← Chapters

ကောင်းကင်မိစ္ဆာဘုံကို ပေါင်းစည်းခြင်း

Vol. 131 Ch. 1819

ကောင်းကင်မိစ္ဆာဘုံကို ပေါင်းစည်းခြင်း

Vol. 131 Ch. 1819

ကျန်းရီ နားမလည်သည်မှာ...

ထိုမီးနဂါးဝိညာဉ်က သူ့ကို ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူအဖြစ်၊ မီးနဂါးဓား၏ လက်ရှိပိုင်ရှင်အဖြစ် သိထားလျှင် အဘယ်ကြောင့် သူ့အား စမ်းသပ်နေရသေးသနည်း။ ၎င်းက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ရွေးချယ်မှုနှင့်တင် မကျေနပ်နိုင်သည်လော။ အသုံးအဆောင်ဝိညာဉ်တစ်ခုက ၎င်းပိုင်ရှင်၏ ရွေးချယ်မှုကို မေးခွန်းထုတ်ဝံ့သည်လော။

ကျန်းရီ ထိုမေးခွန်းများကို ထုတ်မမေးဝံ့ပါ။ သို့သော် ထိုမီးနဂါးဝိညာဉ်မှာ သူ့အတွေးများကို ဖတ်နိုင်ပုံပင်။ မီးနဂါးဝိညာဉ်သည် ၎င်း၏ပါးစပ်ကြီးကို ဟ၍ ပြောလိုက်၏။

“ကောင်လေး.. မင်းကို ဝူမင်က ရွေးခဲ့ရုံနဲ့ ငါက မင်းကို အသိအမှတ်ပြုလိမ့်မယ်လို့ မထင်နဲ့...”

“ငါက ကမ္ဘာဦးခေတ်မှာ ပထမဆုံး မွေးဖွားခဲ့တဲ့ မီးနဂါးပဲ။ ငါ့ရဲ့အသက်က တမလွန်ဘုံဧကရာဇ်ထက်တောင် ကြီးသေးတယ်။ ကမ္ဘာဦးခေတ်မှာတုန်းက ငါ့ရဲ့စွမ်းအားက ပြိုင်ဘက်ကင်းပဲ။ ကပ်လောကတစ်ခုလုံးမှာ ဝူမင်ကလွဲပြီး ဘယ်သူမှ ငါနဲ့ မယှဉ်နိုင်ခဲ့ဘူး...”

“အဲ့တုန်းက မဟာနတ်ဘုရားမျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်တောင် ငါ့ကိုမြင်ရင် ဦးညွှတ်ရတယ်။ ငါက ဝူမင်လှည့်စားတာကို ခံရပြီး အသုံးအဆောင်ဝိညာဉ်တစ်ခု ဖြစ်လာခဲ့ပေမဲ့ မင်းဆီမှာ လက်အောက်ခံဖို့ကို လွယ်လွယ်နဲ့ လက်ခံမှာ မဟုတ်ဘူး။ ဆယ်နှစ်အတွင်း ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်ဖို့က ဒုတိယစမ်းသပ်ချက်ပဲ။ မင်း အဲ့လို မလုပ်နိုင်ရင် ငါ ဝူမင်ကိုယ်စား ဒုတိယ ကောင်းကင်ဧကရာဇ်ဆက်ခံသူကို ရှာမယ်”

“အာ...”

ကျန်းရီ မှင်တက်သွားသည်။ ထိုမီးနဂါးဝိညာဉ်ထံတွင် ထိုသို့သော နောက်ကြောင်းတစ်ခု ရှိသည်လော။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်မှာ ၎င်း၏သခင်ဖြစ်သော်လည်း ၎င်းသည် သူ့ကို ဝူမင်ဟု ခေါ်နေပေသည်။ ထို့ပြင် ၎င်းက ကမ္ဘာဦးခေတ်တွင် ပထမဆုံး မွေးဖွားခဲ့သော မီးနဂါးလော။ ထိုနောက်ကြောင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည် မဟုတ်လော။

ကျန်းရီတစ်ယောက် မည်သို့မှ ဆက်အတွန့်မတက်ဝံ့တော့ပေ။ သူ ဦးညွှတ်၍သာ ပြောလိုက်ရသည်။

“အရှင်... ကျန်းရီ ကြိုးစားမှာပါ။ ကောင်းကင်ဧကရာဇ်ကိုလည်း စိတ်မပျက်စေရပါဘူး”

“အင်း...”

မီးနဂါးဝိညာဉ်က ခေတ္တမျှ တွေးကာ ပြန်ပြောသည်။

“မင်း ဧကရာဇ်အဆင့်ကို မတက်လှမ်းနိုင်သေးခင်မှာလည်း ငါ မင်းအနောက်ကို လိုက်ခဲ့မှာပါ။ ဒါပေမဲ့ ငါ မင်းကို သုံးကြိမ်ပဲ ကူညီပေးနိုင်မယ်။ မင်း ဆယ်နှစ်အတွင်း ဧကရာဇ်အဆင့်ကို မတက်လှမ်းနိုင်ဘူးဆိုရင် ငါ မီးနဂါးဓားကို ယူပြီး ထွက်သွားမယ်။ အင်း.. ဝူမင်နဲ့ ငါ့ရဲ့ သဘောတူညီချက်အရဆိုရင် ငါ မင်းကို အမည်မဲ့ကျင့်စဉ်ရဲ့ ဆဋ္ဌမအဆင့်ကို သင်ပေးနိုင်တယ်”

ရွှီး...

စကားဆုံးသွားသောအခါ မီးနဂါးဝိညာဉ်၏ မျက်လုံးများက လင်းလက်လာ၏။ ထို့နောက် ကျန်းရီ၏ စိတ်ထဲတွင် အချက်အလက်များ ထွက်ပေါ်လာသည်။ ကျန်းရီ ချက်ချင်း တင်ပျဉ်ခွေထိုင်ချလိုက်ပြီး မည်သည်ကိုမှ အရေးမစိုက်တော့ဘဲ ထိုအချက်အလက်များကိုသာ မှတ်သားလိုက်လေသည်။

အမည်မဲ့ကျင့်စဉ်ကို ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ဖန်တီးထားခြင်းပင်။ ကျန်းရီသာ အမည်မဲ့ကျင့်စဉ်ကို နဝမအဆင့်အထိ ကျင့်ကြံနိုင်ပြီး မီးနဂါးဓား၏ အစိတ်အပိုင်းအကုန်လုံးကို ရှာနိုင်မည်ဆိုလျှင် တမလွန်ဘုံဧကရာဇ်ကို ယှဉ်နိုင်မည့်စွမ်းအား ရလိမ့်မည်ဟု ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ပြောခဲ့သည်။ ယင်းကို ကြည့်ရုံနှင့်ပင် အမည်မဲ့ကျင့်စဉ်က မည်မျှ အစွမ်းထက်ကြောင်း သိနိုင်ပေသည်။

ကျန်းရီသည် သေချာအာရုံစိုက်၍ အမည်မဲ့ကျင့်စဉ်၏ ဆဋ္ဌမအဆင့်ကို မှတ်သားလိုက်၏။ သူ ၎င်းကို လေ့လာရန် မလောပါ။ မီးနဂါးဝိညာဉ်ကြောင့် လှုပ်ရှားခဲ့သည့် စိတ်ကိုသာ ပြန်တည်ငြိမ်အောင် လုပ်လိုက်သည်။

ရှေးဦးစွာ သူ ဘေးကင်းပြီဖြစ်ပြီး စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ထိုမီးနဂါးဝိညာဉ်က သူ့နောက်ကို လိုက်ခဲ့မည်ဟုလည်း ပြောသည်။ ထို့ပြင် သူ ဧကရာဇ်အဆင့်ကို မရောက်ခင် အတောအတွင်း သုံးကြိမ်ကူညီပေးမည်ဖြစ်သည်။ ထိုမီးနဂါးဝိညာဉ်က မည်မျှစွမ်းအားကြီးသနည်းဟု ကျန်းရီ တွေးတောလိုက်၏။ ၎င်းက မိုးပြာမဟာဧကရာဇ်ကိုပင် ယှဉ်နိုင်သလော။ သို့ဆိုလျှင် သူ ကောင်းကင်ဘုံသို့ ချက်ချင်း ပြန်၍ ရပေလိမ့်မည်။ ကောင်းကင်ဘုံသို့ မပြန်လိုလျှင်လည်း သူ့လူများကို ကောင်းကင်မိစ္ဆာဘုံသို့ ခေါ်နိုင်မည်ဖြစ်သည်။

‘ဟုတ်တယ်.. ကောင်းကင်မိစ္ဆာဘုံ’

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် အပြင်သို့ ချက်ချင်းထွက်ရန် ဆုံးဖြတ်လိုက်၏။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ၏ အခြေအနေက မည်သို့ ရှိနေသနည်း။ ထျန်းဖုန့်ဧကရာဇ်နှင့် အခြားမိစ္ဆာအရှင်နှစ်ပါး၏ သတ်ဖြတ်မှုကို ခံလိုက်ရပြီလော။

သို့သော် ကျန်းရီ အပြင်ထွက်လိုက်လျှင် ထိုမီးနဂါးဝိညာဉ်က မိစ္ဆာမျိုးနွယ်၏ မိစ္ဆာအရှင်သုံးပါးကို ယှဉ်နိုင်ပါမည်လော။ မယှဉ်နိုင်လျှင် သူ မိစ္ဆာအရှင်သုံးပါး၏ သတ်ဖြတ်မှုကို ခံရပေလိမ့်မည်။

ကျန်းရီ မျက်လုံးပြန်ဖွင့်ကာ ကောင်းကင်ထဲရှိ မီးနဂါးဝိညာဉ်ကို ကြည့်ကာ မေးလိုက်၏။

“အရှင်... အခု ကျွန်တော် နတ်ဆိုးချောက်နက်ထဲက ထွက်သွားလို့ ရပါပြီလား။ ပြီးတော့ မိစ္ဆာအရှင်သုံးပါးကို ဖိနှိပ်ပေးဖို့လည်း ကျွန်တော် အရှင့်ကို အကူအညီတောင်းချင်ပါတယ်။ ကျွန်တော် ကောင်းကင်မိစ္ဆာဘုံကို ပေါင်းစည်းချင်တယ်။ အရှင်.. အဲ့လို လုပ်နိုင်ပါသလား”

“ကောင်းကင်မိစ္ဆာဘုံကို ပေါင်းစည်းမှာလား”

မီးနဂါးဝိညာဉ်၏ မျက်ဝန်းများထဲတွင် အထင်သေးသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူ အေးစက်စက် ပြန်ပြောလိုက်သည်။

“ကောင်းကင်မိစ္ဆာဘုံလေးကို သိမ်းပိုက်နိုင်လို့ ဘာလုပ်ရမှာလဲ။ ငါ သုံးကြိမ်ကူညီပေးမဲ့ အခွင့်အရေးထဲက တစ်ကြိမ်ကို ဒီအတွက်နဲ့ ဖြုန်းပစ်ချင်တာ သေချာလား”

ကျန်းရီ တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းညိတ်လိုက်သည်။

“ကျွန်တော် ကောင်းကင်မိစ္ဆာဘုံကို ပေါင်းစည်းချင်တယ်ဆိုတာ သေချာပါတယ်”

အပြင်လောကရှိ မည်သူကမှ ကောင်းကင်မိစ္ဆာဘုံအကြောင်းကို မသိပေ။ မိုးပြာမဟာဧကရာဇ်ပင် ကျန်းရီနောက်သို့ လိုက်မလာနိုင်ခဲ့ချေ။ ထို့ကြောင့် ကျန်းရီသည် ဤဘုံကို ခိုလှုံရာနေရာတစ်ခုအဖြစ် သဘောထား၍ သူ့မျိုးနွယ်ဝင်များ၊ သူ့မိတ်ဆွေများနှင့် သူချစ်ခင်ရသူများကို ဤဘုံဆီ ပြောင်းရွှေ့ပေးလိုနေပေသည်။

ဤဘုံကို ခိုလှုံရာနေရာတစ်ခု လုပ်တော့မည်ဖြစ်ရာ အကြွင်းမဲ့ လုံခြုံမှု ရှိရန်နှင့် မိစ္ဆာအရှင်သုံးပါးက သူ့အပေါ် သစ္စာရှိနေအောင် လုပ်ရပေမည်။ ထို့ပြင် သူက အရှင်မချင်လင်းထံတွင် ကျေးဇူးကြွေးတင်နေသည်။ ထို့ကြောင့် သူမ၏ လက်အောက်ခံဟောင်းများကို သူ ကာကွယ်ရမည်ဖြစ်သည်။ သူ ကြမ်းကြုတ်နဂါးဘုရင်တို့နှင့်လည်း အတူတကွ တိုက်ခိုက်ခဲ့ဖူးသည် မဟုတ်ပါလား။ သူတို့က မိစ္ဆာ၊ သူက လူသားဖြစ်သော်လည်း သူ့ရင်ထဲတွင် သူတို့အပေါ် သံယောဇဉ်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့ သေမည်ကို ရပ်ကြည့်မနေနိုင်ပါချေ။

မီးနဂါးဝိညာဉ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ငါက မင်းကို ကတိပေးပြီးနေမှတော့ မင်း ကောင်းကင်မိစ္ဆာဘုံကို ပေါင်းစည်းနိုင်ပြီး ကောင်းကင်မိစ္ဆာဘုံရဲ့ အရှင်သခင် ဖြစ်လာအောင် ကူညီပေးပါမယ်။ ဒါပေမဲ့... မင်း အခု အပြင်မထွက်သေးတာ ပိုကောင်းလိမ့်မယ်”

ကျန်းရီ နားမလည်သဖြင့် မေးလိုက်သည်.

“ဘာဖြစ်လို့ပါလဲ”

မီးနဂါးဝိညာဉ်က ကျန်းရီကို အေးစက်စက်ကြည့်၍ ဖြေ၏။

“အစောက မင်း သိမြင်နားလည်သွားတဲ့ အနှစ်သာရက အရမ်းစွမ်းအားကြီးတယ်။ မိုးမြေတောင် သက်ရောက်ခံလိုက်ရတယ်၊ မိုးမြေမူမမှန်မှုတစ်ခု ဖြစ်သွားတယ်။ ကောင်းကင်မိစ္ဆာဘုံက အရမ်းတည်ငြိမ်တော့ ပုံမှန်ဆိုရင် အဲ့လိုမျိုး မဖြစ်သင့်ဘူး။ အဲ့တော့ ဖြစ်နိုင်ခြေက တစ်ခုပဲရှိတယ်၊ မင်း သိမြင်နားလည်လိုက်တဲ့ အနှစ်သာရက အရမ်းစွမ်းအားကြီးတယ်ဆိုတာပဲ။ အခု မင်းလုပ်ဖို့လိုတာက အဲ့အနှစ်သာရကို ဆက်လေ့လာဖို့ပဲ။ အထွတ်အထိပ်အဆင့်ကို မရောက်နိုင်ရင်တောင် အနည်းဆုံးတော့ နောက်ကျ အဲ့အနှစ်သာရကို ဆက်လေ့လာနိုင်ဖို့ သေချာတဲ့အဆင့်အထိ ရောက်နေသင့်တယ်”

“မိုးမြေမူမမှန်မှုလား”

ကျန်းရီသည် ကိုးရောင်ခြယ်လျှပ်စီးတန်းကို ပြန်တွေးမိကာ ကြက်သီးထသွား၏။ သူ သိမြင်ခဲ့သည့် လျှပ်စီးအနှစ်သာရက အနှစ်သာရ ဟုတ်မနေသည်လော။ သို့‌သော် အနှစ်သာရ မဟုတ်လျှင် မည်သည့်အရာနည်း။ မီးနဂါးဝိညာဉ်ကတော့ ဤလောကထဲတွင် အနှစ်သာရများထက် စွမ်းအားကြီးသည့်အရာ မရှိဟု ပြောပေသည်။

‘လုပ်တာပေါ့ကွာ...’

မီးနဂါးဝိညာဉ်က ညွှန်ကြားလိုက်ပြီဖြစ်၍ ကျန်းရီ များစွာ တွေးတောမနေတော့ပေ။ ဤနေရာထဲတွင် ရက်ပေါင်းများစွာ နေခဲ့ပြီးဖြစ်ရာ ရက်အနည်းငယ်လောက် ဆက်နေရမည်ကို သူ စိတ်မရှိပါ။ ထိုအနှစ်သာရကို နောင်တွင် ဆက်လေ့လာနိုင်လောက်သော အဆင့်အထိ ရောက်အောင် လုပ်ရပေမည်။

‘နေဦး...’

ကျန်းရီသည် ဤနေရာထဲတွင် သူ နတ်ဘုရားသစ်ရွက်ကို မထုတ်နိုင်ကြောင်း အမှတ်ရသွား၏။ နတ်ဘုရားသစ်ရွက် မရှိလျှင် သူ၏သိမြင်နားလည်နိုင်စွမ်းက လျော့ကျနေမည်ဖြစ်သည်။ ထို့ကြောင့် မော့ကြည့်ကာ မေးလိုက်သည်။

“ကျွန်တော် တခြားနေရာကိုသွားပြီး ကျင့်ကြံလို့ရမလား။ ကျွန်တော့် သိုလှောင်လက်စွပ်ထဲက ရတနာတစ်ခုကို ထုတ်နိုင်မှာ ကျွန်တော့်ရဲ့ သိမြင်နားလည်နိုင်စွမ်းက ပိုမြန်လာမှာ။ ပြီးတော့... အရှင် ကျွန်တော့်ရဲ့ ဝိညာဉ်ကျွန်က သေသွားပြီလား”

ရွှီး...

မီးနဂါးဝိညာဉ်က လင်းလက်လာကာ လေထဲမှ ပျောက်ကွယ်သွား၏။ ထို့နောက် ကျန်းရီလည်း ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်အတွင်း ကြီးကျယ်ခမ်းနားသော ခန်းမကျယ်ကြီးတစ်ခုထဲ ရောက်သွားလေ၏။

“သခင်လား...”

ခန်းမထဲမှနေ၍ အံ့အားသင့်သံတစ်သံ ပဲ့တင်ထပ်လာသည်။ ကျန်းရီ လှမ်းကြည့်လိုက်ရာ အသံပိုင်ရှင်မှာ ကော့ချန်ဘုရင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် သူ ရယ်ကာ ပြောလိုက်သည်။

“ခင်ဗျား မသေသေးဘူးပဲ”

ကော့ချန်ဘုရင်သည် ခပ်သွက်သွက် ဒူးထောက်ချကာ တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်တွင် ကျန်းရီ၏ စိတ်ထဲ၌ မီးနဂါးဝိညာဉ်၏အသံ ထွက်ပေါ်လာသည်။

“အချိန် ထပ်ဖြုန်းမနေနဲ့တော့။ မြန်မြန် အနှစ်သာရကို ဆက်လေ့လာလိုက်”

“ဟုတ်ကဲ့ပါ’

ကျန်းရီသည် ကော့ချန်ဘုရင်ကို စကားမပြောရန် လက်ဟန်ပြလိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် လက်စွပ်ထဲမှနေ၍ ဝတ်ရုံရှည်တစ်ထည်ထုတ်ကာ ဝတ်လိုက်၏။ ပြီးလျှင် ဆောင်းဥတုပုလဲကိုလည်း ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်လိုက်သည်။ ဖုန့်နီက ပုလဲထဲတွင် နာခံစွာ နေနေကြောင်း တွေ့ရသည်။ ထို့ကြောင့် သူ နတ်ဘုရားသစ်ရွက်ကို ထုတ်၍သာ အနှစ်သာရကို စတင်လေ့လာလိုက်လေသည်။

ကော့ချန်ဘုရင်၏ရင်ထဲတွင် မေးခွန်းများစွာ ရှိနေ၏။ သို့သော် သူ ကျန်းရီကို မမေးဝံ့ပေ။ ကျန်းရီကလည်း မည်သို့မှ မပြောသဖြင့် သူ ဘေးတွင် ထိုင်၍သာ ကျန်းရီကို ကာကွယ်ပေးနေလိုက်ရလေသည်။

ကျန်းရီသည် လျှပ်စီးအနှစ်သာရကို ချက်ချင်း ဆက်မလေ့လာသေးဘဲ နဝမမြောက်ကြယ်စက်လုံးကို ကောင်းကင်စိတ်အာရုံနှင့် အကြိမ်ကြိမ် အာရုံခံကြည့်လိုက်၏။ မီးနဂါးဝိညာဉ်က အပြင်ဘက်တွင် မိုးမြေမူမမှန်မှုတစ်ခု ဖြစ်ခဲ့သည်ဟု ပြော၏။ သို့ဖြစ်ရာ ကိုးရောင်ခြယ်လျှပ်စီးမှာ အစစ်အမှန် ဖြစ်ရပေမည်။ ၎င်းက အစစ်အမှန်ဖြစ်ရာ အဘယ်ကြောင့် နဝမမြောက်ကြယ်စက်လုံးထဲ ဝင်ပြီးနောက် ပျောက်ကွယ်သွားရသနည်း။

ကျန်းရီ၏ နဝမမြောက်ကြယ်စက်လုံးမှာ ထူးဆန်းသည်။ ၎င်းက စွမ်းအင်အမျိုးမျိုးကို သိမ်းထားနိုင်သည်။ အတိတ်တွင် ဝိညာဉ်လေစွမ်းအင်များကို သိမ်းနိုင်ခဲ့သည်။ နောက်၌ မီးတောက်များကို အလိုလို ပေါင်းစည်းပေးနိုင်ခဲ့သည်။ သို့သော် အဘယ်ကြောင့် လျှပ်စီးစွမ်းအင်က ၎င်းထဲ ဝင်သွားပြီးနောက် ပျောက်ကွယ်သွားရပါသနည်း။

ငါးမိနစ်ကြာအောင် ရှာပြီးနောက် လျှပ်စီးစွမ်းအင်မှာ အမှန်တကယ် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ကျန်းရီ အတည်ပြုလိုက်သည်။ ထို့ကြောင့် သူ့တွင် ရွေးချယ်စရာ မရှိတော့ဘဲ နတ်ဘုရားသစ်ရွက်ကို ကိုင်၍သာ လျှပ်စီးအနှစ်သာရကို စတင်လေ့လာလိုက်ရလေသည်။

‘လဝက်... ငါ လျှပ်စီးအနှစ်သာရကို လဝက်လေ့လာမယ်။ ပြီးရင် အမည်မဲ့ကျင့်စဉ်ရဲ့ ဆဋ္ဌမအဆင့်ကို ကျင့်ကြံရမယ်။ အဲ့ဒါပြီးရင်တော့ ငါ ထွက်သွားမယ်’

ကျန်းရီ စိတ်ဆုံးဖြတ်လိုက်၏။ ထို့နောက် အ‌နှောင့်အယှက်အတွေးများကို ဖယ်ရှားကာ လျှပ်စီးအနှစ်သာရအပေါ်တွင်သာ အာရုံစိုက်လိုက်လေတော့သည်။

***

All Chapters