ပြောင်းလဲခြင်းမရှိ
Vol. 006 Ch. 539
မျက်လုံးတစ်မှိတ် အတွင်း သုံးရက် ကုန်ဆုံးသွားသည်။
ပေါလောပေါ်နေသော တောင်ကုန်းများ အားလုံးထဲတွင် အလယ်ဗဟိုမှ တောင်ကုန်းကြီးကား အထည်ဝါဆုံး ဖြစ်သည်။ ထိုတောင်ကုန်းက ပင်လယ်မှ တစ်ဆင့် ကောင်းကင်သို့ ဆက်ထားသော တောင်ထွတ် တစ်ခုအလား ထင်မှတ်ရသည်။ အဆောင်များနှင့် မျှော်စင်များက တောင်ပေါ် နေရာအနှံ့တွင် ရှိသည်။ ထိုတောင်ပေါ်တွင် မရေမတွက်နိုင်သော ရှေးဟောင်း နယ်မြေများနှင့် တန်ခိုးကျင့်ခြင်း အထောက်အပံ့ နယ်မြေများ ရှိသည်။ သည်နေရာကား ရှန့်ထိုတန်ခိုးရှင်များ ချန်ထားရစ်ခဲ့သော တော်ဝင် မြင့်မြတ်သော နေရာလည်း ဖြစ်သည်။
တော်ဝင်မြစ်ထဲတွင် ကျွန်းစုတစ်ထောင်ခန့်ရှိပြီး ထိုနေရာများ အားလုံးကို တော်ဝင်ကျဲ နန်းတော်က ပိုင်သည်။ သို့သော်လည်း လူအများက ဗဟိုမှ တော်ဝင်တောင်ကိုသာ တော်ဝင်ကျဲ နန်းတော်ဟု ခေါ်ဆိုကြသည်။ ထိုနေရာတွင်သာ နန်းတော်မှ အကြီးအကဲများနှင့် အဓိကတပည့်များ နေထိုင် ကျင့်ကြံကြသည်။ သာမန် တပည့်များက ခွင့်ပြုချက်မရှိဘဲ ပင်မတောင်ကြီးထဲကို တက်ရောက်ခွင့် မရှိကြပေ။ သူတို့က တခြား ကျွန်းစုများမှ အကြီးအကဲများ လက်အောက်တွင်သာ လေ့ကျင့်နိုင်ကြသည်။ တစ်ခါတစ်ရံ သူတို့က ပင်မတောင်ကုန်းမှ အကြီးအကဲ၏ သင်ကြားပြသမှုကို ရရှိတတ်သော်လည်း ထိုသို့သော အခွင့်အရေးက ရှားပါးပေသည်။
တော်ဝင်တောင်တွင် လေ့ကျင့်နိုင်သော လူများကား မြေရိုင်းဒေသ၏ အတော်ဆုံး ပါရမီအမြင့်ဆုံး တပည့်များ ဖြစ်ကြသည်။
တော်ဝင်ကျဲနန်းတော် ‘အရှေ့ဘက်တွင် ပင်မတောင်နှင့် ဆက်စပ်နေသော ရိုးရိုးတောင်ကုန်း တစ်လုံး ရှိသည်။ ထိုတောင်ကုန်း၏ အလယ်နေရာတွင်ကား ဧရာမ မြေပြန့်တစ်ခု ရှိသည်။ မြေပြန့်၏တစ်ဖက်တွင် လှေကားထစ်များ ပြုလုပ်ထားပြီး ထိုနေရာမှ ခေါင်းမော့ကြည့်လျှင် လှေကားထစ်များက ပင်မနန်းတော်သို့ ဦးတည်နေသည်ကို တွေ့ရမည်။ ထိုလှေကားက တော်ဝင်ကျဲ နန်းတော်သို့ တက်ရောက်ရာ လမ်းဖြစ်သည်။
ယခုတွင်ကား လှေကားထစ် ခြေရင်းတွင်ရှိသော မြေပြန့်ကြီး၌ မရေမတွက်နိုင်သော လူများ ရောက်ရှိနေပြီး ဖြစ်သည်။ သူတို့က ကျွန်းစုတစ်ထောင် တော်ဝင်မြေမှ မိသားစုများနှင့် တပည့်များ ဖြစ်ကြသည်။ ထို့အပြင် မြေရိုင်းဒေသ တစ်ခုလုံးမှ များစွာသော အရေးပါသော ပုဂ္ဂိုလ်များ၊ အင်အားစုများက လာရောက် ကြည့်ရှုကြသည်။ သည်နေရာက တော်ဝင်လမ်း၏ အဆုံးဖြစ်သည်ကို သိကြသည်။ တောင်ဝင်လမ်းမှ ထွက်နိုင်သူများ အားလုံး သည်နေရာတွင် စုစည်း ကြရမည် ဖြစ်သည်။ ယနေ့က အရေးပါသော နေ့လည်း ဖြစ်သည်။ သူတို့၏ လူငယ် မျိုးဆက်များအပေါ် မျှော်လင့်ချက်များ ကြီးမားစွာ ထားရှိသော အကြီးအကဲများက လာရောက် ကြည့်ရှု အားပေးကြသည်။
ထို့အတူ တော်ဝင်ကျဲ နန်းတော်အနီးမှ ထိပ်သီး အင်အားစု အချို့ကလည်း လက်ဆောင်များဖြင့် လာရောက် ဂါရဝပြုကြသည်။
သည်ကဲ့သို့ မြင်ကွင်းကို သုံးနှစ်မှ တစ်ခါ မြင်ရမည် ဖြစ်သည်။ မြေရိုင်းဒေသမှ ပါရမီရှင်များ အားလုံးက ဤနေရာတွင် လာရောက် စုစည်းကြသည်။ လူငယ်များအတွက် ဤသို့သော အခိုက်အတန့်က တစ်သက် မမေ့နိုင်စရာ အတွေ့အကြုံလည်း ဖြစ်သည်။ ပုဂ္ဂိုလ်ကြီးများ အတွက်မူ နောင်အနာဂတ်တွင် သူတို့၏ မျိုးဆက်များက မြေရိုင်းဒေသတွင် အရေးပါသော လူများဖြစ်လာရန် မျှော်လင့်နေကြသည်။
ထိုအခိုက်တွင် တစ်စုံတစ်ယောက်က ကု့ချင်းအား လှပညက်ညောစွာ တီးခတ်နေသည်။ သံစဉ်ကား စွဲမက်ဖွယ် ကောင်း၏။ စွမ်းအားမြင့် တန်ခိုးရှင်များပင် ထိုသံစဉ်၏ အနုပညာရသသိ အောက်တွင် လွှမ်းမိုးခြင်း ခံရသည်။
သူတို့က တစ်နေရာကို လှမ်းကြည့်ကြသည်။ ခရမ်းရောင် ဝတ်စုံနှင့် လူငယ် တစ်ယောက်က ချောမွန်သော ကျောက်တုံး တစ်တုံးပေါ်တွင် ထိုင်ကာ ကု့ချင်းအား တီးခတ်နေသည်ကို မြင်ကြရသည်။ သူက ကု့ချင်းကြိုးများကို ထိခတ်တိုင်း ကောင်းကင်သံစဉ်များကို ထုတ်လွှတ်သည်။ အားကောင်းသော သံစဉ်က ပုံပြင်တစ်ပုဒ်ကို ပြောနေသည်ဟု ထင်မှတ်ရသည်။
ထိုလူငယ်ကား ထူးခြား ထည်ဝါက နတ်ဘုရား တစ်ပါးလို ချောမောသည်။ သူက လူသားကမ္ဘာမှဟုပင် သတ်မှတ်၍ မရပေ။
မရေမတွက်နိုင်သော လူများက ထိုလူငယ်ကို လှမ်းကြည့်ကြသည်။ များစွာသော လူငယ်များ၏ မျက်လုံးများထဲတွင် ထိုလူငယ်ကို အားကျခြင်း အထင်ကြီးခြင်းများဖြင့် ပြည့်နှက် နေကြသည်။ သူတို့က အနာဂတ်တွင် ထိုလူငယ်ကဲ့သို့ ဖြစ်ရန် မျှော်လင့်ကြသည်။ လှပသော မိန်းကလေးများက လေးစား ချစ်ခင်ခြင်းများဖြင့် ကြည့်နေကြသည်။ ထိုကျောက်တုံးပေါ်မှ လူငယ်ကား မြေရိုင်းဒေသမှ မိန်းကလေးများ၏ စိတ်ကူးယဉ် မင်းသားလေးဟု ပြောပါက လွန်အံ့မထင်။
တောင်ကုန်း၏ဘေးမှ အဆောက်အဦများ ထဲတွင် ထိုင်နေကြသော တော်ဝင်ကျဲ နန်းတော်မှ အကြီးအကဲများကပင် ထိုလူငယ်ကို သဘောကျစွာ ကြည့်ကြသည်။ နောင်အနာဂတ်တွင် ထိုလူငယ်က မြေရိုင်းဒေသ၏ အရေးပါသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာမည်ကို အားလုံးက သေသေချာချာ ပြောနိုင်သည်။ အမှန်တကယ်အားဖြင့် ထိုလူငယ်ကား ထိုသို့သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီဟုပင် ပြော၍ ရသည်။
အဝေးမှ ကျွန်းစုများတွင် စတည်းချနေသော တော်ဝင်လမ်းမှ ပါရမီရှင်များ ရောက်လာကြသည်။ လူအများအပြားက လှမ်းကြည့်ကြသည်။
“ဟိုမှာ ကြည့်လိုက်… ကန္တာရလမ်းက လူတွေ ရောက်လာကြပြီ…” လူအများအပြားက လှမ်းကြည့်ကြသည်တွင် ပါရမီရှင် လူငယ်များစွာက မြေကွက်လပ်ကြီးထဲကို လျှောက်လာ နေသည်ကို မြင်ကြရသည်။ ထိုအထဲတွင် ချောမောကာ ငယ်ရွယ်သော လူငယ် တစ်ယောက်လည်း ပါသည်။ သူ၏မျက်လုံးများက လျှပ်စီးလို စူးရှပြီး ကြယ်တစ်ပွင့်လို တောက်ပသည်။
“အဲဒါ ပိုင်စီဖြစ်မယ်…” လူအများအပြားက ထိုလူငယ်ကို ကြည့်ကြသည်။ ပိုင်စီကား တိမ်ဖြူမြို့မှ အလွန်အမင်း ပါရမီမြင့်သောသူ ဖြစ်သည်။ သူက တော်ဝင်လမ်းကို နိုဘယ်အဆင့် ရောက်ပြီးမှ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ သူက ကန္တာရလမ်းတွင် မရေမတွက်နိုင်သော ရှေးဟောင်း နယ်မြေများကို ဖွင့်လှစ်ခဲ့သည်။ ယခု သူ၏တန်ခိုးအဆင့်က အဋ္ဌမအတန်းအစား နိုဘယ်ဖြစ်သည်။ သူက သည်တစ်ခေါက် လူသစ်များထဲတွင် အတော်ဆုံးလည်း ဖြစ်နိုင်သည်။
“မြေအောက်လမ်းလည်း ရောက်လာပြီ…” တစ်ယောက်က ပြောသည်တွင် အဝေးမှ လူတစ်အုပ် လျှောက်လှမ်း လာသည်ကို မြင်ကြရသည်။
“ဟိုမှာ ကြည့်လိုက်…” တစ်ယောက်က တစ်နေရာကို ထိုးပြသည်။ လူတစ်စုက လျှောက်လာပြီး ထိုအထဲတွင် လူနှစ်ယောက်က ထူးခြားသော အရောင်အဝါများကြောင့် သိသာ ထင်ရှားနေသည်။
“ကျူးကော့ရှင်း… ဟွာဂျီယူ…” လူအများအပြားက ရေရွတ်ကြသည်။ သူတို့က ထိုနှစ်ယောက်အား မှတ်မိကြသည်။ ကျူးကော့ရှင်းကား ကျူးကော့မိသားစု၏ လက်ရှိ လူငယ်မျိုးဆက်တွင် အတော်ဆုံးဟု ပြောရမည် ဖြစ်သည်။ ဟွာဂျီယူကား ကျူးကော့မင်းယွီ၏ ညီမဖြစ်သည်။
“ကောလာဟလတွေ အတိုင်းပဲ အရမ်းလှတယ်…” လူအများအပြား၏ အကြည့်က ဟွာဂျီယူထံ ရောက်လာသည်။ သူ၏အလှက ထိုနေရာ တစ်ခုလုံးအား အရောင်ခြယ် သွားသည် ထင်ရ၏။ သူမအား ကြည့်ရှုရခြင်းကပင် နှစ်သက်ဖွယ် ကောင်းလှပေသည်။
“ငါတို့ ရောက်ပြီ…” ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်။ သူမတို့၏ဘေးတွင် နောက်ထပ် အပြစ်ကင်းသော အလှပိုင်ရှင်လေး တစ်ယောက် ပါလာသေးသည်။ သူမကား ပေ့ထင်ရှင်းအာ ဖြစ်သည်။ သူမက ကျူးကော့မင်းယွီ၏ဘေးနားတွင် အမြဲရှိသည်။
“အင်း…” ဟွာဂျီယူက ခေါင်းညိတ်သည်။
“ဒီမွန်းနတ်ဘုရား ကလန်က ချိမင်…” ထိုအချိန်တွင် တစ်စုံတစ်ယောက်၏ အကြည့်က ဟွာဂျီယူ၏နောက်မှ လူငယ် တစ်ယောက်ထံကို ရောက်လာသည်။ သူ့တွင် သားရဲများကဲ့သို့ ကြမ်းတမ်းသော ရုပ်ရည်နှင့် အရိုင်းဆန်သော အဝတ်အစားများကို ဝတ်ထားသည်။ သူ့နဖူးထက်တွင်လည်း အနီရောင် အမှတ်သားတစ်ခု ရှိသည်။ ထိုအမှတ်အသားက ဒီမွန်းနတ်ဘုရား ကလန်၏ အမှတ်အသားလည်း ဖြစ်သည်။
“မြေရိုင်းဒေသက လူတွေ ရောက်လာကြပြီ…”
လူအများအပြားက နောက်နေရာ တစ်ခုကို ကြည့်ကြသည်။ ဧရာမ လူအုပ်ကြီး တစ်အုပ် ထပ်ရောက်လာသည်။ သူတို့အားလုံးက ကွဲပြား ခြားနားသော အရပ်မျက်နှာများမှ လာကြခြင်း ဖြစ်သည်။
ထိပ်သီး အင်အားစုများက သူတို့၏လူငယ် မျိုးဆက်များကို မြင်ရသည်တွင် ပြုံးရွှင် သွားကြ၏။
ထိုအချိန်တွင် အကြီးအကဲ တစ်ယောက်၏ ဘေးနားကို ကြယ်မင်းကျောင်းမှ ကျောင်းအုပ်ချန်း ရောက်လာသည်။ ထိုအကြီးအကဲကား ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင် ဖြစ်ပြီး သူ့ဘေးတွင် မူကျိဖန် ရှိသည်။
“ချန်းယွန် … မင်းက ထိပ်သီးကျောင်း သုံးကျောင်းထဲကမှ ကျောင်းတစ်ကျောင်းတည်းရဲ့ ကျောင်းအုပ်ပဲ… ဘာလို့ မင်းက ဒီလောက် တက်ကြွနေရတာလဲ… မင်းက ရီဖူရှင်းကို စောင့်နေတာလား… သူက ပါရမီမြင့်တယ်… ဒါပေမဲ့ သူ့အဆင့်နဲ့ တော်ဝင်လမ်းမှာ အသက်ရှင်မယ်လို့ မင်းထင်လား…” ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်က သရော်ဟန်ဖြင့် ပြောသည်။ သူတို့နှစ်ယောက်က ပြိုင်ဘက်များ ဖြစ်သည်။ ကျောင်းအုပ်ချန်းက သူ၏အိမ်တော်မှ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို လုယူသွားသည့် အတွက် မကျေနပ် ဖြစ်နေဆဲ ဖြစ်သည်။
“မင်း စိတ်ပူနေစရာ မလိုဘူး…” ကျောင်းအုပ်ချန်းက ပြောသည်။
“ကျိချူလည်း အာရုဏ်လမ်းကို ဝင်သွားတယ်… အဲဒီကောင်စုတ်က ကျိချူနဲ့ မတိုးဖို့ ဆုတောင်းထား… မဟုတ်ရင် နှင်တံက ကျိချူဆီကို ပြန်ရောက် သွားလိမ့်မယ်…” ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်က ရယ်မော၍ ပြောသည်။ သူက အလွန်ယုံကြည်မှု ရှိဟန်ရသည်။ မူကျိချူက တော်ဝင်လမ်းကို ဝင်ရောက်စဉ်က နိုဘယ်အဆင့်ကို တက်ရောက်သွားပြီး ဖြစ်သည်။ ထို့ကြောင့် သူက တော်ဝင်ကျဲ နန်းတော်ကို လာရောက် ကြည့်ရှုသည်။ မည်သို့ဆိုစေ မူကျိဖန်ကလည်း သည်နေရာတွင် လေ့ကျင့်နေသည်။
“သူတို့ နှစ်ယောက်တွေ့ဖို့ မင်း ဆုမတောင်းသင့်ဘူး…” ချန်းယွန်က ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်ကို ပြုံးလျက် ပြောသည်။
“မင်းက ဘာကို ပြုံးတာလဲ…” ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်က ထူးဆန်းမှုကို ခံစားရသည်။
“မင်းရဲ့ မြေးမက တော်တော် လှတယ်… ကျုပ်ကျောင်းက သားတော်ကလည်း တန်ခိုးကျင့်တာမှာပဲ ပါရမီမြင့်တာ မဟုတ်ဘူး…” ကျောင်းအုပ်ချန်းက မချိုမချဉ်ပြုံးလျက် ပြောသည်။
ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်၏မျက်နှာက နက်မှောင်သွားသည်… “အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့… မင်းရဲ့ အကောင်စုတ်က အဆင့်မမီဘူး… ကျိချူက တော်ဝင်ကျဲ နန်းတော်ရဲ့ တပည့်ဖြစ်လာမှာ…”
“ကျွန်းစုတစ်ထောင် တော်ဝင်မြေမှာ လူတွေ အများကြီး လေ့ကျင့်နေကြတယ်… သူက ကျွန်းစုတစ်ခုရဲ့ ရိုးရိုးတပည့်ပဲ… မင်းက ဘာလို့ ဒီလောက် ဂုဏ်ယူနေရတာလဲ…” ကျောင်းအုပ်ချန်းက သရော်သည်။
“မင်းကျောင်းက ဘယ်နှယောက်က တော်ဝင်ကျဲ နန်းတော်ကို ဝင်နိုင်လဲ…” တစ်ဖက်လူကလည်း အားကျမခံ ပြန်ပက်သည်။
သူတို့က တစ်ယောက်နှင့် တစ်ယောက် ငြင်းခုံနေသည်ကို ဘေးမှ လူများက စိတ်ဝင်စားစွာ ကြည့်နေကြသည်။ သည်အဘိုးအို နှစ်ယောက်က အရှိန်အဝါ ကြီးမားသူများ ဖြစ်ရမည်။ သာမန် ရှီတန်ခိုးရှင်များက ဤနေရာကို လာရောက်၍ မရပေ။
ထိုအချိန်တွင် အဝေးမှလူတစ်စု ထပ်ရောက်လာသည်။ ချန်းယွန်နှင့် ကျိုက်ရှင်းအိမ်တော်ခေါင်းဆောင်တို့က ငြင်းခုံနေသည်ကို ရပ်လိုက်ကာ ရောက်လာသော အုပ်စုကို လှမ်းကြည့်ကြသည်။
အာရုဏ်လမ်းမှ လူများက နောက်ဆုံး ရောက်ရှိလာကြပြီ ဖြစ်သည်။ သူတို့အုပ်စုကိုလည်း လူအများအပြားက စိတ်ဝင်စားစွာ လှမ်းကြည့်ကြသည်။
ထိုစဉ်မှာပင် ဧရာမ သတ္တဝါဆန်းကြီး တစ်ကောင်က လျှောက်လာသည်။ သူကား လူဝံကြီး ယန်ကျန်း ဖြစ်သည်။ ချန်းယွန်နှင့် ကျိုက်ရှင်း အိမ်တော် ခေါင်းဆောင်တို့ကလည်း သူ့ကို အံ့အားသင့်စွာ ကြည့်ကြသည်။ သူက မဟာရွှေလူဝံကလန်မှ ဖြစ်သည်ကို သူတို့လည်း သိကြသည်။ သူတို့က ထိုက်ရှင်းတောင်ကို အုပ်ချုပ်ပြီး ကြောက်မက်ဖွယ် ကောင်းသော အင်အားစု တစ်ခုဖြစ်သည်။ သူတို့၏ ခေါင်းဆောင်ကလည်း ကောင်းကင်မြေရိုင်း အဆင့်တွင် ရှိသည်။
အဝေးတွင် ကျောက်နံရံ တစ်ခုလည်း ရှိသည်။ ထိုနေရာတွင် ထူးခြားသော အကြီးအကဲ တစ်ယောက် ထိုင်နေသည်။ သူ၏စူးရှသော မျက်လုံးများက အာရုဏ်လမ်းဘက်ကို ကြည့်နေသည်။ သူ့ရှေ့ကို တန်ခိုးရှင် အုပ်စုတစ်စု ရောက်လာသည်။ တစ်ယောက်က ထိုအကြီးအကဲကို ပြောသည်... “အကြီးအကဲနန်… နန်ဟောင် အသတ်ခံရတယ်... သူတို့က အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးခဲ့တာ ဖြစ်ရမယ်... မဟုတ်ရင် နန်ဟောင်ရဲ့ စွမ်းရည်နဲ့ ဘယ်လိုလုပ် အသတ်ခံရမလဲ... ကျုပ်တို့က လက်စားချေရမယ်...” တစ်ယောက်က ပြောသည်။
အကြီးအကဲက သူတို့အား အေးစက်စွာ ကြည့်သည်... “ဒီနေရာက တော်ဝင်ကျဲ နန်းတော်ပဲ... မင်းတို့က စကားကို ဆင်ခြင်ပြော ... မဟုတ်ရင် ဘယ်သူမှ မင်းတို့ကို မကာကွယ်နိုင်ဘူး...”
“ဒါဆိုလည်း ကျုပ်တို့က ဒီနေရာက ထွက်တဲ့အထိ စောင့်ပါ့မယ်... ဒါပေမဲ့ အကြီးအကဲ... နန်ဟောင်ကို သတ်တဲ့လူက တော်ဝင်ကျဲနန်းတော်ရဲ့ တပည့်ဖြစ်လို့ မရဘူး...” သူတို့က နန်မိသားစုမှ လူများဖြစ်ကြသည်။ သူတို့က ကလန်၏ယခင် ထည်ဝါ ခမ်းနားမှုများကို ပြန်လည်ရရှိရန် နန်ဟောင် အပေါ်တွင် ပုံအပ်ထားကြ သော်လည်း ယခု နန်ဟောင်က သေဆုံးသွားသည်။
အကြီးအကဲနန်က ထိုလူများကို အေးစက်စွာ ကြည့်သည်။ သူ့နေရာကို ဆက်ခံရန် မျှော်လင့်ထားသည့် လူငယ်က အသတ်ခံရသည်။ ပုံမှန်အားဖြင့် သူကလည်း စိတ်ပျက်သည်သာ။
“ငါသိသလောက် နန်ဟောင်ကို သတ်တဲ့လူက အရှေ့မြေရိုင်း ဒေသက ဖြစ်ပြီး ကျူးကော့မိသားစုက ကျူးကော့မင်းယွီရဲ့ ဂျူနီယာ တစ်ယောက်ပဲ... မင်းတို့ ရှင်းရှင်းလင်းလင်း စဉ်းစားကြ...” အကြီးအကဲနန်က ပြောသညည်။ ထို့နောက် သူက ကျူးကော့ မိသားစုဘက်ကို ကြည့်သည်။ ထို့နောက် ကု့ချင်း တီးခတ်နေသော လူငယ်ကို လှမ်းကြည့်၏။
ကျူးကော့မင်းယွီတို့ အုပ်စုထဲတွင် ဟွာဂျီယူက အာရုဏ်လမ်းမှ တန်ခိုးရှင်များကို လှမ်းကြည့်သည်။ ကျူးကော့မင်းယွီက သူမကို ပြုံးလျက်ကြည့်သည်။ ဟွာဂျီယူက မည်သူ့ကို စောင့်နေသည်ကို သူမသိသည်။ ထိုကောင်လေးက အမှန်ပင် အာရုဏ်လမ်းတွင်လား...။
ထိုစဉ်မှာပင် အာရုဏ်လမ်းမှ လူများထဲတွင် လူတစ်စုကို သူမက တွေ့ရသည်။ ထိုအုပ်စုထဲမှ ချောမောသော လူငယ်လေး တစ်ယောက်ကို သူမက မြင်သည်တွင် ကျူးကော့မင်းယွီက ပြုးလိုက်သည်... “အမှန်ပဲ...”
ဟွာဂျီယူကလည်း လှမ်းကြည့်သည်တွင် သူမနေ့တိုင်း သတိတရ ရှိလှသော လူငယ်လေးကို မြင်သည်။ သူမ၏မျက်နှာတွင် လှပဝေဆာသော အပြုံးပန်းတစ်ပွင့် ဖြစ်ပေါ်လာသည်။ လူအများအပြားက လောကတွင် အလှဆုံးသော အပြုံးကို မြင်ရခဲစွာ လှမ်းကြည့်ကြသည်။
“ဟဟ” ကျူးကော့မင်းယွီက အသာရယ်သည်... “သူက အရင်တုန်းက အတိုင်းပဲ...”
သူကား လှပသော မိန်းကလေးများ ဝန်းရံလျက် ရှိနေသည်။
“သူက တကယ်ပဲ ဘယ်လို စည်းစိမ်ခံရမလဲ သိတယ်... ငါတို့ရဲ့ ဂျူနီယာ ဆိုတဲ့အတိုင်း...” ကျူးကော့မင်းယွီက ရယ်သည်။ ဟွာဂျီယူကလည်း ရီဖူရှင်း၏ဘေးနားမှ မိန်းကလေးများကို သတိထားမိသည်။ သူမက လို့လန်ရွှီအား သိသော်လည်း ချန်ရန်နှင့် လီချန်းရီတို့က ရီဖူရှင်း၏ နောက်တွင် ရှိနေသည်။ သူတို့က ချောမောကြ သော်လည်း အလွန်လှသည့် အထဲတော့ မပါဝင်။
သို့သော်လည်း ကုယွန်ချီ၏အလှက မှင်တက်ငေးမောဖွယ်ပင် ကောင်းသည်။ မူကျိချူကား ပိုမို၍ပင် လှပ ချောမွေ့သေးသည်။ သူမက နတ်သမီးတစ်ပါးနှယ် ရိုးရှင်းသိမ်မွေ့သော အလှပိုင်ရှင် ဖြစ်သည်။ ဟွာဂျီယူ၏လှပသော မျက်နှာလေးက တည်ကြည် သွားသည်။ သည်ကောင်စုတ်ကား အခုထိ ပြောင်းလဲခြင်း မရှိသေး။
***