မိစ္ဆာအားလုံး၏ ဘိုးဘေး
Vol. 131 Ch. 1826
အမှန်တွင် ထိုအခိုက်၌ ကျန်းရီလည်း ဤကိစ္စတစ်ခုလုံးက ဟာသဆန်သည်ဟု ခံစားနေရ၏။
ကျန်းရီသည် မီးနဂါးဝိညာဉ်က မီးဝိညာဉ်ပုလဲထဲမှ ထွက်လာလျှင်ပင် ထျန်းဖုန့်ဧကရာဇ်နှင့် အချီသုံးရာလောက် တိုက်ပြီးမှ နိုင်လိမ့်မည်ဟု ထင်ထားသည်။ စွမ်းအားကြီး သိုင်းသမားနှစ်ယောက် တိုက်ခိုက်လျှင် မိုးပြိုကာ၊ မြေအက်ကွဲပေလိမ့်မည်။ နေနှင့်လလည်း မှေးမှိန်သွားမည်။ နောက်ဆုံးတွင်မှ မီးနဂါးဝိညာဉ်က တစ်ကွက်အသာနှင့် အနိုင်ရသွားလိမ့်မည်ဟု ကျန်းရီ စိတ်ကူးထားသည်။
မီးနဂါးဘုရင်က အလွန်စွမ်းအားကြီးပါသည်။ ၎င်းက ကမ္ဘာဦးခေတ်တွင် ပထမဆုံး မွေးဖွားခဲ့သော မီးနဂါးဖြစ်သည်။ မဟာနတ်ဘုရားမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ပင် သူ့ကိုမြင်လျှင် ဦးညွှတ်ခဲ့ရသည်။
သို့သော် ယခုတွင် မီးနဂါးဘုရင်က မီးနဂါးဝိညာဉ်ဖြစ်နေပေပြီ။ ထို့ကြောင့် ၎င်း၏ တိုက်ခိုက်စွမ်းအားက များစွာလျော့ကျနေရမည်ဟု ကျန်းရီ တွေးခဲ့သည်။ သို့သော် မမျှော်လင့်ထားသည့်အရာ ဖြစ်လာ၏။ မီးနဂါးဝိညာဉ်သည် အပြင်သို့ပင် ထွက်မလာဘဲ မီးနဂါးဓားကို ထိန်းချုပ်၍သာ ထျန်းဖုန့်ဧကရာဇ်ကို တစ်ချက်တည်းနှင့် အနိုင်ယူခဲ့သည်။ ထျန်းဖုန့်ဧကရာဇ်ကို သတ်ပစ်နိုင်လုနီးနီးပင် ဖြစ်ခဲ့သည်။ ထျန်းဖုန့်ဧကရာဇ်ဆိုသည်မှာ မိစ္ဆာမျိုးနွယ်၏ စွမ်းအားအကြီးဆုံး မိစ္ဆာအရှင်ဖြစ်သည်။ သူ့ကဲ့သို့ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကိုပင် တစ်ချက်တည်းနှင့် အနိုင်ယူနိုင်ရာ မီးနဂါးဝိညာဉ်က မည်မျှစွမ်းအားကြီးပါသနည်း။
ကျန်းရီ တွေးကြည့်၍ပင် မရချေ။ ဖုန့်နီ၊ ကျားပြာဘုရင်နှင့် တပ်သားဆယ်သန်းနီးပါးတို့လည်း တွေးမကြည့်နိုင်။
ထို့နောက် ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသော ကိစ္စတစ်ခု ဖြစ်လာ၏။ ထျန်းဖုန့်ဧကရာဇ်၏ မျက်ဝန်းများက အကြိမ်အနည်းငယ် အရောင်လက်သွားသည်။ ထို့နောက် သူ သူ၏ တော်ဝင်ဦးခေါင်းကို ညွှတ်ကာ ပြောလိုက်လေသည်။
“ကျုပ်ကို မသတ်ဘဲ ညှာပေးခဲ့တဲ့အတွက် ဖုန့်စစ် အရှင့်ကို ကျေးဇူးတင်ပါတယ်”
ကျေးဇူးတင်သည်လော။
ကျန်းရီ မှင်တက်သွား၏။ ဖုန့်နီ၊ ကျားပြာဘုရင်နှင့် တပ်သားများလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ကောင်းကင်မိစ္ဆာဘုံ၏ နံပါတ်တစ် သိုင်းသမားက လက်တစ်ဘက် အဖြတ်ခံလိုက်ရသော်လည်း ဒေါသထွက်မသွားသည့်အပြင် ကျေးဇူးတင်နေသည်လော။
ထို့နောက်တွင် ထျန်းဖုန့်ဧကရာဇ် ခေါင်းပြန်မော့လာ၏။ သူ့မျက်ဝန်းများထဲမှနေ၍ အဖြူရောင်အလင်းတန်း နှစ်တန်း ပျံထွက်သွားသည်။ ထိုအဖြူရောင်အလင်းတန်း နှစ်တန်းသည် လေကို ခွင်း၍ ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားသို့ လျှပ်စီးအလျင်နှင့် ပျံဝင်သွား၏။ တစ်ချိန်တည်းမှာပင် ထျန်းဖုန့်ဧကရာဇ်လည်း အရှေ့သို့ ပျံသန်းသွားသည်။ သူ၏ အခြားလက်တစ်ဘက်က ဖီးနစ်လက်အဖြစ် ပြောင်းလဲကာ အကန့်အသတ်မဲ့ ရှည်ထွက်သွားပြီး ကျန်းရီ၏ ဦးခေါင်းကို လှမ်း၍ဖမ်းဆုပ်လိုက်လေသည်။
ဝုန်း...
ကျန်းရီသည် သူ့ဦးခေါင်းက ပေါက်ကွဲသွားသလို ခံစားလိုက်ရ၏။ လွန်စွာစွမ်းအားကြီးသော အားတစ်ခုက သူ့ခေါင်းထဲ ဝင်သွားပြီး သူ့စိတ်ဝိညာဉ်ကို ပြင်းထန်စွာ စတင်တိုက်ခိုက်လာသည်။ အပြင်တွင် မည်သည့်အရာများ ဖြစ်နေကြောင်း သူ မသိတော့ပေ။ မီးနဂါးဓားကို နှိုးရန် ကောင်းကင်စွမ်းအားလည်း မထုတ်နိုင်တော့ချေ။ ဧရာမဖီးနစ်လက်သည်းကြီးတစ်ခုက သူ့ဦးခေါင်းကို လျင်မြန်စွာ လှမ်းဖမ်းဆုပ်နေကြောင်းကိုလည်း သူမသိတော့ပါ။
“ကောင်းတယ်...”
ကျားပြာဘုရင်တို့ စိတ်ထဲမှ ဝမ်းမြောက်သွားကြ၏။ သို့သော် ဖုန့်နီမှာ ဝမ်းသာဟန် မပြချေ။ ထိုအစား စိုးရိမ်ပုံ ပေါ်လာသည်။ ကျန်းရီက သူမကို အကြိမ်များစွာ အံ့အားသင့်စေခဲ့သည်။ ကျန်းရီ မသေသေးသ၍ အရာအားလုံးက ပုံရိပ်ယောင်များ ဖြစ်သည်ဟုသာ သူမ ခံစားရပေသည်။
ဝှစ်...
ထျန်းဖုန့်ဧကရာဇ်က မည်မျှ လျင်မြန်ပါသနည်း။ ထို့ပြင် သူ့လက်ကလည်း ဆန့်ထွက်နေသည်။ သို့ကြောင့် အသက်တစ်ရှူစာအတွင်းမှာပင် သူ့လက်သည်းက ကျန်းရီ၏ ဦးခေါင်းအရှေ့သို့ ရောက်သွားသည်။ ၎င်းနောက်တွင် သူ ကျန်းရီကို လက်သည်းဖြင့် ကုတ်သတ်ရန် လုပ်လိုက်လေသည်။
သို့သော် ထိုအခိုက်တွင် ပြောင်းလဲမှုနောက်တစ်ခု ဖြစ်ပေါ်လာ၏။
ရွှီး...
ကောင်းကင်စွမ်းအားမရှိလျှင် မီးနဂါးဓားကို မနှိုးနိုင်သော်လည်း မီးဝိညာဉ်ပုလဲက လင်းလက်လာ၏။ ထို့နောက်ချက်ချင်း မီးဝိညာဉ်ပုလဲမှနေ၍ အလွန်မြင့်မားသော အပူချိန်တစ်ခု ထွက်လာသည်။ မီးတောက်များလည်း ထိုးထွက်လာကာ ပတ်ဝန်းကျင်အပူချိန်ကို အဆသိန်းချီ၊ သန်းချီ ထိုးတက်သွားစေလေ၏။
“ပြန်ဆုတ်ကြ...”
ဖုန့်နီ ကြောက်လန့်တကြား အော်လိုက်သည်။ ကျားပြာဘုရင်နှင့် တပ်သားများမှာ သွေးရူးသွေးတန်း အော်ဟစ်၍ တစ်ပြိုင်တည်း ပြန်ဆုတ်သွားကြ၏။ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား အုပ်စုမှာ လျင်မြန်စွာ ပြန်ဆုတ်နိုင်ကြ၏။ သို့သော် တပ်သားများက နှေးပေသည်။ သူတို့ စတင်ဆုတ်ခွာသည့်အချိန်တွင် ကြောက်မက်ဖွယ် အပူချိနက သူတို့အပေါ်သို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် သူတို့ကိုယ်ထဲမှ မိစ္ဆာစွမ်းအားက ပရမ်းပတားဖြစ်သွားပြီး သူတို့ ထွက်မပြေးနိုင်ကြတော့ပေ။
“အား...”
နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ အပူချိန်က အလွန်မြင့်ပေသည်။ အုပ်ချုပ်သူအဆင့်နှင့်အထက်တွင် ရှိသော မိစ္ဆာများမှလွဲ၍ ကျန်တပ်သားအားလုံး မီးလောင်လာသည်။ တပ်သားဆယ်သန်းနီးပါးသည် လေထဲတွင် အော်ဟစ် လူးလိမ့်ကုန်ကြသည်။ တောင်တန်းများပေါ်မှ သစ်ပင်များအားလုံးလည်း မီးလောင်ကာ မိုင်တစ်ထောင်ပတ်လည်အတွင်း မီးပင်လယ်တစ်ခု ဖြစ်သွားလေသည်။
ဝှစ်...
ထျန်းဖု်န့ဧကရာဇ်မှာမူ ထိုမီးတောက်ပမာဏလောက်ကို တောင့်ခံနိုင်ပေသေးသည်။ သို့သော် သူ့မျက်ဝန်းများထဲတွင်တော့ အကြောက်တရား ရှိနေသည်။ သူ ကျန်းရီကို လက်သည်းချက်တစ်ချက်တည်းနှင့် အလွယ်တကူ သတ်ပစ်နိုင်သည်။ သို့သော် ထိုအခိုက်တွင် သူ ဆက်မလှုပ်ဝံ့တော့ဘဲ ကြောက်ရွံ့စွာနှင့် ပြန်ဆုတ်လိုက်ရသည်။ သေခြင်းတရား အငွေ့အသက်နှင့် မဟာသားရဲစွမ်းအားကို သူ ခံစားလိုက်ရသည် မဟုတ်ပါလား။
မိစ္ဆာမျိုးနွယ်သည် အဆင့်အတန်း ရှင်းရှင်းလင်းလင်းရှိသော မျိုးနွယ်တစ်ခုပင်။ ပို၍စွမ်းအားကြီးသော မိစ္ဆာများ၏ သားရဲစွမ်းအားက စွမ်းအားနည်းသော မိစ္ဆာများကို ဖိနှိပ်နိုင်သည်။ သိုးအုပ်တစ်အုပ်က ခြင်္သေ့တစ်ကောင်ကို မတိုက်ခိုက်ဝံ့သလိုမျိုး၊ ယုန်တစ်ကောင်က သိမ်းငှက်တစ်ကောင်ကို မြင်သည်နှင့် ပြေးရန်သာ တွေးမိသလိုမျိုးပင်။ ယင်းမှာ သူတို့၏အရိုးများထဲတွင် စွဲထင်နေသော သဘာဝတရားပင်။
ယခုတွင် ထျန်းဖုန့်ဧကရာဇ်သည် သူက ခြင်္သေ့တစ်ကောင်၏ သားရဲစွမ်းအားအောက်တွင် ရှိနေသော သိုးတစ်ကောင်ကဲ့သို့ ဖြစ်နေကြောင်း ခံစားနေရ၏။ သူ ချက်ချင်း ပြန်မဆုတ်လျှင် သေရပေလိမ့်မည်။
ယင်းတို့အပြင် အလွန်အရေးကြီးသော အခြားအကြောင်းအရင်းတစ်ခုလည်း ရှိသေးသည်။ သူ ထိုသားရဲစွမ်းအားကို အလွန်ရင်းနှီးနေသည်။ ထိုသားရဲစွမ်းအားကို သူ မီးမြေခွေးဧကရာဇ်၊ ပူနီဧကရာဇ်တို့နှင့်အတူ ခံစားခဲ့ဖူးသည်။ ၎င်းသားရဲစွမ်းအား၏ ပိုင်ရှင်က သူတို့သုံးယောက်စလုံးကို တစ်ချက်တည်းနှင့် သတ်ပစ်တော့မလိုပင် ဖြစ်ခဲ့သည်။
နတ်ဆိုးချောက်နက်ထဲမှ ကြောက်မက်ဖွယ် ဖြစ်တည်မှုက နောက်ဆုံးတွင် ထွက်လာခဲ့ပေပြီ။
ဟူး...ရှဲ...
ကောင်းကင်ထဲရှိ မီးတောက်များက ယိမ်းထိုးနေကြ၏။ ၎င်းတို့သည် ထျန်းဖုန့်ဧကရာဇ်နောက်သို့ လိုက်မသွားကြဘဲ လေထဲတွင် တစ်ခဏမျှ ယိမ်းထိုးနေပြီးနောက် ဧရာမမီးနဂါးတစ်ကောင်အဖြစ် စုစည်းသွားသည်။ ထိုမီးနဂါးက ပေသောင်းကျော် ရှည်လျား၏။ ၎င်းသည် မီးတောက်များမှ ဖြစ်ပေါ်လာခြင်းဖြစ်သော်လည်း အစစ်အလား ထင်ရသည်။ အထူးသဖြင့် ၎င်း၏ မျက်ဝန်းတစ်စုံက အလွန်အသက်ဝင်ပေသည်။ ထို့ကြောင့် ဖုန့်နီ၊ ကျားပြာဘုရင်နှင့် စွမ်းအားကြီး သိုင်းသမားအားလုံး ကြောက်ရွံ့ကာ မိုင်တစ်ရာ ဆုတ်လိုက်ကြသည်။
“မင်းတို့က ထွက်ပြေးနိုင်ဦးမှာလား”
အေးစက်စက်အသံတစ်သံက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွား၏။ မီးနဂါးဝိညာဉ်၏ မျက်ဝန်းများက လင်းလက်လာကာ မမြင်နိုင်သော လှိုင်းတစ်လှိုင်း ဖြာထွက်သွားသည်။
ထိုအခိုက်တွင် လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်ဟု ထင်လိုက်ရ၏။ မီးတောက်များလည်း လောင်ကျွမ်းမနေတော့သလို ဖုန့်နီတို့လည်း တုန်ယင်မနေတော့ပေ။ ထွက်ပြေးနေသော ထျန်းဖုန့်ဧကရာဇ်လည်း အဝေးတွင် ရပ်တန့်သွားသည်။ အနီးမှ အာကာပြင်က ရပ်တန့်သွားပြီး အချိန်ကလည်း ဆက်မစီးတော့သလိုပင်။
မီးနဂါးဝိညာဉ်သည် မလှုပ်ဘဲ ထျန်းဖုန့်ဧကရာဇ်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်၏။
“မဟာနတ်ဘုရားမျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်ပဲ ငါ့လက်ထဲက လွတ်နိုင်တယ်။ မင်းမပြောနဲ့ မင်းရဲ့ဘိုးဘေး ဧကရာဇ်ဖုန့်ရှန်းတောင် ငါ့လက်က လွတ်နိုင်မှာ မဟုတ်ဘူး”
‘မဟာနတ်ဘုရားမျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်လား၊ ဧကရာဇ်ဖုန့်ရှန်းလား’
ထျန်းဖုန့်ဧကရာဇ် မျက်မှောင်ကြုတ်သွား၏။ ထိုအခိုက်တွင် သူ ပြန်လှုပ်၍ရလာကြောင်း သူသိလိုက်ရသည်။ သို့သော် သူ့မျက်နှာမှ ကြွက်သားများက အတန်ငယ် တုန်နေသေးသည်။ သူ ဆက်ပြီး ထွက်မပြေးလိုက်ပါ။ ထိုအစား ကောင်းကင်ထဲရှိ မီးနဂါးကြီးကို ကြောက်ရွံ့စွာ လှည့်ကြည့်လိုက်သည်။ ထို့နောက် တုန်ယင်သော အသံနှင့် မေးလိုက်လေသည်။
“အရှင်.. အရှင်က အရှင်ချီဟုန်ပါလား”
မီးနဂါးဝိညာဉ်သည် ခပ်ဖွဖွ နှာမှုတ်၍ ပြန်ပြောလိုက်၏။
“ဟွန်း.. မင်းက နည်းနည်းတော့ အမြင်ရှိသေးသားပဲ”
‘အရှင်ချီဟုန်လား’
ဖုန့်နီ၏ ကိုယ်လေး တုန်ယင်သွား၏။ ကျားပြာဘုရင်၏ မျက်ဝန်းများထဲတွင်လည်း အကြောက်တရား ပြည့်နှက်သွားသည်။ ကျန်သော ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများမှာမူ နားမလည်နိုင်ဖြစ်သွားကြသည်။ သို့သော် သူတို့လည်း မီးနဂါးဝိညာဉ်၏ စကားများကြောင့် တုန်လှုပ်နေကြပေသည်။
သူတို့သည် မဟာနတ်ဘုရားမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်ကို သိကြ၏။ သူက ကောင်းကင်ဘုံတစ်ခုလုံးကို ကြီးစိုးနိုင်ခဲ့သော စွမ်းအားကြီး မျိုးနွယ်တစ်ခု၏ ခေါင်းဆောင် မဟုတ်ပါလား။ ဖုန့်ရှန်းမှာမူ ထျန်းဖုန့်မျိုးနွယ်တွင် ဧကရာဇ်အဆင့်ကို ပထမဆုံး ရောက်ခဲ့သူဖြစ်သည်။ ယနေ့ ထျန်းဖုန့်မျိုးနွယ် အင်အားကြီးလာခြင်းတွင် ဖုန့်ရှန်း၏ ကြိုးပမ်းခဲ့မှုများစွာပါသည်။ သူက ထျန်းဖုန့်မျိုးနွယ်၏ မဟာဘိုးဘေးတစ်ယောက်ပင်။
ဒုတ်...
ထျန်းဖုန့်ဧကရာဇ်သည် ရုတ်တရက် မြေပြင်ပေါ်သို့ ပျံဆင်းသွားပြီး ဒူးတစ်ဘက်ထောက်ကာ အော်ပြောလိုက်၏။
“ဖုန့်စစ် အရှင်ချီဟုန်ကို အရိုအသေပေးပါတယ်”
ဝှစ်...ဝှစ်...
ဖုန့်နီနှင့် ကျားပြာဘုရင်လည်း ချက်ချင်းပျံဆင်းကာ ဒူးတစ်ဘက်ထောက်၍ လိုက်အော်လိုက်ကြသည်။
“အရှင်ချီဟုန်ကို အရိုအသေပေးပါတယ်”
ယခုအထိ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများက နားမလည်သေးလျှင် သူတို့ ထိုအဆင့်အထိရောက်အောင် ကျင့်ကြံနိုင်ခဲ့မည် မဟုတ်ပေ။ သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြပြီး မြေပြင်သို့ ပျံဆင်းကာ ရှေ့မှသူများအတိုင်း ဒူးတစ်ဘက်ထောက်၍ အရှင်ချီဟုန်ကို အရိုအသေးပေးလိုက်ကြလေသည်။
သူတို့သည် ချီဟုန်၏အမည်ကို မရင်းနှီးပါ။ သို့သော် ထျန်းဖုန့်ဧကရာဇ်ကိုပင် ဒူးထောက်စေနိုင်ပြီး ထျန်းဖုန့်မျိုးနွယ်၏ မဟာဘိုးဘေးအမည်ကို အရေးမစိုက်သလို ပြောနိုင်သူမှာ တစ်လောကလုံးတွင် တစ်ယောက်သာရှိသည်။ ထိုသူမှာ မိစ္ဆာမျိုးနွယ်၏ စွမ်းအားအကြီးဆုံး သိုင်းသမား၊ မိစ္ဆာမျိုးနွယ်၏ ပထမဆုံး မဟာဧကရာဇ်ဖြစ်သော မိစ္ဆာအားလုံး၏ ဘိုးဘေးပင်။
***