← Chapters

မိတ်ဆွေဟောင်း

Vol. 131 Ch. 1830

မိတ်ဆွေဟောင်း

Vol. 131 Ch. 1830

မကြာသေးမီအတောအတွင်း ကောင်းကင်ဘုံက ငြိမ်ချမ်းမနေခဲ့ပေ။ အကြောင်းအချို့ကြောင့် တမလွန်ဘုံ၏ ထိုးစစ်ဆင်မှုက တိုးလာခဲ့သည်။ သူတို့သည် ကမ္ဘာဦးကောင်းကင်ဘုံထဲရှိ အခြားမျိုးနွယ်များက ထိန်းချုပ်ထားသော သောင်းချီသည့် ဆန်းကြယ်နယ်မြေများကို အဆက်မပြတ် တိုက်ခိုက်ခဲ့ကြသည်။

တမလွန်ဘုံသည် စစ်တပ်ကြီးတစ်တပ်ကို မစေလွှတ်သေးသော်လည်း သူတို့၏ တိုက်ခိုက်မှုများကတော့ တစ်ချက်မှ ရပ်မသွားခဲ့ပါ။

ထို့ကြောင့် ကောင်းကင်ဘုံမှ ပုဂ္ဂိုလ်ကြီးများ စိတ်လှုပ်ရှားလာခဲ့ကြသည်။ မျိုးနွယ်ကြီးအားလုံးသည် သူတို့၏စစ်တပ်များနှင့် စွမ်းအားကြီး သိုင်းသမားများကို အဆက်မပြတ် စေလွှတ်၍ ဆန်းကြယ်နယ်မြေများကို ပြန်သိမ်းယူစေကြ၏။ သို့ဖြင့် နေရာအနှံ့တွင် စစ်မီးတောက်လောင်လာလေသည်။

ထို့ပြင် ကမ္ဘာဦးကောင်းကင်ဘုံထဲ၌ ကောလာဟလတစ်ခုလည်း ပျံ့နှံ့လာ၍ ကောင်းကင်ဘုံသူဘုံသားများ ပို၍ စိုးရိမ်လာကြသည်။ တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာတော့မည်ဖြစ်သည်။ ထို့ကြောင့်လည်း တမလွန်ဘုံမျိုးနွယ်က သူတို့၏ တပ်သားများကို စတင်လေ့ကျင့်ပေးနေခြင်းဟု ဆိုကြသည်။ တပ်ဖွဲ့ငယ်လေးများက နေရာအနှံ့တွင် တိုက်ခိုက်ကာ တမလွန်ဘုံစစ်တပ်၏ တိုက်ရည်ခိုက်ရည် တိုးတက်လာအောင် ‌လေ့ကျင့်နေကြသည်။ တိုက်ပွဲမပြတ်မှ စစ်တပ်သည် စစ်သွေးစစ်မာန်ကြွနေမည်ဖြစ်သည်။ တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာသည်နှင့် တမလွန်ဘုံစစ်တပ်သည် အလုံးအရင်း တိုက်စစ်ဆင်ကာ လူသားမျိုးနွယ်ကို အပြီးရှင်းပစ်တော့ပေမည်။

တမလွန်ဘုံဧကရာဇ်...

ထိုအမည်မှာ လူသားမျိုးနွယ်တစ်ခုလုံးကို ဖိနှိပ်နိုင်သော အမည်ပင်။ အတိတ်တွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် တမလွန်ဘုံဧကရာဇ်၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။ လူသားမျိုးနွယ်က အထွတ်အထိပ်၌ ရှိနေခဲ့စဉ်က မဟာဧကရာဇ်များ ဒါဇင်ကျော် ရှိခဲ့၏။ သို့သော် ယခုတွင်မူ လေးပါးသာ ကျန်တော့သည်။

အတိတ်တွင် မိစ္ဆာမျိုးနွယ်၌ မိစ္ဆာအရှင် နှစ်ဆယ်ကျော် ရှိခဲ့သည်။ ယခုတွင်မူ ချင်လင်းသာ ကျန်တော့သည်။ ထိုမိစ္ဆာအရှင်အားလုံးနီးပါးက တမလွန်ဘုံဧကရာဇ်၏ လက်ထဲတွင် သေခဲ့ကြရသည်။

တမလွန်ဘုံဧကရာဇ်က လွန်စွာစွမ်းအားကြီးသော ကျင့်စဉ်တစ်ခုကို ကျင့်ကြံ၏။ ထိုကျင့်စဉ်ကို မသေမျိုးနတ်ဘုရားကျင့်စဉ်ဟုခေါ်သည်။ သူသည် မဟာဧကရာဇ်များစွာ၏ သတ်ဖြတ်မှုကို ခံခဲ့ရ၏။ သို့သော် သူ့နတ်ဘုရားဝိညာဉ်က လွတ်မြောက်သွားခဲ့ပေသည်။ သို့နှင့် သူ ပြန်မွေးဖွားလာခဲ့ပြီး ယခုတွင် စွမ်းအားအပြည့် ပြန်ရတော့မည်ဖြစ်သည်။ ထို့ပြင် သူ့တိုက်ခိုက်စွမ်းအားက ယခင်ကထက်ပင် ပိုတိုးလာနိုင်သေးသည်။

စွမ်းအားကြီးသော ရန်သူကို မကြောက်ရပါ။ သို့သော် သတ်၍မရနိုင်သော ရန်သူကိုတော့ ကြောက်ရပေသည်။

တမလွန်ဘုံဧကရာဇ်၏ မသေမျိုးနတ်ဘုရားကျင့်စဉ်သည် လူသားများကို သူတို့က အနိုင်ယူ၍ မရနိုင်သော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေသည်ဟု ခံစားရစေ၏။ ထိုရန်သူက သတ်လိုက်လျှင်ပင် ရန်သူက အဖန်ဖန် ပြန်မွေးဖွားလာပြီး လူသားမျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားများကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်ကာ လူသားမျိုးနွယ်၏ နယ်မြေများကို နည်းနည်းချင်း သိမ်းပိုက်ပစ်မည်ဖြစ်သည်။

ယင်းတို့အပြင် တမလွန်ဘုံမျိုးနွယ်၏ တမလွန်ဘုံစစ်သူကြီးများနှင့် ဖုတ်ကောင်တပ်သားများမှာ အကန့်အသတ်မရှိလုနီးပါးပင်။

မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေခြင်းတို့မှာ မိုးမြေ၏ စည်းမျဉ်းများပင်။ ကောင်းကင်နတ်ဘုရားများ၊ ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် ဧကရာဇ်အဆင့် သိုင်းသမားများပင် တစ်ရက်ရက်တွင် သက်တမ်းကုန်သွားမည်ဖြစ်ရာ သေမျိုးများဆိုလျှင် ပြောနေရန်ပင် မလိုပေ။

စက္ကန့်တိုင်း မရေမတွက်နိုင်သော လူသားများနှင့် မိစ္ဆာသားရဲများ သေဆုံးနေကြသည်။ ထို့ကြောင့် တမလွန်ဘုံမျိုးနွယ်ဝင်များက နေရာအနှံ့တွင် ရှိနေသည်။ တမလွန်ဘုံမျိုးနွယ်သည် တမလွန်ဘုံအတတ် အမျိုးမျိုးကို အသုံးပြု၍ အလောင်းများနှင့် ဝိညာဉ်များကို စုဆောင်းကာ ၎င်းတိုကို ဖုတ်ကောင်တပ်သားများနှင့် တမလွန်ဘုံစစ်သူကြီးများအဖြစ် ပြောင်းလဲနိုင်ပေသည်။

ထို့ပြင် ကောင်းကင်ကြယ်တာရာနယ်နမိတ်ကဲ့သို့ တမလွန်ဘုံ၏ လျှို့ဝှက်ထိန်းချုပ်မှုကို ခံထားရသော ဘုံအသေးလေးများစွာလည်း ရှိသေးသည်။ ထိုဘုံများမှ သက်ရှိများကို တမလွန်ဘုံက ဓားစာခံလုပ်ထားသည်။ တစ်ခါတစ်ခါတွင် သူတို့သည် အလောင်းများကို အသုတ်လိုက် စုဆောင်းနိုင်ရန် သက်ရှိများအကြား စစ်ပွဲများဖြစ်လာအောင် နောက်ကွယ်မှနေ၍ စစ်မီးမွှေးပေးကြသည်။ သို့ဖြင့် သူတို့သည် အဆုံးမဲ့သော အလောင်းများနှင့် ဝိညာဉ်များကို ရနေပေသည်။

လက်ရှိတွင် တမလွန်ဘုံက ကောင်းကင်ဘုံ၏ ဘုံကြီးကိုးခုကို ထိန်းချုပ်ထားဆဲဖြစ်သည်။ အချိန်မရွေး တမလွန်ဘုံအတွက် အလောင်းများစွာ ပေးနိုင်သော ဘုံများစွာ ရှိနေသည်။ တမလွန်ဘုံမျိုးနွယ်ဝင်များမှာလည်း အချင်းချင်း ပြန်စားကာ အဆက်မပြန် ဆင့်ကဲပြောင်းလဲနေကြလေသည်။

ထို့ကြောင့် ကမ္ဘာဦးကောင်းကင်ဘုံက အင်အားကြီးသော်လည်း လူသားများစွာ မျှော်လင့်ချက်မဲ့နေကြ၏။ ယခုတွင် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ မိုးပြာမဟာဧကရာဇ်က ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အဆင့်အထိ တက်လှမ်းသွားနိုင်စေရန်သာ ဖြစ်သည်။ ထိုမှ သူတို့ တမလွန်ဘုံဧကရာဇ်နှင့် တမလွန်ဘုံမျိုးနွယ်ကို ဖိနှိပ်နိုင်ပေလိမ့်မည်။

သို့သော်...

နှစ်ပေါင်းသန်းထောင်ချီအတွင်း ယန်ကိုးပါးကောင်းကင်ဧကရာဇ်မှာ တစ်ပါးသာ ရှိခဲ့ပေသည်။

***

ဝှစ်...

ကမ္ဘာဦးကောင်းကင်ဘုံ၏ မြောက်ဘက်ရှိ အာကာသဟင်းလင်းပြင်ထဲတွင် လူတစ်ယောက်သည် လျင်မြန်သော အမြန်နှုန်းနှင့် ပျံသန်းနေ၏။ သူက သာမန်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထား၏။ သူ့အရပ်မှာ သိပ်မမြင့်သလို သူ့ရုပ်ရည်မှာလည်း သာမန်ပင်။ ထို့ပြင် သူ့အရှိန်အဝါကလည်း အားမကောင်းချေ။ သူသည် ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်အဆင့်တွင်သာ ရှိပေသည်။

ပတ်ဝန်းကျင်က အလင်းတစ်ပြောက်ပင်မရှိဘဲ မည်းမှောင်နေသည်။ ထိုကျင့်ကြံသူသည် တစ်ကိုယ်တော်လေလွင့်သူတစ်ယောက်ကဲ့သို့ အာကာသဟင်းလင်းပြင်ကို တစ်ယောက်တည်း ဖြတ်သန်းနေသည်။ သူ့မျက်နှာထားက ပြောင်းလဲမှု မရှိပါ။ သို့သော် သူ့မျက်ဝန်းများထဲရှိ စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုကိုမူ မဖုံးကွယ်နိုင်ပေ။

ထိုကျင့်ကြံသူမှာ ကျန်းရီပင်။ သူ ကောင်းကင်မိစ္ဆာဘုံထဲမှ ထွက်လာနိုင်ခဲ့ပြီဖြစ်သည်။ ထျန်းဖုန့်ဧကရာဇ်၊ ဖုန့်နီနှင့် ကော့ချန်ဘုရင်တို့ကို ဆောင်းဥတုပုလဲထဲ ပို့ထားသည်။ သူကိုယ်တိုင်လည်း ဝိညာဉ်တံလျှပ်အတတ်ကို သုံး၍ ရုပ်ပြောင်းထားသည်။ သူသည် အာကာသဟင်းလင်းပြင်ကို ဖြတ်၍ ကမ္ဘာဦးကောင်းကင်ဘုံသို့ ပျံသန်းနေခြင်းဖြစ်ပေသည်။

အောက်ခြေမဲ့တွင်းက ကျန်းရီကို အဆိပ်နတ်ဆိုးမြေရိုင်းအနီးရှိ နေရာတစ်ခုသို့ တည်နေရာပြောင်းရွှေ့ပေးခဲ့သည်။ ဖုန့်နီက သူ့ကို လမ်းညွှန်ကာ မြေပုံတစ်ချပ်လည်း ပေးခဲ့လေသည်။

‘တောထူဆန်းကြယ်နယ်မြေက အရှေ့မှာ မဟုတ်လား’

နာရီအနည်းငယ် ပျံသန်းပြီးနောက် ကျန်းရီသည် သူ့အရှေ့မှ အလင်းရောင်အနည်းငယ်ကို မြင်လိုက်ရ၏။ သူ မြေပုံနှင့် ယှဉ်ကြည့်ကာ အရှိန်လျှော့လိုက်သည်။ ဆန်းကြယ်နယ်မြေများအနီးတွင် စစ်တပ်များ စခန်းချထားတတ်ပေသည်။ သူက အကြောင်းမရှိဘဲ ဟင်းလင်းပြင်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာလျှင် စစ်တပ်က သူ့ကို သံသယဝင်ပေလိမ့်မည်။

သို့သော် ကျန်းရီ ရွေးချယ်စရာမရှိဘဲ ဆန်းကြယ်နယ်မြေဆီသို့ ဦးတည်ပျံသန်းသွားလိုက်၏။ သူ စစ်တပ်ထဲ ရောဝင်နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားရပေမည်။ ထိုမှသာ သူ ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်နိုင်မည်ဖြစ်သည်။

ကမ္ဘာဦးကောင်းကင်ဘုံထဲသို့ အပြင်မှနေ၍ တိုက်ရိုက်ဝင်ရန် မဖြစ်နိုင်လုနီးပါးပင်။ ဘုံအပြင်ဘက်တွင် ကင်းလှည့်တပ်ဖွဲ့များ များစွာရှိနေသည်။ ထို့ပြင် ဘုံအပြင်မှ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များမှာလည်း အလွန်ထူထပ်သိပ်သည်းသည်။ သို့ဖြစ်ရာ ဘုံထဲသို့ အပြင်မှ တိုက်ရိုက်ဝင်ရန် အလွန်ခက်ခဲပေသည်။

ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို သူ့အား ဆွဲခေါ်၍ ကမ္ဘာဦးကောင်းကင်ဘုံထဲ ဝင်သွားရန် ခိုင်းနိုင်၏။ သို့သော် ယင်းသို့လုပ်လိုက်လျှင် ထျန်းဖုန့်ဧကရာဇ်က ပေါ်သွားပေလိမ့်မည်။ ထို့ကြောင့် အန္တရာယ်မရှိမချင်း ကျန်းရီ ထျန်းဖုန့်ဧကရာဇ်ကို ထုတ်မသုံးရန် ဆုံးဖြတ်ထားသည်။ သို့ဖြစ်ရာ သူ စစ်တပ်ထဲ ရောဝင်၍ ကမ္ဘာဦးကောင်းကင်ဘုံသို့ တည်နေရာပြောင်းရွှေ့သွားရမည်ဖြစ်သည်။

ဝှစ်...

မကြာခင်မှာပင် ကျန်းရီ တောထူဆန်းကြယ်နယ်မြေအနီးသို့ ရောက်သွား၏။ သူ ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။ ထိုဆန်းကြယ်နယ်မြေ အပြင်ဘက်တွင် အမှန်ပင် ဟွင့်သွမ့်နတ်ဘုရားလှေများ ရှိနေသည်။ သူ အာရုံခံမိသည့် အရှိန်အဝါများအရ ဆန်းကြယ်နယ်မြေ အပြင်ဘက်၌ အနည်းဆုံး တပ်သား သိန်းကျော် ရှိပေလိမ့်မည်။

‘ဘာလို့ တပ်သားတွေ အများကြီး ရှိနေရတာလဲ’

ကျန်းရီသည် တမလွန်ဘုံက အဆက်မပြတ် တိုက်စစ်ဆင်နေခဲ့ကြောင်းကို သိမထားပေ။ အဓိက ဆန်းကြယ်နယ်မြေများတွင် တပ်သားအင်အားကို တိုးထားပေသည်။ တပ်သားများစွာ ရှိနေရာ ကျန်းရီ အနားကို ကပ်မသွားဝံ့တော့ပေ။ သူ ပုန်းကွယ်ခြင်းအတတ်ကို သုံး၍သာ ဟင်းလင်းပြင်ထဲတွင် ပုန်းအောင်းနေလိုက်သည်။

ဟူး...ဟူး...

တစ်နာရီကြာပြီးနောက် အဝေးမှနေ၍ လေပြင်းများ တိုက်ခတ်လာ၏။ အနောက်မြောက်ဘက်မှနေ၍ မကောင်းသော အေးစက်စက် အရှိန်အဝါများလည်း ရောက်ရှိလာသည်။ ထို့ကြောင့် ကျန်းရီ ကြက်သီးများပင် ထသွားလေသည်။

‘တမလွန်ဘုံမျိုးနွယ်လား၊ ဘာလို့ အဲ့လောက်များရတာလဲ။ အရှင်ချီဟုန်ပြောတာ မှန်နေပြီလား။ တမလွန်ဘုံဧကရာဇ်က တကယ်ပဲ ပြန်ထွက်ပေါ်လာတော့မှာလား။ တမလွန်ဘုံမျိုးနွယ်က လူသားမျိုးနွယ်ကို အပြီးရှင်းပစ်ဖို့ ကြံနေပြီလား’

ကျန်းရီသည် ထိုအရှိန်အဝါများကို အလွန်ရင်းနှီး၏။ သူ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ အရှိန်အဝါများ ထွက်ပေါ်လာ‌သော နေရာကို အာရုံခံလိုက်သည်။ သိန်းချီသော တမလွန်ဘုံမျိုးနွယ် တပ်သားများက အနောက်ဘက်မှနေ၍ ပျံသန်းလာကြောင်း သူ တွေ့လိုက်ရသည်။

‘ဒါက အခွင့်အရေးကောင်းတစ်ခုပဲ’

ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ တမလွန်ဘုံမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့က တောထူဆန်းကြယ်နယ်မြေအတွက် တိုက်ခိုက်နေကြကြောင်း ထင်ရှားသည်။ မကြာခင်တွင် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်လာတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ သူ အခွင့်အရေးတစ်ခုရှာ၍ စစ်တပ်ထဲ ရောဝင်လိုက်နိုင်သည်။ ထို့ကြောင့် သူ ချက်ချင်း အဝေးသို့ သွားလိုက်ပြီး တိုက်ပွဲစလာမည်ကို စောင့်ဆိုင်းနေလိုက်လေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ဟွင့်သွမ့်နတ်ဘုရားလှေများက တောက်ပလာပြီး တပ်သားများသည် စီစီရီရီ စီတန်းကာ ပျံထွက်လာကြ၏။ ထို့နောက် တမလွန်ဘုံစစ်တပ်ဆီသို့ ဦးတည်ပျံသန်းသွားလိုက်ကြသည်။ ဟင်းလင်းပြင်ထဲတွင် အလင်းတန်းများ ပြည့်နှက်သွားပေသည်။

‘သွားမယ်...’

တိုက်ပွဲစသည်နှင့် ကျန်းရီသည် တိုက်ပွဲပြင်ဆီသို့ လျှို့ဝှက်၍ သွားလိုက်၏။ ယခုတွင် သူ၏ ပုန်းကွယ်ခြင်းအတတ်က အလွန်စွမ်းအားကြီးနေပြီဖြစ်သည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများပင် သူ့ကို အာရုံခံနိုင်မည် မဟုတ်ချေ။

ထိုသိန်းချီသောတပ်သားများကို ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား တစ်ယောက်က ဦးဆောင်၏။ ၎င်း ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားကလည်း တမလွန်ဘုံစစ်သူကြီးများကိုသာ အာရုံစိုက်နေမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသာ သတိထားမည်ဆိုလျှင် သူ့ကို မည်သူမှ သတိပြုမိလိမ့်မည် မဟုတ်ချေ။

မျှော်လင့်ထားသလိုပင်...

ကျန်းရီသည် တိုက်ပွဲပြင်နှင့် ကီလိုမီတာရာကျော် အကွာသို့ ရောက်သောအခါ တိုက်ပွဲက အလွန်ပရမ်းပတာဖြစ်နေကြောင်း သိလိုက်ရ၏။ နှစ်ဘက်စလုံးတွင် ပြောပလောက်သော တိုက်ကွက်အခင်းအကျင်းများ မရှိပေ။ သူတို့က အချင်းချင်း ကြုံသလို တိုက်ခိုက်နေကြခြင်းသာဖြစ်သည်။ တိုက်ပွဲမှာ ပြင်းတော့ ပြင်းထန်သည်။ အာကာသဟင်းလင်းပြင်ထဲတွင် ခြေပြတ်လက်ပြတ်များနှင့် သွေးများ မျောလွင့်နေလေသည်။

‘အာ...’

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများနှင့် တိုက်ခိုက်နေသော လူသားမျိုးနွယ် စွမ်းအားကြီး သိုင်းသမားအချို့ကို လျင်မြန်စွာ ရှာတွေ့သွား၏။ မမျှော်လင့်ထားဘဲ သူ မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့လိုက်ရသည်။

‘ဘာလို့ ဟယ်နုန်ယင်းက ဒီမှာ ရှိနေရတာလဲ။ အဲ့ကောင်မလေးက... ဧကရာဇ်တစ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်လိုက်ပြီလား။ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

ကျန်းရီ မျက်မှောင်ကြုတ်သွားသည်။ ဟယ်နုန်ယင်၏ အသက်က မည်မျှသာ ရှိပါသေးသနည်း။ သူမက အဘယ်သို့ ထိုမျှမြန်မြန် အဆင့်တက်နိုင်ရသနည်း။ တောက်မျိုးနွယ်တွင်ပင် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား သုံးယောက်သာ ရှိသည်။ ဟယ်နုန်ယင်းက အဘယ်ကြောင့် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်သွားရသနည်း။ ချီလင်းဧကရီက သူမ အဆင့်တက်နိုင်အောင် စွမ်းအားသုံးကာ ကူညီပေးခဲ့၍လော။

‘ဂရုစိုက်မနေတော့ဘူးကွာ။ အရင်ဆုံး စစ်တပ်ထဲပဲ ရောဝင်တာပေါ့’

တိုက်ပွဲပြင်က ပရမ်းပတာဖြစ်နေသည်။ တပ်သားများက အဖြူရောင်၊ အနက်ရောင်၊ အပြာရောင် စစ်ချပ်ဝတ်များကို ဝတ်ဆင်ထားကြသည်။ ချီလင်းဧကရီ၏ စစ်တပ်နှင့် သူမ၏လက်အောက်ခံ မျိုးနွယ်အသီးသီးမှ စစ်တပ်များက ပူးပေါင်းထားခြင်း ဖြစ်မည်။ ထိုကဲ့သို့သော စစ်တပ်တစ်တပ်ထဲ ရောဝင်ရန်မှာ အလွန်လွယ်ကူပေသည်။

ကျန်းရီသည် ချီလင်းဧကရီ၏ စစ်တပ်မှ တပ်သားတစ်ယောက်အဖြစ်တော့ ဟန်မ‌ဆောင်ရဲပါ။ ဟယ်နုန်ယင်းက သူမည်သူဖြစ်ကြောင်း သိသွားမည်ကို သူ မစိုးရိမ်သော်လည်း သူ သတိထားလိုသေးသည်။

ကျန်းရီသည် အသတ်ခံလိုက်ရပြီး လွင့်ထွက်လာသော နတ်ဘုရားဧကရာဇ် တစ်ယောက်ကို ကြည့်လိုက်၏။ သူ လျင်မြန်စွာ ပျံသန်းသွားပြီး ရုတ်ခြည်း အလောင်းကို သိမ်းလိုက်သည်။ ပြီးလျှင် ထိုလူ၏ ရုပ်သွင်အတိုင်း ရုပ်ပြောင်း၍ ကိုယ်ဖော်လိုက်၏။ ထို့နောက်တွင် သူ အလယ်အလတ်အဆင့် နတ်ဘုရားအသုံးအဆောင်တစ်ခုကို ကိုင်ကာ တမလွန်ဘုံစစ်တပ်နှင့် တိုက်ပွဲတွင် ပါဝင်ဆင်နွှဲရန် အရှေ့သို့ ပျံသန်းသွားလိုက်လေသည်။

***

All Chapters