← Chapters

ရုပ်ဧကရာဇ်၏ တာအို နန်းတော်

Vol. 12 Ch. 167

ရုပ်ဧကရာဇ်၏ တာအို နန်းတော်

Vol. 12 Ch. 167

စစ်တောင်ထွတ်၊ သတ္တမမြောက် အလွှာ၌...

ချောမော ခန့်ညားသည့် လူငယ် တစ်ယောက်သည် ကြယ်တာရာ အမြုတေ မြူခိုးများ ပြည့်နှက်နေသည့် ရေကန်တစ်ခုထဲတွင် စိမ်ရင်း ကျင့်ကြံနေ၏။ ခပ်မှိန်မှိန် တောက်ပလာသည့် လက်စွပ်ကို ငုံ့ကြည့်လိုက်ရင်း သူ၏ မျက်ခုံးမွေး ခပ်ပါးပါးက တွန့်သွားသည်။

သူက လက်စွပ်ထဲမှ ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ စစဆေးလိုက်သည်။ တစ်ခဏ ကြာပြီးနောက်၌ သူ၏ ချောမောသော မျက်နှာထက်တွင်ပင် အလိုမကျခြင်းများ ဖြစ်ပေါ်လာ၏။

“သူ့ကို မတွေ့လိုက်ဘူး ဆိုတာ ဘာသဘောလဲ”

သူက ဒေါသတကြီး ထအော်လိုက်၏။ ထို့နောက် သူက ဆက်သွယ်ရေး သလင်းကျောက်မှ တစ်ဆင့် အလျှင်အမြန်ပင် စာပြန်ပို့လိုက်သည်။

အခြားတစ်ဖက်၌ ချွေးများ၊ ဒဏ်ရာများနှင့် ပြည့်နှက်နေသည့် ကုဟို ရှိသည်။ သူသည် အဂ္ဂိရတ် တာအို နန်းတော် အပြင်ဘက်တွင် ရှိနေကာ ခက်ခဲသော တိုက်ပွဲတစ်ပွဲကို မကြာသေးခင်ကပင် ဆင်နွှဲထားဟန် ရသည်။

သူက ခပ်မြန်မြန်ပင် စာပြန်ပို့လိုက်၏။

“ဟုတ်ကဲ့ပါ သခင်လေး... သူက ရောက်ပြီးပြီးချင်းပဲ ပြန်ထွက်သွားတဲ့ပုံ ရတယ်... ပဥ္စမ အလွှာမှာ ရှိတဲ့ လူအချို့ကတော့ သူ ဧကရာဇ်တောင်ထွတ်ဘက် ထွက်သွားတာ မြင်လိုက်ရတယ် တဲ့”

တစ်ခဏကြာ စာအပြန်အလှန် ပို့ပြီးသည့်နောက်၌ ကုဟိုမှာ အံကို တင်းတင်းကြိတ်လျှက် ကျန်ရစ်ခဲ့သည်။ သူက သွေးများ ရွှဲနစ်နေသည့် ခန္ဓာကိုယ်ဖြင့် ကြမ်းပြင်ထက်၌ လဲနေသော မိန်းကလေးကို ကြည့်လိုက်၏။ သူမက အသက်ရှူနေဆဲ ဖြစ်သည့်တိုင် အတော့်ကို အားနည်းနေပြီ ဖြစ်သည်။

“မြောင်ယု... ယုံကြည်မှု လွန်ကဲနေတဲ့ ခွေးမ... ငါ့ကို စိန်ခေါ်ရဲမှတော့ ခုည ဘာမှ မပြောနဲ့တော့”

သူက မန်နာကို ထိန်းချုပ်ကာ မိန်းကလေး၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။ ဖန်တီးခြင်း တောင်ထွတ်၏ တပည့်များမှာ မဝံ့မရဲနှင့် ထိုမြင်ကွင်းကို ကြည့်နေကြ၏။ သူတို့၏ မျက်လုံးတွင် သနားခြင်း အရိပ်အငွေ့ အချို့က နေရာယူနေသည်။

“မေ့ယုက ကုဟိုက ရှုံးသွားလိမ့်မယ် လို့ ဘယ်သူ ထင်မိမှာလဲ... သူက လောင်းကြေးကြီးကြီး ထပ်ပြီးတော့ကို စိန်ခေါ်ခဲ့တာ”

တပည့်တစ်ယောက်က ခေါင်းခါရင်း ပြောလိုက်သည်။

“အပျိုစင်ဘဝကို ပေးရမယ့် အပြင် တစ်နှစ်စာ ကျွန်ခံရမယ်... အင်း... ပန်းကောင်း တစ်ပွင့်ကတော့ လူကြမ်းကြီး တစ်ယောက်လက်မှာ”

"ရှူး... တိုးတိုး... သူ ဟိုမှာ ရှိနေသေးတယ် အရူးကောင်”

အခြား တပည့် တစ်ယောက်က အလန်တကြားဖြင့် ပြောလိုက်၏။

ကုဟောင်မှာ မြောင်ယု၏ ခန္ဓာကိုယ်ကို သယ်ဆောင်လာသော်လည်း သူမ၏ အခြေအနေကို အာရုံခံမိသည်နှင့် နှုတ်ခမ်းများ မဲ့ရွဲ့သွား၏။ သူက တံတွေးတစ်ချက် ထွေးလိုက်ရင်း မေ့ယု၏ သိုလှောင် လက်စွပ်ကို ချွတ်ယူကာ ခန္ဓာကိုယ်ကိုမူ အမှိုက်ထုပ် တစ်ထုပ်ကဲ့သို့ လွှင့်ပစ်လိုက်သည်။

မြောင်ယုမှာ သူမ၏ နောက်ဆုံး လက်ကျန် ခွန်အား ကလေးနှင့် အသိစိတ် ပင်လယ်နှင့် နှလုံးသားတို့ကို ဖျက်ဆီးကာ ဘဝကို အဆုံးသတ်ခဲ့သည်။ ထိုအခိုက်၌ သူမ၏ အသက်အင်အားမှာ လျှင်မြန်စွာပင် နိမ့်ကျ လာနေခဲ့၏။ သူမအား ကယ်တင်ရန် နည်းလမ်း မရှိတော့ချေ။

“ခွေးမ... စိန်ခေါ်တုန်းက စိန်ခေါ်ပြီး လောင်းကြေးရှုံးတာနဲ့ ကိုယ့်ကိုယ်ကို သတ်သေတယ်... နင့်ကို ဘယ်သူမှ မသနားဘူး”

ထို့နောက် သူက မြေကြီးအား ခြေထောက်ဖြင့် ဆောင့်နင်းလိုက်ရင်း ကောင်းကင်ပေါ် ပျံတက်သွား ထွက်ခွာသွားတော့သည်။

မကြာခင်မှာပင် တပည့်များမှာလည်း လူစုခွဲသွားကြတော့သည်။ ထိုအရာက စိတ်လှုပ်ရှားစရာ ပြပွဲ တစ်ခု ဖြစ်သော်လည်း အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူတို့တွင် လုပ်စရာ တာဝန်များနှင့် ကျင့်ကြံရန် ဝတ္တရာများ ရှိပေသေးသည်။

ကြိုဆိုသူ နှစ်ယောက်မှာ မြောင်ယု၏ နံဘေးသို့ လျှောက်လာကာ စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်၏။ ကုဟိုမှာ လက်စွပ်ကို ယူသွားပြီ ဖြစ်ရာ သူတို့၏ ယင်ဝိညဥ်မျက်ရည်မှာလည်း ပါသွားလောက်ချေပြီ။ ဝမ်းနည်မှု အပြည့်ဖြင့် သူတို့ ထွက်ခွာရန် ဟန်ပြင်လိုက်စဥ်မှာပင် မြောင်ယု၏ လက်မှာ ပြေကျသွားကာ အပြာရောင် အရည်များ ပြည့်နေသည့် ပုလင်းတစ်ခု လိမ့်ဆင်းလာ၏။

“သူက နင့်ကို ယူစေချင်တယ်ဆိုရင် ဒါက နင့်အပိုင်ပဲ”

ခပ်သဲ့သဲ့ လေသံတစ်ခုကို သူတို့ ကြားလိုက်ရ၏။ ကြိုဆိုသူ မိန်းကလေးမှာ ဆေးပုလင်းလေးကို ကောက်ယူရင်း မျက်ရည်များပင် ဝဲလာခဲ့သည်။

“ကျေးဇူးပါပဲ...”

...

“ဒါက ရုပ်ဧကရာဇ်ရဲ့ တာအို နန်းတော်လား...”

ဝေ့ဝူယင်သည် ဧကရာဇ်တောင်ထွတ် ပထမ အလွှာရှိ အလွန် ကြီးမားလှသော အဆောက်အအုံကြီး တစ်ခုရှေ့တွင် ရပ်နေခဲ့သည်။ အဂ္ဂိရတ် တာအို နန်းတော်နှင့် မတူညီစွာပင် ‌ရုပ်ဧကရာဇ်၏ တာအို နန်းတော်သည် ဂိုဏ်းတစ်ခုလုံးရှိ ကျင့်ကြံခြင်း နည်းလမ်း အားလုံးကို သိုလှောင်ထားသည့် တစ်ခုတည်းသော နန်းတော်ပင် ဖြစ်သည်။

နန်းတော် အတွင်းဝင်လိုက်သည်နှင့် နေရာတစ်ခုလုံးမှာ လူသူ ကင်းမဲ့လုနီးပါး ဖြစ်နေကြောင်း ဝေ့ဝူယင် သတိထားမိလိုက်သည်။ ထိုနေရာတွင် လူအချို့သာလျှင် ရှိပြီး သေမျိုး ကမ္ဘာကဲ့သို့ ရှည်လျား မြင့်မားသည့် စာအုပ်စင်ကြီးများအား စီတန်းထားသည်ကို တွေ့မြင်လိုက်ရသည်။

ဝေ့ဝူယင် ကောင်တာရှိရာ နေရာသို့ သွားလိုက်သည်။ ထိုနေရာတွင် စာအုပ်ဖတ်နေသည့် အဘွားအို တစ်ယောက် ရှိသော်လည်း ဝေ့ဝူယင်ကို အဖက်လုပ်၍ မော့ပင် မကြည့်ချေ။ သူမက ပေါ့ပေါ့တန်တန်ပင် လက်ညိုးထိုးပြလိုက်သည်။

ဝေ့ဝူယင်က သူမကို မနှောက်ယှက်ပဲ လက်ညိုး ညွှန်ပြရာ နေရာကိုသာ ကြည့်လိုက်၏။ ထိုနေရာတွင် ရုပ်ဧကရာဇ် တာအို နန်းတော်၏ အမျိုးမျိုးသော စည်းကမ်းများကို ရေးထိုးထားသည့် ဘုတ်ပြားတစ်ခု ရှိနေခဲ့သည်။

သူ ယခင်က သတိမထားမိသော်လည်း ဤနန်းတော်တွင် ကိုးလွှာ ရှိ‌ကြောင်း သိရှိလိုက်ရသည်။ စည်းမျဥ်းများ အရ အလွှာ တစ်ခုချင်းစီတွင် အမျိုးမျိုးသော စွမ်းရည်များ ရှိသည့် နည်းလမ်းများကို သိုလှောင်ထားပေသည်။ အလွှာ ပိုမို မြင့်မားလေလေ... ကျင့်ကြံခြင်း နည်းလမ်းများမှာ ပိုမို မြင့်မားလာလေလေ ဖြစ်သည်။ ပထမ အလွှာမှ ဒုတိယ အလွှာသို့ သွားရန် အတွက် အင်ပါယာ အမှတ် တစ်မှတ် ပေးရသည်။ တတိယ အလွှာသို့ တက်ရန် အတွက်မူ အင်ပါယာ အမှတ် ၅ မှတ် လိုအပ်ပေသည်

အလွှာများ အလိုက် ပေးရသည့် စျေးနှုန်းများက ပိုမို မြင့်မားသွားကာ နဝမမြောက် အလွှာ အတွက်မူ အင်ပါယာ အမှတ် ၁၀၀၀ ပေးရန်ပင် လိုအပ်ပေသည်။ ထိုအလွှာသို့ ရောက်သည်နှင့် အချက်အလက်များကို သင်ကြိုက်နှစ်သက် သလောက် လေ့လာ၍ ရသည်။ သို့သော်လည်း စာအုပ်ကို ယူဆောင်သွားခွင့်တော့ မရှိပါချေ။

ဆိုလိုသည်က သင့်အနေဖြင့် ကျင့်စဥ်တစ်ခုကို ရယူချင်ပါက အလွတ် ကျက်လျှင်ကျက်၊ မကျက်လျှင် ဝိညာဥ်ကျောက်စိမ်းပြားဖြင့် ကူးယူသွားရလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်က ခေါင်းညိတ်ကာ လှေကားထစ်များကို ရှာဖွေလျှက် တက်သွားလိုက်၏။ လှေကားထစ်များမှာ ခရုလိမ် ပုံသဏ္ဌာန်မျိုး ဆောက်လုပ်ထားကာ အထပ် တစ်ထပ်ချင်းစီတိုင်းဤ တံခါးတစ်ချပ် ရှိပေသည်။ ထိုတံခါးမှာ ဝိညာဥ် ဝင်္ကပါ ပုံစံမျိုး ဖြစ်ကာ အမှတ်အသားပြားကို အသုံးပြု၍ အသက်သွင်းရန် လိုအပ်သည်။ ဝင်္ကပါ အလိုအလျောက်ပင် ကျသင့်သည့် အမှတ်များကို ဖြတ်တောက်သွားပေလိမ့်မည်။

ဝေ့ဝူယင် နဝမမြောက် အလွှာ အထိ တိုက်ရိုက်ပင် တက်သွားကာ အင်ပါယာ အမှတ် ၁၀၀၀ ကို ပေးလိုက်သည်။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ပမာဏ ဖြစ်သည်။ အဆင့်မြင့် တာဝန်များကို ယူဆောင်၍ စုဆောင်းလျှင်ပင် အင်ပါယာ အမှတ် ၁၀၀၀ ပြည့်ရန် နှစ်ပေါင်း ၁၀၀ ခန့် စုဆောင်းရလိမ့်မည် ဖြစ်သည်။

နဝမမြောက် အလွှာမှာလည်း စာအုပ်စင်များဖြင့် ပြည့်နှက်နေ၏။ ဝေ့ဝူယင်မှာ နေသွေးနီနီဂိုဏ်းမှာ ကဲ့သို့ စာအုပ်များ အားလုံးကို အသေးစိတ် လိုက်မဖတ်နိုင်တော့ချေ။ စာအုပ်များမှာ အလွန် ထူလှပြီး စာရွက်ပေါင်း သောင်းနှင့်ချီ ရှိပေသည်။ ထို့ကြောင့်ပင် သူ စာအုပ် တစ်အုပ်ချင်းစီ၏ နာမည်နှင့် အဖုံးထက်၌ ရေးထားသော စာလုံးအချို့ကိုသာ ဖတ်နိုင်တော့သည်။

မိနစ် အနည်းငယ် ကြာပြီးနောက် နဝမမြောက် အလွှာတွင် ကောင်းကင်ဘုံ နတ်မျက်လုံး နာမည်နှင့် စာအုပ် မရှိကြောင်း သဘောပေါက်လာ၏။

“နေဦး... နဝမမြောက် အလွှာမှာပဲ ရှိနေလိမ့်မယ်လို့ ငါ ဘယ်လိုလုပ်ပြီး ဆွဲတွေးလိုက်တာလဲ”

ဝေ့ဝူယင်မှာ သူအမှားလုပ်မိကြောင်း ရိပ်မိသွားရာ ရယ်မောလိုက်မိသည်။ ထို့နောက်တွင် သူက ဆေဘာနှင့် ဒြပ်စင် ဇာတိဝိညာဥ်များကို ကူညီနိုင်မည့် နည်းလမ်းများကို ရှာဖွေရင်း ကြယ်တာရာ အမြုတေ အလွှာနှင့် ပတ်သက်သည့် ဗဟုသုတများကို ဆည်းပူးနေတော့သည်။

ဝေ့ဝူယင်သည် သင့်တော်သည့် စာအုပ် နှစ်အုပ်ကို ရရှိခဲ့။ မဟုတ်သေး... ဇာတိဝိညာဥ်များက သူတို့၏ ကိုယ်ပိုင် စာအုပ်များကို ရှာတွေ့ခဲ့ခြင်း ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ ၎င်းတို့သည် မခိုင်းစေရပါပဲ ကိုယ်ပိုင်ဆန္ဒဖြင့် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှ ထွက်ခွာကာ စာအုပ်စင်များကို အသေးစိတ် မွှေနှောက်၍ ဝေ့ဝူယင်ထံ သယ်ယူ လာခဲ့ခြင်း ဖြစ်သည်။

ပထမ စာအုပ်မှာ “ဒြပ်စင် မူလ ရည်ရွယ်ချက်... ကိုးခုမှ တစ်ခု လမ်းညွှန်ချက်” ဟူ၍ ဖြစ်သည်။ ၎င်းတွင် ဒြပ်စင်ကိုးခုနှင့် ထိုကိုးခု၏ မပြည့်စုံပုံများကို ဖော်ပြထားသည်။ ယင်နှင့်ယန် စွမ်းအင်များသည် ယင်ယန် စွမ်းအင် အဖြစ် ပေါင်းစည်းရန် အတွက် မန်နာကို လိုအပ်သလို၊ ဒြပ်စင် စွမ်းအင်ကိုးခုကို ဒြပ်စင် မူလ စွမ်းအင် အဖြစ် ဖန်တီးရန် ဒြပ်စင်မူလ ရည်ရွယ်ချက်ဟု ခေါ်သည့် ရည်ရွယ်ချက် တစ်မျိုး လိုအပ်ကြောင်းများကိုလည်း ရှင်းပြ ထားသေး၏။

ထိုစာအုပ်မှာ ရှားပါးလှကာ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့က သူ၏ ဆက်ခံသူကို ရှာတွေ့လိမ့်နိုး ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေခဲ့သည်ဟု ယူဆ၍ ရသည်။

“ဆက်ခံသူ ရှာနေတဲ့ နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့နဲ့ နောက်တစ်ကြိမ် ပြန်တွေ့ပြန်ပြီ”

ထာဝရ ဧကရာဇ် ကဲ့သို့ပင် ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့မှာလည်း အနန္တ ကုန်းမြေတိုက်ကြီးမှပင် ဖြစ်သည်။ ထာဝရ ဧကရာဇ် ပျောက်ကွယ်သွားပြီးနောက်၌ သူသည် မဟာဂိုဏ်းကြီး ငါးဂိုဏ်းထဲမှ တစ်ဂိုဏ်း၏ တည်ထောင်သူ ဖြစ်လာခဲ့သည်။ ခေတ်ကာလများ ကွာခြားသည့်တိုင် အဆုံးတွင် သူတို့ နှစ်ယောက် တွေ့ဆုံကာ ထာဝရ ဧကရာဇ်က ဟန်ရှဲ့ကို ကူညီပေးခဲ့ဖူးကြောင်း သမိုင်း မှတ်တမ်းများပင် ရှိသည်။

“ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့က သူ့ရဲ့ ဆက်ခံသူကို ရှာဖွေဖို့ နည်းလမ်း ဘယ်လောက်များများတောင် ချန်ထားခဲ့တာလဲ”

သူ၏ စာအုပ်ကို အနန္တဧကရာဇ်ဂိုဏ်းတွင် တွေ့မြင်ရရာ ထိုအရာက ပုံမှန် မဟုတ်လှချေ။  မည်သို့ပင် ဆိုစေ... အဓိပ္ပာယ်တော့ ရှိပေသည်။ ဧကရာဇ် ထာဝရမှာလည်း အနန္တဧကရာဇ်ဂိုဏ်းမှ ဖြစ်သည့်တိုင် သူ၏ အမွေအနှစ်များကို သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံး အထိ ဖြန့်ကျက်ထားသည် မဟုတ်ပါလား။

ဝေ့ဝူယင် စိတ်ကို ရှင်းလိုက်ရင်း ဒုတိယမြောက် စာအုပ်ကို ကြည့်လိုက်သည်။ ၎င်းတွင် ရိုးရှင်းသော စာလုံး တစ်လုံးတည်းသာ ပါက “ဆေဘာ” ဟူ၍ ဖြစ်၏။

ထိုအထဲတွင် ဆေဘာနှင့် ပတ်သက်သော အကြောင်းအရာ အမျိုးမျိုး၊ ကျင့်စဥ် အမျိုးမျိုးကို ဖော်ပြထားကာ အထူးသဖြင့် “ဆေဘာ ရည်ရွယ်ချက်” ကို အသားပေး ရေးသားထားသည်။ ဆေဘာ ရည်ရွယ်ချက်၏ နောက်ထပ် အဆင့်တစ်ခုက “ဆေဘာနှလုံးသား” ရည်ရွယ်ချက် ဟူ၍ ဖြစ်၏။

ထိုစာအုပ် နှစ်အုပ်ကို ဖတ်ပြီးရန် အတွက် ဝေ့ဝူယင် နာရီအနည်းငယ် အချိန်ဖြုန်းလိုက်ရသည်။ ၎င်းတို့ကို အလွတ်ကျက်မှတ်ပြီးနောက် သူ ပထမ အလွှာသို့ ပြန်လည် ဆင်းလာခဲ့သည်။ အဘွားအိုသည် စာအုပ်ကိုပင် သည်းကြီးမည်းကြီး ဆက်လက် ဖတ်နေတုန်း ဖြစ်သည်။

“တဆိတ်လောက်ဗျ... ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ်က ဘယ်နေရာမှာ ရှိလဲ ဆိုတာ သိပါရစေ...”

ဝေ့ဝူယင်က ယဥ်ယဥ်ကျေးကျေးပင် မေးလိုက်၏။

အဘွားကြီးက မော့ပင် မကြည့်ပဲ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ပထမ အလွှာရှိ မရေမတွက်နိုင်သော စာအုပ်စင်များထဲမှ စာအုပ် တစ်အုပ်က ပျံသန်းလာကာ ဝေ့ဝူယင်ဆီသို့ ရောက်ရှိသွားသည်။

ဝေ့ဝူယင်က မျက်ခုံးကို ပင့်လိုက်၏။

“ပထမထပ်မှာတင် ရှိနေတာလား...”

***

All Chapters