← Chapters

ကျွန်တော်က ကောင်းကင်မိစ္ဆာဘုံရဲ့ အရှင်သခင်ပဲ

Vol. 131 Ch. 1827

ကျွန်တော်က ကောင်းကင်မိစ္ဆာဘုံရဲ့ အရှင်သခင်ပဲ

Vol. 131 Ch. 1827

မိစ္ဆာမျိုးနွယ်၏ သမိုင်းသည် လူသားမျိုးနွယ်၏ သမိုင်းနှင့် သိပ်မကွာပေ။ ချီဟုန် မွေးဖွားလာခဲ့စဉ်က လူသားမျိုးနွယ်မှာ အလွန်အားနည်းနေသေးသည်။ မည်သည့် စွမ်းအားကြီး သိုင်းသမားမှလည်း မရှိသေးချေ။

ချီဟုန်သည် ဩဇာအာဏာအတွက် မတိုက်ခိုက်လိုခဲ့သဖြင့် မိစ္ဆာမျိုးနွယ်ကိုပင် မပေါင်းစည်းခဲ့ပါ။ သို့သော် မိစ္ဆာမျိုးနွယ် ဒုက္ခရောက်တိုင်း ရန်သူများကို နှိမ်နင်းပေးခဲ့သည်။ သူက အလွန်စွမ်းအားကြီးသဖြင့် မိစ္ဆာမျိုးနွယ်သည် သူ့ကို မိစ္ဆာအားလုံး၏ ဘိုးဘေးဟု ခေါ်ခဲ့ကြသည်။

ချီဟုန်၏ သက်တမ်းက အလွန်ရှည်၏။ သူက မည်သည့်မိစ္ဆာအတတ်များကို ကျင့်ကြံကြောင်း မည်သူမှ မသိပေ။ သူသည် ကမ္ဘာဦးခေတ်၊ ရှေးဟောင်းခေတ်နှင့် ရှေးဦးခေတ်တို့ကို ဖြတ်ကျော်ခဲ့ရသည်။ ယန်ကိုးပါးမဟာဧကရာဇ် ထွက်ပေါ်လာပြီးနောက် သူ့ကို နောက်ထပ်မတွေ့ခဲ့ရတော့။ ထို့ကြောင့် မိစ္ဆာမျိုးနွယ်က သူ ကွယ်လွန်သွားခဲ့ပြီဟု ထင်ခဲ့ကြသည်။ သို့သော် သူက ယနေ့တွင် ပြန်ထွက်ပေါ်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားကြချေ။

‘သူ နတ်ဆိုးချောက်နက်ထဲမှာ နှစ်ထောင်နဲ့ချီပြီး နေခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး။ သူ ကောင်းကင်မိစ္ဆာဘုံကို မပေါင်းစည်းခံတာလည်း အံ့ဩဖို့ မရှိတော့ဘူး။ သူက မိစ္ဆာမျိုးနွယ်ရဲ့ ဘိုးဘေးပဲ။ သူက ဩဇာအာဏာကို အရေးမစိုက်တော့ ကောင်းကင်မိစ္ဆာဘုံလေးကိုလည်း အရေးစိုက်မှာ မဟုတ်ဘူးပေါ့’

ဖုန့်နီ၏ စိတ်ထဲမှ မေးခွန်းအချို့၏ အဖြေကို ရသွားသည်။ သို့သော် သူမစိတ်ထဲ၌ ‌မေးခွန်းများ ပို၍ ထွက်ပေါ်လာ၏။ အဘယ်ကြောင့် မိစ္ဆာအားလုံး၏ ဘိုးဘေးက ကျန်းရီနှင့်အတူ ရှိနေရသနည်း။ အဘယ်ကြောင့် သူက မီးနဂါးဓားထဲ ရောက်နေရသနည်း။ အဘယ်ကြောင့် သူက ကျန်းရီကို မိစ္ဆာမျိုးနွယ်နှင့် ယှဉ်နိုင်ရန် ကူညီပေးနေရသနည်း။

ထျန်းဖုန့်ဧကရာဇ်လည်း နားမလည်နိုင်ပေ။ သူ့မျက်ဝန်းများက တလက်လက် ဖြစ်နေသည်။ သို့သော် သူ့တွင် တိုက်ခိုက်လိုစိတ် မရှိတော့ပါ။ မီးနဂါးဝိညာဉ်က မိစ္ဆာမျိုးနွယ်၏ ဘိုးဘေးဖြစ်ပြီး စွမ်းအားအကြီးဆုံးဖြစ်သည်။ မဟာနတ်ဘုရားမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်သည်ပင် သူ့ကို မယှဉ်နိုင်ခဲ့ရာ ထျန်းဖုန့်ဧကရာဇ်က မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ထိုအခိုက်တွင် ကျန်းရီ၏ မျက်လုံးများ ပွင့်လာ၏။ မီးဝိညာဉ်ပုလဲမှ ထွက်လာသော စွမ်းအင်ကြောင့် သူ့စိတ်ဝိညာဉ်ထဲ ရောက်နေသည့် စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ဖယ်ရှားနိုင်လိုက်သည်။ မဟုတ်လျှင် သူ့စိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။

ကျန်းရီသည် ဒူးထောက်နေသော ထျန်းဖုန့်ဧကရာဇ်၊ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား ဆယ်ယောက်ကျော်နှင့် အုပ်ချုပ်သူအဆင့် သိုင်းသမား တစ်ထောင်ကျော်ကို ကြည့်လိုက်၏။ ထို့ပြင် အရိုးကျနေပြီဖြစ်သော တပ်သားများကို ကြည့်၍လည်း အကြိမ်အနည်းငယ် ပင့်သက်ရှိုက်လိုက်မိသည်။ ထိုမီးနဂါးဝိညာဉ်က ဤမျှ ကြောက်မက်ဖွယ် ကောင်းသည်လော။ သူသည် သူ၏မျိုးနွယ်ဖြစ်သော မိစ္ဆာတပ်သားဆယ်သန်းနီးပါးကိုပင် မီးရှို့သတ်ဖြတ်ပစ်လိုက်သည်လော။

“ကောင်လေး... ပျံတက်ခဲ့”

ချီဟုန်သည် ကျန်းရီကို ကြည့်၍ အေးစက်စက်လေသံနှင့် ခေါ်လိုက်၏။ ကျန်းရီ မြေပြင်ကို ခြေဖြင့်ကန်ကာ လေထဲ ပျံတက်လိုက်သည်။ ချီဟုန်က ထျန်းဖုန့်ဧကရာဇ်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်လေသည်။

“ငါ မင်းကို ရွေးချယ်စရာနှစ်ခု ပေးမယ်။ ပထမတစ်ခုက မင်းရဲ့ ဘိုးဘေး ဖုန့်ရှန်းနောက်ကို လိုက်သွားဖို့ပဲ။ ဒုတိယတစ်ခုကတော့ ဒီကောင်လေးဆီမှာ လက်အောက်ခံပြီး သူ့ကို မင်းရဲ့ အရှင်သခင်အဖြစ် အသိအမှတ်ပြုဖို့ပဲ”

“ဟမ်...”

အားလုံး မှင်တက်သွားကြ၏။ ချီဟုန်က ထျန်းဖုန့်ဧကရာဇ်ကို ကျန်းရီထံတွင် လက်အောက်ခံစေလိုနေသည်လော။ ထို့ပြင် လက်အောက်ခံရန်မှာ သာမန်လက်အောက်ခံရုံသာ မဟုတ်ကြောင်း ထင်ရှားသည်။ ထျန်းဖုန့်ဧကရာဇ်က ကျန်းရီ၏ ဝိညာဉ်သားရဲ၊ ဝိညာဉ်ကျွန် လုပ်ရမည်ဖြစ်သည်။

ထျန်းဖုန့်ဧကရာဇ်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သူ့လို ဧကရာဇ်တစ်ပါးက သူများ၏ ဝိညာဉ်သားရဲလုပ်ရမည်လော။ ကျန်းရီကရော ထိုက်တန်ပါသလော။ ကျန်းရီနေရာတွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကဲ့သို့ စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဆိုလျှင်တော့ သူ စိတ်ပါချင် ပါပေလိမ့်မည်။ သူ့မျက်လုံးထဲတွင် ကျန်းရီမှာ ပမွှားကောင်လေးတစ်ယောက်သာ။ သို့ဖြစ်ရာ အဘယ်ကြောင့် သူ ဦးညွှတ်ရပါမည်နည်း။

ထျန်းဖုန့်ဧကရာဇ်မှာ မိစ္ဆာအရှင်လေးပါးထဲမှ တစ်ပါးဖြစ်ပြီး ထျန်းဖုန့်မျိုးနွယ်မှာလည်း မိစ္ဆာမျိုးနွယ်ထဲရှိ စွမ်းအားအကြီးဆုံး မျိုးနွယ်များထဲမှ တစ်ခုဖြစ်သည်။ ဖုန့်နီကဲ့သို့ပင် ထျန်းဖုန့်ဧကရာဇ်သည် လွတ်လပ်မှုကို မလိုချင်၊ ဂုဏ်သိက္ခာကိုသာ လိုချင်ပေသည်။ ဂုဏ်သိက္ခာမရှိလျှင် ဆယ်နှစ်နေရခြင်းနှင့် နှစ်တစ်ရာနေရခြင်းမှာ ကွာခြားမည် မဟုတ်ပါ။

“ဟွန်း...”

ချီဟုန်က အေးစက်စက် နှာမှုတ်လိုက်၏။

“သူ့နောက်ကို လိုက်ရတာ သိက္ခာကျတယ်လို့ မင်းက ထင်နေတာလား။ သူက ယန်ကိုးပါးကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူပဲ၊ ဒုတိယကောင်းကင်ဧကရာဇ် ဖြစ်လာမဲ့သူပဲ။ အခု မင်း လက်ခံနိုင်ပြီလား”

“ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူလား”

ထျန်းဖုန့်ဧကရာဇ်နှင့် ဖုန့်နီတို့မှလွဲ၍ ကျန်သူအားလုံး တုန်လှုပ်သွားသည်။ ကောင်းကင်ဧကရာဇ်မှာ လောကသုံးပါးစလုံး၏ အုပ်စိုးသူဖြစ်သည်။ ထိုလူသားက အမှန်ပင် ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူလော။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ထိုမျှစွမ်းအားကြီးနေပြီး ဉာဏ်ရည်အရာတွင်လည်း ဖုန့်နီထက်ပင် သာနေခြင်းမှာ အံ့ဩစရာမရှိတော့ပါ။

ထျန်းဖုန့်ဧကရာဇ် တုံ့ဆိုင်းနေသေး၏။ ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ ဖြစ်နေလျှင်လည်း သူ့အတွက် အရေးမပါပေ။ ကျန်းရီထံတွင် ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်ရှိနေရာ သူက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်နိုင်ကြောင်း ထျန်းဖုန့်ဧကရာဇ် ခန့်မှန်းထားပြီးဖြစ်သည်။ ထို့ပြင် ကျန်းရီသာ မဟုတ် ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်ကို ပိုင်ဆိုင်သူတိုင်း ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ ဖြစ်နိုင်သည် မဟုတ်ပါလား။ သို့ဖြစ်ရာ ထိုအချက်မှာ များစွာအသုံးမဝင်ချေ။

ဖျောက်...ဖျောက်...

ထျန်းဖုန့်ဧကရာဇ်၏ နဖူးမှနေ၍ ချွေးသီးချွေးပေါက်များ ကျဆင်းလာ၏။ သူ့ရုပ်ခန္ဓာက သန်မာ၍ သူ့နဖူးမှ ဓားရာက ပြန်ကောင်းသွားပြီဖြစ်သည်။ ယခုတွင် သူ ဇောချွေးပြန်နေပေသည်။ အကယ်၍ ဤနေ့ ဤနေရာတွင် ချီဟုန် ရှိမနေပါက သူ ကျန်းရီကို ချက်ချင်း သတ်ပစ်လိုက်မည်ဖြစ်သည်။

“ငါ မင်းကို စဉ်းစားဖို့ အသက်ဆယ်ကြိမ်ရှူစာ အချိန်ပေးမယ်”

ချီဟုန်က အေးစက်စက် ပြောလိုက်သည်။

“သူ့ဆီမှာ ဆယ်နှစ်ပဲ လက်အောက်ခံလိုက်။ ဆယ်နှစ်ပြည့်ရင် သူက မင်းရဲ့လွတ်လပ်ခွင့်ကို ပြန်ပေးလိမ့်မယ်။ မင်း လက်အောက်မခံရင်တော့ ထျန်းဖုန့်မျိုးနွယ် ရှင်းပစ်ခံရမယ်”

“ရှင်းပစ်ခံရမယ်၊ ရှင်းပစ်ခံရမယ်၊ ရှင်းပစ်ခံရမယ်...”

ချီဟုန်၏ နောက်ဆုံးစကားလုံးက ပတ်ဝန်းကျင် အာကာပြင်ထဲတွင် အဆုံးမဲ့ ပဲ့တင်ထပ်သွား၏။ ထျန်းဖုန့်ဧကရာဇ်နှင့် ဖုန့်နီတို့ မျက်နှာပျက်သွားကြသည်။ သူတို့သည် သေရမည်ကို မကြောက်ကြပါ။ သို့သော် ချီဟုန်က ထျန်းဖုန့်မျိုးနွယ်ကို ရှင်းပစ်မည်ဟု ပြောနေသည်။ သူက ပြောသည့်အတိုင်းလည်း အမှန်တကယ် လုပ်နိုင်စွမ်း ရှိပေသည်။

အချိန်က တ‌ရွေ့ရွေ့ ကုန်ဆုံးလာ၏။ ထျန်းဖုန့်ဧကရာဇ်မှာ စိတ်မဆုံးဖြတ်ရ‌သေးပါ။ အလွန်ဉာဏ်ကောင်းသော ဖုန့်နီသည်ပင် ထိုအခိုက်တွင် အကြံအိုက်နေသည်။ အကြွင်းမဲ့စွမ်းအား၏ အရှေ့တွင် လှည့်ကွက်များမှာ မသုံးမဝင်ပါ။

အသက်ခုနှစ်ရှူစာ၊ ရှစ်ရှူစာ ကြာပြီးနောက် ချီဟုန်က စိတ်မရှည်နိုင် ဖြစ်လာ၏။ သူ အေးစက်စက်လေသံနှင့် အော်ပြောလိုက်သည်။

“ရွေးစမ်း...”

ထျန်းဖုန့်ဧကရာဇ်၏ မျက်ဝန်းများ အရောင်လက်သွား၏။ နောက်ဆုံးတွင် သူ အံကြိတ်ကာ ပြောလိုက်ရလေသည်။

“ဘိုးဘေးက ဖုန့်စစ်ကို လက်အောက်ခံစေချင်မှတော့ ဖုန့်စစ် ဘိုးဘေးရဲ့ဆန္ဒကို မလွန်ဆန်ဝံ့ပါဘူး။ ကျုပ် ဆယ်နှစ် လက်အောက်ခံပါမယ်”

ရွှီး...

ထျန်းဖုန့်ဧကရာဇ်၏ မျက်ခုံးနှစ်ခုကြားမှနေ၍ ရွှေရောင်အစေ့တစ်စေ့ ပျံထွက်လာပြီး ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားထဲ ဝင်သွားသည်။ ကျန်းရီသည် မီးနဂါးဝိညာဉ်ကို လှမ်းကြည့်လိုက်ပြီး ထိုဝိညာဉ်မျိုးစေ့ကို လွယ်လင့်တကူ လက်ခံလိုက်သည်။ ပြီးလျှင် ဝိညာဉ်မျိုးစေ့ကို သန့်စင်၍ ထျန်းဖုန့်ဧကရာဇ်နှင့် ဝိညာဉ်ချိတ်ဆက်လိုက်လေသည်။

“ကောင်းပြီ...”

ချီဟုန်သည် ထျန်းဖုန့်ဧကရာဇ်ကို မျက်လုံးပြူးကြီးများနှင့် စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“တခြားနှစ်ယောက်ကိုလည်း ဒီကိုလာပြီး ဆယ်နှစ်ကျွန်ခံဖို့ ပြောလိုက်။ သူတို့ ဆယ်ရက်အတွင်း ရောက်မလာရင် ငါ သူတို့ရဲ့မျိုးနွယ်တွေကို ရှင်းပစ်မယ်”

ချီဟုန်သည် ပြောပြီးနောက် အလင်းတန်းအဖြစ်ပြောင်းလဲကာ ကျန်းရီ၏ မီးနဂါးဓားထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ထိုမှ ကျန်းရီ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။ အရာအားလုံးက ချောမွေ့ခဲ့သည်။ အကယ်၍ မျှော်လင့်မထားသည့် အရာများသာ ဖြစ်မလာလျှင် သူက ဆယ်ရက်အတွင်း ကောင်းကင်မိစ္ဆာဘုံ၏ အရှင်သခင် ဖြစ်သွားပေလိမ့်မည်။

“ဖုန့်စစ် သခင့်ကို အရိုအသေပေးပါတယ်”

ထျန်းဖုန့်ဧကရာဇ်သည် ကျန်းရီကို ဦးညွှတ်လိုက်၏။ ဖုန့်နီလည်း သက်ပြင်းမောကြီးချကာ ဦးညွှတ်လိုက်ရသည်။

“ဖုန့်နီ သခင့်ကို အရိုအသေပေးပါတယ်”

မျိုးနွယ်ဘုရင်ပင် ကျန်းရီ၏ ဝိညာဉ်ကျွန်ဖြစ်သွားပြီဖြစ်ရာ မျိုးနွယ်ဝင်အားလုံးမှာလည်း ကျန်းရီ၏ကျွန် ဖြစ်ရတော့မည်ဖြစ်သည်။ ထျန်းဖုန့်ဧကရာဇ်ထံတွင် လက်အောက်ခံထားသော ကျားပြာဘုရင်နှင့် အခြား စွမ်းအားကြီး သိုင်းသမားများလည်း ဒူးထောက်၍ အော်ပြောလိုက်သည်။

“သခင့်ကို နှုတ်ခွန်းဆက်သပါတယ်”

“ထကြပါ”

ကျန်းရီက အရေးမစိုက်ဟန်နှင့် လက်ဝှေ့ယမ်းလိုက်၏။ သူသည် ဒူးထောက်ရနိုး၊ မထောက်ရနိုး ဖြစ်နေကြသော အနောက်ဒေသနှင့် မြောက်ဒေသတို့မှ စွမ်းအားကြီး သိုင်းသမားများကို ကြည့်ကာ လက်ယမ်း၍ ပြောလိုက်သည်။

“ခင်ဗျားတို့ အကုန်လုံး ပြန်သွားလိုက်ကြပါ။ ပြီးရင် အရှင်ချီဟုန်ရဲ့ စကားတွေကို ခင်ဗျားတို့ရဲ့ ဧကရာဇ်တွေကို ပြန်ပြောလိုက်ကြ။ သူတို့ကို နဂါးတောင်ကြားဆီ ဆယ်ရက်အတွင်း ရောက်အောင် လာခိုင်းလိုက်ပါ။ သူတို့ ရောက်မလာရင် အကျိုးဆက်တွေကို ခံရလိမ့်မယ်”

“ဟုတ်ကဲ့ပါ”

ဒေသနှစ်ခုမှ စွမ်းအားကြီး သိုင်းသမားများသည် သေမိန့်မှ အလွှတ်ခံလိုက်ရသလို ခံစားလိုက်ကြရ၏။ သူတို့ ချက်ချင်းပင် အဝေးသို့ ပျံသန်းသွားကြလေသည်။ ကျန်းရီသည် ခေတ္တမျှ စောင့်ပြီးနောက် လက်ဝှေ့ယမ်းကာ ထပ်ပြောလိုက်၏။

“အားလုံးပဲ ကျွန်တော့် နောက်ကနေပြီး နဂါးတောင်ကြားဆီ လိုက်ခဲ့ပါ”

ဝှစ်...

သို့ဖြင့် ကျန်းရီတို့ အရှေ့ဒေသဆီသို့ ပျံသန်းသွားလိုက်ကြသည်။ ကျန်းရီက မည်သို့မှ မပြောလျှင် ထျန်းဖုန့်ဧကရာဇ်တို့လည်း မည်သို့မှ မပြောဝံ့ပေ။ မည်သူကမှလည်း အလစ်ဝင်မတိုက်ဝံ့ပါချေ။

ထျန်းဖုန့်ဧကရာဇ်က ကျန်းရီ၏ ဝိညာဉ်ကျွန်ဖြစ်နေပြီဖြစ်ရာ ကျန်းရီသေလျှင် ထျန်းဖုန့်ဧကရာဇ်လည်း သေမည်ဖြစ်သည်။ ထို့ပြင် ချီဟုန်က မီးနဂါးဓားထဲတွင် ရှိနေသေးသည်။ ထို့ကြောင့် အလစ်တိုက်ခိုက်သူတိုင်း ရုတ်ခြည်း သေရပေလိမ့်မည်။

ကျန်းရီမှာ အနိုင်ရသူတစ်ယောက်နှင့် တူမနေ။ သူ နှုတ်ဆိတ်လျက်သာ ရှိနေသည်။ သူက မည်သည်ကို တွေးနေကြောင်း မည်သူမှ မသိပေ။ တစ်ရက်ကျော် ပျံသန်းပြီးနောက် သူတို့အုပ်စု နဂါးတောင်ကြားသို့ ရောက်သွားသည်။

ရွှီး...

ကျန်းရီ၏ ဆောင်းဥတုပုလဲက လင်းလက်လာပြီး ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများ အပြင်ရောက်လာ၏။ တပ်သားနှစ်သန်းလည်း အပြင်ရောက်လာသည်။ သူတို့သည် ကောင်းကင်စိတ်အာရုံများနှင့် အာရုံခံကြည့်ပြီးနောက် သူတို့က နဂါးတောင်ကြားသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သိရှိသွားကြ၏။ ထို့နောက် သူတို့ ကျန်းရီ၊ ထျန်းဖုန့်ဧကရာဇ်၊ ကျားပြာဘုရင်နှင့် အခြားသူများကို မြင်သောအခါ ထိတ်လန့်သွားကြလေသည်။

“ဟင်းဟင်း...”

ကျန်းရီသည် ကြမ်းကြုတ်နဂါးဘုရင်၊ လီရှန်းအာနှင့် အခြားသူများကို ကြည့်၍ ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။

“အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ အခုကစပြီး ကျွန်တော်က ကောင်းကင်မိစ္ဆာဘုံရဲ့ အရှင်သခင်ပဲ။ ဘယ်သူကမှ ခင်ဗျားတို့ကို တိုက်ခိုက်ရဲတော့မှာ မဟုတ်ပါဘူး။ အရှေ့ဒေသက ခင်ဗျားတို့အပိုင်ပါပဲ”

***

All Chapters