← Chapters

ဓားကောင်းတစ်လက်

Vol. 131 Ch. 1824

ဓားကောင်းတစ်လက်

Vol. 131 Ch. 1824

“ကောင်းပြီ... အားလုံး ရပ်ပြီး အမိန့်ကို စောင့်နေကြပါ”

ကျားပြာဘုရင်က စစ်တပ်ကို ကောင်းကင်ဂဠုန်နယ်မြေပတ်ဝန်းကျင်အထိ ဆုတ်ခိုင်းလိုက်၏။ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများစွာက နားမလည်ကြသော်လည်း ကျားပြာဘုရင်က ရှင်းမပြပေ။ သူသည် စစ်တပ်ကို ထိုနေရာတွင် တစ်ရက်စောင့်နေရန် ပြောလိုက်ပေသည်။

ကျန်းရီဘက်ကလည်း မလှုပ်ရှားပေ။ သူ့စစ်တပ်က နတ်ဆိုးချောက်နက်အနီးတွင် တပ်ချထားသည်။ ကျန်းရီသည် စစ်တပ်ကို နတ်ဆိုးချောက်နက်ထဲ ဆက်ဆုတ်သွားရန် အမိန့်မပေးသလို အရှေ့ဒေသထဲ ပြန်ဝင်ရန်လည်း အမိန့်မပေးချေ။

ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်၊ ကောင်းကင်ဂဠုန်ဘုရင်နှင့် အခြားသူများသည် ကျန်းရီ၏ စစ်ရထားလုံး အပြင်ဘက်တွင် စုဝေးနေကြသည်။ အားလုံး၏ ဒဏ်ရာများက ကျန်းရီက ကုသပေးပြီးသွားပြီဖြစ်သည်။ ကန်းဟန့်ဘုရင်၏ ခြေထောက်များပင် အလွယ်တကူ ပြန်ပေါက်လာပေပြီ။ အားလုံးသည် စစ်ရထားလုံးအပြင်ဘက်တွင် စုဝေးကာ ကျန်းရီက သူတို့အား ဆင့်ခေါ်မည်ကို စောင့်ဆိုင်းနေကြလေသည်။

ကျန်းရီနှင့် ဖုန့်နီတို့က စစ်ရထားလုံးထဲတွင် ရှိနေကြပြီး စစ်ရထားလုံး၏ အကာအရံများကိုလည်း နှိုးထားသည်။ လီရှန်းအာလည်း စစ်ရထားလုံးထဲတွင် ရှိသည်။ သူမသည် ရထားလုံးကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ကျန်းရီနှင့် ဖုန့်နီတို့အတွက် လက်ဖက်ရည်ငှဲ့ပေးနေသည်။ ကျန်းရီက မျက်လုံးမှိတ်ထားပြီး စကားတစ်ခွန်းမှ မဆိုဘဲ လက်ဖက်ရည်သောက်နေသည်။

ဖုန့်နီမှာလည်း ထို့အတူပင်။ သို့သော် အတော်ကြာ ထိုင်နေပြီးနောက် ဖုန့်နီက စပြောလိုက်သည်။

“ကျန်းရီ... ရှင် အရှေ့ဒေသရဲ့ ကိစ္စတွေထဲမှာ ဝင်မပါတာ ကောင်းလိမ့်မယ်။ ကျွန်မ အဘိုးကို ပြောပေးပါမယ်။ ရှင် ကောင်းကင်မိစ္ဆာဘုံထဲက ထွက်ပြီး ကောင်းကင်ဘုံကို ပြန်သွားလိုက်ပါလား”

ကျန်းရီ မျက်လုံးဖွင့်လာပြီး ဖုန့်နီကို တည်ငြိမ်စွာ ကြည့်လိုက်၏။

“မင်းသမီးက ကောင်းကင်ဘုံကို ရောက်ဖူးတာပဲ။ ကျွန်တော့်အကြောင်းကို သိသင့်တာပေါ့။ အရှင်မချင်လင်းကြောင့်သာ မဟုတ်ရင် ကျွန်တော် မိုးပြာမဟာဧကရာဇ်တောင်ထွတ်မှာ သေပြီးနေလောက်ပြီ။ ပြီးတော့ အရှင်မချင်လင်းရဲ့ လက်အောက်ခံဟောင်းတွေ ရှင်းပစ်ခံရမှာကို ကျွန်တော်က ရပ်ကြည့်နေနိုင်လိမ့်မယ်လို့ မင်းသမီးက ထင်လို့လား”

“ဒါပေမဲ့ ရှင် ဘာလုပ်နိုင်မှာမို့လို့လဲ”

ဖုန့်နီက ခါးသက်သက်ပြုံးကာ ခေါင်းခါ၏။

“ရှင့်မှာ မိစ္ဆာအရှင်သုံးပါးကို ယှဉ်တိုက်နိုင်မဲ့စွမ်းရည် ရှိတယ်လို့တော့ ကျွန်မကို မပြောနဲ့။ ရှင်က လူသားဖြစ်နေတာနဲ့တင် ကောင်းကင်မိစ္ဆာဘုံမှာ ရပ်တည်နိုင်မှာ မဟုတ်ဘူး”

ကျန်းရီ မငြင်းပါ။ သူ ထပ်မံ၍ မျက်လုံးမှိတ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။

“စောင့်ပါဦး၊ မင်းသမီးရဲ့ အဘိုး ရောက်လာတဲ့အထိ စောင့်ပါဦး။ လီရှန်းအာ... အပြင်ထွက်ပြီး ကြမ်းကြုတ်နဂါးဘုရင်နဲ့ တခြားသူတွေကို ပြောလိုက်ပါ.. အပြင်မှာ စောင့်မနေကြနဲ့တော့လို့။ ပြန်ပြီး အနားယူခိုင်းလိုက်ပါ။ အကုန်လုံးကို ငါ ကိုင်တွယ်ပါမယ်”

လီရှန်းအာသည် အလွန်နာခံတတ်သူဖြစ်၍ ချက်ချင်း အပြင်ထွက်သွားလိုက်သည်။ ကြမ်းကြုတ်နဂါးဘုရင်တို့သည် နားမလည်ကြသော်လည်း ကျန်းရီက အမိန့်ပေးလိုက်ပြီဖြစ်၍ လူစုခွဲကာ စိတ်လှုပ်တရှား စောင့်နေရလေတော့သည်။

ထိုသို့ဖြင့် စစ်တပ်နှစ်တပ်သည် တပ်ချရင်း စောင့်ဆိုင်းနေကြပေသည်။ နှစ်ဘက်စလုံးမှ ထောက်လှမ်းရေးများသည် တစ်ဘက်ကိုတစ်ဘက် ထောက်လှမ်းနေကြသည်။ ကျားပြာဘုရင်သည် မည်သည့်ကိစ္စများ ဖြစ်နေသည်ကို နားမလည်ပါ။ ကျန်းရီက တက်လည်းမတက်သလို ဆုတ်လည်းမဆုတ်ပေ။ သူက အဘယ်ကိုလုပ်ရန် ကြံနေခြင်းနည်း။

အချိန်က တရွေ့ရွေ့ကုန်ဆုံးလာသည်။ ကျားပြာဘုရင် ပို၍ ပို၍ စိတ်လှုပ်ရှားလာသည်။ ထိုအရှင်ကျိုးက သူ့တပ်ဖွဲ့များကို ဘုရားတစ်ပါးကဲ့သို့ အသုံးပြုနိုင်ပြီး ဉာဏ်နီဉာဏ်နက်များသည်။ ဖုန့်နီပင် သူ့ထံတွင် ရှုံးခဲ့ရသည်။ ထျန်းဖုန့်ဧကရာဇ်ကလည်း သူ့ကို သတ်ရန် တစ်ကြိမ်ရှုံးနိမ်ခဲ့သည်။ ဤတစ်ခေါက်တွင်လည်း မျှော်လင့်မထားသည့်ကိစ္စတစ်ခု ဖြစ်လာမည်လော။

နေ့ဝက်ကြာပြီးနောက် အနောက်ဘက်မှနေ၍ အလင်းတန်း တစ်တန်း ပျံသန်းလာပြီး ကျားပြာဘုရင်၏ စစ်တပ်အထက်တွင် ရပ်တန့်သွားသည်။ ကျားပြာဘုရင်နှင့် အခြားသူများ ချက်ချင်း ပျံတက်သွားကြပြီး လေထဲတွင် ဒူးထောက်ကာ အော်ပြောလိုက်ကြသည်။

“ဧကရာဇ်ကို နှုတ်ခွန်းဆက်သပါတယ်”

“ဧကရာဇ်ကို နှုတ်ခွန်းဆက်သပါတယ်”

မြေပြင်ပေါ်မှ တပ်သားများလည်း ကြောက်ရွံ့တကြီး ဒူးထောက်လိုက်ကြသည်။ ထျန်းဖုန့်ဧကရာဇ်၏ ခန္ဓာကိုယ်က ဝေဝါးနေဆဲဖြစ်သည်။ သူ ဝေ့ဝဲကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“အဲ့လူသားနဲ့ ဖုန့်နီတို့က ဘယ်မှာလဲ”

ကျားပြာဘုရင်က ခပ်သွက်သွက် ပြန်ဖြေလိုက်၏။

“ဧကရာဇ်... သူတို့က နတ်ဆိုးချောက်နက်နားမှာ တပ်ချထားပါတယ်။ စစ်တပ်ကလည်း လုံးဝ မလှုပ်ရှားသေးပါဘူး”

“နတ်ဆိုးချောက်နက်လား”

ထျန်းဖုန့်ဧကရာဇ် တစ်ခဏမျှ တွေးတောလိုက်၏။ ပြီးမှ သူ အော်ပြောလိုက်သည်။

“တစ်ချက်သွားကြည့်ကြတာပေါ့”

“ချီတက်မယ်...”

ကျားပြာဘုရင်သည် အော်ဟစ်အမိန့်ပေး၍ စစ်တပ်ကို နတ်ဆိုးချောက်နက်ဆီ ဦးဆောင်ခေါ်သွားလိုက်သည်။ ထျန်းဖုန့်ဧကရာဇ်ကလည်း လေထဲမှ ပျောက်ကွယ်သွားသည်။ သူ မည်သည့်နေရာကို ရောက်သွားကြောင်း မည်သူမှ မသိကြပေ။

ထိုနေရာက ကျန်းရီတို့ဘက်နှင့် သိပ်မဝေးပေ။ စစ်တပ်က အရှိန်အဟုန်အပြည့်နှင့် ချီတက်သွားရာ နာရီနှစ်ဆယ်ကျော်အတွင်းမှာပင် တိုက်ပွဲဖြစ်ခဲ့သော နေရာသို့ ပြန်ရောက်သွားသည်။

“အာ...”

ကျားပြာဘုရင်သည် ကောင်းကင်စိတ်အာရုံနှင့် အာရုံခံထားပြီးဖြစ်သည်။ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်း တပ်သားနှစ်သန်းစလုံး ပျောက်ကွယ်သွားသဖြင့် သူ အံ့အားသင့်သွားသည်။ တိုက်ပွဲပြင်မှာမူ အစောကအတိုင်းပင် ရှိသေးသည်။ မြေပြင်တွင် သွေးများစွန်းနေသည်။ အလောင်းများကိုမူ စုပုံ၍ မီးရှို့ထားပြီးဖြစ်သည်။ မီးကျွမ်းနေသော အရိုးများကို နေရာအနှံ့တွင် တွေ့ရပေသည်။

ကျားပြာဘုရင်၏ ကောင်းကင်စိတ်အာရုံက နောက်ဆုံးတွင် တောင်ငယ်လေးတစ်လုံး၏ ထိပ်တွင် ထိုင်နေသော ကျန်းရီအပေါ်သို့ ကျရောက်သွား၏။ ကျန်းရီသည် ဗျပ်စောင်းတီးမနေဘဲ လက်ဖက်ရည်သောက်နေ၏။ တောင်ထိပ်ပေါ်တွင် စားပွဲတစ်လုံးနှင့် ထိုင်ခုံနှစ်ခုံ ချထားသည်။ စားပွဲအခြားတစ်ဘက်မှ ထိုင်ခုံတွင် ငွေရောင်ဆံပင်နှင့် ငွေရောင်မျက်ဝန်းများရှိသည့် လှပသော မိန်းမပျိုတစ်ယောင်ထိုင်နေသည်။ သူမမှာ မင်းသမီးဖုန့်နီပင်။

‘ဧကရာဇ်က ဘယ်မှာလဲ’

ကျားပြာဘုရင်သည် ကောင်းကင်စိတ်အာရုံနှင့် ပတ်ဝန်းကျင်ကို ထပ်ခါ ထပ်ခါ အာရုံခံလိုက်၏။ သို့သော် ထျန်းဖုန့်ဧကရာဇ်ကို ရှာမတွေ့ပေ။ အစတွင် ထျန်းဖုန့်ဧကရာဇ်က လေထဲမှနေ၍ ရုတ်တရက် ပျောက်ကွယ်သွားခြင်းမှာ လျှပ်တပြက်ပြောင်းရွှေ့အတတ်ကို သုံးကာ ဤနေရာသို့ ကြိုသွားခဲ့ခြင်းဟု သူ ထင်ခဲ့၏။

တပ်သားဆယ်သန်းနီးပါးသည် အရှိန်အဟုန်အပြည့်နှင့် ပျံသန်းလာ၏။ အေးစက်သော သတ်ဖြတ်အရှိန်အဝါများနှင့် သားရဲစွမ်းအားများက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။ ယင်းတို့ကြောင့် လေပင် ရပ်တန့်သွားလေသည်။

ကျားပြာဘုရင်သည် ကျန်းရီက ခေါင်းပင်မော့မကြည့်ဘဲ သူတို့ကို လျစ်လျူရှုထားကြောင်း တွေ့လိုက်ရ၏။ ဖုန့်နီကလည်း သူတို့ကို မကြည့်ပေ။ သူမသည် တာဝန်ကျေပွန်သော ဇနီးတစ်ယောက်အလား ကျန်းရီအတွက် သိမ်မွေ့စွာ လက်ဖက်ရည်ငှဲ့ပေးနေပေသည်။

“ရပ်ကြ...”

ဆယ်မိုင်အကွာသို့ ရောက်သောအခါ ကျားပြာဘုရင်က လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်၏။ စစ်တပ်က ချက်ချင်း ရပ်တန့်လိုက်သည်။ ကျားပြာဘုရင်သည် ဤကဲ့သို့ ထူးဆန်းသော အခြေအနေတွင် မဆင်မခြင် မလုပ်ဆောင်ဝံ့ပေ။ ထျန်းဖုန့်ဧကရာဇ် စလှုပ်ရှားမည်ကို စောင့်နေခြင်းက ပိုကောင်းပေသည်။

တပ်သားဆယ်သန်းနီးပါးစလုံး လုံးဝ တိတ်ဆိတ်နေ၏။ သူတို့သည် လေထဲတွင် စီစီရီရီ ရပ်နေကြသည်။ စွမ်းအားကြီး သိုင်းသမားအားလုံး၏ ကောင်းကင်စိတ်အာရုံများက တောင်ထိပ်ပေါ်တွင် ထိုင်ကာ အေးအေးဆေးဆေး လက်ဖက်ရည်သောက်နေကြသော ကျန်းရီနှင့် ဖုန့်နီတို့အပေါ်တွင် ရှိနေကြသည်။

ရွှီ...

ငါးမိနစ်ကြာပြီးနောက် စစ်တပ်နှင့် ကျန်းရီကြားမှာ အာကာပြင်က အတန်ငယ် တုန်ခါသွား၏။ ထို့နောက် လေထဲတွင် ဝေဝါးဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ငွေရောင်မျက်လုံးတစ်စုံကိုလည်း မြင်လာရသည်။ ထိုမျက်လုံးတစ်စုံကို မည်သူမှ တိုက်ရိုက် မကြည့်ဝံ့ကြပေ။ ဝေဝါးဝါးခန္ဓာကိုယ်မှနေ၍လည်း ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေရာ တပ်သားဆယ်သန်းနီးပါးမှာ မွန်းကြပ်မှုကို ခံစားနေကြရလေသည်။

ဖုန့်နီ ခေါင်း‌မော့လာ၏။ သူမ လက်ဖက်ရည်အိုးကို ချလိုက်ပြီး ထျန်းဖုန့်ဧကရာဇ်ကို အတန်ငယ် ဦးညွှတ်ကာ လှမ်းပြောလိုက်သည်။

“နီအာ အသုံးမကျပါဘူး။ အဘိုးကို စိတ်ပျက်စေခဲ့ပါပြီ”

ထျန်းဖုန့်ဧကရာဇ်က ပြန်မပြောပေ။ ထိုအစား ကျန်းရီကို ကြည့်၍သာ ‌မေးလိုက်သည်။

“လူသား... မင်း ဘယ်လိုပြန်ထွက်လာတာလဲ”

ထိုအခါမှ ကျန်းရီ ခေါင်းမော့လိုက်၏။ သူ ထျန်းဖုန့်ဧကရာဇ်ကို တည်ငြိမ်စွာကြည့်၍ ပြောလိုက်သည်။

“ပုံမှန်အတိုင်း ပျံထွက်လာတာပေါ့။ နတ်ဆိုးချောက်နက်က အရမ်းနက်တာကို ကျွန်တော်က တွယ်တက်နိုင်မှာတဲ့လား”

“ဟွန်း...”

ထျန်းဖုန့်ဧကရာဇ်က အေးစက်စက် နှာမှုတ်လိုက်၏။ သို့သော် မလှုပ်ရှားသေးဘဲ ဆက်ပြောလိုက်သည်။

“နီအာကို လွှတ်ပေးလိုက်။ အဲ့လိုဆို ငါ မင်းရဲ့အလောင်းကို အကောင်းအတိုင်း ထားပေးမယ်”

“ဖုန့်နီကို လွှတ်ပေးလို့ရပါတယ်”

ကျန်းရီ ထရပ်ကာ ထျန်းဖုန့်ဧကရာဇ်နှင့် မျက်နှာချင်းဆိုင်လိုက်၏။ ပြီးမှ အလွန်တည်ငြိမ်စွာ ဆက်ပြောသည်။

“ဒါပေမဲ့... ကျွန်တော့်ရဲ့ အလောင်းကို အကောင်းအတိုင်း ထားပေးဖို့ မလိုပါဘူး”

ကျန်းရီသည် ပြောပြီးနောက် ဖုန့်နီဆီသို့ လျှောက်သွား၏။ သူ လက်ထဲတွင် ကောင်းကင်စွမ်းအား လှည့်ပတ်လိုက်ပြီး ဖုန့်နီ၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် သူမ၏နတ်ဘုရားအမြုတေပတ်ပတ်လည်မှ ချိပ်စည်းများကို ဖျက်ပေးလိုက်သည်။ ထို့နောက် သူ ပြုံးကာ သူမကို ပြောလိုက်သည်။

“မင်းသမီးဖုန့်နီ... အခု ခင်ဗျား လွတ်လပ်သွားပါပြီ။ ပြန်သွားပါတော့”

“အာ...”

ကျားပြာဘုရင်နှင့် တပ်သားဆယ်သန်းနီးပါးစလုံး နားမလည်နိုင် ဖြစ်သွားကြ၏။ ထျန်းဖုန့်ဧကရာဇ်ပင် နားမလည်နိုင်တော့ပေ။ ကျန်းရီက သူ၏ နိုင်ဖဲကို အလွယ်တကူ ပစ်လိုက်သည်လော။ သူ နတ်ဆိုးချောက်နက်ထဲ ကျပြီးနောက် ခေါင်းထိကာ ဦးနှောက်ပျက်သွားခြင်းလော။

ဝှစ်...

ဖုန့်နီသည် စက္ကန့်အနည်းငယ်မျှ တွေးတောနေပြီးနောက် ထျန်းဖုန့်ဧကရာဇ်ဆီ လျင်မြန်စွာ ပျံသန်းသွားလိုက်၏။ သူမ ထျန်းဖုန့်ဧကရာဇ်နောက်သို့ ရောက်သောအခါ ကျန်းရီကို လှည့်ကြည့်လိုက်သည်။ သူမသည် မည်သို့မှ မဆိုဘဲ ကျန်းရီကိုသာ နားမလည်နိုင်ဟန်ဖြင့် ကြည့်နေပေသည်။ ကျန်းရီက ဤအခြေအနေအတွင်းမှ မည်သို့ ဖောက်ထွက်မည်ကို သူမ သိလိုပေသည်။

ဖုန့်နီသည် ကျန်းရီအကြောင်းကို ကောင်းစွာသိ၏။ ကျန်းရီက အရူးတစ်ယောက် မဟုတ်ပေ။ သူ သူမကို လွှတ်ပေးလိုက်ခြင်းမှာ သူထံတွင် မှီခိုစရာ အခြားတစ်ခု ရှိနေ၍သာ ဖြစ်ပေလိမ့်မည်။

ရွှီး...

ကျန်းရီ၏လက်စွပ်က လင်းလက်လာပြီး သူ့လက်ထဲတွင် လှပသော ဓားရှည်တစ်လက် ထွက်ပေါ်လာ၏။ ထိုဓားရှည်မှာ ဆယ်ပေကျော်ရှည်လျားသည်။ ဓားပေါ်တွင် နဂါးပုံသဏ္ဌာန် အနည်းငယ်ရှိသည်။ သူ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်သောအခါ ထိုနဂါးပုံသဏ္ဌာန်များက အသက်ဝင်လာသကဲ့သို့ စတင်လှုပ်ရှားလာကြသည်။ တစ်ချိန်တည်းမှာပင် ဓားရှည်မှနေ၍ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်လာပြီး ထိုအရှိန်အဝါက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဖုန့်နီ၏ မျက်ဝန်းများ လင်းလက်လာ၏။ သူမ မီးနဂါးဓားကို အာရုံစိုက်ကာ ကြည့်လိုက်သည်။ ထျန်းဖုန့်ဧကရာဇ်၏ မျက်ဝန်းများလည်း အရောင်လက်လာသည်။ သူ စိတ်မထိန်းနိုင်ဘဲ အော်ပြောလိုက်သည်။

“ဓားကောင်းပဲ”

“ဒီဓားက တကယ်ကို ဓားကောင်းတစ်လက်ပဲ”

ကျန်းရီသည် မိမိအချစ်ရဆုံး အမျိုးသမီးကို ပွတ်သပ်ယုယနေသည့်အလား မီးနဂါးဓားကို လက်တစ်ဘက်ဖြင့် ပွတ်သပ်လိုက်၏။ ထို့နောက် သူ ခပ်ရေးရေးပြုံးကာ ဆိုလိုက်သည်။

“ကပ်လောကတစ်ခုလုံးထဲက အကောင်းဆုံးဓားက ဘယ်လိုလုပ် မ‌ကောင်းဘဲ နေမှာလဲ။ ထျန်းဖုန့်ဧကရာဇ်... ခင်ဗျား ဒီ ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက်ကို လိုချင်လား။ လိုချင်ရင် လာယူလိုက်လေ”

***

All Chapters