ဖူရှီ၏ မှတ်တမ်း
Vol. 12 Ch. 168
“ ... “ စာအုပ်ကို ဖမ်းဆုတ်လိုက်သည်နှင့် အဖုံးတွင် ရေးထိုးထားသည့် “ကောင်းကင်ဘုံ နတ်မျက်လုံး... ဖူရှီ၏ မှတ်တမ်း” ဟူသည့် စကားလုံးများကို တွေ့မြင်လိုက်ရသည်။
ဖူရှီ...
ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်သည်။ ထိုနာမည်က ရင်းနှီးသလို၊ မရင်းနှီးသလို ခံစားလိုက်ရသည်။ သူ စာအုပ် အဖုံးကို လှမ်လိုက်ကာ ပထမ စာမျက်နှာကို ဖတ်လိုက်၏။ ချက်ချင်းပင် ကောင်းကင်၊ မြေကြီး၊ မြစ်၊ တောင်တန်း၊ စိမ့်၊ မြေကြီးနှင့် မီးတောက်တို့ကို ဖော်ညွှန်းထားဟန် ရသည့် ဆန်းကြယ်သော ပုံစံကားချပ် တစ်ခု၏ ကြိုဆိုခြင်းကို ခံလိုက်ရသည်။ ၎င်းတို့မှာ ကွဲလွဲနေသည့်တိုင် ထူးထူးခြားခြားပင် သဟဇာတ ဖြစ်နေလေ၏။
ပထမ စာကြောင်းကို ဝေ့ဝူယင် ဖတ်လိုက်၏။
“မီးရှိစေ... စကားရှိစေ... ဘေးကင်းစေ... ကြွယ်ဝစေ... အနာဂတ်ကို သိစေ...”
ဝေ့ဝူယင်၏ နှလုံးသားက ပြင်းထန်စွာ တုန်ရီသွားကာ သူ၏ ခန္ဓာကိုယ်က အဝါရောင် မြစ်တစ်စင်းထဲ ရောက်ရှိ သွားသလို ခံစားလိုက်ရသည်။ သူ၏ အဆုပ်မားက ချက်ချင်းပင် မွမ်းကြပ်သွားကာ မည်မျှပင် ကြိုးစား စေကာမူ အသက်ပင် မရှူနိုင်တော့ချေ။ ထိုရေကမ္ဘာတွင် အလင်းရောင် တစ်ခုသာလျှင် ရှိပြီး သူ၏ ငွေရောင် မျက်လုံးများက ထိုအလင်းနှင့် ထိတွေ့သွားသည်။
ဘုန်း...
ချက်ချင်းပင် အဝါရောင် ရေထုက အစိတ်စိတ် အမွှာမွှာ ပျက်စီးသွားခဲ့တော့၏။ သူသည် ရုပ်ဧကရာဇ် နန်းတော်၏ ပထမ အလွှာတွင်ပင် ရပ်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ သို့သော်လည်း သူ၏ လက်များက အဆုံးမရှိ လှုပ်ခါနေခဲ့လေသည်။
မျက်လုံးများကို မှိတ်ရင်း မင်ရှုဖုန်းနှင့် တွေ့ဆုံစဥ်နေ့က ကြုံတွေ့ခဲ့ရသော နာကျင်မှု အတွေ့အကြုံကို ဝေ့ဝူယင် ပြန်လည် ဆင့်ခေါ်လိုက်၏။
အမှောင်ထုမှာ ရှင်သန်ခြင်း...
အမှောင်ထုမှာ ရှင်သန်ခြင်း...
အမှောင်ထုမှာ ရှင်သန်ခြင်း...
လူမဆန်သည့် နာကျင်မှု ဖြစ်စဥ်က သူ၏ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်လာရာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ရီလာ၏။ သို့သော်လည်း သူ၏ အတွေးများကမူ တည်ငြိမ်နေပေသည်။ တစ်ခဏ ကြာပြီးနောက် သူ၏ ငွေရောင် မျက်လုံးများမှာ ကြည်လင်စွာဖြင့် ပြန်လည် ပွင့်လာခဲ့၏။ မည်သည့် ကြောက်လန့်မှု အငွေ့အသက်မျှ ရှိမနေခဲ့။
“အဲဒါက မြစ်ဝါမြစ်ပဲ...”
အကယ်၍ အခြားတစ်ယောက်သာ ဆိုပါက မြစ်ဝါမြစ်၏ တည်ရှိမှုကို ထိတ်လန့်ကောင်း ထိတ်လန့် သွားပေလိမ့်မည်။ သို့သော်လည်း သူကမူ ခြားနား၏။ သူသည် အပြစ်ကျမ်းစာကို ဖတ်ဖူးရာ ငရဲဘုံနှင့် ပတ်သက်သည့် ဖြစ်တည်မှုများကို အစောတည်းကပင် လက်ခံနိုင်ခဲ့ပြီး ဖြသည်။ မြစ်ဝါမြစ်သည် ငရဲ မဟုတ်သည့်တိုင် ဝိညာဥ်များကို လုံးဝ သန့်စင်သည် အထိ ညှင်းပန်းရာ ငရဲကြီး ဆယ့်ရှစ်ထပ်၏ ဝန်းရံမှု အလယ်၌ တည်ရှိသည်။
မြစ်ဝါမြစ်သည် ကွယ်လွန်သူတို့၏ ဝိညာဥ်များ စုဝေးရာ နေရာတစ်ခု ဖြစ်သည်။ သက်ရှိ တစ်ယောက် အနေဖြင့် မြစ်ဝါမြစ်နှင့် လုံးဝ မသက်ဆိုင်သည့်တိုင် ဝေ့ဝူယင် တွေ့ကြုံခဲ့ရသည်။
“ဒီစာအုပ်ရဲ့ ဇစ်မြစ်က ဘာလဲ... ဖူရှီ ဆိုတာက ဘယ်သူလဲ”
ဝေ့ဝူယင် တိတ်တဆိတ်ပင် ရေရွတ်လိုက်မိ၏။ အတွေးများ ပြန်လည် တည်ငြိမ်သွားပြီးသည့်နောက် သူ ထိုစာအုပ်ကို အဆုံးထိ ရောက်အောင် ဆက်လက်ဖတ်လိုက်သည်။ သို့သော်လည်း ပထမ စာမျက်နှာက ကဲ့သို့ ထူးဆန်းသော အတွေ့အကြုံများကို ထပ်မံ ကြုံတွေ့ခဲ့ရခြင်း မရှိတော့ချေ။ ထို့အစား ၎င်းတွင် ဖူရှီ၏ အကြောင်းနှင့် ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ် အသေးစိတ် အချက်အလက်များကိုသာ ဖော်ပြထားသည်။
စာအုပ်၏ အဆိုအရဆိုလျှင် ဖူရှီသည် လူသားမျိုးနွယ်ကို ချစ်မြတ်နိုးသော စိတ်ကောင်းရှိသည့် လူတစ်ဦး ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ အထင်ရှားဆုံး ရှေးဆောင်ဦးပြ ဆရာတစ်ဦး ဖြစ်သည်။
ဖူရှီသည် မီးကို မည်ကဲ့သို့ ဖန်တီးရကြောင်းနှင့် ထိုမီးဖြင့် ခန္ဓာကိုယ်ကို မည်ကဲ့သို့ နွေးထွေးအောင် ပြုလုပ်ရပုံ၊ မည်ကဲ့သို့ အစားအသောက်များ ချက်ပြုတ်နိုင်ပုံ၊ မည်ကဲ့သို့ အမှောင်ထုကို ဖြိုခွဲနိုင်ပုံတို့ကို လူသားတို့အား သင်ပြပေးခဲ့သည်။ ထို့အပြင် ခက်ခဲကြမ်းတမ်းသော ကမ္ဘာကြီးတွင် ရပ်တည်နိုင်ရန် အတွက် ငါးဖမ်းနည်း၊ အမဲလိုက်နည်းတို့ကို သင်ကြား ပေးခဲ့သည်။
ဤသည်မှာ ဖော်ပြထားသမျှ ဖြစ်သည်။
“ဖူရှီ...”
ဝေ့ဝူယင် ထိုနာမည်ကို မှတ်ဉာဏ်ထဲ စွဲနေအောင် မှတ်လိုက်သည်။ နာရီအနည်းငယ် ကြာပြီးနောက် စာအုပ်ထဲတွင် ရှိသမျှ စာလုံးတစ်လုံးချင်းစီကို အသိစိတ် ပင်လယ်ဆီ သူ စုပ်ယူခဲ့ပြီး ဖြစ်သည်။ တည်ငြိမ်စွာပင် စာအုပ်ကို ပိတ်လိုက်ပြီးနောက် ကောင်တာပေါ် တင်လိုက်၏။
“ကျေးဇူးပါပဲ...”
ပြောပြီးသည်နှင့် သူ ကျောခိုင်းကာ ထွက်ခွာသွားတော့သည်။ ဝေ့ဝူယင် ပျောက်ကွယ်သွားသည်နှင့် ကောင်တာရှိ အဘွားအိုက စာအုပ်ကို ကောက်ကိုင်လိုက်သည်။ သူမ၏ မျက်လုံးများမှာ စိတ်ဝင်များမှုများဖြင့် ပြည့်နှက်နေ၏။
“သူ မြင်သွားလား...”
သူမ၏ စကားက ပတ်ဝန်းကျင်ကို ထွက်ပေါ်လာခဲ့ခြင်း မရှိခေ။
“ငွေရောင် မျက်လုံးတွင်...”
တဖျပ်ဖျပ် တောက်ပသွားသော မျက်လုံးများနှင့် အတူ သူမက စာအုပ်ကို စင်ပေါ်သို့ ပြန်လည် ပစ်လိုက်သည်။ ထို့နောက်တွင် ဖတ်လက်စ စာအုပ်ကိုသာ အပြည့်အဝ ပြန်လည် အာရုံစိုက် လိုက်တော့၏။
...
ဝေ့ဝူယင် ရုပ်တာအို နန်းတော်မှ ထွက်လာစဥ်၌ အတော်လေး မှောင်နေခဲ့ပြီ ဖြစ်သည်။ နေသုံးစင်းသည် အမှောင်ထုကို အဓိပ္ပာယ် ဖွင့်ရန် ဂြိုဟ်ပတ်လမ်း အခြားတစ်ဖက်သို့ တိုးဝင် သွားခဲ့ပြီ ဖြစ်၏။
သို့သော်လည်း ထူးဆန်းစွာပင် လူစည်ကားနေသည်။ မြေပြင်တွင်ပင် လူတစ်သောင်းခန့် ရှိကာ ကောင်းကင်တွင်လည်း ဒါဇင်နှင့်ချီသော သားရဲများ ပျံသန်းနေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် စိတ်ဝင်စားမှု အပြည့်နှင့် တစ်စုံတစ်ခုကို စောင့်မျှော်နေကြပုံ ပေါ်၏။
ဝေ့ဝူယင် ဟိုဟိုဒီဒီ အကဲခတ် လိုက်၏။ ထိုအခါ နန်းတော်၏ အပေါက်ဝနှင့် မလှမ်းမကမ်းတွင် သံကြိုးများနှင့် အတင်းအကြပ် ချုပ်နှောင်ထားခြင်းကို ခံစားရသော နတ်မြင်းပျံလေးကို တွေ့လိုက်ရသည်။ မျက်မှောင်ကြုတ်လိုက်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက သံကြိုးများကို ဆုပ်ကိုင်ထားသည့် လူထွားကြီး တစ်ယောက်ထံ ရောက်ရှိသွားသည်။ ထိုလူကြီးသည် သွေးနီရောင် ဝတ်စုံကို ဆင်မြန်းထားရာ စစ်တောင်ထွတ်၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေသည်။
ဝေ့ဝူယင်က အကြောက်အလန့် ကင်းမဲ့စွာပင် ထိုလူကြီး ရှိရာသို့ လျှောက်လာခဲ့သည်။
“ငါ့နတ်မြင်းပျံကို လွှတ်ပေးစမ်း...”
“ဟမ့်...”
ကုဟိုက အေးစက်စက် နှာခေါင်းရှုံ့ လိုက်၏။ မလွှတ်ပေးသည့် အပြင် သံကြိုးကိုပင် အားပြင်းစွာ ဆောင့်ဆွဲ လိုက်သည်။ ယင်းက နတ်မြင်းပျံ၏ အတွင်း အင်္ဂါများကို တုန်ရီသွားစေကာ သွေးများပင် အရေပြားများမှ စီးကျ လာခဲ့သည်။ သူက မြေပြင်ပေါ် ဒူးထောက် ပြုတ်ကျသွား၏။
“ဘုရား ဘုရား... ကုဟိုက တကယ့်ကို ကြမ်းကြုတ်တာပဲ...”
"မင်းက သူ့ဆီက ဘာမျှော်လင့်နေတာလဲ... အဲဒီ ကုဟိုဆိုတဲ့ ကောင်က အဖွဲ့ဝင် သစ်တွေ စည်းရုံးဖို့ ဘယ်တုန်းက ပျော့ပျောင်းတဲ့ နည်းလမ်းတွေကို သုံးဖူးလို့လဲ”
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်စဥ်မှာပင် ကုဟိုက အေးစက်စွာ ပြောလိုက်၏။
“ငါက စစ်တောင်ထွတ် ကောင်းကင်နိုဘယ် ကျိမူကျိုး ဦးဆောင်တဲ့မဟာဝင်ရိုး အဖွဲ့ကို ကိုယ်စားပြုတယ်... မင်းကို အခွင့်အရေးပေးဖို့ လာဖိတ်တာပဲ”
ကုဟို၏ စကားလုံးများက ဖိတ်ခေါ်မှု တစ်ခုဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ခြိမ်းခြောက် အကြပ်ကိုင် နေခြင်းသာ ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်းသွား၏။ ကျိမူကျိုး... စစ်တောင်ထွတ်၏ ကောင်းကင်နိုဘယ်... ကြည့်ရသည်က ပြဿနာကို ရှောင်လွှဲ၍ ရတော့မည့်ပုံ မပေါ်ချေ။
“မင်းလက်ခံမှာလား... လက်မခံရင် အင်ပါယာ စိန်ခေါ်ပွဲ အတွက် မင်းကို စိန်ခေါ်တယ်”
ကုဟိုက ထပ်မံ ခြိမ်းခြောက်လိုက်၏။ အင်ပါယာ စိန်ခေါ်ပွဲမှာ များသောအားဖြင့် တပည့်များ အကြား ပြဿနာ ဖြေရှင်းသည့် နည်းလမ်း တစ်ခု ဖြစ်သည်။ အဆင့်တူချင်း ဆိုပါက စိန်ခေါ်ပွဲကို ငြင်းဆန်၍ မရချေ။
များသောအားဖြင့် အဆင့်တူညီသည့် တပည့် အများစုမှာ ကျင့်ကြံခြင်း အဆင့် မကွာခြားလှသောကြောင့် ထိုစည်းမျဥ်းကို သတ်မှတ်ထားခြင်း ဖြစ်သည်။ သေမျိုးဘုံ တပည့် အားလုံးလိုလိုမှာ ကြယ်တာရာ အမြုတေ အဆင့်တစ်တွင် ရှိကြကာ ကမ္ဘာရွေးချယ်ခံ တပည့်များမှာမူ ကြယ်တာရာ အမြုတေ အဆင့်နှစ်တွင် ရှိကြသည်။ ကောင်းကင်နိုဘယ်များမှာမူ များသောအားဖြင့် ကြယ်တာရာ အမြုတေ အဆင့်သုံးများ ဖြစ်ကြသည်။
ဝေ့ဝူယင်သည် မူလက ကောင်းကင်နိုဘယ် အဆင့် တပည့် ဖြစ်သောကြောင့် အခြား ကောင်းကင်နိုဘယ်များနှင့် သူ့လက်အောက်ငယ်သားများ၏ စိန်ခေါ်မှုကို ငြင်းဆိုပိုင်ခွင့် မရှိချေ။ လူအများမှာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ထိုငယ်ရွယ်သော နတ်ဘုရား ဧကရာဇ်လောင်းလေးသည် မိုးသက်မုန်တိုင်းကို သယ်ဆောင်ကာ ရောက်ရှိလာခဲ့သည်။ မြောင်ယုသည် ထိုဖြစ်ရပ်တွင် ပထမဆုံး သားကောင် ဖြစ်ခဲ့ပေသည်။
“မင်းအတွက် ကံဆိုးတာပဲ... ငါက ကောင်းကင်နိုဘယ် မဟုတ်တော့ဘူး”
ဝေ့ဝူယင်က ကုဟိုကို ကြည့်ရင်း တည်ငြိမ်စွာပင် ပြောလိုက်၏။
"ဘာလဲ... ကောင်းကင်နိုဘယ် မဟုတ်တော့ဘူးလား... သူ့အဆင့်အတန်းကို ဂိုဏ်းက ပြန်ရုတ်သိမ်း လိုက်တာလား”
လူအုပ်ကြီးမှာ ထင်ကြေးပေးမှုများ အကြား၌ နစ်မြုပ်သွားကြသော်လည်း မည်သူမျှ အမှန်တရားကို မရိပ်မိ လိုက်ကြချေ။
ကုဟိုက ပခုံးတွန့်လိုက်၏။ အကယ်၍ အဆင့်အတန်း ရုတ်သိမ်းခံရခြင်းသာ အမှန်တကယ် ဆိုပါက သူ ထိုအဂ္ဂိရတ် ပညာရှင်လေးကို ကုတ်မှ ဆွဲကာ ခေါ်ဆောင်သွားတော့မည် ဖြစ်သည်။
“မင်း ရွေးချယ်စမ်း... ငါ ထပ်မစောင့်နိုင်တော့ဘူး”
ကုဟိုက ထပ်မံ ဖိအားပေးလိုက်၏။
သို့သော်လည်း ဝေ့ဝူယင်က အဖြေပေးရမည့်အစား သူ့ကိုသာ စူးစူးရဲရဲ ကြည့်လိုက်သည်။
“ငါ ဝေ့ဝူယင် ကုဟိုကို အင်ပါယာ စိန်ခေါ်ပွဲ ဆင်နွှဲဖို့ စိန်ခေါ်တယ်...”
သူက လက်တစ်ဖက်ကို မြှောက်လိုက်ရာ ရွှေရောင် တောက်ပနေသည့် အမှတ်အသားပြားက ထွက်ပေါ်လာခဲ့၏။
“ဖန်တီးခြင်း တောင်ထွတ်ရဲ့ ကောင်းကင်ဧကရာဇ် အဆင့်အတန်းကို သုံးပြီး ဒီစိန်ခေါ်မှုကို လက်ခံဖို့ တွန်းအားပေးတယ်... မင်းမှာ ငြင်းဆန်ပိုင်ခွင့် မရှိဘူး’
ဝေ့ဝူယင်၏ စကားအဆုံး၌ ပုံရိပ်တစ်ခုမှာ လေထဲတွင် ပေါ်လာခဲ့၏။ ၎င်းမှာ မသဲကွဲသော ရုပ်သွက်တစ်ခု ဖြစ်သည့်တိုင် လူတိုင်းမှာ အသက်ရှူ မွမ်းကြပ်မှုကို ခံစားလိုက်ရသည်။
"ဖိအားပေး စိန်ခေါ် မှု တစ်ခုအတွက် အင်ပါယာ အမှတ် ၁၀၀ ကျတယ်... မင်း လက်ခံမှာလား”
ထိုအသံက ကြီးကျယ်ခမ်းနားကာ အဆုံးမဲ့သော သြဇာအာဏာများနှင့် ပြည့်နှက်နေသည်။
“ကောင်းကင်ဧကရာဇ်... သူ... သူက မူလ အင်ပါယာ သူတော်စင် တစ်ယောက်ကိုတောင် ခေါ်လိုက်တယ်”
ကုဟိုက တုန်တုန်ရီရီဖြင့် ရေရွတ်၏။ သူကား ဘာကိုမှ နားမလည်နိုင်အောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ငါလက်ခံတယ်...”
ဝေ့ဝူယင် ခေါင်းညိတ်လိုက်သည်နှင့် ရွှေရောင်အမှတ်အသားပြားထံမှ အမှတ်မှာ ၉၀၀၀ မှ ၈၉၀၀ အထိ လျော့ကျသွားသည်။
ဝေ့ဝူယင် ထိုစိန်ခေါ်မှုအား အတင်းအကြပ် လုပ်ရသည့် အကြောင်းရင်းမှာ အဆင့်နိမ့် တပည့် တစ်ယောက်မှာ အဆင့်မြင့် တပည့်ထံမှ အင်ပါယာ စိန်ခေါ်မှုကို ငြင်းဆိုနိုင်သောကြောင့် ဖြစ်သည်။ ကုဟိုသည် ကြယ်တာရာ အမြုတေ အဆင့်နှစ် ကမ္ဘာရွေးချယ်ခံ တပည့် ဖြစ်ရာ ထိုအခွင့်အရေးကို ပိုင်ဆိုင်ထားပေသည်။
သို့သော်လည်း ဝေ့ဝူယင်သည် ကုဟို တစ်စက္ကန့်မျှ အသက်ရှင်သည်ကိုပင် မြင်တွေ့လိုခြင်း မရှိတော့ချေ။ သူ၏ လုပ်ရပ်က နတ်မြင်းပျံကို ဒဏ်ရာရစေရုံသာ မက သူ၏ မျက်နှာကိုပါ တံတွေးနှင့် ထွေးလိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သူ မည်ကဲ့သို့ ခွင့်လွှတ်နိုင်ပါမည်နည်း။
“တကယ်လို့ ကောင်းကင်ဧကရာဇ်ဝေ့ ရှုံးသွားမယ် ဆိုရင် ပိုင်ဆိုင်ထားသမျှ အင်ပါယာ အမှတ်တွေ အခွင့်အရေးတွေ အပြင် သေခြင်းရှင်ခြင်းကိုပါ ကုဟိုတို့ အဖွဲ့က စီမံ ပိုင်ခွင့် ရသွားလိမ့်မယ်... လက်ခံပါ သလား”
မူလ သူတော်စင် အင်ပါယာက တစ်ကီလိုမီတာ အကျယ်ရှိသည့် စက်ဝိုင်းပုံစံ အခုံးကြီး တစ်ခုကို ဖန်တီးကာ ဝေ့ဝူယင်နှင့် ကုဟိုတို့ကို လူအုပ်ကြီးနှင့် ခွဲထုတ်ပစ်လိုက်သည်။ နတ်မြင်းပျံမှာလည်း အချုပ်အနှောင်မှ ကင်းလွတ်ကာ ကုဟို၏ လက်မှ လွတ်သွားခဲ့ပြီ ဖြစ်၏။
“ကုဟို... ငါရှုံးသွားရင် ငါ့အသက်က မင်းအပိုင်ပဲ... ဒါပေမဲ့ ငါနိုင်ရင်တော့”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ပြုံးလိုက်၏။
“နောက်နှစ် ဒီနေ့က မင်းသေတဲ့ နှစ်ပတ်လည်နေ့ ဖြစ်လာလိမ့်မယ်... “
***