← Chapters

ဆန်းကြယ်သော အမျိုးသမီး

Vol. 131 Ch. 1831

ဆန်းကြယ်သော အမျိုးသမီး

Vol. 131 Ch. 1831

တိုက်ပွဲပြင်မှာ ပရမ်းပတာ ဖြစ်လျက်ရှိ၏။ တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် လူသားများကို နေရာအနှံ့တွင် တွေ့ရသည်။ တပ်မှူးများမှလွဲ၍ ကျန်သော တပ်သားများမှာ ရန်သူများကို သတ်ရန်မှလွဲ၍ ကျန်သောအရာများကို အရေးစိုက်နေပုံ မပေါ်ချေ။

ကျန်းရီ၏ လှုပ်ရှားမှုကလည်း အလွန်လျင်မြန်ခဲ့သည်။ ထို့ကြောင့် မည်သူမှ သူ့ကို သတိမပြုမိခဲ့ပေ။ ကျန်းရီသည် သူ့ကိုယ်သူ တပ်သားတစ်ယောက်ကဲ့သို့ ရုပ်ဖျက်၍ တမလွန်ဘုံမိစ္ဆာတစ်ကောင်နှင့် တိုက်ခိုက်ရန် ပျံသန်းသွား၏။ တစ်ခဏမျှ တိုက်ခိုက်ပြီးနောက် မည်သည့် ကောင်းကင်စိတ်အာရုံကမှ သူ့အား အာရုံခံမနေကြောင်း အတည်ပြုပြီးမှ သူ စိတ်အေးသွားပေသည်။

ကျန်းရီသည် တိုက်ခိုက်စွမ်းအားများစွာ ထုတ်မပြဝံ့ပေ။ သို့သော် အစွမ်းကုန် တိုက်နေသ‌ယောင်‌တော့ ဟန်ဆောင်ထားပါ၏။ အတော်ကြာအောင် သူတင်ကိုယ်တင် တိုက်ခိုက်ပြီးမှ သူ ထိုတမလွန်ဘုံမိစ္ဆာကို သတ်ပစ်လိုက်သည်။

ထို့နောက် ကျန်းရီ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ လူသားမျိုးနွယ်ဘက်က အသာစီးရနေသော်လည်း အဆုံးအရှုံးလည်း များနေသည်။ တမလွန်ဘုံစစ်တပ်၏ အင်အားက သူတို့ဘက်မှ အင်အားထက် ပိုများသည် မဟုတ်ပါလား။ ထို့ပြင် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးများကလည်း ဆယ်ယောက်ကျော်ပေသည်။ အကယ်၍ ဟယ်နုန်ယင်းကသာ အဆင့်မြင့် တမလွန်ဘုံစစ်သူကြီး လေးယောက်၊ ငါးယောက်လောက်ကို သူမတစ်ယောက်တည်းနှင့် ထိန်းမထားလျှင် လူသားမျိုးနွယ်အတွက် အသာစီးရနိုင်ရန် ခက်ခဲမည်ဖြစ်သည်။

ဟယ်နုန်ယင်းက ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခါစသာ ရှိသေးကြောင်း သိသာ၏။ သူမ၏ တိုက်ခိုက်စွမ်းအားက အလွန်စွမ်းအားမကြီးသေးပေ။ သူမသည် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီး ငါးယောက်ကို မနည်းတိုက်ခိုက်နေရသည်။ သူမတွင် အလွန်စွမ်းအားကြီးသော စစ်ချပ်ဝတ်နှင့် အလွန်စွမ်းအားကြီးသောလေး ရှိနေ၍သာ ‌တော်သေးပေသည်။ သူမ၏ ခုခံမှုနှင့် တိုက်ခိုက်မှုမှာလည်း မဆိုးပါ။ သူမ မြားတစ်ချောင်း ပစ်လိုက်တိုင်း အဆင့်မြင့် တမလွန်ဘုံစစ်သူကြီးတစ်ယောက်ကို လွင့်ထွက်သွားစေပေသည်။

ဟယ်နုန်ယင်းသည် ကျန်းရီ လေးစားသော မိန်းမပျိုတစ်ယောက်ဖြစ်သည်။ သူမက အမှန်တကယ် ဖြောင့်မတ်ကာ ကြင်နာတတ်သော မိန်းမပျိုတစ်ယောက်လည်း ဖြစ်သည်။ ထို့ပြင် သူမသည် သူ့အသက်ကိုလည်း ကယ်ခဲ့ဖူးလေသည်။

သို့သော် ယခုတွင် ကျန်းရီ ဟယ်နုန်ယင်းကို ကူညီလိုစိတ် ရှိမနေပါ။ ချီလင်းဧကရီ၏ စစ်တပ်က ပျက်စီးတော့မည်ဆိုလျှင်ပင်၊ လူသားတပ်သားများက တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံရပြီး ဘက်တူလူသားများကို သတ်တော့မည်ဆိုလျှင်ပင် ကျန်းရီ ဝင်ကူမည် မဟုတ်ပါ။

ကျန်းရီ ထိုသို့ ဆုံးဖြတ်ထားခြင်းမှာ အကြင်နာတရား မရှိ၍ မဟုတ်ပေ။ သူက မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွား၍ မရ၍သာ။ ပေါ်သွားသည်နှင် သူ မိုးပြာမဟာဧကရာဇ်၏ လိုက်လံသတ်ဖြတ်မှုကို ထပ်ခံရပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီသည် သူ့စိတ်ကိုတင်း၍ မည်သည်ကိုမှ မမြင်ချင်ယောင် ဆောင်ထားရပေမည်။ သူ တမလွန်ဘုံမိစ္ဆာများကိုသာ တစ်ကောင်ပြီးတစ်ကောင် ဆက်တိုက်ခိုက်နေရမည်ဖြစ်သစည်။

ကျန်းရီ၏ ကျင့်ကြံခြင်းအဆင့်က ဟယ်နုန်ယင်း၏ ကျင့်ကြံခြင်းအဆင့်လောက် မမြင့်သေးပါ။ သို့သော် သူ အစွမ်းကုန် ထုတ်သုံးမည်ဆိုလျှင် ကော့ချန်ဘုရင်နှင့် ထျန်းဖုန့်ဧကရာဇ်တို့ကိုပင် အားကိုးရန် လိုမည် မဟုတ်ချေ။ သူတစ်ယောက်တည်းနှင့် ဤတမလွန်ဘုံစစ်တပ်တစ်ခုလုံးကို ရှင်းပစ်နိုင်သည်။ သူ၏ တံဆိပ်စာလုံးများက တမလွန်ဘုံစစ်တပ်၏ သဘာဝရန်သူပင် မဟုတ်ပါလား။

တိုက်ပွဲက နာရီနှစ်ဆယ်ကျော် ကြာခဲ့၏။ နောက်ဆုံးတွင် လူသားမျိုးနွယ်စစ်တပ်က အနိုင်ရသွားသည်။ သို့သော် တပ်သားတစ်ဝက်ကျော် ကျသွားခဲ့ပေသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမား ငါးယောက် အသတ်ခံလိုက်ရသည်။ ဟယ်နုန်ယင်းလည်း ဒဏ်ရာရသွားသည်။ ကျန်းရီသည် ဟယ်နုန်ယင်းတစ်ယောက် ဧရာမအရိုးစုကြီး၏ သွေးအန်သည်အထိ ရိုက်နက်နေမှုအား ခံနေရသည်ကို မြင်ခဲ့စဉ်က ဝင်မကူမိစေရန် သူ့ကိုယ်သူ မနည်းစိတ်တင်းထားခဲ့ရလေသည်။

တမလွန်ဘုံစစ်တပ်က ပြန်ဆုတ်ခွာသွား၏။ ဟယ်နုန်ယင်းသည် စစ်တပ်အား တိုက်ပွဲပြင်ကို ရှင်းလင်းစေလိုက်ပြီး ဒဏ်ရာကုသရန် သူမ၏ ဟွင့်သွမ့်နတ်ဘုရားလှေဆီ ပျံသန်းသွားလိုက်သည်။ သူမ၏ ကောင်းကင်စိတ်အာရုံက ကျန်းရီအပေါ် တစ်ကြိမ် ကျရောက်လာ၏။ သို့သော် သူမက မည်သည်ကိုမှ သတိပြုမိပုံ မပေါ်ပေ။

ကျန်းရီ၏ ပုန်းကွယ်ခြင်းအတတ်ကို ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများက ဖောက်မြင်နိုင်သည်။ သို့သော် သူ့၏ ဝိညာဉ်တံလျှပ်အတတ်ကိုတော့ ကြမ်းကြုတ်နဂါးဘုရင်ပင် ဖောက်မမြင်နိုင်ခဲ့ပေ။ သို့ဖြစ်ရာ ဟယ်နုန်ယင်းက မည်သို့ ဖောက်မြင်နိုင်ပါမည်နည်း။

ကျန်းရီသည် တပ်မှူးများနောက်သို့ လိုက်၍ တိုက်ပွဲပြင်ကို ရှင်းလင်းကာ ကျဆုံးသွားသော တပ်သားများ၏ အလောင်းများကို စုလိုက်သည်။ ထို့နောက် တပ်မှူများက ထိုအလောင်းများကို သင်္ဂြိုလ်ပေးရန် သိမ်းသွားကြသည်။ ကျန်းရီတို့သည် တမလွန်ဘုံမိစ္ဆာများ၏ အလောင်းများကိုမူ ချက်ချင်း မီးရှို့ပစ်ကြရသည်။ ပြီးမှ သူတို့ ဟွင့်သွမ့်နတ်ဘုရားလှေဆီ ပြန်သွားလိုက်ကြလေသည်။

ကျန်းရီ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးများ စွန်းနေ၏။ ထိုသွေးများက သူ့သွေးများ မဟုတ်ပါ။ သူသည် အလောင်းများမှ သွေးများကို ယူ၍ သူ့ကိုယ်တွင် သုတ်လိမ်းထားခြင်းဖြစ်သည်။ သူ တပ်မှူးတစ်ယောက်‌နောက်မှ လိုက်၍ ဟွင့်သွမ့်နတ်ဘုရားလှေတစ်စင်းထဲ ဝင်ပြီးနောက် ချက်ချင်း ထောင့်တစ်နေရာသို့သွားကာ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံလိုက်သည်။ သူက ဒဏ်ရာကုသနေသည်နှင့် တူ၏။ သို့သော် အမှန်တွင်မူ သူ ကောင်းကင်နှင့် လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ သတင်းအချက်အလက်များ စုဆောင်းနေခြင်းပင်။

“တမလွန်ဘုံက ဘာဖြစ်နေတာလဲ။ သူတို့က အဆက်မပြတ် တိုက်ခိုက်နေတယ်။ ဟူး... ငါ့ရဲ့ တတိယဦးလေးက တိုက်ပွဲထဲမှာ ကျသွားပြီ။ အဲ့သတင်းကို ကြားရင် တတိယဒေါ်လေးတစ်ယောက် ဘယ်လောက်တောင် ဝမ်းနည်းသွားလိုက်မလဲ”

“အဲ့သောက်တမလွန်ဘုံမျိုးနွယ်ဝင်တွေ... ငါ ဧကရာဇ်အဆင့်ကို ရောက်ရင် သေချာပေါက် သူတို့ဘုံထဲ တိုးဝင်သွားပြီး တမလွန်ဘုံဧကရာဇ်ကို ဆယ့်ရှစ်ပိုင်း ပိုင်းပစ်မယ်”

“အပြောလျှော့ပါကွာ... မင်းက တမလွန်ဘုံဧကရာဇ်ကို သတ်မှာတဲ့လား။ မိုးပြာမဟာဧကရာဇ်တောင် သူ့ကို မယှဉ်နိုင်ဘူး။ တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာ‌တော့မယ်လို့ ငါကြားတယ်။ မဟုတ်ရင် ဘာလို့ တမလွန်ဘုံမျိုးနွယ်က အဆက်မပြတ် တိုက်ခိုက်နေမှာလဲ။ ကြည့်ရတာ တမလွန်ဘုံဧကရာဇ်က အစွမ်းအကုန် ပြန်ရသွားပြီထင်တယ်။ လူသားမျိုးနွယ်ကတော့ အပြတ်ရှင်း ခံရတော့မှာပဲ”

“ဟူး...”

တိုက်ပွဲကြီးတစ်ပွဲ ပြီးနောက် တပ်သားများသည် အချင်းချင်း တီးတိုးပြောဆို ဆွေးနွေးနေကြ၏။ တပ်သားအချို့၏ မျက်နှာများအပေါ်တွင် ဒေါသနှင့် အမုန်းတရားတို့ ပြည့်နှက်နေသည်။ အချို့မှာမူ ဝမ်းနည်းကာ စိတ်ဓာတ်ကျနေကြသည်။ တမလွန်ဘုံဧကရာဇ် မကြာခင်တွင် ထွက်ပေါ်လာတော့မည်ဆိုသော သတင်းက သူတို့အပေါ် များစွာသက်ရောက်မှု ရှိပုံပင်။ သူတို့သည် လူသားမျိုးနွယ်၏ ကံကြမ္မာအတွက် စိုးရိမ်နေကြပေသည်။

ကျန်းရီ နှစ်နာရီကြာအောင် နားထောင်ပြီးနောက် သတင်းအချက်အလက်အချို့ကို စုဆောင်းနိုင်လိုက်၏။ တမလွန်ဘုံမျိုးနွယ်က ကမ္ဘာဦးကောင်းကင်ဘုံအပြင်ဘက်ရှိ လူသားများ ထိန်းချုပ်ထားသော ‌သောင်းချီသည့် ဆန်းကြယ်နယ်မြေများကို အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။ သူတို့သည် အကျအဆုံးအရေအတွက်ကို အရေးမထားဘဲ တိုက်ခိုက်နေကြသည်။ မကြာသေခင်းက လူသားမျိုးနွယ်သည် ထိုဆန်းကြယ်နယ်မြေများကို ကာကွယ်ရန် သန်းဆယ်ချီသော တပ်သားများ စေလွှတ်ခဲ့သည်။ ယခု သူတို့ဘက်တွင် အကျအဆုံး အတော်များနေပြီဖြစ်သည်။

ယင်းတို့မှလွဲ၍ ကမ္ဘာဦးကောင်းကင်ဘုံတွင် အခြားထူးထူးခြားခြားသတင်းများ မရှိပေ။ တပ်သားများက အထက်ဘုံနှင့် မိုးပြာမဟာဧကရာဇ်အကြောင်းကို မပြောကြ၍ ကျန်းရီ အတန်ငယ်တော့ မချင့်မရဲ ဖြစ်နေသည်။ ထို့ကြောင့် ရီချန်၊ ယဉ်ရို့ပင်း၊ ရီဖျောင်ဖျောင်နှင့် အခြားသူများ၏ အကြောင်းများကို သူ မသိရပါပေ။

ကျန်းရီသည် ထိုကိစ္စများကို လျှောက်မေး၍လည်း မရချေ။ ထို့ပြင် တစ်စုံတစ်ယောက်က သူ့အား မေးခွန်းထုတ်လာပါက သူ့အကြောင်းပေါ်သွားမည်ကိုလည်း သူ စိုးရိမ်နေသည်။ ထို့ကြောင့် သူ မည်သူနှင့်မှ စကားမပြောဘဲ တင်ပျဉ်ခွေထိုင်၍ မျက်လုံးမှိတ်ထားရပေသည်။

“မင်း ကြားပြီးပြီလား။ အထက်ဘုံက ပါရမီရှင်တချို့ ယန်ကိုးပါးစစ်တပ်ထဲကို လာဝင်ကြတယ်တဲ့။ သူတို့က အရမ်းလှကြတယ်လို့လည်း ပြောတယ်”

တပ်ကြပ်တစ်ယောက် ပုံမှန်အတိုင်း ပြောလိုက်သောအခါ စကားက ကျန်းရီကို ခါးမတ်သွားစေ၏။ ထိုလူ ဆက်ပြောမည်ကို သူ အာရုံစိုက်၍ နားထောင်နေလိုက်သည်။

“မင်းတို့ အထက်ဘုံရဲ့ နံပါတ်တစ်ကို သိကြလား။ သိမ်းငှက်စိမ်းဘုရင်လေ... သူ့သားက အုပ်ချုပ်သူအဆင့်ကို တက်လှမ်းနိုင်သွားလို့ အခု ကောင်းကင်ဘုံကို ရောက်နေပြီတဲ့။ ဒီအတောအတွင်း သူက ရာထူးသုံးဆင့်တောင် တက်ခဲ့တယ်၊ အခု စစ်သူကြီး ဖြစ်နေပြီ။ သူ ဦးဆောင်တဲ့ စစ်တပ်ကလည်း အရမ်းအင်အားကြီးတယ်”

‘သိမ်းငှက်ဘုရင်လေးလား’

ကျန်းရီ ခပ်ရေးရေး ပြုံးလိုက်၏။ သိမ်းငှက်ဘုရင်လေးက အုပ်ချုပ်သူအဆင့်ကို တက်လှမ်းကာ ကောင်းကင်ဘုံသို့ လာခဲ့သည်လော။ သူက ယန်ကိုးပါးစစ်တပ်ထဲပင် ဝင်ခဲ့သည်လော။ အစတွင် ကျန်းရီသည် ထို စိတ်ကြီးဝင်ကာ မောက်မာသော သိမ်းငှက်ဘုရင်လေးကို မုန်းခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူနှင့် မိတ်ဆွေများ ဖြစ်လာခဲ့သည်။ ထို့ကြောင့် သိမ်းငှက်ဘုရင်လေး အဆင့်တက်သွားသည့်အပေါ် ကျန်းရီ အလွန်ဝမ်းမြောက်ဂုဏ်ယူနေမိလေသည်။

“ပြီးတော့ သိမ်းငှက်ဘုရင်လေးထက် ပိုစွမ်းအားကြီးတဲ့ ဆန်းကြယ်တဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိသေးတယ်။ အဲ့အမျိုးသမီးက အုပ်ချုပ်သူအဆင့်မှာပဲ ဆိုပေမဲ့ အရမ်းထူးခြားတဲ့ ဆန်းကြယ်စွမ်းရည်တစ်ခုကို တတ်ထားတာ။ သူက.. ဟွင့်သွမ့်သားရဲတွေကို ယဉ်ပါးအောင် လုပ်နိုင်တယ်။ အဲ့သားရဲတွေကလည်း ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတွေတဲ့။ အခု သူ့မှာ သက်တမ်း နှစ်သန်းရာချီနေတဲ့ ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင် ရှိတယ်။ သူတစ်ယောက်တည်းနဲ့တင် ရန်သူတစ်သန်းလောက်ကို ယှဉ်နိုင်တယ်။ အဲ့ဒါကြောင့် ကောင်းကင်ဘုရင်ယွင်ကိုယ်တိုင် သူ့ကို စစ်သူကြီးရာထူး ခန့်အပ်ခဲ့တာတဲ့”

ကျန်းရီသည် ထိုတပ်ကြပ်ပြောနေသော ထို ဆန်းကြယ်သော အမျိုးသမီးမှာ မည်သူဖြစ်ကြောင်း မသိပါ။ အထက်ဘုံတွင် ထိုကဲ့သို့‌သော ပါရမီရှင်တစ်ယောက် ရှိခဲ့သည်လော။ သူ ထွက်မလာခဲ့ခင်က အထက်ဘုံ၌ အုပ်ချုပ်သူအဆင့် သိုင်းသမားများစွာ မရှိခဲ့ပါ။ ကျန်းရီသည် ထိုသူများအားလုံးကို လက်ချိုး၍ပင် ရေတွက်နိုင်ပေသည်။

ကျန်းရီ သူ၏သိလိုစိတ်ကို မချိုးနှိမ်နိုင်တော့ဘဲ မျက်လုံးဖွင့်ကာ ထိုတပ်ကြပ်ကိုကြည့်၍ ပြောလိုက်သည်။

“အဲ့ဒါက မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ် လူတစ်ယောက်က သက်တမ်း နှစ်သန်းရာချီရှိတဲ့ ကမ္ဘာဦးအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင်ကို ယဉ်ပါးအောင် လုပ်နိုင်မှာလဲ။ ဒီလောကထဲမှာ အဲ့လိုဆန်းကြယ်စွမ်းရည်မျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ သူသာ တကယ်ပဲ ဟွင့်သွမ့်သားရဲတွေကို ယဉ်ပါးအောင် လုပ်နိုင်ရင် ဟွင့်သွမ့်သားရဲစစ်တပ်တစ်တပ် ထောင်လို့ရတယ် မဟုတ်လား”

“ငါက ဘာလို့ မင်းကို လိမ်ရမှာလဲ”

ထိုတပ်ကြပ်သည် ကျန်းရီ၏ စကားများကြောင့် အတန်ငယ် မကျေမနပ်ဖြစ်သွား၏။ ထို့နောက် သူ ပြန်တုံ့ပြန်လိုက်သည်။

“ငါ့ဝမ်းကွဲက ချီလင်းဧကရီစစ်တပ်ရဲ့ ထောက်လှမ်းရေးတပ်ထဲမှာပဲ။ သူကိုယ်တိုင် ငါ့ကို အဲ့အကြောင်း ပြောပြတာ။ ဟွင့်သွမ့်သားရဲတွေကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ ဆန်းကြယ်စွမ်းရည်က အရင်ကလည်း ထွက်ပေါ်လာခဲ့ဖူးတယ်။ ဟုတ်တယ်... အခု ငါမှတ်မိပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အထက်ဘုံမှာ အဲ့လိုပါရမီရှင်တစ်ယောက် ပေါ်ထွက်ခဲ့ဖူးတယ်။ သူက ဟွင့်သွမ့်သားရဲတွေကို ယဉ်ပါးအောင် လုပ်နိုင်တယ်။ အာ... သူ့နာမည်က ဘယ်သူပါလိမ့်... ဪ ဟုတ်သား.. ဝိညာဉ်ဘုရင်တဲ့”

ဂျိန်း...

ကျန်းရီသည် ငယ်ထိပ် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရ၏။ သူတော်စင်ဝိညာဉ်တောင်ခြေတွင် သက်တမ်း နှစ်ဆယ်သန်းရှိသော ဟွင့်သွမ့်သားရဲလေးကောင်း ရှိနေသည်ကို သူ ပြန်အမှတ်ရသွားသည်။ ယခင်တွင် သူ၏တေးသွားတစ်ပုဒ်က ထိုသားရဲလေးကောင်ကို နိုးထလာစေခဲ့ဖူးသည်။ ထိုစဉ်တုန်းက ဝိညာဉ်ဘုရင်သည် ထိုသားရဲလေးကောင်ကို ထိန်းနိုင်သည့် ဆန်းကြယ်စွမ်းရည်တစ်မျိုးကို ထုတ်ပြခဲ့ဖူးပေသည်။

‘ဆန်းကြယ်တဲ့ အမျိုးသမီးတဲ့လား’

ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ ဝိညာဉ်မျိုးနွယ်တွင် ဝိညာဉ်ဘုရင်မှလွဲ၍ အခြား အုပ်ချုပ်သူအဆင့် သိုင်းသမား တစ်ယောက် ရှိခဲ့ကြောင်းကို သူ မကြားဖူးပေ။ ယခုတွင် ဟွင့်သွမ့်သားရဲများကို ယဉ်ပါးအောင် လုပ်နိုင်သည့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်လော။ သူမက... ရီဖျောင်ဖျောင်များ ဖြစ်နေနိုင်ပါသ‌လော။

All Chapters