ကုဟို၏ ဇာတ်သိမ်း
Vol. 13 Ch. 169
ကုဟို၏ အမူအရာက ယခင်ကလို မောက်မာခြင်း မရှိတော့ချေ။ သူ သူငယ်နှပ်စားဟု တွေးမိခဲ့သည့် ထိုကောင်စုတ်လေးက ကောင်းကင် ဧကရာဇ် အဆင့် တပည့် တစ်ယောက်လော။ သူ၏ နှလုံးသားက တဒိန်းဒိန်း မြည်နေသည်။ နောင်တရမိသည့်တိုင် သူ့တွင် ပြန်လည် ကုစားစရာ ဆေးမရှိချေ။
“မင်းတို့ အဖွဲ့နာမည်က မဟာဝင်ရိုး တဲ့လား... ကောင်းတယ်... အဂ္ဂိရတ် ပညာရှင်တွေ အပေါ် မထီမဲ့မြင် ပြုပြီး ရက်စက်ကြမ်းကြုတ်တဲ့ ပရိယာယ်တွေကိုတောင် သုံးရဲတယ်ဆိုတော့ ကြည့်ရတာ အတော် သတ္တိကောင်းနေပုံရတယ်... မင်းကို သတ်ပြီးရင် သူတို့ အလှည့်ပေါ့”
ဝေ့ဝူယင်က ကုဟိုကို ကြည့်ရင်း ပြောလိုက်၏။ သူ၏ လေသံက တည်ငြိမ်နေသည့်တိုင် ပုဝါဖုံးအုပ်ထားသည့် နောက်ကွယ်တွင် အေးစက်ခြင်းများ ကပ်ပါနေသည်။
အကယ်၍ ထိုစကားကို အခြားလူ တစ်ယောက်ပြောခြင်း ဆိုပါက လူတိုင်းမှာ ဟားတိုက်ကာ ရယ်မာမိကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ခြားနားစွာပင် ဝေ့ဝူယင်မှာ ကောင်းကင် ဧကရာဇ် အဆင့် တပည့် တစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့သော လူက ပြောလာရာ သူ့တွင် မရေမတွက်နိုင်သော နည်းလမ်းများ ရှိနေ၍ ဖြစ်လိမ့်မည်။
အနန္တဧကရာဇ်ဂိုဏ်း၌ ကောင်းကင်ဧကရာဇ်များသာလျှင် အင်ပါယာ စိန်ခေါ်ပွဲများကို ငြင်းဆိုရန် အခွင့်အရေး ရှိသည်။ အခြား ကောင်းကင်ဧကရာဇ် အဆင့်တပည့်များပင် သူတို့ကို စိန်မခေါ်နိုင်ချေ။ ဂိုဏ်းသည် ကောင်းကင်ဧကရာဇ် အဆင့် တပည့်များကို အရေးအကြီးဆုံး ပုဂ္ဂိုလ်များ အဖြစ် သတ်မှတ်ထားပြီး သူတို့ သေဆုံးနိုင်သည့် မည့်သည့် အကြောင်းအရာကို မဆို ပိတ်ပင်ထားသည်။
အစဥ်အဆက် အနေဖြင့် ထိုဥပဒေက လက်အောက်ငယ်သားများ အပေါ်တွင်ပါ သက်ရောက်သည်။ ဆိုလိုသည်က ကောင်းကင်ဧကရာဇ် တစ်ယောက်မှာ အခြား ကောင်းကင်ဧကရာဇ် တစ်ယောက်ကိုသာ မက သူ၏ အဖွဲ့သားများကိုပါ အန္တရာယ် ပြု၍ မရချေ။
ထိုကဲ့သို့ အခွင့်အရေးမျိုးကို ပိုင်ဆိုင်ထားသည့်တိုင် ငွေရောင် မျက်လုံးများနှင့် လူငယ်မှာ ကုဟိုကို စိန်ခေါ်ခဲ့သည်။ သူ့တွင် မည်သည့် လှည့်ကွက်များ ရှိနေသနည်း။ ပရိသတ်များ၏ မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် တောက်ပလာခဲ့လေသည်။
ကုဟိုက လေပေါ်တွင် ရပ်ရင်း ဝေ့ဝူယင်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ရက်စက် ကြမ်းကြုတ်မှုနှင့် ရူးသွပ်မှုတို့က ရိုင်းစိုင်းစွာပင် သူ၏ မျက်လုံးများ အတွင်း နေရာယူ လာခဲ့၏။
“မင်းက ချီပျစ်ခဲခြင်း အဆင့်ရှစ်မှာပဲ ရှိသေးတယ်... ဒါပေမဲ့ ငါက ကြယ်တာရာ အမြုတေ အဆင့်နှစ်ကို ရောက်နေပြီ... ခြေဖနှောင့်တစ်ချက် ပေါက်ရုံနဲ့တင် မင်းကိုငါ သတ်လို့ရတယ်”
ကုဟိုသည် အရူးတစ်ယောက် မဟုတ်ချေ။ အရူးများမှာ ကြယ်တာရာ အမြုတေ အဆင့်နှစ်သို့ ဘယ်တော့မှ ရောက်ရှိလိမ့်မည် မဟုတ်ပါ။ ဝေ့ဝူယင်တွင် မည်သည့် လှည့်ကွက်များ ရှိနေကြောင်း မသိသည့်တိုင် သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်အဝ ရှိနေဆဲ ဖြစ်သည်။
ဝေ့ဝူယင်က ကုဟိုကို ကြည့်ကာ ပြုံးလိုက်၏။ ထို့နောက် သူက ရုတ်ချည်းပင် ဆေးလုံးသုံးကို ထုတ်ယူကာ ပစ်ပေါက် လိုက်သည်။
ဘုန်း...
ဆေးလုံးများက မြေပြင်သို့ ထိသည်နှင့် ပေါက်ကွဲသွားကာ အနက်ရောင် အခိုးအငွေ့များနှင့် တိမ်တိုက်များ ထွက်ပေါ်လာ၏။ ၎င်းတို့က လျှင်မြန်စွာ ပျံ့နှံ့သွားကာ အလင်းခုံး တစ်ခုလုံးကို ပြည့်နှက်သည် အထိ ဖုံးအုပ်သွားသည်။
ကုဟို၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ အလျှင်အမြန်ပင် လှုပ်ရှားလိုက်သည်။ သူသည် လောက၏ မန်နာများကို ထိန်းချုပ်ကာ အနက်ရောင် အခိုးအငွေ့များကို တားဆီးရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း အသုံးမဝင်ချေ။ ဆက်လက်၍ ပျံ့နှံ့နေဆဲ ဖြစ်သည်။
“အဆိပ်ငွေ့တွေလား...”
ကုဟိုမှာ တဖြည်းဖြည်း နောက်ဆုတ်ရင်း အလင်းခုံး နံရံကိုပင် ကျောပြင် ထိကပ်လာ၏။ သူ၏ မျက်လုံးထဲ၌ ကြောက်ရွံ့ခြင်း အရိပ်အမြွက် တစ်ခုက နေရာယူလာသည်။ ဘာမှန်းမသိရသည်ကို ကြောက်ရခြင်းကား ပိုမို၍ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
သို့သော်လည်း အနက်ရောင် အခိုးအငွေ့များမှာ သူ့အား ထိခိုက်နိုင်ပုံ မပေါ်ချေ။ တဖြည်းဖြည်း လွင့်ပါးကာ အဆုံး၌ လုံးဝ ပျောက်ကွယ်သွားတော့၏။ စက္ကန့်ပိုင်း အနည်းငယ် အကြာတွင် အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားသည်။
ဝေ့ဝူယင် ဖြည်းညင်းစွာပင် လမ်းလျှောက်ရင်း ရှေ့သို့ တိုးလာ၏။ သူသည် ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက် မဟုတ်ရာ လောက၏ မန်နာများကို အသုံးပြု၍ ပျံသန်းနိုင်စွမ်း မရှိချေ။ သူ့ကဲ့သို့ပင် ကုဟိုသည်လည်း ပျံသန်းနိုင်တော့မည် မဟုတ်ချေ။
“အား..”
အော်ဟစ်သံ တစ်ခုနှင့် အတူ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ ပေရာဂဏန်းခန့် မြင့်မားသော ကောင်းကင်ထက်မှ ပြုတ်ကျလာ၏။ ကိုဟိုသည် လေကို ဆုပ်ကိုင်ကာ ကောင်းကင်သို့ ပြန်လည် တက်ရန် ဟန်ပြင်လိုက်သော်လည်း လောက၏ မန်နာများမှာ ခမ်းခြောက်သွားခဲ့ပုံ ရ၏။
“မင်း ဘာလုပ်လိုက်တာလဲ... ငါဘာလို့ မန်နာတွေကို ထိန်းချုပ်လို့ မရတော့တာလဲ...”
သူက ရူးသွပ်စွာ အော်ဟစ်လိုက်၏။ သူ၏ မျက်လုံးများက နီရဲကာ လက်မခံနိုင် ဖြစ်နေပုံ ရသည်။ ထိုအရာက နှစ်နှစ်ရာ အတွင်း ပထမဆုံး အကြိမ် အဖြစ် ခွန်အားမဲ့မှုကို သူ ခံစားခဲ့ရခြင်း ဖြစ်သည်။
ဝေ့ဝူယင်က ခေါင်းကို ခါရင်း အင်္ကျီလက်များကို ခါယမ်းလိုက်သည်။
“မင်း သတိမထားမိဘူးလား...”
ကုဟိုက မသေချာ မရေရာမှုများနှင့် အတူ ကြယ်တာရာ အကာအကွယ် တစ်ခုကို တည်ဆောက်ရန် ကြိုးစား ကြည့်လိုက်သည်။ လောက၏ မန်နာများကို မထိန်းချုပ်နိုင်လျှင်ပင် သူသည် ကြယ်တာရာ အမြုတေ အဆင့်နှစ် ဖြစ်ရာ ကြယ်တာရာ ခွန်အားကို ပိုင်ဆိုင်ထားသည်။ ထိုအင်အားဖြင့် ကြယ်တာရာ အဆင့် ကျင့်စဥ်များကို အသုံးပြု၍ ရသေးသည်။
“ဟမ်...”
ကုဟိုက မျက်နှာက ပို၍ ပျက်ရွင်းသွား၏။ မရှိတော့... သူ့တွင် ဘာစွမ်းအားမျှ မရှိတော့ချေ။ ကြယ်တာရာ ခွန်အား၊ ဝိညာဥ်စွမ်းအား အားလုံးကား ထူးဆန်းစွာပင် ပျောက်ဆုံးသွားခဲ့ချေပြီ ဖြစ်သည်။ သူသည် ထျန်းတျန်နှင့် ကြယ်တာရာ ဝိညာဥ်တို့ကိုပင် အာရုံခံ မရတော့ချေ။
“မင်း ဘာလုပ်လိုက်တာလဲ...”
သူက ရူးသွပ်စွာ အော်ဟစ်လိုက်၏။
"ဝိညာဥ် ချိပ်ပိတ်ခြင်း ဆိုတာ မင်းကြားဖူးမှာပေါ့”
ဝေ့ဝူယင်က ကုဟို အနားသို့ ဆက်လက် လျှောက်လာရင်း မေးလိုက်သည်။
“ဝိညာဥ် ချိတ်ပိတ်ခြင်း...”
လူအုပ်မှာ ဆိတ်ငြိမ်သွား၏။ ထိုအရာက ကျင့်ကြံသူတိုင်း အတွက် အိပ်မက်ဆိုး ဖြစ်သည်။ မည်သည့် စွမ်းအားမဆို ဝိညာဥ်ထဲမှ လာကြသည်ချည်း ဖြစ်သည်။ ကျင့်ကြံခြင်း လမ်းစဥ်၏ အစောပိုင်း ကာလများတွင် ချီနှလုံးသားသည် စွမ်းအား ရင်းမြစ်ဖြစ်ပြီး ချီပျစ်ခဲခြင်း အဆင့်ရှစ်သို့ အရောက်၌ ၎င်းမှာ ဇာတိ ဝိညာဥ် အဖြစ် အသွင်ပြောင်းသွားသည်။ ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားလာသည်နှင့် ဆက်လက်၍ ကြယ်တာရာ ဝိညာဥ် အဖြစ် ဆင့်ကဲ ပြောင်းလဲသည်။
မည်မျှ အဆင့် မြင့်မားသော ကျင့်ကြံသူ ဖြစ်စေကာမူ ဝိညာဥ် ချိပ်ပိတ်ခံသည်နှင့် ချီ၊ ဝိညာဥ် စွမ်းအား၊ ကြယ်တာရာ အင်အားတို့အားလုံး ပျောက်ဆုံးသွားလိမ့်မည် ဖြစ်သည်။ ဝိညာဥ် အစီအရင်များကိုပင် အသုံးပြုနိုင်တော့မည် မဟုတ်ချေ။
အရှင်းလင်းဆုံး ဆိုရပါက ထိုအရာမှာ သေမျိုး အဖြစ် ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။ ဝေ့ဝူယင်သည်လည်း မှတ်ဉာဏ် ပျောက်ဆုံးခဲ့စဥ်က ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို ကျော်ဖြတ်ခဲ့ဖူးသည်။
“အခု... မင်းနဲ့ ငါပဲ ရှိတော့တယ်... မင်းရဲ့ ခန္ဓာကိုယ်ကို ကြည့်ရတာ သန်မာမယ့် ပုံပါ... ဘာလို့ သွေးပျက်နေရတာလဲ”
ဝေ့ဝူယင်က တည်ငြိမ်စွာ ပြောရင်း အင်္ကျီလက်များကို မတင်လိုက်၏။ သန်မာသည့် လက်မောင်း ကြွက်သားများက အဖုလိုက် အထစ်လိုက် ဖြစ်ပေါ်လာသည်။
ပရိတ်သတ်များမှာ ဝေ့ဝူယင်၏ အမူအရာကို ကြည့်ကာ သဘောပေါက် လိုက်ကြ၏။ ထိုလူငယ်မှာ ကုဟို၏ ဝိညာဥ်စွမ်းအင်များကိုသာ ချိတ်ပိတ်လိုက်ခြင်း မဟုတ်ချေ။ သူကိုယ်တိုင်၏ ဝိညာဥ် စွမ်းအင်များကိုပါ ချိတ်ပိတ် ပစ်လိုက်ခြင်း ဖြစ်သည်။
ဆေးလုံး သုံးလုံးတည်းက ပင်လျှင် လောက၏ မန်နာများကို ဖယ်ရှားပစ်ကာ ဝိညာဥ် စွမ်းအင်များကို ချိတ်ပိတ် ပစ်နိုင်ခဲ့သည်။ အဂ္ဂိရတ် ပညာရှင်များမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။
သို့သော်လည်း...
ကုဟို၏ မျက်လုံးများက ပြန်လည် တည်ငြိမ်လာကာ ယုံကြည်ချက် ရှိခြင်းများနှင့် ပြည့်နှက်လာသည်။ သူသည် အသက် လေးရာကျော် သက်တမ်းရှိသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး ခန္ဓာကိုယ်ကို ကြယ်တာရာ ခွန်အား၊ ဒြပ်စင် စွမ်းအားများဖြင့် အကြိမ်ကြိမ် သန့်စင် ထားခဲ့သည်။ ခြားနားစွာပင် ဝေ့ဝူယင်မှာမူ အသက်လေးဆယ် မပြည့်သေးသည့် ကလေး တစ်ယောက်သာ ဖြစ်သည်။ ထိုကောင်စုတ်လေးမှာ အဂ္ဂိရတ် လမ်းစဥ်တွင် ထူးချွန်ရုံဖြင့် အလကား ဘဝင် လေဟပ်လွန်းသည်။
“သေပေတော့...”
သူက အော်ဟစ်လိုက်ရင်း ဝေ့ဝူယင်ထံ ပြေးဝင်သွားကာ ထိုးကြိတ်ရန် ကြိုးစားလိုက်၏။
“ဟမ့်...”
ဝေ့ဝူယင်မှာ နောက်ဆုတ် ရှောင်တိမ်းခြင်း မပြုချေ။ ထို့အစား ကုဟိုထံ တိုက်ရိုက်ပင် တိုးဝင်ကာ ခေါင်းကို လက်သီးဖြင့် ဆီးကြိုထိုးနှက် လိုက်၏။
ကုဟို၏ မျက်လုံးများက ပြူးကျယ်သွားသည်။ ထိုအခိုက်၌... သူသည် ဝိညာဥ် စွမ်းအားကို အသုံးမပြုနိင်ရာ လောကကို သာမန် အမြင်ဖြင့်သာ တွေ့မြင်ရသည်။ သူ့အတွက် ဝေ့ဝူယင်မှာ အလွန် လျှင်မြန် လွန်းလှ၏။ တစ်စက္ကန့်မျှ အချိန်အတွင်း မူလ နေရာမှာ ပျောက်ကွယ်သွားကာ သူ့မျက်နှာဆီ လက်သီးကြီး တစ်လုံး တိုးဝင် လာသည်ကိုသာ တွေ့မြင်နိုင်ပေသည်။
ဘုန်း...
သူ၏ ခန္ဓာကိုယ်ကြီးမှာ နောက်သို့ လွင့်စဥ်သွားကာ အလင်းခုံးနှင့်ပင် ဝင်တိုက်မိသွား၏။ သို့သော်လည်း သူသည် ခန္ဓာကိုယ်ကို အကန့်အသတ် တစ်ခုသို့ ရောက်သည် အထိ သန့်စင်ထားရာ ထူးထူးခြားခြား ဒဏ်ရာ ရခဲ့ခြင်း မရှိချေ။ လူသာလျှင် မူးဝေဝေသာ ဖြစ်ကျန်ခဲ့၏။
“ငါ ထိန်းချုပ်ထားတာ နည်းနည်း လွန်သွားတာပဲ”
ဝေ့ဝူယင်က ကုဟိုကို အကဲခတ်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူသည် ကုဟို၏ ဦးခေါင်း ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားလျှင်ပင် အနည်းဆုံး ကွဲသွားရန် မျှော်လင့်ထားခဲ့သည်။ ကြည့်ရသည်က ကုဟို၏ ခေါင်းမှာ သူ ထင်ထားသည်ထက် ပိုမို မာကြောနေပုံ ရသည်။
“ဘာပဲဖြစ်ဖြစ်လေ... မင်း ချက်ချင်း မသေရတော့ဘူးပေါ့”
ဝေ့ဝူယင်က အလွန် လျှင်မြန်စွာ ရွေ့လျားရင်း မူးဝေဝေ ဖြစ်နေဟန် ရသည့် ကုဟို၏ ညာဘက် ခြေထောက်ကို ကန်ချိုး လိုက်၏။
ဂျွတ်... အား...
နာကျင်သော အော်ဟစ်သံနှင့် အတူ ကုဟို၏ ညာဘက် ခြေထောက်မှ အရိုးကျိုးသံ တစ်ခု ထွက်ပေါ်လာသည်။ သူ၏ ခြေထောက်ကား ကျိုးသွားချေပြီ ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင်မှာ ကျေနပ်ခြင်း မရှိချေ။ အဆက်မပြတ်ပင် လှုပ်ရှားကာ ကုဟို၏ အကောင်းတိုင်း ကျန်နေသေးသော လက်နှစ်ချောင်းနှင့် ခြေထောက်နှင့် မေးရိုးတို့ကိုပါ ချိုးပစ်လိုက်သည်။
အား... အား...
အရှင်လတ်လတ် ငရဲကျနေသည့် အလား အော်ဟစ်သံများက ပတ်ဝန်းကျင် တစ်ခုလုံးကို သိမ်းပိုက် စိုးမိုးထား၏။ ပရိတ်သတ်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းကိုယ်စီ ချလိုက်မိကြသည်။
“ဒါက ငါ့ရဲ့ သားရဲကို နှိပ်စက်တဲ့ အတွက် လက်စားချေခြင်းပဲ”
နောက်ဆုံးစကား ပြောလိုက်ပြီးနောက် ဝေ့ဝူယင်က ကုဟို၏ ခေါင်းကို ခြေထောက်ဖြင့် နင်းချေ ပစ်လိုက်လေသည်။
မိနစ်ပိုင်း အတွင်းမှာပင် ကုဟို၏ သေဆုံးခြင်းနှင့် အတူ အင်ပါယာ စိန်ခေါ်ပွဲကား အဆုံးသတ် သွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်သည် နေရာတွင်ပင် ရပ်နေကာ သူ၏ လက်နှင့် ခြေထောက်များမှာ သွေးများဖြင့် စိုရွှဲနေသည်။ ဖုံးအုပ်ထားသည့် အလင်းခုံးသည် တဖြည်းဖြည်းနှင့် လွင့်ပြယ်သွားကာ တိုက်ပွဲ ပြီးဆုံးကြောင်း အသံတိတ် ကြေညာလိုက်၏။
ပရိတ်သတ်များမှာ တိတ်ဆိတ်နေကြ၏။ ကောင်းကင်ဧကရာဇ် တစ်ပါး၏ သားရဲကို နှိပ်စက်မိရုံဖြင့် ထိုမျှ ပြင်းထန်သည့် အကျိုးဆက်များနှင့် ကြုံတွေ့ရသည်လား။ ကြောက်ဖို့ ကောင်းလွန်းလှသည်။
ဝေ့ဝူယင်က ပရိသတ်ဘက်သို့ လှည့်ကာ အမှတ်အသားပြားကို ဆွဲထုတ်လိုက်သည်။ ချက်ချင်းပင် ရွှေရောင် အလင်းတန်းများက တိမ်တိုက်များဆီ ရောက်သည် အထိ တောက်ပသွားသည်။
“ငါ... ဖန်တီးခြင်း တောင်ထွတ်ရဲ့ ကောင်းကင်ဧကရာဇ် ဝေ့ဝူယင်... မဟာဝင်ရိုး အဖွဲ့သား အားလုံးကို သုတ်သင် ရှင်းလင်းဖို့ ဒီနေ့ ဒီနေရာကနေ အမိန့်ထုတ်တယ်”
"ဘယ်သူမဆို မဟာဝင်ရိုး အဖွဲ့ရဲ့ သေမျိုးဘုံ တပည့် တစ်ယောက်ကို သတ်နိုင်ရင် အဆင့်ခြောက် ထိပ်ဆုံး အဆင့် ဆေးလုံးတစ်လုံး ရမယ်... ကမ္ဘာ့ရွေးချယ်ခံ တပည့်တစ်ယောက်ကို သတ်နိုင်ရင် အဆင့်ခုနစ် အဆင့်နိမ့် ဆေးလုံး တစ်လုံး ရမယ်...”
“သူတို့ရဲ့ ခေါင်းဆောင် ကောင်းကင်နိုဘယ် ကျိမူကျိုးကို သတ်နိုင်ရင်တော့ အဆင့်ခုနစ် အဆင့်နိမ့် ဆေးသုံးလုံး အပြင် အဆင့်မြင့် ဆေးတစ်လုံးကိုပါ ဆုချမယ်”
" ... “
“ ... “
“ ... “
“ဘယ်လို...”
***