တာအို
Vol. 131 Ch. 1829
ကျန်းရီက ချက်ချင်း ထွက်မသွားပါ။ သူ ကောင်းကင်မိစ္ဆာဘုံထဲတွင် တစ်လနေခဲ့သည်။ ရှေးဦးစွာ သူ ဝိညာဉ်တံလျှပ်အတတ်ကို ကျင့်ကြံသည်။ တစ်ချိန်တည်းမှာပင် လျှပ်စီးအနှစ်သာရကို ဆက်လေ့လာပြီး အမည်မဲ့ကျင့်စဉ်၏ ဆဋ္ဌမအဆင့်ကို စတင်လေ့လာလိုက်သည်။ ဒုတိယအနေဖြင့် သူ ကောင်းကင်မိစ္ဆာဘုံ၏ အခြေအနေက တည်ငြိမ်သွားအောင် စောင့်နေခဲ့ပေသည်။
ကျန်းရီသည် အနောက်ဒေသ၊ တောင်ဒေသနှင့် မြောက်ဒေသတို့၏ အတွင်းရေးကိစ္စများတွင် ဝင်မရှုပ်ခဲ့ပေ။ သူတို့၏ ဧကရာဇ်များက သူ၏ ဝိညာဉ်ကျွန်များ၊ ဝိညာဉ်သားရဲများ ဖြစ်နေပြီဖြစ်ရာ ထိုဒေသများမှာလည်း သူ့အပိုင် ဖြစ်နေပေပြီ။ ထို့ကြောင့် အတွင်းရေးကိစ္စများတွင် ဝင်ပါလျှင်လည်း မည်သည့်အဓိပ္ပာယ်မှ ရှိမည် မဟုတ်ချေ။
အရှေ့ဒေသကိုမူ အရှင်မချင်လင်း၏ လက်အောက်ခံဟောင်းများအား ပေးလိုက်သည်။ ကြမ်းကြုတ်နဂါးဘုရင်က အရှေ့ဒေသ၏ အရှင်သခင် ဖြစ်လာသည်။ နယ်မြေအားလုံးကိုလည်း မျိုးနွယ်အသီးသီးအား ခွဲဝေပေးလိုက်သည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က ကောင်းကင်ကြောင်ကတိုးတောင်ဆီ မပြန်ဘဲ နဂါးတောင်ကြားအနီးရှိ တောင်တန်းဒေသ တစ်ဒါဇင်ကျော်တွင် အခြေချလိုက်ကြသည်။ အရှေ့ဒေသက အလွန်ကြီးမား၏။ ထို့ပြင် ပြီးခဲ့သော စစ်ပွဲများကြောင့် အရှေ့ဒေသထဲမှ မျိုးနွယ်များစွာ ပျက်သုဉ်းသွားခဲ့သည်။ သို့ဖြစ်၍ နယ်မြေလွတ်များစွာ ရှိနေရာ အားလုံးအတွက် ခွဲဝေရန် နယ်မြေအလုံအလောက် ရှိနေပေသည်။
အရှေ့ဒေသ၏ အင်အားက ကြီးကြီးမားမား ထိခိုက်ခဲ့၏။ တပ်သားနှစ်သန်းလောက်သာ ကျန်တော့သည်။ စွမ်းအားကြီး သိုင်းသမားများမှာလည်း သေသူကသေ၊ ဒဏ်ရာရထားသူက ရထားနှင့် ရှိနေသည်။ မျိုးနွယ်အသီးသီးမှ အဆင့်နိမ့်မိစ္ဆာတစ်ဝက်ကျော်လောက်မှာလည်း စစ်ပွဲများတွင် သေဆုံးခဲ့သည်။ ထို့ကြောင့် အရှေ့ဒေသ ပြန်နလန်ထူနိုင်ရန် အနည်းဆုံး နှစ်ရာကျော် အချိန်ယူရပေလိမ့်မည်။
ကောင်းကင်မိစ္ဆာဘုံကို ကျန်းရီက ပေါင်းစည်းနိုင်လိုက်၍သာ တော်သေးသည်။ ကျန်းရီ မသေသေးသ၍ အရှေ့ဒေသက လုံခြုံနေမည်ဖြစ်သည်။ ကောင်းကင်မိစ္ဆာဘုံတွင်လည်း စစ်ပွဲများ ထပ်ဖြစ်တော့မည် မဟုတ်ချေ။
ကျန်းရီသည် ဝိညာဉ်တံလျှပ်အတတ် အစစ်အမှန်ကို တတ်မြောက်ရန် ငါးရက်ကျင့်ကြံခဲ့ရ၏။ ချီဟုန်က သူ့ကို မလိမ်ခဲ့ပေ။ ထိုအတတ်ကို သုံးလိုက်လျှင် ကြမ်းကြုတ်နဂါးဘုရင်ပင် သူ့ကို မမှတ်မိတော့ချေ။ သို့သော် ထျန်းဖုန့်ဧကရာဇ်နှင့် မျက်နှာချင်းဆိုင်တွေ့လျှင်တော့ ထျန်းဖုန့်ဧကရာဇ်၏ ကောင်းကင်စိတ်အာရုံက သူမည်သူဖြစ်ကြောင်း သိသွားမည်ဖြစ်သည်။
သို့သော် ကောင်းကင်ဘုံတွင် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမား ဘယ်နှစ်ယောက်သာ ရှိသနည်း။ လေးယောက်သာ ရှိပါသည်။ ထိုသူများကလည်း အကြောင်းမရှိဘဲ လျှောက်သွားနေမည်လော။ သေချာပေါက် သွားနေမည် မဟုတ်ပေ။
ထို့ကြောင့် ၎င်းဝိညာဉ်တံလျှပ်အတတ်က ပြစ်ချက်ကင်းလုနီးနီးဟု ဆိုရပေမည်။ မမျှော်လင့်ထားသည့် အရာများ ဖြစ်မလာလျှင်၊ ကျန်းရီက မဟာဧကရာဇ်များနှင့် မျက်နှာချင်းဆိုင် မတွေ့လျှင် သူမည်သူဖြစ်ကြောင်း ပေါ်သွားမည် မဟုတ်ချေ။
လျှပ်စီးအနှစ်သာရကို ဆက်သိမြင်နားလည်နိုင်ရန်မှာမူ ပိုခက်သည်။ ကျန်းရီ ဆက်လေ့လာလေ၊ ၎င်းက ပိုရှုပ်ထွေးလာလေပင်။ ထိုအနှစ်သာရနှင့် ပတ်သတ်၍ အမှန်ပင် တစ်ခုခုမှားနေပေသည်။ သူ ကောင်းကင်စမ်းရေစည်းချက်ကို လေ့လာခဲ့စဉ်က အနည်းဆုံးတော့ အထွတ်အထိပ်အဆင့်ကိုရောက်ရန် အချိန်မည်မျှ လိုလိမ့်မည်ကို အကြမ်းဖျင်း တွက်ချက်နိုင်ခဲ့သည်။ သို့သော် ဤအနှစ်သာရကို နားလည်နိုင်ရန်မူ ထာဝရကြာလိမ့်မည်ဟု သူ ခံစားနေရပေသည်။
ထိုသို့ဖြစ်လေ ကျန်းရီ ပိုစိတ်လှုပ်ရှားလာလေပင်။ ၎င်းလျှပ်စီးအနှစ်သာရက မိုးမြေကို ထိတွေ့ခဲ့ပြီး မိုးမြေမူမမှန်မှုတစ်ခုကို ဖြစ်စေခဲ့သည်။ ချီဟုန်ပင် ယင်းကို နားမလည်နိုင်ခဲ့ပေ။ ကျန်းရီသည် လျှပ်စီးအနှစ်သာရကို အထွတ်အထိပ်အဆင့်သို့ ရောက်သည်အထိ သိမြင်နားလည်လိုနေသည်။ ထိုအခါ သူ မည်သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်သွားမည်နည်း။
အမည်မဲ့ကျင့်စဉ်၏ ဆဋ္ဌမအဆင့်နှင့် ပတ်သတ်၍မူ များစွာပြောစရာမရှိပါ။ ထိုအဆင့်မှာလည်း ယခင်အဆင့်များကဲ့သို့ ကောင်းကင်စွမ်းအား ကျင့်ကြံနှုန်းကို တိုးတက်စေခြင်းသာ။ အခြားထူးထူးခြားခြားဟူ၍ မရှိပေ။
သို့သော် ယင်းမှာ ကျန်းရီအတွက်သာ ထူးထူးခြားခြား မဟုတ်သော်လည်း အပြင်လောကကသာ ထိုအကြောင်းကို သိသွားပါက သေချာပေါက် အုတ်အော်သောင်းနင်း ဖြစ်သွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အဆင့်မြင့်လာသည်နှင့်အမျှ ကောင်းကင်စွမ်းအားကို ဆက်ကျင့်ကြံရန်မှာ အလွန်ခက်ခဲလာ၍ ဖြစ်သည်။ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေ သို့မဟုတ် ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲတွင်တော့ ကောင်းကင်စွမ်းအား ကျင့်ကြံနှုန်းကို မြှင့်တင်နိုင်ပေသည်။ ပြဿနာမှာ အုပ်ချုပ်သူအဆင့် သိုင်းသမားအားလုံးက ထိုဆန်းကြယ်နယ်မြေများထဲ ဝင်နိုင်ခြင်းပင်။ ထို့ကြောင့် အားလုံး၏ ကျင့်ကြံနှုန်းက အတူတူပင် ဖြစ်နေသည်။ သို့သော် ကျန်းရီ၏ ကျင့်ကြံနှုန်းက မြန်နေပြီးဖြစ်ရာ ထိုဆန်းကြယ်နယ်မြေများထဲ ဝင်လိုက်သည်နှင့် အခြားသူများထက် တိုးတက်နှုန်း ပိုမြန်သွားမည်ဖြစ်ပေသည်။
ကျန်းရီသည် ကောင်းကင်စွမ်းအား ကျင့်ကြံခြင်းကို ဂရုမစိုက်ပါ။ သူ ဂရုထားသည်မှာ ဧကရာဇ်အဆင့်သို့ ဆယ်နှစ်အတွင်း မည်သို့တက်လှမ်းရမည်ကိုပင်။
ထျန်းဖုန့်ဧကရာဇ်နှင့် အတော်ကြာ စကားစမြည်ပြောပြီးနောက် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ရန် လိုအပ်ချက်များအကြောင်းကို ကျန်းရီ သိသွားသည်။ ထိုလိုအပ်ချက်များမှာ ရိုးရှင်းပုံ ပေါ်သော်လည်း လက်တွေ့တွင် အလွန်ခက်ခဲ၏။
ပထမလိုအပ်ချက်မှာ ထုံးစံအတိုင်း ကောင်းကင်စွမ်းအား ကျင့်ကြံမှုဖြစ်သည်။ ကျင့်ကြံသူတစ်ယောက်သည် မိမိ၏ ကောင်းကင်စွမ်းအားကို အပြည့်အဝ ပြောင်းလဲနိုင်ရပေမည်။ နတ်ဘုရားအမြုတေကိုလည်း နတ်ဘုရားဗိမာန်အဖြစ် ပြောင်းလဲနိုင်ရမည်။ ယင်းမှာ အခြေခံအကျဆုံး လိုအပ်ချက်ပင်။ ထိုလိုအပ်ချက်အတွက် သူသာ ဆန်းကြယ်နယ်မြေများထဲ ဝင်၍ ကျင့်ကြံနိုင်မည်ဆိုလျှင် ပြဿနာရှိမည် မဟုတ်ပေ။ အမည်မဲ့ကျင့်စဉ်ကြောင့် သူ့ကျင့်ကြံနှုန်းက မြန်နေပြီး မဟုတ်ပါလား။
ဒုတိယလိုအပ်ချက်မှာ စိတ်ဝိညာဉ်ကို နတ်ဘုရားဝိညာဉ်ရွှေအမြုတေအဖြစ် ပြောင်းလဲရန်ဖြစ်သည်။ ယင်းမှာလည်း ပြဿနာမဟုတ်ပါ။ သူ ဝိညာဉ်ဆေးပင်များကို ရှာနိုင်မည်ဆိုလျှင် သူ့စိတ်ဝိညာဉ်က တိုးတက်လာမည်ဖြစ်သည်။
တတိယလိုအပ်ချက်မှာမူ အနှစ်သာရကို သိမြင်နားလည်ရန်ဖြစ်သည်။ သူ အနှစ်သာရခုနစ်မျိုးကို သိမြင်နားလည်ကာ ထိုခုနစ်မျိုးကို ပေါင်းစည်းအနှစ်သာရတစ်မျိုးအဖြစ် ပေါင်းစည်းရပေမည်။ အနှစ်သာရခုနစ်မျိုး မဆိုထားနှင့် တစ်မျိုးကို သိမြင်နားလည်နိုင်ရန်ပင် အလွန်ခက်ခဲသည်။ ထို့ပြင် သူက ထိုခုနစ်မျိုးစလုံးကိုလည်း ပေါင်းစည်းရဦးမည်ဖြစ်သည်။
တတိယလိုအပ်ချက်မှာ အခက်ဆုံးပင်။ ဆယ်နှစ်ဆိုသည်မှာ အလွန်ကြာသောအချိန်ပင်။ အထက်ဘုံအချိန်နှင့် တွက်မည်ဆိုလျှင် ကျန်းရီ မွေးကတည်းက ယခုအထိ နှစ်နှစ်ဆယ်ကျော်သာ ရှိပေလိမ့်ဦးမည်။ သို့သော် ပါရမီရှင်များပင် ဆယ်နှစ်အတွင်း အနှစ်သာရတစ်ခုကို မသိမြင်မနားလည်နိုင်ကြပေ။ ယခုတွင် ကျန်းရီသည် ကောင်းကင်စမ်းရေစည်းချက်ကို အပြည့်အဝ နားလည်ပြီးပြီဖြစ်၍ နောက်ထပ်အနှစ်သာရခြောက်မျိုးကို အပြည့်အဝ နားလည်အောင် လုပ်ရဦးမည်ဖြစ်သည်။ ပြီးလျှင်လည်း ထိုခုနစ်မျိုးကို ပေါင်းစည်းနိုင်မည့် နည်းလမ်းကို ရှာရပေဦးမည်။
ကျန်းရီ ဧကရာဇ်အဆင့်သို့ တက်လှမ်းလိုလျှင် တာအိုကို နားလည်ရပေမည်။ သို့သော် ထိုတာအိုက မည်သို့သော အမျိုးအစားနည်း။ ထျန်းဖုန့်ဧကရာဇ်လည်း မပြောနိုင်ချေ။ ယင်းကို စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်ပေ။
လိုအပ်ချက်သုံးမျိုးစလုံး ပြည့်စုံသွားမှာ ထိုတာအိုကို စတင်လေ့လာနိုင်မည်ဟုသာ ထျန်းဖုန့်ဧကရာဇ် ပြောနိုင်သည်။ ထိုတာအိုကို သိမြင်နားလည်နိုင်ရန်မှာ ကံတရားအပေါ်တွင်လည်း မူတည်သည်။ ကံကြမ္မာမပါလျှင် ဧကရာဇ်တစ်ပိုင်းအဆင့်မှာပဲ တစ်သက်လုံး တစ်နေနိုင်ပေသည်။
ကျားပြာဘုရင်မှာလည်း ထိုသို့တစ်နေသူဖြစ်သည်။ ကြမ်းကြုတ်နဂါးဘုရင်ဟောင်းမှာလည်း ထိုအတိုင်းပင်။ သူတို့အားလုံး ပထမလိုအပ်ချပ်သုံးမျိုးကို ဖြည့်စည်းနိုင်ခဲ့ကြသည်။ သို့သော် တာအိုကို မသိမြင်မနားလည်နိုင်ခဲ့ကြပေ။ ကြမ်းကြုတ်နဂါးဘုရင်ဟောင်းသည် သေသည်အထိ ဧကရာဇ်အဆင့်သို့ တက်လှမ်းမသွားနိုင်ခဲ့။ ကျားပြာဘုရင်မှာလည်း တိုးတက်မှု မရှိသေးပေ။
တောက်နူမှာ ကျားပြာဘုရင်နှင့် ကြမ်းကြုတ်နဂါးဘုရင်ဟောင်းတို့ကဲ့သို့ ဖြစ်သည်။ သူ ဧကရာဇ်အဆင့်ကို ရောက်ရန် ခြေလှမ်းဝက်သာ လိုတော့သော်လည်း တာအိုကို နားမလည်သေးသဖြင့် တစ်နေပေသည်။ ဤလောကထဲတွင် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမား အနည်းငယ်သာ ရှိရခြင်းမှာ ထိုတာအိုကြောင့် ဖြစ်နိုင်ပေသည်။
သို့သော် ကျန်းရီအဖို့ တာအိုအကြောင်းကို တွေးတောရန် အဝေးကြီးလိုပေသေးသည်။ သူ့တွင် များစွာတွေးတောနေရန်လည်း အချိန်မရှိပေ။ တစ်လအတွင်း အရှေ့ဒေသက တည်ငြိမ်သွားသည်။ ကျန်းရီ ဆက်စောင့်မနေနိုင်တော့ဘဲ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူနှင့်အတူ မိစ္ဆာအရှင်သုံးပါးစလုံးကို ခေါ်သွားမည် မဟုတ်ပါ။ ချီဟုန်က အသံပို့လွှတ်၍ မိုးပြာမဟာဧကရာဇ်၏ အာရုံကို မဆွဲဆောင်ရန် ပြောခဲ့သည် မဟုတ်ပါလား။
မိုးပြာမဟာဧကရာဇ်၏ တိုက်ခိုက်စွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သူက ယန်ကိုးပါးကောင်းကင်ဧကရာဇ်ပြီးလျှင် ဒုတိယဖြစ်သည်။ မိစ္ဆာအရှင်သုံးပါးနှင့် ချီဟုန်တို့ ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူ့ပြိုင်ဘက် မဖြစ်နိုင်ပေ။ သို့ဖြစ်ရာ အဘယ်ကြောင့် မိစ္ဆာအရှင်များကို ခေါ်သွားနေရပါမည်နည်း။
မိစ္ဆာမျိုးနွယ်၏ မိစ္ဆာအရှင်သုံးပါးက အပြင်သို့ ရောက်သွားလျှင် သေချာပေါက် မိုးပြာမဟာဧကရာဇ်၏ အာရုံစိုက်မှုကို ခံရမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကိုသာ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် အကူအညီအနေဖြင့် ကော့ချန်ဘုရင်ကိုလည်း ခေါ်သွားမည်ဖြစ်သည်။
ကျန်းရီသည် ကော့ချန်ဘုရင်နှင့် ဖြေရှင်းနိုင်သော ကိစ္စများတွင် ထျန်းဖုန့်ဧကရာဇ်ကို မထုတ်ရန် ရည်ရွယ်ထားခြင်းပင်။ အပြင်လောကသည် မိစ္ဆာအရှင်အားလုံးက တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်ဟု သိထားသည် မဟုတ်ပါလား။ အကယ်၍ မိစ္ဆာအရှင်တစ်ပါးက ရုတ်တရက်ကြီး ထွက်ပေါ်လာလျှင် အလွန်လူအာရုံစိုက်ခံရပေလိမ့်မည်။
လီရှန်းအာက ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။ သူမသည် မတောင်းဆိုသော်လည်း ကျန်းရီနှင့်အတူ အပြင်သို့ လိုက်လိုကြောင်း ထင်ရှား၏။ လီရှန်းအာမှာ အားနည်းလွန်းသည်။ သူမကို ခေါ်သွားလျှင် ကျန်းရီ၏ အိပ်ရာဖော်အဖြစ်မှလွဲ၍ အခြားမည်သို့မှ အသုံးဝင်မည် မဟုတ်ပါ။ ထို့ကြောင့် ကျန်းရီသည် သူမ၏ မျက်ရည်ရွှန်းလဲ့နေသော မျက်ဝန်းများနှင့် သနားစဖွယ် မျက်နှာထားလေးကို မမြင်ချင်ယောင်သာ ဆောင်လိုက်ရပေသည်။
“သခင်... ဖုန့်နီလည်း သခင်နဲ့အတူ အပြင်ကို လိုက်ခဲ့ချင်ပါတယ်”
ဖုန့်နီက ကျန်းရီကို လာရှာပြီး ခွင့်တောင်းလိုက်၏။ ကျန်းရီ မျက်လုံးပင့်ကာ တစ်ခဏမျှတွေးတော၍ ပြန်ပြောလိုက်သည်။
“ငါ့ကို အကြောင်းတစ်ခုပေး”
ဖုန့်နီ ခပ်ရေးရေးပြုံးလိုက်၏။
“ကျွန်မ အရင်တစ်ခေါက် အပြင်ထွက်သွားတုန်းက လောကတစ်ခွင် လှည့်ပတ်သွားခဲ့ပါတယ်။ ကျွန်မ ဓာတုဘုံခုနစ်ဘုံစလုံးကို သွားခဲ့တယ်၊ ရုပ်လောကဘုံတွေကိုလည်း သွားခဲ့တယ်၊ ဆန်းကြယ်နယ်မြေတွေနဲ့ ရှေးဟောင်းနယ်မြေတွေကိုလည်း သွားခဲ့ပါတယ်။ ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက်က ခုနစ်ပိုင်းကွဲနေတာ မဟုတ်လား။ ကျွန်မ သခင့်အတွက် အဲ့အစိတ်အပိုင်းတွေကို ကူရှာပေးနိုင်ပါတယ်။ ကျွန်မကို သခင်နဲ့အတူ ခေါ်သွားပေးပါ”
ကျန်းရီ တွေးတောလိုက်ပြီး ဖုန့်နီ၏ တောင်းဆိုမှုကို သဘောတူလိုက်၏။ ချီဟုန်က သူ့ကို မီးနဂါးဓား၏ ကျန်သောအစိတ်အပိုင်းများကို လိုက်ရှာရန် ပြောထားသည်။ သူ အစိတ်အပိုင်းတစ်ခုကို ထပ်ရှာနိုင်လျှင် သူ့တိုက်ခိုက်စွမ်းအားက တစ်ဆင့်ပိုတိုးသွားမည်ဖြစ်သည်။ ထို့ကြောင့် ဖုန့်နီကို လမ်းပြအဖြစ် ခေါ်သွားရန်မှာ မဆိုးလှပေ။ ထို့ပြင် ဖုန့်နီက အလွန်ဉာဏ်ကောင်းသည်။ လမ်းတစ်လျှောက်တွင် သူမက သူ့ကို အကြံဉာဏ်များ ပေးနိုင်ပေသည်။
အရာအားလုံး အသင့်ဖြစ်သောအခါ ကျန်းရီသည် လီရှန်းအာ၊ ကြမ်းကြုတ်နဂါးဘုရင်နှင့် အခြားသူများကို ကောင်းကင်မိစ္ဆာဘုံ၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် မှာလိုက်သည်။ ထို့နောက် သူ ထျန်းဖုန့်ဧကရာဇ်၊ ဖုန့်နီနှင့် ကော့ချန်ဘုရင်တို့ကို ခေါ်၍ အောက်ခြေမဲ့တွင်းဆီသို့ သွားလိုက်လေသည်။
အောက်ခြေမဲ့တွင်းမှာ အပြင်လောကဆီသို့ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည်။ သို့သော် တွင်းထဲ ခုန်ချလိုက်ရုံနှင့် အပြင်လောကသို့ ရောက်သွားမည် မဟုတ်ပါ။ သူတို့ တွင်းထဲတွင် အကြိမ်များစွာ လှည့်ပတ်၍ မိစ္ဆာအရှင်သုံးပါး ဆင်ထားသော အကာအရံများကို ဖြတ်ကျော်ရဦးမည်ဖြစ်သည်။ ယင်းမှာ အလွန်ကရိကထများပေသည်။
သို့သော် ထျန်းဖုန့်ဧကရာဇ် ပါနေ၍ အရာအားလုံးမှာ ပြဿနာ မဟုတ်ခဲ့ပါပေ။
***