← Chapters

ကျားပြာဘုရင်

Vol. 131 Ch. 1820

ကျားပြာဘုရင်

Vol. 131 Ch. 1820

မီးနဂါးဝိညာဉ်က ကျန်းရီအား အနှစ်သာရကို ဆက်လေ့လာခိုင်းခဲ့သည်။ သို့သော် အပြင်ဘက်တွင် တစ်စုံတစ်ခု ဖြစ်လာလိမ့်မည်ဟုတော့ ၎င်း မျှော်လင့်မထားပေ။

ထျန်းဖုန့်ဧကရာဇ်သည် မီးနဂါးဝိညာဉ်က အပြင်ထွက်လာပြီး ကောင်းကင်မိစ္ဆာဘုံအား ပေါင်းစည်းလိုက်မည်ကို စိုးရိမ်နေသည်။ မီးဝိညာဉ်နဂါးက ကောင်းကင်မိစ္ဆာဘုံကို ပေါင်းစည်းလိုက်သည်နှင့် သူ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကို သတ်ရန် အခွင့်အရေးရတော့မည် မဟုတ်ပေ။ ထို့ကြောင့် သူ အရှက်မဲ့ရန် ဆုံးဖြတ်လိုက်ပေသည်။

ဖုန့်နီ နတ်ဆိုးချောက်နက်ထဲ ကျသွားခြင်းက ထျန်းဖုန့်ဧကရာဇ်ကို အလွန်ဒေါသထွက်သွားစေခဲ့သည်။ သူ ထိုအဖြစ်ကို အချိန်အတော်ကြာသည်အထိ စိတ်ထဲမှ မထုတ်နိုင်ခဲ့ပေ။ သူ့အမြင်တွင် ဖုန့်နီနှင့် ကျန်းရီတို့ နှစ်ယောက်စလုံးက သေသွားပြီဖြစ်ရာ သူ့၌ ဒေါသဖြေစရာနေရာ မရှိချေ။ ထို့ကြောင့် ချင်လင်းအပေါ်သာ အပြစ်အားလုံး ပုံချရပေမည်။ လက်ရှိတွင် ချင်လင်းနှင့် စာရင်းမရှင်းနိုင်ရာ ချင်လင်း၏ လက်အောက်ခံဟောင်းများနှင့်သာ စာရင်းရှင်းရမည်ဖြစ်သည်။

ထျန်းဖုန့်ဧကရာဇ်သည် မိုးမြေမူမမှန်မှုများ ဖြစ်လာခြင်းမှာ မီးနဂါးဝိညာဉ်၏ နတ်ဘုရားအတတ်တစ်ခုက အထွတ်အထိပ်အဆင့်ကို ရောက်သွား၍ ဖြစ်ရမည်ဟု တွေးသည်။ သို့ဖြစ်ရာ မီးနဂါးဝိညာဉ်သည် နတ်ဆိုးချောက်နက်ထဲတွင် ဆက်နေနေတော့မည် မဟုတ်ဘဲ ကြွားဝါရန် ထွက်လာပေလောက်သည်။ ၎င်းက ကောင်းကင်မိစ္ဆာဘုံကိုလည်း ပေါင်းစည်းပေလိမ့်မည်။

ထျန်းဖုန့်ဧကရာဇ်မှာ သူများ၏ လက်အောက်ခံ မဖြစ်လိုပေ။ သို့ဖြစ်ရလျှင် ဂုဏ်သိက္ခာ ကျရပေမည်။ ထို့ကြောင့် ဂုဏ်သိက္ခာ အမဲ့ခံမည့်အစား အရှက်မဲ့ရန် ဆုံးဖြတ်ထားသည်။ သူသည် အမိန့်ကို တိုက်ရိုက်မပေးဘဲ အရိပ်အမြွက်လေးများအနေဖြင့် ပေးခဲ့သည်။ သူ့လက်အောက်ခံများက မည်သို့လုပ်ရမည်ကို ထိုအရိပ်အမြွက်များမှနေ၍ သိပေလိမ့်မည်။

ထျန်းဖုန့်ဧကရာဇ်၏ ပထမစစ်သူကြီး ကျားပြာဘုရင်သည် အနောက်နှင့် တောင်ဒေသတို့သို့ ကိုယ်တိုင် သွားခဲ့၏။ သူသည် ထိုဒေသနှစ်ခုမှ ခေါင်းဆောင်များနှင့် လျှို့ဝှက်ဆွေးနွေးကာ ဒေသသုံးခုသို့ ပြေးလာခဲ့သော အရှေ့ဒေသမှ တပ်သားများကို ပြန်စုစည်းလိုက်သည်။

တပ်သားဆယ်သန်းကျော်ထဲတွင် သုံးသန်းက အညံ့ခံခဲ့ပြီး နှစ်သန်းက အသတ်ခံခဲ့ရသည်။ ကျန်သော ငါးသန်းကျော်မှာ ဒေသသုံးခုသို့ ထွက်ပြေးခဲ့ကြသည်။ ကျားပြာဘုရင်က ထိုတပ်သားများကို လိုက်ရှာခဲ့သည်။ သို့သော် မည်သည့်တပ်သားကမှ အရှေ့ဒေသထဲ ပြန်မဝင်လိုကြတော့ပေ။

အရှင်ကျိုးက အလွန်ကြောက်စရာကောင်းသည်။

ဖုန့်နီပင် အရှင်ကျိုးကို မယှဉ်နိုင်ချေ။ မည်သူက သူ့ကို အနိုင်ယူနိုင်မည်နည်း။ ဒေသသုံးခုက စစ်တပ်များ တိုက်ရိုက်စေလွှတ်ပေးမည်ဆိုလျှင်တော့ ထိုတပ်သားများ ဝန်လေးနေမည် မဟုတ်ဘဲ နယ်မြေများအတွက် ပြန်သွား တိုက်ခိုက်ကြမည်ဖြစ်သည်။ သို့သော် ဒေသသုံးခုက ပေါ်ပေါ်ထင်ထင် ကူညီမပေးဝံ့သေးရာ သူတို့က အဘယ်အတွက် သွားအသေခံရပါမည်နည်း။

ကျန်းရီက ထျန်းဖုန့်ဧကရာဇ်ကြောင့် နတ်ဆိုးချောက်နက်ထဲ ခုန်ချခဲ့ရသည်ဆိုသော သတင်းမှာ ပျံ့နှံ့မနေခဲ့ပေ။ ကြမ်းကြုတ်နဂါးဘုရင်သည် အရှေ့ဒေသထဲတွင် ပဋိပက္ခများ မဖြစ်စေရေးနှင့် ‌ဒေသသုံးခုက လာတိုက်လိုက်လျှင် ခုခံနိုင်ရေးအတွက် အရှေ့ဒေသကို ပိတ်ချထားပြီးဖြစ်သည်။

ကျားပြာဘုရင်သည် အရှေ့ဒေသမှ တပ်သားများက ပြန်သွားမတိုက်ခိုက်လိုဘဲ ရှိနေကြ၍ ဒေါသထွက်နေ၏။ ထို့ကြောင့် သူတို့ ပြန်မသွားလျှင် သူတို့အားလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်လိုက်သည်။

ကျားပြာဘုရင်က အကြံတစ်ခုလည်း ထုတ်ထားသည်။ သူက ကျားပြာမျိုးနွယ်တစ်ခုလုံးကို ဦးဆောင်၍ တောင်ဒေသကို သစ္စာဖောက်ကာ အရှင်မချင်လင်းထံတွင် လက်အောက်ခံမည်ဟု ဘုံတစ်ခုလုံးကို ကြေညာလိုက်၏။ ကျားပြာမျိုးနွယ်တစ်ခုလုံးမှာ အရှေ့ဒေသဆီ ရွှေ့ပြောင်းမည်ဖြစ်သည်။

ထိုသတင်း ပျံ့နှံ့သွားသောအခါ ကောင်းကင်မိစ္ဆာဘုံတစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ အရှေ့ဒေသထဲမှ စစ်ပွဲက ငြိမ်သွားရုံသာ ရှိသေးသည်။ သို့သော် ကျားပြာဘုရင်က နောက်ထပ်စစ်ပွဲတစ်ပွဲကို စရန် ပြင်ဆင်နေပြီလော။ သူတို့မျိုးနွယ်က အရှေ့ဒေသဆီ ‌ရွှေ့ပြောင်းမည်လော။ သူက အရှေ့ဒေသထဲရှိ ဒေသများကို သိမ်းပိုက်၍ အရှေ့ဒေသ၏ တည်ငြိမ်နေမှုကို ဖျက်ဆီးလိုခြင်းဖြစ်ကြောင်း မထင်ရှားပါသလော။

ကျားပြာဘုရင်မှာ တောင်ဒေသတွင် အာဏာရှင်တစ်ယောက် ဖြစ်သည်။ ကျားပြာမျိုးနွယ်မှာလည်း ထျန်းဖုန့်မျိုးနွယ်ပြီးလျှင် ဒုတိယအကြီးဆုံးမျိုးနွယ်ဖြစ်သည်။ သူနှင့် သူ့မျိုးနွယ်က တောင်ဒေသတွင် အဆင်ပြေနေရာ အဘယ်ကြောင့် အရှေ့ဒေသသို့ သွားရပါမည်နည်း။

အရူးတစ်ယောက်ပင် ထိုကိစ္စမှာ ထျန်းဖုန့်ဧကရာဇ်က အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကို ဖြစ်သည့်နည်းနှင့် ရှင်းပစ်ရန် လျှို့ဝှက်အမိန့်ပေးခဲ့မှုကြောင့်ဖြစ်ကြောင်း သိနိုင်သည်။ ကျားပြာဘုရင်က တောင်ဒေသကို သစ္စာဖောက်မည်ဆိုသည်မှာလည်း ဟန်ဆောင်မှုသာ ဖြစ်နိုင်သည်။ ယင်းမှာ တပ်သားများကို ပေါ်ပေါ်ထင်ထင် ခေါ်သွားနိုင်ရန် အကြောင်းပျချက်တစ်ခုသာ။

ထိုသတင်းများကြောင့် အရှေ့ဒေသမှ ထွက်ပြေးလာခဲ့ကြသော တပ်သားများ ရုတ်ခြည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ဒေသသုံးခုထဲတွင် သူတို့က အပြင်လူများသာဖြစ်သည်။ သူတို့သည် နယ်မြေတစ်ခုကိုပင် မပိုင်ဆိုင်နိုင်ဘဲ နယ်မြေအစွန်အဖျားလေးများတွင်သာ ကပ်နေကြရသည်။ ယခု ကျားပြာဘုရင်က ရှေ့ထွက်ဦးဆောင်လိုက်ပြီဖြစ်ရာ သူတို့ သူ့နောက်သို့လိုက်ကာ အရှေ့ဒေသသို့ ပြန်သွားပြီး နယ်မြေများ ပြန်ယူရန် စိတ်အားထက်သန်လာကြသည်။ ထျန်းဖုန့်ဧကရာဇ်ကပင် အရှက်မဲ့နေရာ သူတို့က မည်သည်ကို ရွံ့နေရမည်နည်း။

စစ်တပ်ကြီးသည် ဒေသလေးခုအလယ်ရှိ အောက်ခြေမဲ့တွင်းအနီးတွင် စုဝေးကြ၏။ အနောက်ဒေသနှင့် မြောက်ဒေသတို့မှ မျိုးနွယ်အချို့သည်လည်း သူတို့၏ သစ္စာဖောက်မှုကို ကြေညာကာ အရှင်မချင်လင်းထံတွင် လက်အောက်ခံမည်ဟု ကြွေးကြော်ခဲ့ကြသည်။ သူတို့သည် အရှင်မချင်လင်းက အရှေ့‌ဒေသကို ထာဝရအုပ်စိုးနိုင်ရန် ကူညီပေးကြမည်ဖြစ်သည်။

သုံးရက်အတွင်းမှာပင် အင်အားဆယ်သန်းကျော်ရှိသော စစ်တပ်တစ်တပ်ကို စုစည်းနိုင်လိုက်ပြီး အရှေ့ဒေသကို စချီကြလေသည်။ စစ်တပ်ထဲတွင် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား အယောက်နှစ်ဆယ်ပါသည်။ သူတို့ထဲတွင် ကျားပြာဘုရင်မှာ ကြမ်းကြုတ်နဂါးဘုရင်ဟောင်းနှင့်ပင် ယှဉ်နိုင်ပေသည်။

စစ်တပ်သည် ဗျူဟာများစွာ မသုံးဘဲ နဂါးတောင်ကြားဆီသို့ တန်းတန်းမတ်မတ် ချီတက်သွား၏။ ကျန်းရီက နတ်ဆိုးချောက်နက်ထဲ ကျသွားပြီဖြစ်ကြောင်း ကျားပြာဘုရင်က သေချာသိထားသည်။ သို့ဖြစ်ရာ ကြမ်းကြုတ်နဂါးဘုရင်တို့က သူတို့၏ဦးနှောက်လေးများနှင့် မည်သည့်ဗျူဟာများ ထုတ်နိုင်ပါမည်နည်း။

တပ်သားဆယ်သန်းကျော်၊ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား အယောက်နှစ်ဆယ်ကျော်နှင့် မိစ္ဆာအရှင်သုံးပါးထက် တစ်ဆင့်သာနိမ့်သော ကျားပြာဘုရင်တို့ကို ယှဉ်ရန် ကြမ်းကြုတ်နဂါးဘုရင်တို့က မည်သည့်ဗျူဟာများကို အသုံးပြုနိုင်ပါမည်နည်း။

***

စစ်တပ်ကြီး ချီလာသောအခါ အရှေ့ဒေသတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ သတင်းများကို ဖုံးဖိထားသော်လည်း အ‌ရှေ့ဒေသမှ မျိုးနွယ်ဘုရင်အားလုံးသည် ကျန်းရီက နတ်ဆိုးချောက်နက်ထဲ ကျသွားပြီဖြစ်ကြောင်း သိထားကြသည်။ ရက်တစ်ရာကျော် ကြာခဲ့ပြီဖြစ်သည်။ ကျန်းရီက မသေသေးသော်လည်း မည်သည့်အချိန်မှ ပြန်ထွက်လာမည်ကို မသိရပေ။ သူ ပြန်မထွက်နိုင်ခြင်းလည်း ဖြစ်နိုင်သည်။ ပြန်သာ ထွက်လာနိုင်လျှင် အစောကတည်းက ထွက်လာပြီးလောက်ပြီ မဟုတ်လော။

ကျန်းရီ မရှိသဖြင့် ကြမ်းကြုတ်နဂါးဘုရင်က အရှေ့ဒေသ၏ ခေါင်းဆောင် ဖြစ်နေသည်။ သို့သော် သူ့တွင် ဩဇာအာဏာ အလုံအလောက် မရှိသဖြင့် စစ်တပ်၏ စိတ်ဓာတ်ကို တည်ငြိမ်အောင် လုပ်မပေးနိုင် ဖြစ်နေ၏။ အရှေ့ဒေသမှ မျိုးနွယ်များအတွက် ကျန်းရီမှာ အခြေခံအုတ်မြစ်ဖြစ်သည်။ ကျန်းရီ ရှိနေလျှင် မည်သည့်ပြဿနာမှ ရှိမည်မဟုတ်ပေ။ သို့သော် ကျန်းရီမရှိလျှင်မူ အရှေ့ဒေသက တည်ငြိမ်နိုင်တော့မည် မဟုတ်ချေ။

လက်ရှိအရှေ့ဒေသတွင် တပ်သားလေးသန်းကျော် ငါးသန်းလောက်နှင့် စွမ်းအားကြီး သိုင်းသမား အနည်းငယ်သာ ရှိတော့သည်။ ကျန်းရီ ချန်ပေးခဲ့သော ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား နှစ်ယောက်ကို ထည့်တွက်မည်ဆိုလျှင် သူတို့ဘက်တွင် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား ခုနစ်ယောက်ရှိသည်။ ရန်သူဘက်တွင်မူ အယောက်နှစ်ဆယ်ရှိပေသည်။ အရေးအကြီးဆုံးမှာ ရန်သူဘက်တွင် ကျားပြာဘုရင်က ခေါင်းဆောင်ဖြစ်နေခြင်းပင်။ သူသည် ကြမ်းကြုတ်နဂါးဘုရင်ဟောင်းနှင့်ပင် ယှဉ်နိုင်ပေသည်။

ကြမ်းကြုတ်နဂါးဘုရင်တို့ မည်သို့မှ မနိုင်နိုင်ပါ။ သူတို့ သေသည်အထိ တိုက်ခိုက်မည်ဆိုလျှင်ပင် သူတို့ဘက်မှ မျိုးနွယ်အားလုံး သုတ်သင်ခံလိုက်ဦးမည်သာ။ အကြီးအကဲတစ်စုသည် အတူစုဝေးကာ ဆွေးနွေးလျက်ရှိ၏။ နောက်ဆုံး သူတို့ ရွေးချယ်စရာနှစ်ခုကို သတ်မှတ်လိုက်ကြသည်။ သူတို့ အညံ့ခံနိုင်သည်၊ သို့မဟုတ် အရှေ့ဒေသကို လက်လွှတ်လိုက်နိုင်သည်။

အညံ့ခံရန် မဖြစ်နိုင်ပါ။ သူတို့သာ အညံ့ခံလိုလျှင် ယခင်ကတည်းက အညံ့ခံပြီးလောက်ပေပြီ။ ထို့ကြောင့် သူတို့ အရှေ့ဒေသကို လက်လွှတ်လိုက်ရန်သာ ရှိတော့သည်။ ခက်နေသည်မှာ သူတို့ အ‌ရှေ့ဒေသကို လက်လွှတ်လိုက်လျှင် သွားစရာနေရာ မရှိတော့ခြင်းပင်။ ကျတ်တီးမြေမှလွဲ၍ သူတို့ မည်သည့်နေရာသို့ သွားနိုင်ပါဦးမည်နည်း။

“သွားကြမယ်...”

ကြမ်းကြုတ်နဂါးဘုရင်က အလွန်ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ စစ်တပ်တစ်တပ်လုံးနှင့် သန်းရာချီသော အဆင့်နိမ့်မိစ္ဆာများသည် ကျတ်တီးမြေနှင့် နတ်ဆိုးချောက်နက် ပတ်ဝန်းကျင်သို့ ပြောင်းရွှေ့လိုက်ကြလေသည်။

ကြမ်းကြုတ်နဂါးဘုရင် ထိုအမိန့်ကို ပေးခဲ့ခြင်းမှာ ကျန်းရီက အသက်ရှင်နေသေး၍ ဖြစ်သည်။ သူ ချန်ခဲ့သော ဝိညာဉ်ကျွန် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားနှစ်ယောက်က အသက်ရှင်နေသေးသည် မဟုတ်ပါလား။ ထို့ကြောင့် ကျန်းရီက နတ်ဆိုးချောက်နက်ထဲတွင် အသက်ရှင်လျက် ရှိနေလောက်သေးပေသည်။

ကြမ်းကြုတ်နဂါးဘုရင်၏ ရင်ထဲတွင် မျှော်လင့်ချက်တစ်ခု ရှိ၏။ သူတို့ နတ်ဆိုးချောက်နက်အနီးသို့ သွားလိုက်လျှင် ကျန်းရီက ပြန်ထွက်လာလိမ့်မည်ဟု သူ ခံစားနေရသည်။ ကြောက်မက်ဖွယ် ဖြစ်တည်မှုကလည်း သူတို့ဘက်မှ ဝင်ကူပေးနိုင်လောက်သည်။ ဖြစ်နိုင်ခြေက နည်းသော်လည်း မျှော်လင့်ချက် လုံးဝမရှိသည်တော့ မဟုတ်ပေ။ သူတို့ အရှေ့ဒေသထဲတွင် ဆက်နေလျှင်မူ သေချာပေါက် သေကြရမည်ဖြစ်သည်။

ကျားပြာဘုရင်နှင့် အခြားသူများက အောက်ခြေမဲ့တွင်းအနီးတွင် စုဝေးနေချိန်ကတည်းက ကြမ်းကြုတ်နဂါးဘုရင်သည် သူ့ဘက်မှသူများကို ကျတ်တီးမြေသို့ ပြောင်းရွှေ့ရန် အမိန့်ပေးလိုက်ပြီးဖြစ်သည်။ သန်းရာချီသော အဆင့်နိမ့်မိစ္ဆာများက အရှေ့ဆုံးမှ ပြောင်းရွှေ့ခဲ့ပြီး စစ်တပ်က နောက်မှကာ၍ လိုက်ခဲ့သည်။

ကျားပြာဘုရင်သည် ထိုသတင်းကို ရသောအခါ ကြမ်းကြုတ်နဂါးဘုရင်တို့ နောက်သို့ လိုက်ရန် အရှိန်မတင်ခဲ့ရုံသာမက စစ်တပ်တစ်တပ်လုံးကို အရှိန်လျှော့စေလိုက်သည်။ ထို့ကြောင့် ကြမ်းကြုတ်နဂါးဘုရင်တို့ အရှေ့ဒေသထဲမှ ထွက်သွားရန် အချိန်ရခဲ့ပေသည်။

အဘယ်ကြောင့်နည်း။

တိတိကျကျဆိုရလျှင် ကျတ်တီးမြေမှာ အရှေ့ဒေသ၏ အစိတ်အပိုင်းတစ်ခု မဟုတ်ပါ။ ကြမ်းကြုတ်နဂါးဘုရင်တို့က အ‌ရှေ့ဒေသထဲမှ ထွက်သွားလျှင် သူတို့ကို အရှေ့ဒေသ၏ ဒေသသူ၊ ဒေသသားများအဖြစ် သတ်မှတ်နိုင်တော့မည် မဟုတ်ချေ။ သို့ဆိုလျှင် ကျားပြာဘုရင်တို့က သူတို့ကို ပေါ်ပေါ်ထင်ထင် သတ်ဖြတ်နိုင်မည် မဟုတ်ပါလား။

ကျတ်တီးမြေထဲတွင် မည်သည့်အရာမှလည်း မရှိပေ။ သန်းရာချီသော အဆင့်နိမ့်မိစ္ဆာများနှင့် တပ်သားများမှာ စားနပ်ရိက္ခာပြဿနာနှင့် ရင်ဆိုင်ရပေလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ စစ်တပ်၏ စိတ်ဓာတ်က ပျက်ပြားသွားနိုင်သည်။ ထိုအခါကျလျှင် သူတို့ အလွယ်တကူ ရှုံနိမ့်သွားမည်ဖြစ်သည်။

ထို့ပြင် တစ်ခု ရှိသေးသည်။

ကြမ်းကြုတ်နဂါးဘုရင်တို့ အရှေ့ဒေသထဲမှ ထွက်သွားလျှင် ထျန်းဖုန့်ဧကရာဇ်ကိုယ်တိုင် ဝင်ပါနိုင်ပြီဖြစ်သည်။ အကယ်၍ အခြေအနေ ဆိုးလာပါက ထျန်းဖုန့်ဧကရာဇ်က အချိန်မရွေး လှုပ်ရှားနိုင်သည်။ သို့ဖြစ်ရာ ဤတိုက်ပွဲ၏ ရလဒ်မှာ သေချာနေပြီ မဟုတ်ပါလား။

“အရှိန်အပြည့်နဲ့ လိုက်မယ်”

ရှစ်ရက်ကြာပြီးနောက် ကြမ်းကြုတ်နဂါးဘုရင်တို့အားလုံး ကောင်းကင်ဂဠုန်နယ်မြေထဲက ထွက်ပြီးသွားမှ ကျားပြာဘုရင်က အမိန့်ပေးလိုက်သည်။ တပ်သားဆယ်သန်းကျော်သည် အကန့်အသတ်မဲ့သော သတ်ဖြတ်အရှိန်အဝါများနှင့် အရှိန်တင်ကာ ချီတက်ကြလေသည်။ ချင်လင်း၏ လက်အောက်ခံဟောင်းများကို ရှင်းပြီးလျှင် အရှေ့ဒေသက သူတို့အပိုင် ဖြစ်လာပေလိမ့်မည်။

ထိုအခိုက်တွင် ကျားပြာဘုရင်သည် တောင်ဒေသသို့ပင် မပြန်လိုတော့ချေ။ တောင်ဒေသတွင် သူက ထျန်းဖုန့်ဧကရာဇ်၏ လက်အောက်တွင် နေရ၏။ အရှေ့ဒေသတွင်ဆိုလျှင်မူ သူ ထျန်းဖုန့်ဧကရာဇ်၏ လက်အောက်ခံ ဖြစ်နေသေးသော်လည်း အရှေ့ဒေသ၏ ဘုရင်ခံ ဖြစ်လာနိုင်သည် မဟုတ်ပါလား။

အရှေ့ဒေသထဲရှိ အရင်းအမြစ်အားလုံးကလည်း ကျားပြာမျိုးနွယ်အပိုင် ဖြစ်လာနိုင်သည်။ နှစ်ထောင်ကျော် တိုးတက်အောင် လုပ်ပြီးနောက် ဧကရာဇ်အဆင့် မျိုးဆက်တစ်ယောက် ထွက်ပေါ်လာလျှင် ကျားပြာမျိုးနွယ်က ကောင်းကင်မိစ္ဆာဘုံကို မိစ္ဆာအရှင်သုံးပါးနှင့်အတူ ဝေမျှနိုင်မည်ဖြစ်သည်။

“မြန်မြန်... မြန်မြန်...”

ကျားပြာဘုရင်သည် ထိုသို့တွေးပြီးနောက် ပို၍ စိတ်လှုပ်ရှားလာ၏။ သူ အဆက်မပြတ် အော်ဟစ်ကာ စစ်တပ်ကို အရှိန်အပြည့်နှင့် ချီတက်ပြီး ချင်လင်း၏ လက်အောက်ခံဟောင်းများနောက်ကို လိုက်ရန် လောဆော်လိုက်လေသည်။

***

All Chapters