သွားရှာမည်
Vol. 131 Ch. 1821
ကျားပြာဘုရင်သည် သူ့စစ်တပ်ကို ဦးဆောင်၍ အရှိန်အပြည့်နှင့် လိုက်နေ၏။ သူတို့ ကြမ်းကြုတ်နဂါးဘုရင်တို့ကို မီရန် အချိန်နှစ်ရက်သာ လိုခဲ့သည်။ ကြမ်းကြုတ်နဂါးဘုရင်တို့ဘက်တွင် သန်းရာကျော်သော အဆင့်နိမ့်မိစ္ဆာများ ရှိနေ၍ မြန်မြန် မသွားနိုင်ခဲ့သည် မဟုတ်ပါလား။
ကောင်းကင်ဂဠုန်နယ်မြေနှင့် နတ်ဆိုးချောက်နက်က မိုင်သန်းအနည်းငယ် ဝေးသေးသည်။ လက်ရှိတွင် ကြမ်းကြုတ်နဂါးဘုရင်တို့က လမ်းတစ်ဝက်သို့ ရောက်နေကြပြီဖြစ်သည်။ ကြမ်းကြုတ်နဂါးဘုရင်သည် ကျားပြာဘုရင်တို့က လိုက်မီလာပြီဖြစ်ကြောင်း သတင်းရလိုက်သောအခါ မျိုးနွယ်ခေါင်းဆောင်တစ်ယောက်အား တပ်သားတစ်သိန်းကို ဦးဆောင်၍ အဆင့်နိမ့်မိစ္ဆာများကို ခေါ်ကာ အရင်ဆုံးသွားရန် အမိန့်ပေးလိုက်သည်။ ကျန်သော တပ်သားများကမူ ရန်သူကို တားထားရန် နောက်တွင်ချန်နေခဲ့ရမည်ဖြစ်သည်။
ဆယ်နာရီကြာပြီးနောက် တိုက်ပွဲတစ်ပွဲ ဖြစ်ပေါ်လာ၏။ ကျားပြာဘုရင်သည် တိုက်ပွဲတွင် ကိုယ်တိုင်ဝင်မပါသလို စစ်တပ်တစ်တပ်လုံးကိုလည်း မတိုက်စေခဲ့ပေ။ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား ဆယ်ယောက်နှင့် တပ်သားခြောက်သန်းတို့ကိုသာ စေလွှတ်ခဲ့သည်။
တစ်ဘက်က စိတ်ဓာတ် တက်ကြွနေသည်။ ကျန်တစ်ဘက်မှာမူ နောက်ပြန်လှည့်၍ မရတော့။ ထို့ကြောင့် တိုက်ပွဲက ပြင်းထန်ခဲ့ပေသည်။
ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများအားလုံး တိုက်ပွဲတွင် ဝင်တိုက်ကြ၏။ သူတို့ ကောင်းကင်က မည်းမှောင်လာသည်အထိ တိုက်ခိုက်ကြသည်။ မြေပြင်ပေါ်တွင်လည်း သွေးချောင်းစီးလာသည်။ တိုက်ပွဲမှာ နာရီလေးဆယ်ကြာခဲ့၏။ နှစ်ဘက်စလုံး အကျအဆုံး များခဲ့သည်။ တစ်ဘက်လျှင် တပ်သားတစ်သန်းကျော်စီ ဆုံးရှုံးခဲ့သည်။ ထို့ပြင် နှစ်ဘက်စလုံး ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား တစ်ယောက်စီ ဆုံးရှုံးခဲ့ပေသည်။ ထိုမှ ကြမ်းကြုတ်နဂါးဘုရင်က သူ့တပ်သားများကို နောက်ဆုတ်ရန် အမိန့်ပေးခဲ့သည်။
ကျားပြာဘုရင်သည် သူ့တပ်သားများကို နောက်မှ မလိုက်ခိုင်းခဲ့ပေ။ ဤတိုက်ပွဲမှနေ၍ ကြမ်းကြုတ်နဂါးဘုရင်တို့က သေရန် ပြင်ဆင်ထားကြောင်း သူ မြင်နိုင်သည်။ ရန်သူကို ချောင်ပိတ်ရိုက်လျှင် သူတို့ နိုင်မည်ဆိုလျှင်ပင် အဆုံးအရှုံးကြီးရပေလိမ့်မည်။
ကျားပြာဘုရင်သည် သူ့စစ်တပ်ကို ဦးဆောင်၍ ကြမ်းကြုတ်နဂါးဘုရင်တို့နောက်မှ ကပ်လိုက်သွား၏။ သူသည် နောက်မှ လိုက်ရုံသာ လိုက်ပြီး မတိုက်ခိုက်ပေ။ ထို့ကြောင့် ကြမ်းကြုတ်နဂါးဘုရင်တို့ စိတ်ဖိစီးလာကြသည်။ စစ်တပ်၏ စိတ်ဓာတ်မှာလည်း ကျဆင်းလာလေတော့သည်။
မိုင်ငါးသိန်းသွားပြီးနောက် ကြမ်းကြုတ်နဂါးဘုရင်တို့သည် အရှေ့မှ ထွက်သွားသည့် သန်းရာချီသော အဆင့်နိမ့်မိစ္ဆာများနှင့် ပြန်ပေါင်းစုံ၏။ ထိုအခါ ကျားပြာဘုရင်က ထပ်မံတိုက်ခိုက်ရန် သူ့စစ်တပ်ကို စေလွှတ်လိုက်လေသည်.
ကျားပြာဘုရင်ဘက်မှ တပ်သားများက အဆင့်နိမ့်မိစ္ဆာများကို အလစ်ဝင်တိုက်ကြ၏။ ထို့ကြောင့် ကြမ်းကြုတ်နဂါးဘုရင်တို့ ဝင်ကယ်ကြရသည်။ ဤတစ်ကြိမ်တွင် တိုက်ပွဲက ပို၍ပင် ပြင်းထန်သည်။ ကျားပြာဘုရင်က အင်အားအပြည့်နှင့် မတိုက်ခိုက်သော်လည်း တိုက်ပွဲမှာ နာရီနှစ်ဆယ်ကျော် ကြာခဲ့သည်။ နောက်ထပ် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်စီနှင့် တပ်သားတစ်သန်းစီ ကျဆုံးသွားခဲ့သည်။
တတိတိချွေခြင်း ဗျူဟာ...
ကြမ်းကြုတ်နဂါးဘုရင်တို့သည် ကျားပြာဘုရင်၏ ဗျူဟာကို ကောင်းစွာသိ၏။ ကျားပြာဘုရင်က သူတို့ကို တစ်ချီတည်းနှင့် မရှင်းပစ်ဘဲ သူတို့အင်အားကို တတိတိချွေမည်ဖြစ်သည်။ တပ်သားများက ထွက်ပြေးနိုင်သေးကြောင်း သိလျှင် သူသေကိုယ်သေ မတိုက်ခိုက်ဘဲ ထွက်ပြေးရန်သာ တွေးကြပေလိမ့်မည်။
ကြမ်းကြုတ်နဂါးဘုရင်တို့သည် ထိုဗျူဟာကို သိသော်လည်း ရွေးချယ်စရာမရှိသဖြင့် နတ်ဆိုးချောက်နက်ဆီသာ ဆက်ပြေးသွားကြရသည်။ သူတို့ တိုက်ပွဲတွင် သေမည်ဆိုလျှင်ပင် နတ်ဆိုးချောက်နက်အနီးတွင် သေလိုပေသည်။
နာရီနှစ်ဆယ်ကြာပြီးနောက် တတိယတိုက်ပွဲ စတင်လာ၏။ အခြေအနေမှာ အလွန်ဆိုးနေသည်။ ကျန်းရီ ချန်ခဲ့သော ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား နှစ်ယောက်စလုံး တိုက်ပွဲတွင် ကျသွားပြီဖြစ်သည်။ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့လည်း ဒဏ်ရာရထားကြသည်။ သူတို့ဘက်တွင် တပ်သားသုံးသန်းကျော်သာ ကျန်တော့သည်။ သူတို့၏ စိတ်ဓာတ်များမှာလည်း အောက်ဆုံးအထိ ကျဆင်းနေပြီဖြစ်သည်။
ကျားပြာဘုရင်၏ စစ်တပ်ကမူ အလွန်စိတ်အားထက်သန်နေသည်။ ကျားပြာဘုရင်က အလွန်ဉာဏ်ကောင်း၏။ သူသည် တိုက်ပွဲများကို အရှေ့ဒေသမှ ထွက်ပြေးခဲ့သည့် တပ်သားများနှင့် အရင်တိုက်ခဲ့သည်။ ယခုတွင် အရှေ့ဒေသမှ ထွက်ပြေးခဲ့သော တပ်သားသန်းကျော်ထဲမှ တစ်ဝက်လောက်က သေသူသေ၊ ဒဏ်ရာရသူရနှင့် ရှိနေပေပြီ။
ကျားပြာဘုရင်သည် အရှေ့ဒေသ၏ ခေါင်းဆောင်လုပ်ရန် စိတ်ဆုံးဖြတ်ထားသဖြင့် အရှေ့ဒေသ၏ အင်အားကို လျှော့ချလိုပေသည်။ ထိုမှ အချိန်ကျလာလျှင် မည်သူမှ သူ့ကို မဆန့်ကျင်ရဲမည်ဖြစ်သည်။ သူလည်း ပလ္လင်ပေါ် အလွယ်တကူ တက်နိုင်ပေလိမ့်မည်။
နာရီနှစ်ဆယ်ကျော် တိုက်ခိုက်ပြီးနောက် အဆင့်နိမ့်မိစ္ဆာ နှစ်သန်းကျော် အသတ်ခံလိုက်ရသည်။ တပ်သားတစ်သန်းနီးပါးလည်း ကျဆုံးသွားသည်။ ကန်းဟန့်ဘုရင်၏ ခြေထောက်များ အဖြတ်ခံလိုက်ရသည်။ ကြမ်းကြုတ်နဂါးဘုရင်ကသာ မကယ်လိုက်လျှင် သူ သေသွားလောက်ပြီဖြစ်သည်။
စစ်တပ်နှစ်တပ်စလုံး ပြန်ဆုတ်ကြ၏။ ကျားပြာဘုရင်သည် နောက်တိုက်ပွဲတွင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများကို အပြတ်ရှင်းရန် တွေးနေပေပြီ။ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများက အပြင်းအထန် ဒဏ်ရာရထားပြီဖြစ်ပြီး တပ်သားများမှာလည်း နှစ်သန်းလောက်သာ ကျန်တော့ရာ သူတို့ကို တစ်ချီတည်းနှင့် ရှင်းပစ်နိုင်ပြီဖြစ်သည်။
သို့သော်...
ကြမ်းကြုတ်နဂါးဘုရင်တို့သည် ပြေးနေရင်းဖြင့် ရုတ်တရက် စိတ်အားတက်လာကြ၏။ စစ်တပ်၏ ချီတက်နှုန်းကလည်း တိုးလာသည်။ ထို့ကြောင့် ကျားပြာဘုရင် အံ့အားသင့်သွားသည်။ သူ့လက်အောက်ငယ်သားများက သတိပေးတော့မှ သူတို့က နတ်ဆိုးချောက်နက်အနီးသို့ ရောက်တော့မည်ဖြစ်ကြောင်း သိသွားလေသည်။
“နတ်ဆိုးချောက်နက်လား”
ကျားပြာဘုရင်၏ မျက်လုံးများ လင်းလက်လာ၏။ သူ အော်ပြောလိုက်သည်။
“တပ်သားအားလုံး အရှိန်အပြည့်နဲ့ ချီတက်မယ်။ စတိုက်ကြတော့”
အမိန့်ပေးလိုက်သည်နှင့် စစ်တပ်က ရုတ်ခြည်း စိတ်အားတက်လာ၏။ နောက်ဆုံးတိုက်ပွဲက ဤနေရာတွင် စတင်တော့ပေမည်။ ကျားပြာဘုရင်က ထိုတိုက်ပွဲတွင်တော့ ကိုယ်တိုင်ဝင်တိုက်လောက်မည် မဟုတ်လော။ သူ ဝင်တိုက်သည်နှင့် ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများ သေချာပေါက် သေရပေလိမ့်မည်။ ထိုအခါ တိုက်ပွဲလည်း ပြီးဆုံးသွားပေလိမ့်မည်။
နတ်ဆိုးချောက်နက်ထဲတွင် ကြောက်မက်ဖွယ် ဖြစ်တည်မှုတစ်ခု ရှိ၏။ ကျားပြာဘုရင်သည် မျှော်လင့်မထားသော အရာတစ်ခု ဖြစ်လာမည်ကို စိုးရိမ်သည်။ ယခင်တွင် ကျန်းရီက စစ်တပ်ကို ဤနေရာသို့ ဦးဆောင်ခေါ်၍ အရှေ့ဒေသမဟာမိတ်စစ်တပ်ကို အနိုင်ယူခဲ့ဖူးသည်။ သူတို့ နတ်ဆိုးချောက်နက်အနီးသို့ ရောက်သွားလျှင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများက သေချာပေါက် စိတ်အားတပ်သွားပေလိမ့်မည်။ ထို့ကြောင့် ကျားပြာဘုရင်သည် နောက်ဆုံးတိုက်ပွဲကို နတ်ဆိုးချောက်နက်အနီးတွင် ဖြစ်ခွင့်မပေးနိုင်ပေ။
***
နတ်ဆိုးချောက်နက်၏ အနောက်ဘက် ကီလိုမီတာတစ်သိန်းအကွာတွင် စစ်တပ်ကြီးတစ်တပ်က လျင်မြန်စွာ ချီလာနေ၏။ သန်းရာချီသော အဆင့်နိမ့်မိစ္ဆာများက နတ်ဆိုးချောက်နက်အနီးသို့ ရောက်နေကြပြီဖြစ်သည်။ စစ်တပ်မှာလည်း ရောက်တော့ပေမည်။ ထို့ကြောင့် စစ်တပ် အရှိန်တင်လိုက်သည်။ သူတို့၏စိတ်ဓာတ်များလည်း တက်ကြွလာသည်။ ကြမ်းကြုတ်နဂါးဘုရင်က သူတို့ နတ်ဆိုးချောက်နက်သို့ ရောက်လျှင် အံ့အားသင့်စရာ ကိစ္စကြီးတစ်ခု ဖြစ်လာလိမ့်မည်ဟု ပြောထားပေသည်။
ထိုအံ့အားသင့်စရာ ကိစ္စကြီးမှာ အတုသာဖြစ်သည်။ ကြမ်းကြုတ်နဂါးဘုရင်သည် သူ့ကိုယ်သူနှင့် တပ်သားသန်းအနည်းငယ်ကို လိမ်ထားခြင်းပင်။ သူသည် တပ်သားများကို ကျန်းရီအကြောင်းနှင့် နတ်ဆိုးချောက်နက်အနီးတွင် ဖြစ်ခဲ့သော တိုက်ပွဲအကြောင်းကိုသာ တွေးနေစေလိုပေသည်။
“တင်ပြပါတယ်...”
တုန်လှုပ်နေသော အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် ထောက်လှမ်းရေးတပ်မှူးတစ်ယောက်က လျင်မြန်စွာ ပျံသန်းလာသည်။ သူသည် ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ အရှေ့ကို ရောက်သောအခါ ဒူးတစ်ဘက်ထောက်၍ တင်ပြလိုက်၏။
“အရှင်တို့... ကျွန်တော်တို့နောက်က စစ်တပ်က အရှိန်အပြည့်နဲ့ လိုက်လာပါတယ်။ အလွန်ဆုံး နှစ်နာရီအတွင်း သူတို့ လိုက်မီလာပါတော့မယ်။ ကြည့်ရတာ... သူတို့က နောက်ဆုံးတိုက်ပွဲ တိုက်ဖို့ ပြင်ဆင်ထားပုံပါပဲ”
“နောက်ဆုံးတိုက်ပွဲလား”
ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့ ခါးသက်သက် ပြုံးလိုက်ကြသည်။ ကန်းဟန့်ဘုရင်နှာ စစ်ရထားလုံး တစ်စင်းပေါ်တွင် ထိုင်နေပေသည်။ သူ့ခြေထောက်များက အဖြတ်ခံထားရရာ ပြန်ကောင်းရန် အချိန်လိုအပ်ပေသည်။ ထိုသတင်းကို ကြားသောအခါတွင်မူ သူ့မျက်လုံးများ ရုတ်တရက် ပွင့်လာ၏။ သူ ဒေါသတကြီးနှင့် အော်ပြောလိုက်သည်။
“တိုက်မယ်၊ တိုက်မယ်... ကျုပ်သေရမယ်ဆိုရင်တောင် အဲ့မျိုးမစစ်တွေကိုလည်း အပါခေါ်သွားရမယ်”
“နှစ်နာရီလား”
လီရှန်းအာ၏ မျက်ဝန်းများ အရောင်မှိန်သွား၏။ သူမတို့ နှစ်နာရီအတွင်း နတ်ဆိုးချောက်နက်ဆီ ရောက်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုသို့ရောက်ရန် အနည်းဆုံး သုံးနာရီလောက် လိုမည်ဖြစ်သည်။
လီရှန်းအာသည် မျက်တောင်ပုတ်ခတ်၍ ရုတ်တရက် ပြောလိုက်၏။
“အရှင်တို့... ကျွန်မ အရင်သွားချင်ပါတယ်”
လီရှန်းအာ၏ အဆင့်အတန်းက ထူးခြားသည်။ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများသည် သူမကို အလေးပေးကာ ဆက်ဆံကြသည်။ ယခု သူမ၏စကားကို ကြားသောအခါ မျိုးနွယ်ဘုရင်များက အံ့ဩဟန်နှင့် လှမ်းကြည့်လိုက်ကြ၏။ သူမက အရင်ဆုံး ထွက်ပြေးသွားမည်လော။ သူမ၏ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က စစ်တပ်ထဲတွင် ရှိနေသေးသည် မဟုတ်လော။
ကြမ်းကြုတ်နဂါးဘုရင်သည် ခေတ္တမျှ တွေးတောပြီးနောက် လီရှန်းအာ၏ ရည်ရွယ်ချက်ကို နားလည်သွား၏။ သူ ပြတ်သားစွာ ပြန်ပြောလိုက်သည်။
“မဖြစ်ပါဘူး၊ မင်းသမီးရှန်းအာ။ မင်းသမီး နတ်ဆိုးချောက်နက်ထဲ ဆင်းသွားရင် သေချာပေါက် သေလိမ့်မယ်”
ထိုအခါမှ မျိုးနွယ်ဘုရင်အားလုံး သဘောပေါက်သွားကြ၏။ လီရှန်းအာက နတ်ဆိုးချောက်နက်ထဲ ဆင်း၍ ကျန်းရီကို သွားရှာလိုခြင်းပင်။ သို့မဟုတ် သူမက ကျန်းရီနှင့်အတူ သေလိုခြင်းဖြစ်မည်။
လီရှန်းအာသည် ဝမ်းနည်းမှု အရိပ်အယောင်များ ပါသော်လည်း လှပသော အပြုံးတစ်ပွင့် ပြုံးလိုက်ပြီး ကြမ်းကြုတ်နဂါးဘုရင်ကို ကြည့်ကာ ပြောလိုက်သည်။
“သေချာပေါက် သေမှာလား။ ကျွန်မ ဒီမှာ နေရင်ရော ရှင်သန်နိုင်မှာပါလား။ အရှင်ကျိုးက အသက်ရှင်နေတုန်းပဲဆိုတာ့ ကျွန်မ အရှင်ကျိုးကို ပြန်သွားခေါ်ချင်ပါတယ်”
“အရှင်ကျိုး...”
ထိုအမည်ကို ကြားသောအခါ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များ တုန်ယင်သွားကြ၏။ သူတို့၏ မျက်လုံးများလည်း အရောင်လက်လာကြသည်။ ကြမ်းကြုတ်နဂါးဘုရင် ခေတ္တမျှ တွေးတောလိုက်ပြီး ခေါင်းညိတ်လိုက်၏။ ထိုအခါ လီရှန်းအား လေထဲ ပျံတက်ကာ နတ်ဆိုးချောက်နက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းသွားလေသည်။
စစ်တပ်မှာ နတ်ဆိုးချောက်နက်သို့ ရောက်ရန် သုံးနာရီ လိုသော်လည်း လီရှန်းအာတစ်ယောက်တည်း သွားလျှင် အချိန်ထိုမျှ မလိုပေ။ တပ်သားများစွာနှင့် သွားရခြင်းက သူမပျံသွားသည်ထက် ပိုနှေးသည် မဟုတ်ပါလား။ တစ်နာရီအတွင်းမှာပ်င လီရှန်းအာ နတ်ဆိုးချောက်နက်သို့ ရောက်ရှိသွားသည်။
နတ်ဆိုးချောက်နက်မှာ ယခင်ကအတိုင်းပင် နီနီရဲရဲနှင့် ရှိနေသည်။ ချောက်ကမ်းပါးစွန်းတွင် ရပ်နေရုံနှင့် အောက်ဘက်မှ ကြောက်မက်ဖွယ် အပူချိန်ကို ခံစားနိုင်သည်။
လေပြေညင်းလေတစ်ချက်က လီရှန်းအာ၏ အနက်ရောင်ဆံနွယ်များကို ညင်သာစွာ လွင့်သွားစေ၏။ သူမ ချောက်ကမ်းပါးစွန်းတွင် တစ်ခဏမျှ ရပ်နေသည်။ ပြီးမှ မျက်လုံးမှိတ်ကာ ချောက်ထဲ ခုန်ချလိုက်လေတော့သည်။
လီရှန်းအာ၏ မျက်နှာပေါ်တွင် အကြောက်တရားများစွာ ရှိမနေပါ။ ထိုအစား ချိုသာသော အပြုံးတစ်ပွင့် ရှိနေသည်။ သူမသည် နီထွေးသော နှုတ်ခမ်းလေးကို လှုပ်၍ တီးတိုးရေရွတ်လိုက်၏။
“သခင်... ရှန်းအာ သခင့်ကို လာရှာပြီ”
***