ကျွန်တော့်ဆီမှာ လက်အောက်ခံမှာလား
Vol. 131 Ch. 1818
ဝှစ်...
ထျန်းဖုန့်တောင်အထက် လေထဲတွင် နန်းတော်ကြီးတစ်ခု ရှိနေ၏။ ထိုအခိုက်တွင် နန်းတော်တံခါးများ ရုတ်တရက် ပွင့်လာသည်။ ၎င်းနောက် ဝေဝါးဝါးပုံရိပ်တစ်ခု ပျံထွက်လာသည်။ ပုံရိပ်မှာ ဝေဝါးနေသော်လည်း မျက်လုံးများမှာ အလွန်ရှင်းလင်းပေသည်။
ထျန်းဖုန့်ဧကရာဇ်၏ ငွေရောင်မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။ သူ ရေရွတ်လိုက်သည်။
“အဲ့လို မိုးမြေမူမမှန်မျိုးက ဘယ်လိုလုပ် ဖြစ်လာတာလဲ”
မိုးမြေဝိညာဉ်စွမ်းအင်များနှင့် ကိုးရောင်ခြယ်တိမ်လုံးကြီးများက အရှေ့ဘက်သို့ ရွေ့လျားနေကြသည်လော။ နတ်ဆိုးချောက်နက်ထဲမှ ကြောက်မက်ဖွယ် ဖြစ်တည်မှုက နောက်ဆုံးအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ခြင်းလော။
“မဖြစ်နိုင်ဘူး...”
ထျန်းဖုန့်ဧကရာဇ် ဆက်ရေရွတ်လိုက်သည်။
“ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အရမ်းပါရမီထူးခဲ့တာပဲ။ ဒါပေမဲ့ သူတောင် မသေခင်မှာ နောက်ဆုံးအဆင့်ကို မတက်လှမ်းနိုင်ခဲ့ဘူး။ အဲ့ဖြစ်တည်မှုက ဘယ်လိုလုပ် နောက်ဆုံးအဆင့်ကို တက်နိုင်မှာလဲ။ မိစ္ဆာမျိုးနွယ်မပြောနဲ့ ဘယ်သူကမှ နောက်ဆုံးအဆင့်ကို မတက်လှမ်းနိုင်ဘူး။ လူသားမျိုးနွယ်က ပါရမီရှင်တွေတောင် မလုပ်နိုင်ဘူး...”
“ဒါပေမဲ့ အဲ့ဒါက နောက်ဆုံးအဆင့် မဟုတ်ရင် ကောင်းကင်မိစ္ဆာဘုံလို တည်ငြိမ်တဲ့ဘုံတစ်ခုမှာ အဲ့လောက်ကြောက်စရာကောင်းတဲ့ မိုးမြေမူမမှန်မှု ဖြစ်လာရတာလဲ”
ဘုံတစ်ခုက တည်ငြိမ်လေလေ၊ ထိုဘုံထဲ၌ မိုးမြေမူမမှန်မှုများ ဖြစ်ပေါ်ရန် ပိုခက်လေလေပင်။ အနိမ့်ဘုံမှ ဘုံအသေးလေးများနှင့် ဓာတုဘုံခုနစ်ဘုံမှ ဘုံငယ်လေးများတွင်မူ မိုးမြေမူမမှန်မှုများ ဖြစ်လေ့ရှိပေသည်။
သို့သော် ကောင်းကင်ဘုံ၏ ဘုံကြီးများက အလွန်တည်ငြိမ်၏။ မိုးမြေစည်းမျဉ်းအမျိုးမျိုးမှာလည်း ပြီးပြည့်စုံနေပြီဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က မူမမှန်ဖြစ်ရန် မလွယ်ကူပေ။
ထျန်းဖုန့်ဧကရာဇ်သည် ကောင်းကင်မိစ္ဆာဘုံထဲတွင် ထိုမျှကြီးကျယ်သော မိုးမြေမူမမှန်မှုကြီးတစ်ခု ဖြစ်လာရခြင်းမှာ အဘယ်သော စည်းမျဉ်း သို့မဟုတ် အနှစ်သာရတစ်ခုက မိုးမြေကို ထိတွေ့လိုက်၍ဖြစ်ကြောင်းကို မသိနိုင်ဖြစ်နေပေသည်။
ထျန်းဖုန့်ဧကရာဇ်သာမဟုတ် ပူနီဧကရာဇ်နှင့် မီးမြေခွေးဧကရာဇ်တို့သည်လည်း ထိတ်လန့်နေကြသည်။ နတ်ဘုရားဘုရင်အဆင့်နှင့်အထက်တွင် ရှိကြသော မိစ္ဆာအားလုံးသည်လည်း မိုးမြေဝိညာဉ်စွမ်းအင် ပရမ်းပတာဖြစ်လာမှုနှင့် မိုးမြေမူမမှန်မှုကို သိလိုက်ကြသည်။
ထျန်းဖုန့်ဧကရာဇ်တို့ပင် မိုးမြေမူမမှန်မှု ဖြစ်ရသည့်အကြောင်းကို မသိရာ ကြမ်းကြုတ်နဂါးဘုရင်တို့ဆိုလျှင် ပြောနေရပင် လိုမည်မထင်ပေ။ မိုးမြေမူမမှန်မှုကြောင့် အဆင့်နိမ့်မိစ္ဆာအချို့လည်း ကြောက်ရွံ့နေကြသည်။ သူတို့အားလုံးသည် ဒူးထောက်ကာ ကောင်းကင်ကို ရှိခိုးနေကြသည်။ ရှင်းပြ၍မရနိုင်သော အကြောင်းတစ်ခုကြောင့် အဆင့်နိမ့်မိစ္ဆာများသည် ဘုရားအစစ်အမှန်တစ်ပါး ဖြစ်ပေါ်လာပြီဟု မကြာခဏ ခံစားနေကြရပေသည်။ အကြောင်းမှာ မည်သို့ဖြစ်စေ သူတို့ ရှေးဦးစွာ ရှိခိုးအရိုအသေ ပေးရပေမည်။
မိုးမြေမူမမှန်မှုမှာ ကြောက်မက်ဖွယ်ကောင်း၍ မည်သည့်မိစ္ဆာမျိုးနွယ်ကမှ မစုံစမ်းဝံ့ချေ။ မိစ္ဆာအရှင်သုံးပါးပင် မသွားဝံ့ကြပေ။ မိုးမြေဝိညာဉ်စွမ်းအင်များနှင့် ကိုးရောင်ခြယ်တိမ်လုံးများက နတ်ဆိုးချောက်နက်ဆီသို့ ရွေ့လျားနေခြင်းပင်။ နတ်ဆိုးချောက်နက်ထဲမှ ဖြစ်တည်မှုက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ယခု ၎င်းက အဆင့်တက်သွားပြီဖြစ်ရာ မည်သူက သွား၍ ကိုယ့်သေလမ်းကိုရှာဝံ့ပါမည်နည်း။
“ကောင်းကင်မိစ္ဆာဘုံက ပြောင်းလဲတော့မှာပဲ”
ထျန်းဖုန့်ဧကရာဇ်သည် နန်းတော်အပြင်ဘက်တွင် အတော်ကြာအောင် ရပ်နေ၏။ မိုးမြေဝိညာဉ်စွမ်းအင်များ ပုံမှန်ပြန်ဖြစ်သွားပြီး ကိုးရောင်ခြယ်တိမ်လုံးများ လွင့်ပြယ်သွားတော့မှ သူ နန်းတော်ထဲ ပြန်ဝင်သွားလိုက်သည်။ နန်းတော်ဝင်ပေါက်တွင် သူ ရုတ်တရက် ရပ်တန့်လိုက်၏။ သူ့ငွေရောင်မျက်ဝန်းများထဲတွင် ရက်စက်သော အရိပ်အယောင် လက်သွားပြီး သူ အေးစက်စက် ရေရွတ်လိုက်လေသည်။
“ကောင်းကင်မိစ္ဆာဘုံ မပြောင်းလဲခင် ငါတို့ ချင်လင်းရဲ့ လက်အောက်ခံဟောင်းတွေ အကုန်လုံးကို ချက်ချင်း သတ်ပစ်ရမယ်။ မဟုတ်ရင် အဲ့ဖြစ်တည်မှု ထွက်လာတာနဲ့ ငါတို့ နောက်ထပ်အခွင့်အရေး ထပ်ရတော့မှာ မဟုတ်ဘူး”
***
“အာ...”
ကျန်းရီသည် ကျယ်လောင်စွာ ရယ်နေရင်း ကောင်းကင်ထက်တွင် နောက်ထပ်လျှပ်စီးတန်းတစ်တန်း ဖြစ်တည်လာသည်ကို ရုတ်တရက် အာရုံခံမိလိုက်၏။ ထိုလျှပ်စီးတန်းနှင့်အတူ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုလည်း ကျဆင်းလာပြီး သူ့ရယ်သံကို ရပ်တန့်သွားစေလိုက်သည်။
‘လခွမ်း... အဲ့လျှပ်စီးတန်းက ဘာလို့ အရောင်ကိုးရောင်တောင် ရှိနေရတာလဲ။ ငါက ကောင်းကင်လျှို့ဝှက်ချက်ကို သိသွားလို့ ကောင်းကင်က ငါ့ကို သတ်ချင်တာလား’
ကျန်းရီ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ထိုလျှပ်စီးတန်းက အလွန်လျင်မြန်ပြီး သူ့ထံ ဦးတည်နေကြောင်း ထင်ရှားသည်။ ရှောင်၍လည်း မရသဖြင့် ထိပ်တိုက်ရင်ဆိုင်ရုံသာ ရှိပေတော့သည်။
ရွှီး...
လျှပ်စီးတန်းက လင်းလက်သွားပြီး ကျန်းရီ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။ ၎င်းသည် သူ့ကို မထိခိုက်စေဘဲ သူ့ခန္ဓာကိုယ်တွင်း၌ ဆန်းကြယ်သောစွမ်းအင်တစ်မျိုးအဖြစ် ပြောင်းလဲသွားသည်။ နောက်ဆုံးတွင်မူ ထိုစွမ်းအင်က နဝမမြောက်ကြယ်စက်လုံးထဲ ဝင်သွားလေသည်။
‘ဘာလဲဟ...’
ကျန်းရီ အတန်ငယ် နားမလည်နိုင်ဖြစ်သွားသည်။ သူ မျက်နှာကို ပွတ်သပ်လိုက်ပြီး အမြင်မှားခြင်းလောဟု တွေးလိုက်၏။ အဘယ်ကြောင့်ဆိုသော သူ့ကောင်းကင်စိတ်အာရုံက နဝမမြောက်ကြယ်စက်လုံးထဲ အာရုံခံလိုက်ချိန်တွင် ဆန်းကြယ်သောစွမ်းအင်ကို မတွေ့ရတော့၍ပင်။ ကျန်းရီ ထပ်ခါထပ်ခါ အာရုံခံလိုက်သည်။ သို့သော် မည်သည်ကိုမှ ရှာမတွေ့ချေ.
‘ထူးဆန်းလိုက်တာ...’
ကျန်းရီသည် လျှပ်စီးတန်းများကြောင့် ပြောင်သွားခဲ့သော ခေါင်းကို ကုတ်လိုက်၏။ ထိုအခိုက်တွင် သူ့စိတ်ဝိညာဉ်က ရုတ်တရက် လှုပ်ရှားသွားသည်။ သူက စောင့်ကြည့်ခံနေရသည်ဟုလည်း ခံစားလိုက်ရသည်။ ထို့ကြောင့် မော့ကြည့်လိုက်ရာ ကောင်းကင်ထက်ရှိ မျက်လုံးတစ်စုံကို မြင်လိုက်ရလေသည်။
ထိုမျက်လုံးများက မည်သို့သော မျက်လုံးများနည်း။
ကျန်းရီသည် ထိုကြောက်မက်ဖွယ် မျက်လုံးတစ်စုံကို တွေ့သောအခါ အလိုလို တုန်ယင်သွား၏။ ၎င်းမျက်လုံးများက သူ့ဘဝတွင် မြင်ခဲ့ဖူးသော မျက်လုံးများထဲက ကြောက်စရာအကောင်းဆုံး မျက်လုံးများပင်။ ၎င်းတို့က မိုးပြာမဟာဧကရာဇ်၏ မျက်လုံးများထက်ပင် ကြောက်စရာကောင်းပေသည်။
နတ်ဆိုးချောက်နက်ထဲမှ ဖြစ်တည်မှုက အမှန်တကယ် ထွက်ပေါ်လာပြီလော။
ကျန်းရီ တံတွေးမျိုချလိုက်၏။ သူ့မျက်နှာလည်း နီရဲလာသည်။ ယခုတွင် သူက ကိုယ်လုံးတီးဖြစ်နေသည် မဟုတ်ပါလား။ သူသည် မည်သည့်အဝတ်မှ ဝတ်မထားရုံသာမက တစ်ကိုယ်လုံးတွင် အမွေးအမျှင်တစ်စမှလည်း ရှိမနေချေ။
ယခင်တွင် ဤနေရာ၌ မည်သူမှ ရှိမနေခဲ့သလို သူ့တွင် အချိန်လည်းမရှိ၊ လျှပ်စီးတန်းများကလည်း တစ်နာရီလျှင်တစ်ကြိမ် ကျဆင်းနေခဲ့၍ ကျန်းရီ အဝတ်မရှိတော့သည်ကို အရေးမစိုက်ခဲ့ပေ။ ယခုတွင်မူ သူသည် ဧရာမမျက်လုံးကြီးတစ်စုံ၏ ငေးကြည့်မှုကို ခံနေရ၍ ရှက်ရွံ့လာပေသည်။
ဝှစ်...
ကျန်းရီ လျင်မြန်စွာ ပျံဆင်းသွားလိုက်ပြီး သစ်ရွက်ကြီးတစ်ရွက်ကို ရှာ၍ သူ့ဂွကြားကို ဖုံးအုပ်လိုက်၏။ ပြီးမှ ကောင်းကင်ထက်ရှိ ဧရာမမျက်လုံးတစ်စုံကို ပြန်မော့ကြည့်လိုက်သည်။ သူ ခေတ္တမျှ တွေးလိုက်ပြီး လက်ဆုပ်၍ ဦးညွှတ်လိုက်သည်။
“ကျန်းရီ အရှင့်ကို အရိုအသေပေးပါတယ်”
ထို ကြောက်မက်ဖွယ် ဖြစ်တည်မှု၏ ရည်ရွယ်ချက်က မည်သည်ဖြစ်စေ၊ ၎င်းက ရန်သူဖြစ်စေ၊ မိစ္ဆာဖြစ်စေ အနည်းဆုံးတော့ ၎င်းသည် ကျန်းရီကို မသတ်ခဲ့ပေ။ ထို့ပြင် ၎င်းက သိုင်းပညာတာအို၏ အထွတ်အထိပ်တွင် ရပ်နေနိုင်သည်။ ကျန်းရီ ဦးညွှတ်ရန် ထိုအချက်များက လုံလောက်ပြီဖြစ်သည်။
“မင်းနာမည်က ကျန်းရီတဲ့လား”
ကောင်းကင်မှနေ၍ အသံခပ်ရေးရေးတစ်သံ ထွက်ပေါ်လာ၏။ ထိုမျက်လုံးတစ်စုံတွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။ ကျန်းရီက ပြန်မပြောနိုင်ခင် အသံက ဆက်ပြောလိုက်သည်။
“အစောက မင်း ဘာကို သိမြင်နားလည်သွားတာလဲ”
ကျန်းရီ မျက်တောင်ပုတ်ခတ်ကာ ပြန်ဖြေလိုက်၏။
“ကျွန်တော် အနှစ်သာရတစ်ခုကို သိမြင်နားလည်သွားတာပါ။ ဒါပေမဲ့ ကနဦးအဆင့်မှာပဲ ရှိပါသေးတယ်။ အဲ့အနှစ်သာရကတော့ လျှပ်စီးအနှစ်သာရပါ”
“ကနဦးအဆင့်ပဲ ရောက်သေးတာလား၊ အနှစ်သာရတစ်ခုလား”
ဤတစ်ခေါက်တွင် အသံက အတန်ငယ် အံ့ဩသံပေါက်နေ၏။ ထို့နောက် အသံသည် သေချာစွာ ပြောလိုက်သည်။
“အဲ့ဒါက သေချာပေါက် အနှစ်သာရတစ်ခု မဟုတ်ဘူး။ မင်းက ကနဦးအဆင့်ကို ရောက်ရုံနဲ့ မိုးမြေကို ထိနိုင်မှာတဲ့လား။ အဲ့ဒါ မဖြစ်နိုင်ဘူး”
“အဲ့ဒါက အနှစ်သာရတစ်ခု မဟုတ်ဘူးလား”
ကျန်းရီ မှင်တက်သွား၏။ သူ သူ၏ဦးပျဉ်းပြောင်ပြောင်ကို ပွတ်ကာ မေးလိုက်လေ၏။
“အဲ့ဒါက အနှစ်သာရ မဟုတ်ရင် ဘာပါလဲ။ အနှစ်သာရတစ်ခုထက် ပိုစွမ်းအားကြီးတဲ့အရာ ရှိနိုင်လို့လား”
“အာ... အဲ့လိုမျိုးတော့ မရှိဘူး။ ငါလည်း မသေချာတော့ဘူး”
ကြောက်မက်ဖွယ် ဖြစ်တည်မှုလည်း ခေါင်းရှုပ်သွား၏။ သူ ငါးမိနစ်မျှ တွေးတောပြီးမှ ဆက်ပြောသည်။
“ကောင်းပြီ... ကျန်းရီ၊ မင်းက စမ်းသပ်ချက်နှစ်ခုကို အောင်မြင်ပြီးပြီ။ အခုလည်း စွမ်းအားကြီး အနှစ်သာရတစ်ခုကို သိမြင်နားလည်သွားပြီဆိုတော့ စမ်းသပ်တာကို စောစောအဆုံးသတ်လိုက်ကြတာပေါ့။ ဒါပေမဲ့... ဒါကပထမစမ်းသပ်မှုပဲ ရှိသေးတယ်။ မင်း ဆယ်နှစ်အတွင်း ဧကရာဇ်အဆင့်ကို မတက်လှမ်းနိုင်ရင် ငါ မင်းဆီမှာ အပြည့်အဝလက်အောက်ခံလိမ့်မယ်လို့ မမျှော်လင့်နဲ့”
‘ဒါက တကယ်ကို စမ်းသပ်မှုတစ်ခုပဲ’
ကျန်းရီသည် ပထမစကားကို ကြားလိုက်သောအခါ ခန့်မှန်းထားပြီးသားဟူသာ မျက်နှာထားကို ပြလိုက်၏။ သို့သော် နောက်ပိုင်းစကားများကို ကြားသောအခါ တုန်သွား၏။ သူ နားကြားမှားသည်ဟုလည်း ထင်လိုက်သည်။ ထို့ကြောင့် မျက်တောင်ပုတ်ခတ်ကာ အသံတုန်တုန်ယင်ယင်နှင့် မေးလိုက်၏။
“အရှင်... အရှင်က နောက်နေတာလား။ အရှင်က ကျွန်တော့်ဆီမှာ လက်အောက်ခံမှာတဲ့လား”
ကောင်းကင်မိစ္ဆာဘုံရှိ စွမ်းအားအကြီးဆုံး ဖြစ်တည်မှုက သူ့ကဲ့သို့ လူသားလေးတစ်ယောက်ထံတွင် အမှန်တကယ် လက်အောက်ခံမည်လော။ ယင်းမှာ လောကထဲရှိ အရယ်ရဆုံးဟာသ မဟုတ်လော။
ရွှီး...
ထိုမျက်လုံးတစ်စုံက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ ထို့နောက် အာကာပြင်က စတင် တုန်ခါလာသည်။ ကောင်းကင်ထဲရှိ မီးတောက်များ ထွက်ပေါ်လာကာ နဂါးတစ်ကောင်အဖြစ် ပေါင်းစည်းသွားလေသည်။ နဂါးကြီးက ပေသုံးသောင်းရှည်လျားပြီး ကြောက်မက်ဖွယ်အရှိန်အဝါ ရှိပေသည်။
“အာ...”
ထိုနဂါးက မီးနဂါးဖြစ်သော်လည်း ကျန်းရီ အပူကို မခံစားရပေ။ သူ့မျက်ဝန်းများထဲတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေသည်။ အဘယ်ကြောင့် ထိုမီးနဂါးကို အလွန်ရင်းနှီးသည်ဟု ခံစားနေရသနည်း။
“မီးနဂါးဓား...”
ကျန်းရီ မျက်မှောင်ကြုတ်သွား၏။ ၎င်းနောက် သူ မေးလိုက်သည်။
“အရှင်... အရှင်က မီးနဂါးဓားရဲ့ အသုံးအဆောင်ဝိညာဉ်ပါလား”
မီးနဂါးဓားက အပိုင်းခုနစ်ပိုင်း ကွဲထွက်သွားခဲ့သည်။ အသုံးအဆောင်ဝိညာဉ်လည်း ပျောက်ကွယ်သွားခဲ့သည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် ကျန်းရီကို မီးနဂါးဓား၏ ကျန်နေသော အစိတ်အပိုင်းများနှင့် အသုံးအဆောင်ဝိညာဉ်တို့ကို လိုက်ရှာရန် ပြောခဲ့သည်။
ထို ကြောက်မက်ဖွယ် မီးနဂါးကြီးက မီးနဂါးဓား၏ အသုံးအဆောင်ဝိညာဉ်အစစ်အမှန် မီးနဂါးဝိညာဉ်ဖြစ်ကြောင်း ထင်ရှားပေသည်။
ထိုအခိုက်တွင် ကျန်းရီ၏ ခေါင်းထဲမှ မရေမတွက်နိုင်သော မေးခွန်းများအတွက် အဖြေများ ထွက်ပေါ်လာသည်။ ကျန်းရီ ကြမ်းကြုတ်နဂါးဘုရင်ကို နတ်ဆိုးချောက်နက်ထဲ ဆင်းကယ်ခဲ့စဉ်က အဘယ်ကြောင့် ထိုဖြစ်တည်မှုက သူ့ကို မသတ်ခဲ့ရသနည်း။ အဘယ်ကြောင့် ဓားဖြင့် ခုတ်လိုက်ရုံနှင့် ပျောက်ကွယ်သွားခဲ့ရသနည်း။
အဘယ်ကြောင့်ဆိုသော် ကျန်းရီက မီးနဂါးဓားကို သုံးခဲ့၍ပင်။ အသုံးအဆောင်ဝိညာဉ်တစ်ခု အနေဖြင့် ထိုမီးနဂါးသည် မီးနဂါးဓားကို အဘယ်သို့ မမှတ်မိဘဲ နေပါမည်နည်း။ အသုံးအဆောင်ဝိညာဉ်တစ်ခုက ယန်ကိုးပါးကောင်းကင်ဧကရာဇ် ရွေးချယ်ထားသော ဆက်ခံသူ၊ မီးနဂါးဓား၏ လက်ရှိပိုင်ရှင်ကို မည်သို့ ထိခိုက်အောင် လုပ်ဝံ့ပါမည်နည်း။
***