တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာတော့မည်
Vol. 131 Ch. 1828
ဤတစ်ခေါက်တွင် အနောက်ဒေသနှင့် မြောက်ဒေသတို့မှ တပ်သားတစ်သန်းကျော် ရောက်လာခဲ့သည်။ သူတို့ထဲမှ အများစုက မီးနဂါးဝိညာဉ်ကြောင့် မီးလောင်ကျွမ်း သေဆုံးသွားခဲ့သော်လည်း အုပ်ချုပ်သူအဆင့် သိုင်းသမား အယောက်တစ်ရာကျော် လောက်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား အနည်းငယ်တို့မှာ အသက်ရှင်ကျန်ခဲ့ကြသည်။
ကျားပြာဘုရင်က အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများ အားလုံးကို သတ်ရန် တပ်သားဆယ်သန်းကျော်ကို ခေါ်လာခဲ့သည်။ သို့သော် အရှင်ကျိုးက ဆန်းကြယ်စွာ ထွက်ပေါ်လာခဲ့သည်။
မကြာသေးမီက ဖုံးဖိထားသော သတင်းများ ပျံ့နှံ့သွားခဲ့သည်။ အရှင်ကျိုးက ထျန်းဖုန့်ဧကရာဇ်၏ လိုက်သတ်မှုကို ခံခဲ့ရပြီး နတ်ဆိုးချောက်နက်ထဲ ခုန်ချသွားခဲ့သည်။ သို့သော် နတ်ဆိုးချောက်နက်ထဲမှ ကြောက်မက်ဖွယ် ဖြစ်တည်မှုက သူ့ကို အပြင်ပြန်ပို့ပေးခဲ့ပြီး ထျန်းဖုန့်ဧကရာဇ်ကိုလည်း သိမ်းသွင်းပေးခဲ့သည်။ ပူနီဧကရာဇ်နှင့် မီးမြေခွေးဧကရာဇ်တို့ကိုလည်း လာကျွန်ခံရန် ပြောခဲ့သည်။
မည်သည့်မိစ္ဆာကမှ ကြောက်မက်ဖွယ် ဖြစ်တည်မှုကို မစော်ကားဝံ့ပေ။ သူက မိစ္ဆာအားလုံး၏ ဘိုးဘေးဖြစ်သည်။ မိစ္ဆာအားလုံး၏ ကာကွယ်သူဖြစ်သည်။
ကျန်းရီက လူသားတစ်ယောက်ဖြစ်ကြောင်းမှာလည်း သတင်းပျံ့သွားသည်။ သူက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဆိုသော သတင်းမှာလည်း မိစ္ဆာတိုင်း၏ နားသို့ ပေါက်ကြားသွားသည်။
သို့ဖြစ်ရာ မည်သို့ ဆက်ဖြစ်မည်နည်း။ လူသားများက လူသားများဖြစ်ပြီး မိစ္ဆာများက မိစ္ဆာများဖြစ်သည်။ အကယ်၍ ကျန်းရီက ကောင်းကင်ဧကရာဇ် အစစ်အမှန် ဖြစ်နေလျှင်၊ ဧကရာဇ်အဆင့်သို့ ရောက်နေပြီးလျှင် သူ့ထံတွင် လက်အောက်ခံရန်မှာ ပြဿနာမရှိပေ။ သို့သော် ကျန်းရီမှာ ဧကရာဇ်အဆင့်သို့ ရောက်မနေသေးချေ။
မိစ္ဆာအားလုံးသည် အဘယ်ကြောင့် သူတို့၏ ဘိုးဘေးက ကျန်းရီအား ကူညီနေကြောင်းကို နားမလည်ကြပေ။ သို့သော် မည်သည့်မိစ္ဆာကမှ ချီဟုန်ကို မေးခွန်းမထုတ်ဝံ့ပါ။ သူ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းက ထိပ်တန်း မဟုတ်ပါလား။
ဒေသနှစ်ခုမှ သန်းထောင်ချီသော မိစ္ဆာများသည် ပူနီတောင်နှင့် မီးမြေခွေးတောင်တို့ကို ကြည့်ကာ မိစ္ဆာအရှင်နှစ်ပါးက ဆုံးဖြတ်ချက်ချမည်ကို စောင့်နေကြသည်။ မိစ္ဆာအရှင်နှစ်ပါးလည်း ခေါင်းကိုက်နေသည်။ မီးမြေခွေးဧကရာဇ်သည် မီးမြေခွေးတောင်မှ ပျံထွက်ကာ အစီအစဉ်တစ်ခု ဆွေးနွေးရန် ပူနီဧကရာဇ်ကို သွားတွေ့လိုက်ပေသည်။
ချီဟုန်ထံတွင် လက်အောက်ခံရမည်ဆိုလျှင် ပြဿနာမရှိပါ။ သို့သော် ကျန်းရီက ဧကရာဇ်အဆင့်ပင် မရောက်သေးသည့် လူသားလူငယ်တစ်ယောက် ဖြစ်နေပေသည်။ တွေးကြည့်ပါ။ ကောင်းကင်ဘုံနတ်ဘုရားနှစ်ပါးက သေမျိုးဘုံမှ သေမျိုးတစ်ယောက်ထံတွင် လက်အောက်ခံရမည်ဆိုလျှင် ကျေနပ်နိုင်ပါမည်လော။ ယင်းအပြင် ထိုလက်အောက်ခံမှုမှာလည်း သာမန်လက်အောက်ခံမှု မဟုတ်ပေ။ သူတို့က ဝိညာဉ်သားရဲများ၊ ဝိညာဉ်ကျွန်များ ဖြစ်ရမည်ဖြစ်သည်။ သူတို့ အနိမ့်ဆုံးအဆင့်တွင် နေရမည်ဖြစ်သည်။
ငါးရက်ကြာပြီးနောက် မိစ္ဆာအရှင်နှစ်ပါးသည် ပူနီတောင်မှ ပျံထွက်၍ နဂါးတောင်ကြားဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်ကြ၏။ သူတို့ နဂါးတောင်ကြားသို့ ရောက်ရန် အချိန်တစ်ရက် ကြာခဲ့ပေသည်။
နဂါးတောင်ကြားမှာ လွန်စွာစည်ကားမနေပါ။ ကြမ်းကြုတ်နဂါးဘုရင်သည် တပ်သားအားလုံးကို နဂါးတောင်ကြားထဲမှ ထွက်သွားခိုင်းထားသည်။ ယင်းမှာ ကျန်းရီ၏ အမိန့်ပင်။ မိစ္ဆာအရှင်နှစ်ပါးက လက်အောက်ခံလိမ့်မည်ဟု သူ တွက်ထားပြီးဖြစ်သည်။ ထို့ကြောင့် မိစ္ဆာအရှင်နှစ်ပါး အရှက်မရစေရန် တပ်သားများကို ဖယ်ပေးထားရပေမည်။
ကျန်းရီသည် အလယ်ခန်းမထဲတွင် ထိုင်နေ၏။ သူ့ဘယ်ဘက်တွင် ထျန်းဖုန့်ဧကရာဇ်နှင့် ဖုန့်နီတို့ ရပ်နေကြပြီး ညာဘက်တွင် လီရှန်းအာ ရပ်နေသည်။ သူတို့ဘေးတွင်မူ ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်၊ ကောင်းကင်ဂဠုန်ဘုရင်နှင့် ကော့ချန်ဘုရင်တို့က တိတ်တဆိတ် ရပ်နေကြသည်။ ခန်းမထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမား တစ်ယောက်မှ မရှိချေ။
ဝှစ်...
မိစ္ဆာအရှင်နှစ်ပါးသည် စစ်တပ်၏ ဟန့်တားမှုကို မခံရဘဲ နဂါးတောင်ကြားထဲသို့ ပျံဆင်းလာ၏။ သူတို့နှစ်ယောက် အလယ်ခန်းမထဲ တိုက်ရိုက်ဝင်လိုက်ကြသည်။ အထဲရောက်သောအခါ မိစ္ဆာအရှင်နှစ်ပါးသည် ကျန်းရီကို မကြည့်ဘဲ ထျန်းဖုန့်ဧကရာဇ်ကို ကြည့်လိုက်ကြလေသည်။
“ဟူး...”
ထျန်းဖုန့်ဧကရာဇ်၏ ခါးသက်သက် မျက်ဝန်းများကို မြင်လိုက်သောအခါ မိစ္ဆာအရှင်နှစ်ပါး သက်ပြင်းသဲ့သဲ့ချ၍ တစ်ပြိုင်တည်း ဒူးတစ်ဘက် ထောက်လိုက်ကြသည်။ ထို့နောက် သူတို့ ကျန်းရီကို ကြည့်ကာ အော်ပြောလိုက်ကြသည်။
“မီးမြေခွေးမျိုးနွယ်ရဲ့ ဧကရာဇ်လဲ့နာနဲ့ ပူနီမျိုးနွယ်ရဲ့ ဧကရာဇ်နီပိုတို့ အရှင့်ကို အရိုအသေပေးပါတယ်။ ကျုပ်တို့ ဘိုးဘေးရဲ့ အမိန့်အရ ဒီမှာ လက်အောက်လာခံတာပါ”
ပလ္လင်ပေါ်တွင် ထိုင်နေသော ကျန်းရီက မျက်နှာသေနှင့် ခေါင်းညိတ်လိုက်၏။
“ခင်ဗျားတို့လည်း ဖုန့်စစ်နဲ့ အတူတူပဲ။ ကျွန်တော့်ဆီမှာ ဆယ်နှစ်ပဲ အမှုထမ်းရမယ်။ ဆယ်နှစ်ပြည့်ရင် ကျွန်တော် ခင်ဗျားတို့ကို လွတ်လပ်ခွင့် ပြန်ပေးမယ်”
ချီဟုန်က ထျန်းဖုန့်ဧကရာဇ်ကို ဆယ်နှစ်သာ ကျွန်ခံခိုင်းခဲ့သည်။ သူ၏ ဆိုလိုရင်းကို ကျန်းရီနားလည်သည်။ အကယ်၍ ကျန်းရီက ဆယ်နှစ်အတွင်း ဧကရာဇ်အဆင့်ကို မတက်လှမ်းနိုင်လျှင် ချီဟုန်က မီးနဂါးဓားကို ယူ၍ ထွက်သွားမည်ဖြစ်သည်။ ကျန်းရီကိုလည်း ကူညီတော့မည် မဟုတ်ပေ။ ထိုအခါ ကျန်းရီ မိစ္ဆာမျိုးနွယ်ကို ဆက်အုပ်စိုးနိုင်မည် မဟုတ်ချေ။
ကျန်းရီသည် မီးမြေခွေးဧကရာဇ်နှင့် ပူနီဧကရာဇ်တို့ကိုလည်း သူ့ထံတွင် ဆယ်နှစ်သာ အမှုထမ်းရန် ပြောလိုက်၏။ အကယ်၍ သူ ဆယ်နှစ်အတွင်း ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်လိုက်မည်ဆိုလျှင် ကောင်းကင်မိစ္ဆာဘုံ၏ အရှင်သခင် ဆက်လုပ်နေရန် မလိုအပ်တော့ပေ။ သူ မတက်လှမ်းနိုင်ဘဲ မီးနဂါးဝိညာဉ်နှင့် ကောင်းကင်ဧကရာဇ်တို့ကို စိတ်ပျက်စေခဲ့လျှင်လည်း ကောင်းကင်မိစ္ဆာဘုံထဲတွင် ဆက်နေနိုင်မည် မဟုတ်ပေ။
ရွှီး...
ရွှေရောင် ဝိညာဉ်မျိုးစေ့ နှစ်စေ့ ပျံထွက်လာ၏။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံသုံး၍ ၎င်းတို့ကို အကြိမ်အနည်းငယ် အာရုံခံလိုက်သည်။ မည်သည့်ပြဿနာမှ မရှိကြောင်း အတည်ပြုပြီးမှ သူ ၎င်းတို့ကို လက်ခံလိုက်၏။ ဝိညာဉ်မျိုးစေ့နှစ်စေ့ကို သန့်စင်ပြီးနောက် သူ လုံးဝစိတ်အေးသွားသည်။ မိစ္ဆာအရှင်သုံးပါးက သူ၏ဝိညာဉ်ကျွန်များ ဖြစ်လာပေပြီ။ ယခုတွင် သူက ကောင်းကင်မိစ္ဆာဘုံ၏ တရားဝင်အရှင်သခင် ဖြစ်သွားပြီဖြစ်သည်။
“ကောင်းပြီ... ခင်ဗျားတို့ အကုန်လုံး သွားကြတော့။ ကောင်းကင်မိစ္ဆာဘုံထဲမှာ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်။ ဘာပဋိပက္ခ၊ ဘာတိုက်ပွဲကိုမှ ခွင့်မပြုဘူးလို့”
ကျန်းရီသည် တစ်ခဏမျှ တွေးတောပြီးနောက် လက်ဝှေ့ယမ်းကာ အားလုံးကို ထွက်သွားရန် ပြောလိုက်၏။ လီရှန်းအာပင် ကျန်နေခဲ့၍ မရပေ။ သူသည် ခန်းမအလွတ်ကြီးထဲတွင် တစ်ယောက်တည်းထိုင်ကာ မျက်လုံးများမှိတ်၍ အတွေးနက်နေလိုက်သည်။
ကောင်းကင်မိစ္ဆာဘုံမှ ကိစ္စက အဆုံးသတ်သွားပေပြီ။ သူ့နှလုံးသားက မြင်းရိုင်းတစ်ကောင်အလား ကဆုန်စိုင်းနေသည်။ သူ့အတွေးများက အထက်ဘုံနှင့် ကောင်းကင်ကြယ်တာရာနယ်နမိတ်ဆီသို့ မျှောလွင့်သွားပေသည်။
‘ပြန်သွားလိုက်ရမလား’
ယခု မိစ္ဆာအရှင်သုံးပါးနှင့် ချီဟုန် ရှိနေပြီဖြစ်၍ ကျန်းရီ ပို၍ ယုံကြည်မှု ရှိနေပြီဖြစ်သည်။ ချီဟုန်က သူ့ကို သုံးကြိမ်သာ ကူညီပေးမည်ဖြစ်သည်။ ယခု သူ အကူအညီတစ်ကြိမ် သုံးလိုက်ပြီဖြစ်ရာ နှစ်ကြိမ်သာ ကျန်တော့သည်။ ထို့ပြင် ချီဟုန်နှင့် မိစ္ဆာအရှင်သုံးပါး ပူးပေါင်းလိုက်လျှင် မိုးပြာမဟာဧကရာဇ်ကို သတ်နိုင်မည်လော။
ကျန်းရီသည် ထိုသို့တွေးရင်းဖြင့် အလွန်စိတ်လှုပ်ရှားလာ၏။ သို့သော် နောက်အခိုက်အတန့်တွင် သူ့ခေါင်းထဲသို့ အသံပို့လွှတ်မှုတစ်ခု ဝင်လာ၍ သူ့မျှော်လင့်ချက်များ ရုတ်ခြည်း ပျက်သုဉ်းသွားပေသည်။
“ကောင်လေး... အရမ်းမနုံနဲ့။ မိုးပြာမဟာဧကရာဇ်ရဲ့ တိုက်ခိုက်စွမ်းအားက လွန်ခဲ့တဲ့ နှစ်ထောင်ကျော်ကတည်းက အရမ်းစွမ်းအားကြီးနေပြီ။ အခု သူက ဝူမင်ပြီးရင် စွမ်းအားအကြီးဆုံးသူ ဖြစ်နေမှာပဲ။ ငါ့အတိတ်က တိုက်ခိုက်စွမ်းအားကို ပြန်ရမယ်ဆိုရင်တောင် ငါ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အခု မင်း မိစ္ဆာအရှင်သုံးပါးနဲ့ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင်လည်း မိုးပြာမဟာဧကရာဇ်ရဲ့ ပြိုင်ဘက် ဟုတ်ဦးမှာ မဟုတ်ဘူး’
“အဲ့လောက်တောင် စွမ်းအားကြီးတယ်လား”
ကျန်းရီ ရင်တုန်သွားသည်။ ယခင်တွင် သူသည် မိုးပြာမဟာဧကရာဇ်၏ မိုင်သန်းဆယ်ချီအကွာမှ လက်ဝါးချက်ကို ခံနိုင်ခဲ့၏။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ်က သိပ်ပြီး စွမ်းအားမကြီးဟု သူ ထင်ခဲ့သည်။ သို့သော် သူက မိုးပြာမဟာဧကရာဇ်ကို လျှော့တွက်ခဲ့မိခြင်းပင်။
‘ငါ ပြန်သွားလို့မရဘူးလား။ ငါ ဒီမှာပဲ ဆယ်နှစ်၊ နှစ်တစ်ရာလောက် ကျင့်ကြံနေရတော့မှာလား’
ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ ဆယ်နှစ်၊ နှစ်တစ်ရာ ကြာပြီးနောက်တွင် ရီချန်၊ ယဉ်ရို့ပင်း၊ စုလောရွှယ်နှင့် ရီဖျောင်ဖျောင်တို့က အသက်မှရှိနေကြပါဦးမည်လော။ သူ၏ မိသားစုဝင်အားလုံးကို ဤသို့ ခေါ်နိုင်မည်ဆိုလျှင်တော့ သူ ဤနေရာ၌ နှစ်တစ်ထောင် ကျင့်ကြံနေရမည်ဆိုလျှင်လည်း ဝန်မလေးပါ။ သို့သော် လက်ရှိတွင် သူ အငြိမ်ထိုင်မနေနိုင်ပါ။
“မင်းက အပြင်သွားချင်လို့လား”
ချီဟုန်က ကျန်းရီ၏ စိတ်ကို ဖတ်နိုင်ပုံရ၏။ သူ ခေတ္တမျှ ရပ်နေပြီးနောက် အသံဆက်ပို့လွှတ်လိုက်သည်။
“မင်း အပြင်ကိုသွားချင်ရင် ငါ့ဆီမှာ နည်းလမ်းတစ်ခု ရှိတယ်။ အင်း... မင်းလည်း အပြင်သွားပြီး ကျန်နေသေးတဲ့ အစိတ်အပိုင်းသုံးပိုင်းကို ရှာဖို့ လိုသေးတာပဲ။ မင်း အစိတ်အပိုင်းအကုန်လုံးကို ရှာလိုက်နိုင်ပြီး ဧကရာဇ်အဆင့်ကို ရောက်သွားမယ်ဆိုရင် မိုးပြာမဟာဧကရာဇ်နဲ့ ရင်ဆိုင်ရတဲ့အခါကျ သေတော့မှာ မဟုတ်ဘူးလို့ ငါ အာမခံနိုင်တယ်”
“တကယ်လား”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ သို့သော် သူ ချီဟုန်ကို ကျေးဇူးတင်ရန် ဟန်ပြင်လိုက်ပြီးမှ စိတ်ပြောင်းသွားသည်။
“ဘာလဲ... အရှင်က ကျွန်တော့်ကို ကျင့်စဉ်တစ်ခု ပေးလိုက်တာကိုလည်း ကျွန်တော်ရမဲ့ အကူအညီသုံးကြိမ်ထဲက တစ်ကြိမ်လို့ သတ်မှတ်တာလား”
“ကောင်စုတ်လေး... အဲ့ဒါက မဆိုင်ဘူး”
ချီဟုန်သည် ကျန်းရီက မည်သည်ကို တွေးနေကြောင်း မည်သို့ မသိဘဲ နေပါမည်နည်း။ သူ အေးစက်စက်လေသံနှင့် အသံပို့လွှတ်လိုက်သည်။
“အမြန်ဆုံး အပြင်ထွက်နိုင်ဖို့ ကြိုးစားပါ။ ကျန်တဲ့ အစိတ်အပိုင်းသုံးခုရဲ့ တည်နေရာတွေကို ငါ ခပ်ရေးရေး အာရုံခံနိုင်တယ်။ ဒါပေမဲ့ အဲ့ဒါတွေကို မင်းကိုယ်တိုင် လိုက်ရှာရမယ်။ မင်း အစိတ်အပိုင်းအကုန်လုံးကို မြန်မြန် လိုက်ရှာရမယ်။ တမလွန်ဘုံဧကရာဇ်က ထွက်ပေါ်လာတော့မယ်လို့ ငါခံစားနေရတယ်။ သူ ထွက်ပေါ်လာတာနဲ့ အရင်ဆုံးသတ်မဲ့သူက မင်းပဲ”
“တမလွန်ဘုံဧကရာဇ်လား”
ကျန်းရီ၏ အကြည့်များ တင်းမာသွားသည်။ သူက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်သည်။ သူ့တွင် ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက် ရှိကြောင်းက ကမ္ဘာဦးကောင်းကင်ဘုံရှိ မျိုးနွယ်ကြီးများတွင် ပျံ့နှံ့ပြီးနေလောက်ပေပြီ။ အကယ်၍ တမလွန်ဘုံဧကရာဇ်သာ ထွက်ပေါ်လာလျှင် သူ့အကြောင်းကို အလွယ်တကူ သိသွားနိုင်သည်။ ထိုအခါ တမလွန်ဘုံဧကရာဇ်သည် သူ့ကို သတ်ပြီး ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်ကို လုယူနိုင်ရန် နည်းလမ်းတစ်ခု ရှာပေလိမ့်မည်။
ရွှီး...
မီးဝိညာဉ်ပုလဲက လင်းလက်လာ၏။ ထို့နောက် ကျန်းရီ၏ စိတ်ထဲတွင် ထူးဆန်းသော အချက်အလက်တစ်ခု ထွက်ပေါ်လာသည်။ ကျန်းရီ ၎င်းအချက်အလက်ကို စေ့စေ့စပ်စပ် ကြည့်ရှုပြီးနောက် မှင်တက်သွား၏။ ချီဟုန်က သူ့ကို ပေးလိုက်သောအခါ ကျင့်စဉ်မှာ ဝိညာဉ်တံလျှပ်အတတ်ဖြစ်သည်။
‘မတူတာတွေတော့ ရှိတယ်...’
ကျန်းရီသည် သေချာပြန်ကြည့်ပြီးနောက် ထိုဝိညာဉ်တံလျှပ်အတတ်က အရှင်မချင်လင်း သူ့ကို ပေးလိုက်သည့် ဝိညာဉ်တံလျှပ်အတတ်ထက် အနည်းဆုံး အဆတစ်ရာလောက် ပိုနက်နဲကြောင်း သိလိုက်ရ၏။ ချီဟုန်၏ အသံပို့လွှတ်မှုကလည်း ထိုအချက်ကို အတည်ပြုပေးလိုက်သည်။
“ဒါက ဝိညာဉ်တံလျှပ်အတတ် အစစ်အမှန်ပဲ။ အရင်တုန်းက အဲ့အတတ်ကို ငါကိုယ်တိုင် ဖန်တီးခဲ့တာ။ မင်း တတ်ထားတဲ့ အတတ်က မိစ္ဆာမျိုးနွယ်ကို ငါသင်ပေးခဲ့တဲ့ ရိုးရှင်းတဲ့ပုံစံပဲ။ မင်း ဝိညာဉ်တံလျှပ်အတတ် အစစ်အမှန်ကို တတ်သွားတာနဲ့ မဟာဧကရာဇ်တွေနဲ့ မျက်နှာချင်းဆိုင်တွေ့တာမှ မဟုတ်ရင် ဘယ်သူမှ မင်းကို မှတ်မိမှာ မဟုတ်ဘူး”
“ကောင်းပါပြီ”
ကျန်းရီ ထရပ်လိုက်ပြီး တောက်ပသော မျက်ဝန်းများနှင့် အပြင်ကို ကြည့်ကာ ပြောလိုက်လေသည်။
“ကောင်းကင်ဘုံ... ငါ ကျန်းရီ ပြန်လာပြီ”
***