တစ်ချက်တည်းနှင့် ရှုံးသွားသည်
Vol. 131 Ch. 1825
တပ်သားအားလုံး ဝေါခနဲ ဖြစ်သွား၏။
ဖုန့်နီ၏ ခန္ဓာကိုယ်လေးလည်း တုန်ယင်သွားသည်။ ကောင်းကင်မိစ္ဆာဘုံတစ်ခွင်လုံးတွင် ကျန်းရီ၏ မီးနဂါးဓားက ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်ဖြစ်ကြောင်းကို သူမတစ်ယောက်တည်းသာ သိပေသည်။ ထျန်းဖုန့်ဧကရာဇ်ပင် ထိုအကြောင်းကို မသိချေ။ သို့သော် ကျန်းရီက သူ့ဓားက ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်ဖြစ်ကြောင်းကို အားလုံး၏ အရှေ့တွင် ပြောလိုက်သည်လော။ သူ ရူးနေခြင်းလော။ သို့မဟုတ် ထျန်းဖုန့်ဧကရာဇ်ကို သတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေခြင်းလော။
“ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက်လား”
ထျန်းဖုန့်ဧကရာဇ်၏ ငွေရောင်မျက်ဝန်းများက နေမင်းထက်ပင် ပို၍ တောက်ပလာ၏။ ကျန်းရီ၏ ဓားက အလွန်စွမ်းအားကြီးကြောင်း သူ ပြောနိုင်သည်။ မီးနဂါးဝိညာဉ်က မီးနဂါးဓားထဲ ဝင်သွားပြီးနောက် ဓား၏အဆင့်မှာ ထပ်မံမြင့်တက်သွားခဲ့သည်။ မူလတွင် ၎င်း၏ အရှိန်အဝါက တာအိုကောင်းကင်ဝိညာဉ်ရတနာ၏ အရှိန်အဝါနှင့် ယှဉ်နိုင်နေခဲ့ပြီးဖြစ်သည်။ ယခုတွင်မူ ၎င်းက ကမ္ဘာဦးဝိညာဉ်ရတနာနှင့်ပင် ယှဉ်နိုင်နေပေပြီ။
ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်...
သာမန်မိစ္ဆာများသည် ထိုဓားမှာ လောကထဲရှိ အစွမ်းအထက်ဆုံးလက်နက်ဟုသာ သိကြပေမည်။ သို့သော် ထျန်းဖုန့်ဧကရာဇ်ကမူ ၎င်းဓား၏ အသုံးဝင်မှုကို သိသည်။ ထိုဓားသည် အစွမ်းအထက်ဆုံး လက်နက်သာမဟုတ် ကောင်းကင်ဧကရာဇ်၏ ဩဇာအာဏာကိုလည်း ကိုယ်စားပြုပေသည်။
သာမန်လူတစ်ယောက်က ထိုဓားကို ကိုင်ထားမည်ဆိုလျှင် အဆုံးမဲ့ သတ်ဖြတ်မှုများကိုသာ ဆောင်ကျဉ်းနိုင်မည်ဖြစ်သည်။ သို့သော် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်သာ ကိုင်ထားလျှင် အဓိပ္ပာယ်မှာ တစ်မျိုး ပြောင်းသွားပေလိမ့်မည်။
ဤလောကထဲတွင် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများက စွမ်းအားအကြီးဆုံးသူများဖြစ်ကြသည်။ သူတို့သာ ထိုဓားကို ရလျှင် ကျားကို အတောင်ပံတပ်ပေးလိုက်သလို ဖြစ်သွားမည်ဖြစ်သည်။ သူတို့၏ တိုက်ခိုက်စွမ်းအားကလည်း အလွန်တိုးသွားပေမည်။ သူတို့သာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အဆင့်အထိ ရောက်နိုင်မည်ဆိုလျှင် လောကကြီးကို အုပ်စိုးနိုင်ကာ ကောင်းကင်ဧကရာဇ်အသစ် ဖြစ်လာနိုင်ပေသည်။
ကောင်းကင်ဧကရာဇ်...
ကောင်းကင်ဧကရာဇ်မှာ လောကသုံးပါးစလုံးကို အုပ်စိုးနိုင်သူဖြစ်သည်။ လောကသုံးပါးစလုံးကို မအုပ်စိုးလိုသူ မည်သူရှိသနည်း။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများက ဩဇာအာဏာကို အရေးမထားလျှင် အဘယ်ကြောင့် နယ်မြေများစွာကို သိမ်းပိုက်ထားမည်နည်း။ အဘယ်ကြောင့် မည်သူမှ သူတို့ကို မသိသောနေရာတွင် ဇာတ်မြှုပ်မနေရသနည်း။
ရွှီ...
ထျန်းဖုန့်ဧကရာဇ်က လှုပ်ရှားလိုက်၏။ သူ့တစ်ကိုယ်လုံးမှနေ၍ အားကောင်းသော အရှိန်အဝါ ထွက်လာသည်။ ထိုအရှိန်အဝါမှာ ကောင်းကင်ကြီးအလား ဖုန့်နီ၊ ကျားပြာဘုရင်နှင့် တပ်သားဆယ်သန်းနီးပါးစလုံးကို ဖိနှိပ်သွားသည်။ ကျန်းရီသာ တောင်ထိပ်ပေါ်၌ ရပ်မနေပါက မြေပြင်တွင် ပြားပြားဝပ်သွားလောက်ပေသည်။
“ကြောက်စရာပဲ...”
ကျန်းရီသည် ယခုမှ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်၏ အရှိန်အဝါကို ပထမဆုံးအကြိမ် ထိပ်တိုက် ရင်ဆိုင်ဖူးခြင်းဖြစ်သည်။ သူ့ခြေထောက်များ တုန်ယင်လာပြီး သူ ဒူးထောက်ကျသွားမလို ဖြစ်လာသည်။
ကျန်းရီ အံကြိတ်ကာ သူ့ခြေထောက်များကို တောင့်ထားလိုက်၏။ ထို့နောက် သူ့ကိုယ်ထဲတွင် မိုးမြေစွမ်းအား ထွက်လာသည်။ သူ လက်ထဲမှဓားကို မြှောက်ရန် ကြိုးစားသော်လည်း မမြှောက်နိုင်။ ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက်၏ အရှိန်အဝါက အလွန်ဖိအားကောင်းသည်။ သူ သူ့လက်နက်ကိုပင် မမြှောက်နိုင်တော့ပေ။
ထျန်းဖုန့်ဧကရာဇ်က ဖြည်းဖြည်းချင်း ချဉ်းကပ်လာ၏။ သူ၏ထက်ရှသော လက်သည်းများကလည်း လေကိုဖြတ်လာပြီး ကျန်းရီကို ကုတ်သတ်ပေတော့မည်။ ကျန်းရီ မီးဝိညာဉ်ပုလဲကို အာရုံစိုက်ကာ အသံပို့လွှတ်လိုက်သည်။
“အရှင်... လှုပ်ရှားပါတော့”
ရွှီး...
မီးဝိညာဉ်ပုလဲက လင်းလက်လာပြီး မီးနဂါဓားတစ်လက်လုံး တောက်ပသွား၏။ နဂါးပုံသဏ္ဌာန်များနှင့် ပုလဲထဲမှ နဂါးလည်း စတင်လှုပ်ရှားလာသည်။ ၎င်းနောက် ထျန်းဖုန့်ဧကရာဇ်၏ အရှိန်အဝါထက် ဆယ်ဆပို၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက မီးနဂါးဓားမှနေ၍ ထွက်လာ၏။ ဖော်ပြ၍ မရနိုင်သော စွမ်းအင်တစ်ခုကလည်း ကျန်းရီ၏ကိုယ်ထဲ ဝင်သွားသည်။ ရုတ်ခြည်းအတွင်းမှာပင် ကျန်းရီသည် သူက ဆယ်ဆ၊ အဆတစ်ရာပို၍ သန်မာလာသလို ခံစားလိုက်ရပေသည်။
“ကျား...”
ကျန်းရီ အော်လိုက်၏။ ထို့နောက် မည်သည့်လှည့်ကွက်မှ မသုံးဘဲ မီးနဂါးဓားကို မြှောက်၍သာ သူ့အရှေ့ကို ခုတ်ချလိုက်သည်။ မီးနဂါးဓားသည် အမြှောက်ခံရသောအခါ ပို၍ ပို၍ ကြီးမားလာ၏။ ထို့ပြင် ကြီးမားနှုန်းက အလွန်လည်း လျင်မြန်ရာ ကျန်းရီ ခုတ်လိုက်သည့်အခိုက်၌ ဓားမှာ ပေတစ်သောင်းရှည်၍ ဗျက်ဆယ်ပေရှိနေပြီဖြစ်သည်။ ဓားရိုးက ကြီးမလာ၍သာ တော်သေးသည်။ မဟုတ်လျှင် ကျန်းရီ ဓားကို ကိုင်နိုင်တော့မည် မဟုတ်ပေ။
ထိုအခိုက်တွင် ကျန်းရီသည် ဓားက သူ့ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားပြီဟု ခံစားနေရ၏။ မီးနဂါးဓားကို မြှောက်လိုက်သူမှာ သူ မဟုတ်။ ဓားက ၎င်းဘာသာ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ သူက ဓားလုပ်သည့်အတိုင်း လိုက်လုပ်လိုက်ရခြင်းသာ။
ရွှက်...
စူးရှသော လေခွင်းသံတစ်သံ ထွက်ပေါ်လာပြီး မီးနဂါးဓားပတ်ပတ်လည်ရှိ အာကာပြင်က စတင်ကွဲအက်လာ၏။ ဟုတ်၏။ အာကာပြင်မှာ စုတ်ပြဲသွားခြင်း မဟုတ်ဘဲ ကွဲအက်သွားခြင်းပင်။ မီးနဂါးဓား ကျဆင်းသွားသောခါ ပတ်ဝန်းကျင်အာကာပြင်မှာ ဖန်ကွဲသလို ကွဲအက်လာသည်။ ကောင်းကင်ထဲတွင် ပေတစ်သောင်းရှည်ကာ ပေတစ်ရာကျယ်သော ဧရမအက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။
ရှူး...ရှူး...
ဆယ်မိုင်အကွာရှိ ကျားပြာဘုရင်နှင့် တပ်သားများသည် မျက်နှာပျက်သွားကြပြီး ပင့်သက်ရှိုက်လိုက်ကြ၏။ သူတို့သည် ဆယ်မိုင်အကွာတွင် ရှိနေကြသော်လည်း မီးနဂါးဓားမှ ထွက်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကို ရှင်းလင်းစွာ ခံစားနေရပေသည်။
ထိုအရှိန်အဝါ၏ ဖိနှိပ်မှုအောက်တွင် ကျားပြာဘုရင် အပါအဝင် မည်သူမှ မလှုပ်နိုင်ကြတော့ပေ။ ထိုအခိုက်၌ သူတို့အားလုံး၏ မြင်ကွင်းထဲမှ အရာအားလုံး ပျောက်ကွယ်သွားသည်။ ထျန်းဖုန့်ဧကရာဇ်ပင် သူတို့မျက်ဝန်းများထဲမှ ပျောက်ကွယ်သွားလေသည်။
ဤလောကထဲတွင် ကောင်းကင်ကို အက်ကွဲနေစေနိုင်သော ဓားရှည်မှာ တစ်လက်သာရှိသည်။ ယခု ထိုဓားရှည်က ကောင်းကင်ကို ခွဲ၍ သက်ရှိအားလုံးကို ဖျက်ဆီးပစ်လိုနေပေသည်။
“အဲ့ဒါက...”
ကျားပြာဘုရင်နှင့် ယှဉ်လျှင် ထျန်းဖုန့်ဧကရာဇ်က ပို၍ပင် ကြောက်ရွံ့သွားသည်ဟု ဆိုရမည်။ သူက မိုးပြာမဟာဧကရာဇ်၏ အဆင့်အထိ မရောက်သေးသော်လည်း မိစ္ဆာအရှင်လေးပါးထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သည်။ သို့သော် မိုးပြာမဟာဧကရာဇ်ပင် သူ့ကို သတ်နိုင်လိမ့်မည်မဟုတ်ကြောင်း သူသိသည်။ ဤကပ်လောကထဲတွင် သူက အထွတ်အထိပ်တွင် ရပ်တည်နိုင်သူများထဲမှ တစ်ယောက်ပင်။
ယခုတွင်မူ ထျန်းဖုန့်ဧကရာဇ်မှ အသတ်ခံရတော့မည်ကို ကြောက်ရွံ့နေရ၏။ လက်ရှိမီးနဂါးဓား၏ ခုတ်ပိုင်းမှုကို မခံရဖူးသူသည် သူ ခံစားနေရသော ခံစားချက်ကို နားလည်နိုင်မည် မဟုတ်ပါ။ ထိုဓားချက်ထဲတွင် မည်သည့်ဓားအတတ်မှ မပါဝင်သလို ဓားချက်က မြန်လည်း မမြန်ပေ။ သို့သော် ထျန်းဖုန့်ဧကရာဇ် လုံးဝလှုပ်၍ မရချေ။ ဓားကြီးက သူ့အပေါ် ကျဆင်းလာသည်ကိုသာ ရပ်ကြည့်နေရလေသည်။
အဘယ်ကြောင့် ထျန်းဖုန့်ဧကရာဇ် မလှုပ်နိုင်ရသနည်း။
ထျန်းဖုန့်ဧကရာဇ်ကိုယ်တိုင်လည်း မသိပေ။ သူ့တွင် ယင်းကို တွေးနေရန် အချိန်လည်း မရှိပါ။ သူသည် ကိုယ်ထဲတွင် မိစ္ဆာစွမ်းအား အသည်းအသန် လှည့်ပတ်၍သာ မာန်သွင်းလျက် သူ့ခေါင်းကို ကာရန် အားကုန်သုံးကာ လက်မြှောက်လိုက်ရသည်။
ဝုန်း...
မီးနဂါးဓား၏ အရှိန်မှာ အမှန်တွင် အလွန်မြန်ပေသည်။ အားလုံးက ၎င်းမှာ နှေးသည်ဟု ခံစားနေရခြင်းသာ။ မီးနဂါးဓားက ထျန်းဖုန့်ဧကရာဇ်၏ အားကုန်သုံး၍ မြှောက်လိုက်သော လက်အပေါ် ကျရောက်သွား၏။ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။ ထျန်းဖုန့်ဧကရာဇ်၏လက်တွင် ငွေရောင်အကြေးခွံများ ရှိသည်။ ထိုအကြေးခွံများမှာ တစ်လွှာပြီးတစ်လွှာ ပေါက်ကွဲထွက်သွားပြီး နောက်ဆုံးတွင် အမှုန့်ဖြစ်သွားသည်။ ၎င်းနောက် မီးနဂါးဓားမှာ အောက်သို့ ဆက်ဆင်းကာ ထျန်းဖုန့်ဧကရာဇ်၏ ဦးခေါင်းကို ပြင်းထန်စွာ ခုတ်မိသွားပေသည်။
ထိုအခိုက်တွင် အားလုံး၏ အမြင်များ ပုံမှန်ပြန်ဖြစ်သွား၏။ သူတို့ ပတ်ဝန်းကျင်မြင်ကွင်းကို ထပ်မံမြင်တွေ့နိုင်လာသည်။ သူတို့သည် ထျန်းဖုန့်ဧကရာဇ်၏ လက်က အမှုန့်ဖြစ်သွားသည်ကို ရှင်းလင်းစွာ မြင်လိုက်ရ၏။ မီးနဂါးဓားက ထျန်းဖုန့်ဧကရာဇ်၏ ခေါင်းကို ခုတ်မိကာ ထျန်းဖုန့်ဧကရာဇ် လွင့်ပျံထွက်သွားသည်ကိုလည်း မြင်လိုက်ကြရသည်။ ထျန်းဖုန့်ဧကရာဇ်သည် ပေသောင်းကျော် လွင့်ထွက်သွားပြီး အနောက်မှ တောင်ဒါဇင်ကျော်ကို ဖောက်ထွက်သွား၏။ သူ မြေပေါ်တွင် အကြိမ်ဒါဇင်ကျော် လူးလိမ့်နေပြီးမှ နောက်ဆုံး ဒူးတစ်ဘက်ထထောက်နိုင်လိုက်သည်။
ထျန်းဖုန့်ဧကရာဇ်၏ ခန္ဓာကိုယ်က ဝေဝါးမနေတော့ပေ။ ထို့ကြောင့် တုတ်ခိုင်သော ခန္ဓာကိုယ်နှင့် ဖြူဖျော့နေသော မျက်နှာအိုတစ်ခုကို တွေ့လိုက်ရသည်။ သူ့တွင်လည်း ငွေရောင်ဆံပင်နှင့် ငွေရောင်မျက်ဝန်းများ ရှိသည်။ သူ့ဘယ်ဘက်လက်မှာ ပခုံးမှနေ၍ ပြတ်နေပြီဖြစ်သည်။ သို့ဖြစ်၍ ညာဘက်လက်ကို မြေပြင်တွင် ထောက်၍သာ သူ့ခန္ဓာကိုယ်အား ထောက်ကန်ထားရသည်။ သူ့နဖူးပေါ်တွင် အနီရောင်မျဉ်းကြောင်းတစ်ကြောင်း ရှိနေ၏။ ထိုအခိုက်တွင် ထိုမျဉ်းကြောင်းမှ စီးလာသော သွေးများက နှာခေါင်း၊ ပါးစပ်နှင့် မေးစေ့တို့ကို ဖြတ်၍ မြေပြင်ပေါ် တပေါက်ပေါက် ကျနေကြသည်။
ပေါက်...ပေါက်...ပေါက်...
မြေပြင်ပေါ်သို့ သွေးစက်များ ကျဆင်းနေသော အသံက အလွန်တိုးညင်း၏။ သို့သော် ယခုတွင် နေရာတစ်ခုလုံး အလွန်တိတ်ဆိတ်နေသည်ဖြစ်ရာ အားလုံးသည် သွေးမြေကျသံကို ကြားနေရပေသည်။ အားလုံး မြေပြင်ပေါ်တွင် ဒူးတစ်ဘက်ထောက်လျက်ရှိနေသော ထျန်းဖုန့်ဧကရာဇ်ကို ကြည့်လိုက်ကြ၏။ ထျန်းဖုန့်ဧကရာဇ်၏ မျက်ဝန်းများထဲတွင် အကြောက်တရား ပြည့်နှက်နေသည်။ သူ့မျက်နှာကလည်း ဖြူဖျော့နေပေသည်။
ကျားပြာဘုရင်နှင့် တပ်သားများ မဆိုထားနှင့် အလွန်ဉာဏ်ကောင်းသော ဖုန့်နီပင် ထိုအခိုက်တွင် မှင်တက်နေသည်။ သူမတို့သည် ဖြစ်ပျက်ခဲ့သည်ကို မယုံနိုင်ဖြစ်နေကြသည်။ သူမတို့စိတ်ထဲ၌ စကားလုံးလေးလုံးသာ အဖန်ဖန်ကြော့နေလေသည်။
‘မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး...’
ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်က မည်သို့ ရှုံးနိုင်မည်နည်း။ ရှုံးလျှင်လည်း အဘယ်သို့ တစ်ချက်တည်းနှင့် ရှုံးသွားမည်နည်း။ ကျန်းရီတွင် ထိုကဲ့သို့သော တိုက်ခိုက်စွမ်းအား ရှိနေလျှင် အဘယ်ကြောင့် သူက တိုက်ပွဲများ တိုက်နေခဲ့သေးသနည်း။ သူ ကောင်းကင်မိစ္ဆာဘုံကို ဓားတစ်လက်တည်းနှင့် သိမ်းပိုက်လိုက်နိုင်သည် မဟုတ်ပါလော။
ဤကိစ္စတစ်ခုလုံးမှာ ဟာသပင်။
***