“ယင်ဝိညာဥ်မျက်ရည်...”
“အဆုံးမဲ့ နုပျိုဆေးတောင့်...”
"မီးတောင်အဆုံး ဆေးပြား...”
အဘိုးအို၏ မျက်လုံးများမှာ ပိုမို ပြူးကျယ်လာ၏။ ထိုအရာအားလုံးကား အဆင့်ခုနစ် ဆေးလုံးများပင် ဖြစ်သည်။ ၎င်းတို့အားလုံးမှာ အဆင့်နိမ့် အဆင့်တွင် ရှိနေကြသည့်တိုင် အမြင့်ဆုံး အရည်အသွေးကို ပိုင်ဆိုင်ထားကြပေသည်။
“ငွေရောင် မျက်လုံးတွေ... ဟား... ဟား...”
ဆေးလုံးများကို ဂရုတစိုက်နှင့် ပုလင်း အတွင်း ပြန်လည် ထည့်ပြီးနောက် အဘိုးအိုက အားရပါးရ ရယ်မော လိုက်သည်။ ထို့နောက်တွင် ဝေ့ဝူယင်ကို ရင်းနှီးစွာ ကြည့်ရင်း ပြောလိုက်၏။
“ဒီထုတ်ကုန် သုံးခုအတွက် အင်ပါယာ အမှတ် ၁၀၀၀၀ ပေးမယ်...”
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်တာပေါ်တွင်ပင် ရှိနေသေးသည့် ဝေ့ဝူယင်၏ အမှတ်အသားပြားက သူ့လက်ထဲ ပြန်လည် ရောက်ရှိသွားသည်။ သူ အခန်းအတွင်းသို့ ဝင်သွားကာ မကြာခင်မှာပင် ပြန်လည် ထွက်လာခဲ့၏။ ထို့နောက် သူက အမှတ်အသားပြားကို ဝေ့ဝူယင်ထံ ပြန်လည် ပစ်ပေးလိုက်သည်။
ဝေ့ဝူယင်က အမှတ်အသားပြားကို ဖမ်းယူရင်း စစ်ဆေးကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အရောင် ပြောင်းလဲသွား၏။ ထိုအမှတ်အသားပြားမှာ မူလက ငွေရောင် ဖြစ်ခဲ့သော်လည်း ယခုတွင်မူ ရွှေရောင် အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ထိုထက် ပိုမိုသည်က “ကောင်းကင်နိုဘယ်” ဟူသော စကားလုံးပါ “ကောင်းကင် ဧကရာဇ်” အဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင်။
ဝေ့ဝူယင် ထပ်မံ စစ်ဆေးကြည့်လိုက်ရာ ကျောဘက်တွင် အင်ပါယာ အမှတ် ၁၀၀၀၀ ဟူသော စကားလုံး အသစ် တစ်ခုပါ ထပ်မံ တိုးလာသည်ကို တွေ့လိုက်ရသည်။
“ဒီဆေးတွေက အင်ပါယာ အမှတ်တစ်သောင်းတောင် တန်တာလား...”
သူက မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။ ဂုဏ်ထူးဆောင် တပည့်များမှာ အင်ပါယာ အမှတ်တစ်မှတ် ရရန် အတွက်ပင် တစ်နှစ်ပတ်လုံး အလုပ်လုပ်ကြရသည်ဟု ဆိုသည်။ သို့သော်လည်း သူ့အတွက် အမှတ်ရှာရသည်က ထမင်းစား ရေသောက်ထက်ပင် လွယ်ကူလွန်းနေ၏။
ဤသို့ဆိုလျှင် လမ်ကြုံတုန်း နောက်ထပ် အင်ပါယာ အမှတ် နည်းနည်းပါ ထပ်လဲလှယ်သွားသင့်သလော။
အဘိုးအိုက မျက်မှောင်ကြုတ်ကာ လက်ကို ခါယမ်းလိုက်၏။
“ကောင်လေး... ဂိုဏ်းမှာ စည်းမျဥ်းတစ်ခုရှိတယ်... တစ်နှစ်အတွင်းမှာ တပည့် တစ်ယောက်ကို အမြင့်ဆုံး အနေနဲ့ အင်ပါယာ အမှတ် တစ်သောင်းပဲ ပေးလို့ရတယ်”
“ကျွန်တော်...”
ဝေ့ဝူယင် ဘာမှ ထပ်မပြောနိုင်ခင်မှာပင် အမြင်အာရုံများမှာ ဝေဝါးသွား၏။ ရှင်းရှင်းလင်းလင်း ပြန်လည် မြင်နိုင်သော အခိုက်၌ အဂ္ဂိရတ် တာအို နန်းတော်၏ အပြင်ဘက်သို့ ရောက်နေသည်ကို သူ တွေ့မြင် လိုက်ရသည်။ ပတ်ဝန်းကျင်အား ကြည့်ရင်း သူ ဖြူရော်စွာ ပြုံးလိုက်မိ၏။
မည်သို့ပင် ဆိုစေ ကျေနပ်သင့်ပေသည်။ ယခုဆိုလျှင် ဆေးလုံးများ၏ ကောင်းမှုဖြင့် ကောင်းကင်ဧကရာဇ် တပည့် အဆင့်ကိုပင် သူ ရရှိခဲ့ပြီ မဟုတ်ပါလား။ သူ့တွင် အဂ္ဂိရတ်ဧကရာဇ် တရားဝင် အသိအမှတ်ပြုမှု စစ်ဆေးပွဲကို ထိုင်စောင့်နေရုံသာ ကျန်ရှိပေတော့သည်။
သူ လေတစ်ချက် ချွန်ကာ နတ်မြင်းပျံကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် မည်သူတစ်ဦးတစ်ယောက်မျှ သတိမထားမိခင် အချိန်အတွင်းမှာပင် ကောင်းကင်သို့ ပျံတက်ကာ ပျောက်ကွယ်သွားတော့၏။ သူ၏ လက်ရှိ ရည်ရွယ်ချက်ကား အဖွဲ့တစ်ခု ထူထောင်ရန်ပင် ဖြစ်လေတော့သည်။
...
ဝေ့ဝူယင် ထွက်ခွာသွားပြီ မကြာမီမှာပင် ကြိုဆိုသူ နှစ်ယောက်မှာ ထိုနေရာသို့ သုတ်သုတ်ပြာပြာဖြင့် ရောက်ရှိလာသည်။ သူတို့သည် ကုလားထိုင်၌ ပျင်းရိစွာ ထိုင်နေသည့် အဘိုးကြီးကို မနှောက်ယှက်တော့ပဲ သူခိုး မိန်းကလေးတို့ကိုသာ ကျီးကန်းတောင်းမှောက် ရှာဖွေ လိုက်ကြတော့သည်။
မိန်းကလေးမှာ ထွက်မပြေးခင် “ဝေ့ဝူယင် နောက်ကို လိုက်မှ ဖြစ်မယ်” ဟု ပြောသွားခဲ့ရာ ဤကိုသာ လာလိမ့်မည်ဟု သူတို့ တထစ်ချ ယုံကြည်ထားသည်။ သို့သော်လည်း သူခိုး မိန်းကလေးမှာ သူတို့နှင့် ဆန့်ကျင်ဘက် တာဝန်ဘုတ်ပြား ရှိသည့်ဘက်ကိုသာ ဝေ့ဝူယင် သွားသည် အထင်နှင့် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်၏။ ကြယ်တာရာ အမြုတေ အဆင့်များ ဖြစ်သည့်တိုင် အလွဲကြီး လွဲနေသည့် သူတို့၏ အဖြစ်ကို သိပါက ဝေ့ဝူယင်မှာ အော်ကြီးဟစ်ကျယ် ရယ်မော မိလိမ့်မည် ဖြစ်သည်။
အဘိုးအိုမှာ ကုလားထိုင်ကို မှီရင်း အိပ်မောကျနေဟန် ရသည်။ သူတို့အား မျက်လုံးပင် တစ်ချက် ဖွင့်မကြည့်ချေ။
ထိုအခိုက်တွင်ပင် တန်ဖိုးကြီး အဂ္ဂိရတ် ဝတ်စုံကို ဝတ်ဆင်ထားသည့် အသက်လတ် လူတစ်ဦးမှာ ထိုနေရာသို့ ရောက်ရှိလာ၏။ ဟိုကြည့်သည်ကြည့် လုပ်နေသည့် ကြိုဆိုသူ နှစ်ယောက်ကို ကြည့်ရင်း သူ၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။
“မင်းတို့ နှစ်ယောက် ဘာတွေလုပ်နေကြတာလဲ... ငါ့အလုပ်ရုံ ပတ်လည်မှာ လာခြေရှုပ်တာ မကြိုက်ဘူး ပြောထားတယ်နော်”
ကြိုဆိုသူ နှစ်ယောက်က သူ့အား ဦးညွှတ်ကာ ရိုရိုသေသေပင် နှုတ်ဆက်လိုက်သည်။
“တောင်းပန်ပါတယ် ရွှေအလင်း ဆေးသခင်ကျင်း... ကျွန်တော်တို့က ဒီနေရာကို ခွင့်မတောင်းပဲ ဝင်သွားတဲ့ တပည့် တစ်ယောက်ကို လိုက်ရှာ နေတာပါ”
ကုလားထိုင်၌ လှဲနေသည့် ကျင်းဟိုက မျက်လုံးကို မဖွင့်ပဲ လက်ခါလိုက်သည်။
“ဘယ်သူမှ ဒီကို မလာဘူး... ထွက်သွားကြ”
ကြိုဆိုသူ နှစ်ယောက်မှာ မကျေနပ်သည့်တိုင် လေးလံသော ခြေလှမ်းများဖြင့် ပြန်လည် ထွက်ခွာသွားကြတော့သည်။ ယောကျ်ားဖြစ်သူက ဝိညာဥ် အာရုံဖြင့် ဆက်သွယ်ကာ မိန်းကလေးကို မေးလိုက်၏။
“မင်း လမ်းညွှန်ပေးလိုက်တာက မှန်ရော မှန်ရဲ့လား”
မိန်းကလေးမှာ အဖြေမပေးပဲ မျက်မှောင်ကြုတ်နေသည်။ သူမ စကားပြော မှားသွားသည်လား။ သို့မဟုတ် ထိုလူငယ်လေးက နားကြားလွဲသွားသည်လား။ တစ်ခုခုတော့ တစ်ခုခုပင်။
...
တစ်ချိန်တည်း၌ ဝေ့ဝူယင်သည် နတ်မြင်းပျံလေးကို စီးနင်းရင်း ဆေးဧကရာဇ် တောင်ထွတ်သို့ ဦးတည် ပျံသန်းနေ၏။ အဖွဲ့တစ်ခု တည်ထောင်ရန် ထိုနေရာတွင် အရင်ဆုံး ခွင့်ပြုချက် ယူရမည် ဖြစ်သည်။
“ဟိုအဘိုးကြီး ပြောတဲ့ အတိုင်းဆိုရင် ရုပ်ဧကရာဇ်ရဲ့ တာအို နန်းတော်မှာ ငါ့အတွက် သင့်တော်တဲ့ နည်းလမ်း တစ်ခု ရှိတယ်တဲ့.... အချိန်ကိုက်ပဲ ကမ္မတန်ဖိုးက ၂၀ တောင် လျော့ကျသွားတာ ဆိုတော့ ငါ့အတွက် တကယ် အကျိုးရှိတာ ဖြစ်နိုင်တယ်”
သူသိထားသလောက် ဆိုလျှင် ရုပ်ကရာဇ် နန်းတော်မှာလည်း ဧကရာဇ် တောင်ထွတ်တွင်ပင် တည်ရှိသည်။ လမ်းကြုံတုန်း ထိုတာအို နန်းတော်ကိုပါ တစ်ခါတည်းသွားကာ သွားကာ ကျင့်စဥ် နည်းလမ်းများ ရှာဖွေရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်တော့သည်။
***