← Chapters

မီးရင်းမြစ်ကျောက်တုံး

Vol. 131 Ch. 1822

မီးရင်းမြစ်ကျောက်တုံး

Vol. 131 Ch. 1822

လီရှန်းအာသည် ကီလိုမီတာသုံးဆယ်အနက်သို့ ရောက်သောအခါ သတိလစ်သွား၏။ ကြောက်မက်ဖွယ် အပူချိန်ကို ခံစားနေရ၍ သူမရင်ထဲတွင် စိုးရိမ်မှုများ ပြည့်တက်နေခဲ့သည်။ ထိုအပူချိန်နှင့်ဆိုလျှင် သူမ နတ်ဆိုးချောက်နက်အောက်ခြေသို့ မရောက်သေးခင်မှာပင် ပြာကျသွားနိုင်သည် မဟုတ်ပါလား။

ဘုန်း...

လီရှန်းအာသည် ခေါင်းအနောက်မှ နာကျင်မှုကြောင့် သတိပြန်လည်လာ၏။ သူမက ခန်းမကျယ်ကြီးတစ်ခုထဲတွင် ရောက်နေပြီး ခေါင်းအနောက်မှ နာကျင်မှမှာ ကြမ်းပြင်နှင့် ဆောင့်မိ၍ ဖြစ်ကြောင်း သိလိုက်ရသည်။

“အာ...”

ခန်းမထဲတွင် အခြားလူနှစ်ယောက် ရှိနေ၏။ ကော့ချန်ဘုရင်က ကျန်းရီကို ကာကွယ်ပေးနေသည်။ ခန်းမထဲသို့ နောက်တစ်ယောက် ရောက်လာကြောင်း သိလိုက်သောအခါ သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ သူ တစ်ချက်လှမ်းကြည့်ကာ တွေဝေသွား၏။ ထိုကောင်မလေးကို အဘယ်ကြောင့် ရင်းနှီးနေရသနည်း။

“လီရှန်းအာ...”

ကော့ချန်ဘုရင် မှတ်မိသွားပြီး အံ့ဩတကြီးနှင့် အော်ပြောလိုက်၏။

“လီရှန်းအာ.. မင်း ဘယ်လိုဝင်လာခဲ့တာလဲ”

တစ်ချိန်တည်းမှာပင် ကျန်းရီလည်း မျက်လုံးဖွင့်လာပြီး လီရှန်းအာကို ကြည့်လိုက်သည်။ လီရှန်းအာသည် တုန်တုန်ယင်ယင်နှင့် ခပ်သွက်သွက် ထကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ ထို့နောက် ရှိုက်သံလေးနှင့် ပြောလိုက်လေသည်။

“သခင်... နောက်ဆုံးတော့ ရှန်းအာ သခင့်ကို ရှာတွေ့ပြီ။ ရှန်းအာ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား”

ဝှစ်...

ကျန်းရီ ပျံသွားလိုက်ပြီး လီရှန်းအာကို ထူကာ အေးစက်စက် မေးလိုက်၏။

“အပြင်မှာ တစ်ခုခု ဖြစ်နေလို့လား”

လီရှန်းအာက အမြဲ နာခံတတ်ခဲ့သည်။ ကျန်းရီက သူမကို နဂါးတောင်ကြားထဲတွင် နေခဲ့ရန် ပြောခဲ့ရာ အကြောင်းမရှိဘဲနှင့် သူမက နတ်ဆိုးချောက်နက်ထဲ ဆင်းလာမည် မဟုတ်ပေ။

လီရှန်းအာ သတိပြန်ကပ်လာပြီး အကြိမ်ကြိမ် ခေါင်းညိတ်လိုက်၏။

“သခင်... သူတို့ကို မြန်မြန် သွားကယ်ပေးပါ။ သခင် မသွားရင် စစ်တပ်တစ်တပ်လုံးနဲ့ အဆင့်နိမ့်မိစ္ဆာတွေအကုန်လုံး ရှင်းပစ်ခံရပါတော့မယ်”

မျှော်လင့်ထားသလိုပင်...

ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွားသည်။ သူ တုံ့ဆိုင်းခြင်းမရှိဘဲ ကော့ချန်ဘုရင်နှင့် လီရှန်းအာတို့ကို ဆောင်းဥတုပုလဲထဲ ထည့်လိုက်သည်။ ပြီးမှ ဦးညွှတ်ကာ ပြောလိုက်သည်။

“အရှင်.. ကျွန်တော် အပြင်သွားချင်ပါတယ်”

ရွှီး...

ခန်းမထဲတွင် မီးနဂါးဝိညာဉ်၏ မျက်လုံးတစ်စုံ ထွက်ပေါ်လာ၏။ ထို့နောက် အေးစက်စက်အသံကို ကြားလိုက်ရသည်။

“မင်း လျှပ်စီးအနှစ်သာရကို အခြေခိုင်အောင် လုပ်ပြီးသွားပြီလား”

“ဟုတ်ကဲ့... လုပ်ပြီးသွားပါပြီ။ အချိန်သာရရင် ကျွန်တော် အဲ့ဒါကို ဆက်လေ့လာနိုင်မှာပါ”

ကျန်းရီက သေချာစွာ ပြန်ဖြေ၏။

“အဲ့ဒါဆို ကောင်းပြီလေ...”

မီးနဂါးဝိညာဉ်က သက်ပြင်းရှည်ကြီးချ၍ ပြောသည်။

“ငါ မင်းနဲ့အတူ အပြင်ထွက်ပြီး မီးနဂါးဓားရဲ့ ကျန်တဲ့အပိုင်းတွေကို လိုက်ရှာမယ်။ ကောင်လေး... ငါက တကယ်ပဲ ကောင်းကင်မိစ္ဆာဘုံကို ပေါင်းစည်းဖို့ ကူညီပေးရမှာလား။ ငါက စကားတည်းတဲ့သူနော်။ မင်း အခွင့်အရေးသုံးခုလုံးကို သုံးပြီးသွားရင် မင်း သေရတော့မယ်ဆိုရင်တောင် ငါက ဝင်ကူတော့မှာ မဟုတ်ဘူး။ မင်း သေသွားတာကို ဒီအတိုင်း ရပ်ကြည့်နေမှာ”

“ဟုတ်ကဲ့... ကျွန်တော် နားလည်ပါတယ်”

ကျန်းရီ ပြတ်သားစွာ ပြောလိုက်သည်။ ထိုအခါ မျက်လုံးများက ရုတ်ခြည်း ပျောက်ကွယ်သွားပြီး ကျန်းရီ၏ လက်စွပ်က အလိုလို လင်းလက်လာကာ မီးနဂါးဓား ထွက်လာသည်။ ထို့နောက် အလင်းတန်းတစ်တန်းက မီးနဂါးဓားထဲ ပျံဝင်သွားလေသည်။

“အာ...”

ကျန်းရီသည် မီးနဂါးဓားကို ကြည့်လိုက်ပြီးနောက် ပြောင်းလဲမှုအချို့ကို သတိပြုမိလိုက်၏။ ဤတစ်ခေါက်တွင် ဓားပေါ်၌ နဂါးပုံတစ်ပုံ ထပ်တိုးမလာပါ။ ထိုအစား မီးဝိညာဉ်ပုလဲထဲတွင်သာ နဂါးပုံသဏ္ဌာန်ခပ်ရေးရေးတစ်ခု ပေါ်လာသည်။ စေ့စေ့စပ်စပ်ကြည့်လျှင် နဂါးတစ်ကောင်က မီးဝိညာဉ်ပုလဲထဲတွင် ကူးခတ်နေသည်ကို မြင်ရပေလိမ့်မည်။

“ဘယ်ဘက်က အခန်းထဲကို သွားပြီး မီးရင်းမြစ်ကျောက်တုံးနည်းနည်းလောက် ယူလိုက်။ အခု ငါက ဝိညာဉ်ဖြစ်နေပြီဆိုတော့ မကြာခဏ စွမ်းအင်ပြန်ဖြည့်ဖို့ လိုတယ်။ မဟုတ်ရင် ငါ ပျောက်ကွယ်သွားလိမ့်မယ်”

ကျန်းရီ၏ စိတ်ထဲသို့ အသံပို့လွှတ်မှုတစ်ခု ရောက်ရှိလာသည်။ ကျန်းရီ မေးခွန်းများစွာ မမေးဝံ့ဘဲ ညွှန်ကြားသည့်အတိုင်း ဘယ်ဘက်ရှိ တံခါးကြီးတစ်ပေါက်ဆီ လျှောက်သွားလိုက်သည်။ လက်တစ်ဘက်ဖြင့် တံခါးကို ထိလိုက်သောအခါ တံခါးက အလွယ်တကူ ပွင့်သွားသည်။ တံခါးအတွင်းပိုင်းကို မြင်လိုက်ရသောအခါ သူ အံ့အားသင့်သွားပေသည်။

ထိုအခန်းမှာ ကြီးမားပြီး မည်သည့်ပရိဘောဂမှ မရှိပေ။ ကြမ်းပြင်ပေါ်တွင် အနီရောင်ကျောက်ခဲလေးများသာ ရှိနေသည်။ သူ ၎င်းကျောက်ခဲလေးများကို မြင်ဖူး၏။ ၎င်းတို့မှာ သူ မီးဝိညာဉ်ပုလဲကို ရခဲ့စဉ်က ပုလဲထဲရှိ မီးဝိညာဉ်ကျောက်များပင်။

ကျန်းရီ ကောင်းကင်ကြယ်တာရာနယ်မြေတွင် ရှိနေခဲ့စဉ်က နဂါးတစ်သောင်းကောင်းကင်ဧကရာဇ်၏ ဂူသင်္ချိုင်းထဲ ဝင်ကာ မီးဝိညာဉ်ပုလဲကို ရခဲ့၏။ ထိုစဉ်က မီးဝိညာဉ်ပုလဲထဲတွင် အနီရောင်ကျောက်ခဲလေးများ ရှိခဲ့သည်။ သူ ၎င်းတို့ကို မီးဝိညာဉ်ကျောက်ဟု အမည်ပေးခဲ့ပေသည်။

အဘယ်ကြောင့်ဆိုသော် မီးဝိညာဉ်ကျောက်၏ ကြောက်မက်ဖွယ် အပူချိန်က နဂါးတစ်သောင်းကောင်းကင်ဧကရာဇ်၏ ဂူသင်္ချိုင်းကိုပင် လောင်ကျွမ်းနိုင်ခဲ့၍ပင်။ နောက်ပိုင်းတွင် သူ ရန်သူများနှင့် ပညာရှင်များကို သတ်ရန် မီးဝိညာဉ်ကျောက်များကို သုံးခဲ့သည်။ ကျန်းရိလျှို၏ လူသားအုပ်စိုးသူချိပ်စည်းမှာလည်း မီးဝိညာဉ်ကျောက်များကြောင့် လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က မီးဝိညာဉ်ကျောက်များမှာ မည်သို့သော ကျောက်မျိုးဖြစ်ကြောင်း ကျန်းရီ အဖြေရှာမရခဲ့ပေ။ ယခုတွင်မူ သူ အဖြေတစ်ခု ရလိုက်ပေပြီ။ မီးဝိညာဉ်ကျောက်များကို မီးရင်းမြစ်ကျောက်တုံးများဟု ခေါ်ပြီး ၎င်းတို့က မီးနဂါးဝိညာဉ် စွမ်းအင်ပြန်ဖြည့်ရန် သုံးသော အစာပင်။ ထိုမီးနဂါးဝိညာဉ်က မီးဝိညာဉ်ပုလဲထဲတွင် နေခဲ့လောက်သည်။ ထို့ကြောင့် မီးဝိညာဉ်ပုလဲထဲ၌ မီးရင်းမြစ်ကျောက်တုံးအနည်းငယ် ကျန်ခဲ့ခြင်း ဖြစ်ပေမည်။

ထို့ပြင်...

မီးဝိညာဉ်ပုလဲ၏ မီးဒဏ်ခံနိုင်ရည်က အဘယ်ကြောင့် အလွန်စွမ်းအားကြီးနေရကြောင်းကိုလည်း သိရပြီဖြစ်သည်။ မီးဝိညာဉ်ပုလဲမှာ မီးနဂါးဝိညာဉ်၏ နေထိုင်ရာပင်။ ၎င်းမီးနဂါးမှာ ကမ္ဘာဦးခေတ်တွင် ပထမဆုံး မွေးဖွားခဲ့သော မီးနဂါးဖြစ်ရာ ၎င်း၏ မီးတောက်များက မည်မျှကြောက်မက်ဖွယ်ကောင်းမည်နည်း။ ‌တွေးကြည့်၍ပင် မရနိုင်ပေ။ မီးဝိညာဉ်ပုလဲ၏ မီးဒဏ်ခံနိုင်ရန်က စွမ်းအားမကြီးလျှင် ထိုမီးနဂါးဝိညာဉ်က မီးနဂါးဓားကိုပင် အရည်ပျော်သွားစေနိုင်လောက်သည် မဟုတ်ပါလော။

အချိန်က ကြပ်နေသည်။ ကျန်းရီ များစွာ တွေးတောမနေနိုင်ပါ။ သူ မီးဝိညာဉ်ပုလဲကို သုံး၍ မီးရင်းမြစ်ကျောက်တုံး သောင်းကျော်ကို စုဆောင်းလိုက်သည်။ မီးနဂါးဝိညာဉ်က လုံလောက်ပြီဖြစ်ကြောင်း အသံပို့လွှတ်တော့မှ သူ အပြင်ထွက်သွားလိုက်လေသည်။

‘လခွမ်း...’

ကျန်းရီ အပြင်ဘက် ခန်းမကျယ်ကြီးထဲ ပြန်ရောက်သောအခါ တုန်လှုပ်သွား၏။ ခန်းမအပြင်တွင် မီးတောက်များ ရှိနေသည်။ ခန်းမတစ်ခုလုံးကို မီးတောက်များက ဝိုင်းရံထားသည်။ သူက မီးပင်လယ်ထဲတွင် ရပ်နေရသလိုပင်။

ကျန်းရီသည် မီးဝိညာဉ်ပုလဲကို ကိုင်ထားသဖြင့် မီးတောက်များ၏ အပူချိန်ကိုတော့ မခံစားရပါ။ ယခင်တွင် ကြမ်းကြုတ်နဂါးဘုရင်သည် ချောက်အနက် ပေသုံးသောင်းလောက်အထိ ဆင်းပြီးနောက်တွင် မြင့်မားသော အပူချိန်ကို ‌တောင့်မခံနိုင်ခဲ့ပေ။ ထို့ကြောင့် ၎င်းမီးတောက်များက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်ပေသည်။

‘ငါ အဲ့မီးတောက်တွေကို ယူသွားသင့်လား’

ကျန်းရီ၏ ‌ခေါင်းထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာ၏။ ထိုကြောက်မက်ဖွယ်မီးတောက်များကို သူ၏ နဝမမြောက်ကြယ်စက်လုံးထဲ စုပ်ယူ၍ အခြားမီးတောက်များနှင့် ပေါင်းစည်းလိုက်လျှင် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများကိုပင် ပြာချနိုင်လောက်သော ပေါင်းစည်းမီးတောက်ကို ရလောက်ပေသည်.

“အဲ့ဒါကို တွေးမနေနဲ့။ မင်း အဲ့မီးတောက်တွေကို မယူနိုင်ဘူး။ အဲ့ဒါတွေက မီးအရင်းအမြစ်ပဲ။ မင်း မီးဓာတ်ရဲ့ အနှစ်သာရခုနစ်မျိုးကို နားမလည်သေးသ၍ အဲ့မီးတောက်ကို ယူနိုင်မှာ မဟုတ်ဘူး”

မီးနဂါးဝိညာဉ်၏အသံ ထွက်ပေါ်လာ၏။ ထို့ကြောင့် ကျန်းရီ ရွေးချယ်စရာ မရှိတော့ဘဲ လက်လျှော့လိုက်ရသည်။ ထို့ပြင် အဘယ်ကြောင့် မီးဓာတ်တွင် အနှစ်သာရခုနစ်မျိုး ရှိနေရကြောင်းကိုပင် မေးရန် အချိန်မရလိုက်ဘဲ သူ အထက်သို့ အလိုလို ထိုးတက်သွားလေသည်။

မီးနဂါးဝိညာဉ်ရှိနေလျှင် ကျန်းရီ အလွယ်တကူ ပျံတက်နိုင်သည်။ တစ်ခဏအတွင်းမှာပင် သူ နတ်ဆိုးချောက်နက်အထက်သို့ ရောက်သွားသည်။ ချက်ချင်း ကောင်းကင်စိတ်အာရုံ ဖြန့်ထုတ်ကာ အရပ်မျက်နှာအနှံ့ကို အာရုံခံလိုက်၏။ နတ်ဆိုးချောက်နက်၏ မြောက်ဘက်တွင် အဆင့်နိမ့်မိစ္ဆာများစွာ ရှိနေကြောင်း သိလိုက်ရသည်။ ၎င်းမိစ္ဆာများနှင့်အတူ အစောင့်တပ်သားအချို့လည်း ရှိနေသည်။

ဝှစ်...

ကျန်းရီသည် အမြန်ဆုံး ပျံသန်းသွားပြီး မျက်တောင်အနည်းငယ်ခတ်စာ အချိန်အတွင်းမှာပင် တပ်သားရာကျော်အထက်သို့ ရောက်ရှိသွားသည်။ ထို့နောက် သူ အော်ပြောလိုက်လေသည်။

“စစ်တပ်က ဘယ်မှာလဲ”

ကျန်းရီက မူလပုံစံ ပြန်ပြောင်းထား၍ လီရှန်းအာနှင့် ကြမ်းကြုတ်နဂါးဘုရင်တို့မှလွဲ၍ သူ့ကို မည်သူမှ မှတ်မိမည် မဟုတ်ပေ။ ထို့ကြောင့် တပ်သားများက သူ့ကို မမှတ်မိဘဲ စွမ်းအားကြီး ရန်သူတစ်ယောက် ရောက်လာပြီဟု ထင်သွားကြသည်။

ရွှီး....

ကျန်းရီ၏ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်လာ၏။ သူ့ရုပ်သွင်မှာ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ထိုအခါ တပ်သားများ မျက်မှောင်ကြုတ်သွားကြပြီး ရုတ်ခြည်း ဒူးထောက်လိုက်ကြ၏။ ဝမ်းသာအားရ အော်ပြောလိုက်သံများလည်း ညံသွားသည်။

“အရှင်ကျိုးကို နှုတ်ခွန်းဆက်ပါတယ်”

ကျန်းရီသည် ထိုတပ်သားများ၏ အရိုအသေပေးမှုကို ခံယူနေလိုစိတ် ရှိမနေပေ။ ထို့ကြောင့် သူ ထပ်၍ အော်‌ပြောလိုက်သည်။

“ကြမ်းကြုတ်နဂါးဘုရင် ဘယ်မှာလဲ”

တပ်မှူးတစ်ယောက်က တင်ပြလိုက်၏။

“အနောက်ဘက်မှာသာ။ ဒီကနေ မိုင်သိန်းကျော်ဝေးတဲ့နေရာမှာပါ”

ဝှစ်...

ကျန်းရီသည် အလင်းတန်းတစ်တန်းအလား အဝေးသို့ ပျံသန်းသွား၏။ ကျန်ခဲ့သော တပ်သားများ ဝမ်းသာအားရဖြစ်နေကြသည်။ သူတို့ရင်ထဲတွင် ကျန်းရီက ဘုရားတစ်ပါးဖြစ်သည်။ ကျန်းရီ ရှိနေသ၍ သူတို့ ရှုံးမည် မဟုတ်ပေ။

ကျန်းရီက အဆုံးစွန်အမြန်နှုန်းနှင့် သွားနေသည်။ တစ်နာရီအတွင်းမှာပင် သူ တိုက်ပွဲပြင်သို့ ရောက်သွားလေသည်။ ကျားပြာဘုရင်၏ စစ်တပ်က မီလာခဲ့၍ တိုက်ပွဲစနေပြီဖြစ်သည်။ နှစ်ဘက်စလုံး တစ်ဘက်ကိုတစ်ဘက် သတ်ဖြတ်ရန်သာ အာရုံစိုက်နေကြ၍ ကျန်းရီရောက်လာသည်ကို မည်သူမှ သတိမထားမိကြသေးပေ။

တန်...တောင်..

ကျန်းရီ၏ လက်ထဲတွင် ဗျပ်စောင်းတစ်လက် ထွက်ပေါ်လာ၏။ သူ ရုတ်တရက် တီးခတ်လိုက်သောအခါ ကြောက်မက်ဖွယ် မကောင်းသော အရှိန်အဝါပါသည့် ဗျပ်စောင်းသံက တိုက်ပွဲပြင်တစ်ခွင်လုံးကို ပျံ့နှံ့သွား၏။

ဗျပ်စောင်းသံ ထွက်ပေါ်လာသည့်အခိုက်တွင် အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများအားလုံး ရပ်တန့်သွားကြ၏။ သူတို့ တစ်ပြိုင်တည်း မော့ကြည့်လိုက်ကြရာ ပျံသန်းလာသည့် ကျန်းရီကို တွေ့လိုက်ကြရသည်။

ရင်းနှီးသောမျက်နှာ၊ ရင်းနှီးသောကိုယ်လုံးကိုယ်ပေါက်ကို တွေ့လိုက်သောအခါ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားမျိုးနွယ်ဘုရင်များ တုန်ယင်သွားကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင်လည်း မျက်ရည်များ လျှံတက်လာလေသည်။

***

All Chapters