← Chapters

ကိုယ်ကျင့်တရားမရှိတဲ့ကုန်သည် ‘ရန်ကျောက်ကဲ’

Vol. 81 Ch. 1134

ကိုယ်ကျင့်တရားမရှိတဲ့ကုန်သည် ‘ရန်ကျောက်ကဲ’

Vol. 81 Ch. 1134

အခန်း (၁၁၃၄) ကိုယ်ကျင့်တရားမရှိတဲ့ကုန်သည် ‘ရန်ကျောက်ကဲ’

အချိန်တစ်နှစ်တာလုံး ရန်ကျောက်ကဲ ရတနာပစ္စည်းများ ပြုလုပ်နေသည်ဖြစ်ရာ သူ့လက်ထဲတွင် ကုန်ပစ္စည်းများစွာ ကျန်ရှိနေသေးသည်။ သို့သော် သူက တစ်ခါတည်းထုတ်ရောင်းရန် ရည်ရွယ်ချက် မရှိပေ။

ခန်းမဖွင့်ပွဲအတွက် စီစဉ်ထားသော ရတနာပစ္စည်းများ ကုန်ဆုံးသွားပြီးနောက် ရှောင်အိုက်က ခန်းမ ပိတ်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

အခါးရည်သောက်ချင်သည့်ဧည့်သည်များရှိလျှင်တော့ တည်ခင်းဧည့်ခံပေးမည်ဖြစ်ပြီး ရတနာပစ္စည်းများကိုတော့ ဆက်လက်ရောင်းချတော့မည် မဟုတ်ပေ။

လူအများစုကတော့ စိတ်ထဲ မကျေမနပ် ဖြစ်နေကြဆဲပင်။

အချို့ကတော့ နောက်လ ခန်းမဖွင့်လှစ်မည့်အချိန်အတွက် ပစ္စည်းများ ကြိုတင်မှာယူရန် ကြိုးစားနေကြသည်။ တစ်ကြိမ်လျှင် ပစ္စည်း (၃)ခုသာ ဝယ်ယူနိုင်သည်ဖြစ်ရာ ယနေ့ ပစ္စည်းဝယ်ယူခွင့်ရရှိသူများသည်ပင် နောက်လအတွက် ကြိုတင်မှာကြားရန် စောင့်ဆိုင်းလျှက် ရှိကြသည်။

ရှောင်အိုက်က ပြုံးလိုက်ရင်း...

“လောလောဆယ်မှာတော့ ကုန်ပစ္စည်းကြိုတင်မှာယူမှုတွေကို လက်မခံသေးပါဘူး”

သူမက ဆက်ပြောလိုက်သည်။

“ခန်းမ မဖွင့်ခင် (၁၀)ရက်အလိုမှာ ကြိုတင်မှာယူမှုတွေကို လက်ခံသွားပေးမှာ ဖြစ်ပါတယ် ၊ အဲဒီအချိန်ကျမှ အားလုံး လာခဲ့ကြပါ”

ထိုစကားကြားသည့်အခါ ရောက်ရှိနေသူများ ပိုပြီး မကျေမနပ် ဖြစ်ခဲ့ကြသည်။

ရှောင်အိုက်က ထိတ်လန့်ခြင်းမရှိဘဲ လှပတည်ငြိမ်စွာဖြင့်...

“ဧည့်ဝတ်မကျေပွန်မှု တစ်စုံတစ်ရာရှိခဲ့ရင် ကျွန်မရဲ့ ညံ့ဖျင်းမှုကို ခွင့်လွှတ်စေချင်ပါတယ်”

ပြောပြီးသည်နှင့် ရှောင်အိုက်က ခန်းမ ပိတ်သိမ်းလိုက်သည်။

လူအုပ်ကြီးမှာ ဒေါသတကြီးဖြင့် ထွက်ခွာသွားကြပြီး သူတို့တွင် ပိုက်ဆံရှိနေသည့်တိုင် သုံးစရာနေရာမရှိသလို ခံစားလာရသည်။ ဤသည်က အတော်လေးကို ဆိုးရွားသည့် ခံစားချက်ပင်။

ယွမ်ကျိုးမြို့တော်ဆိုသည်က အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်တစ်ခုလုံးတွင် အလွန်ကျော်ကြားသော မြို့ကြီးတစ်မြို့ ဖြစ်သည်။ မြို့ကြီးက အလွန်ချမ်းသာကြွယ်ဝပြီး စွမ်းအားကြီးမားသော အင်အားစုများ၏ စီးပွားရေးလုပ်ငန်းများ များစွာရှိသည်။

သို့ဖြစ်ရာ အခြားသူများ၏ ထုတ်ကုန်များထံသို့ သူ့ထံသို့ရောက်ရှိမည့်ဝင်ငွေများ စီးဆင်းသွားမည်ကို ရန်ကျောက်ကဲ ဒီအတိုင်းကြည့်နေမည် မဟုတ်ပေ။

ဝယ်သူများ ပြန်သွားသည်နှင့် ရန်ကျောက်ကဲ ညွှန်ကြားသည့်အတိုင်း စီစဉ်ထားသောသတင်းကို လျှို့ဝှက်စွာ ဖြန့်လိုက်သည်။

တရားမျှတမှုကို ထိန်းသိမ်းရန်အတွက် ထျန်းကျိခန်းမက ပြောင်ပြောင်တင်းတင်း စည်းကမ်းဖောက်ဖျက်ခြင်း ၊ မျက်နှာသာပေးခြင်းများ မပြုလုပ်သော်လည်း ခန်းမသခင်က မိုးအောက်မြေပြင်တစ်ခွင်မှ တာအိုကျင့်ကြံသူများနှင့် မိတ်ဆွေဖွဲ့ရန် သဘောကျနှစ်သက်ကြောင်း ကောလဟလများ ထွက်ပေါ်လာသည်။

သို့ဖြစ်ရာ ခန်းမသခင်၏ မိတ်ဆွေသင်္ဂဟများအနေဖြင့် လျှို့ဝှက်စွာ အကျိုးအမြတ် ခံစားနိုင်ကြသည်။

ထိုသူများအနေဖြင့် မိမိတို့၏အဆင့်အတန်းနှင့် မည်သူမည်ဝါဖြစ်ကြောင်း သက််သေပြရန် ထျန်းကျိခန်းမက အထူးတုံကင်ပြားများကို ပြင်ဆင်ထားသည်။

ဤသည်က ဘာကိုဆိုလိုကြောင်း လူတိုင်း သိရှိကြသည်။

သတင်းကြားသူများသည်လည်း ချက်ချင်း သဘောပေါက်သွားကြသည်။

သို့သော် မသမာသောနည်းလမ်းများဖြင့် တုံကင်များရယူခြင်းအား ကာကွယ်ရန်အတွက် စစ်ဆေးမှုများစွာ ပြုလုပ်မည်ဖြစ်သလို ကန့်သတ်ချက်များစွာလည်း ထားရှိမည် ဖြစ်၏။

ဥပမာအားဖြင့် -

အထူးတုံကင်ရယူလိုသူများသည် လစဉ် လဆန်း (၁)ရက်နေ့ ခန်းမစျေးရောင်းပွဲသို့ လာရောက်သူများ ဖြစ်ရပေမည်။

ယခုအခိုက်အတန့်မှာတော့ လူတိုင်းက ဤအကြောင်းတွေးနေကြပြီး ဒုတိယအကြိမ် ထျန်းကျိခန်းမ ဖွင့်လှစ်မည်ကို စောင့်မျှော်နေကြသည်။

တစ်ချိန်တည်းမှာပင် အထူးတုံကင်မည်သို့ရယူရမည်ကို လျှို့ဝှက်စွာ မေးမြန်းစုံစမ်းလျှက် ရှိကြသည်။

ခန်းမပိတ်ပြီးနောက် ရှောင်အိုက်က ရန်ကျောက်ကဲထံသို့ အရောင်းအဝယ် အခြေအနေကို အစီရင်ခံ တင်ပြခဲ့သည်။

“သခင်လေး ထင်တဲ့အတိုင်းပဲ... ကျားခုန်တောင်ထွတ်က ‘လော့’ အိမ်တော်နဲ့ ဝယ်သူအနည်းငယ်ကလွဲရင် ကျန်တဲ့သူတွေက သူတို့လိုချင်တဲ့ ပစ္စည်း (၂)ခုနဲ့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ဝယ်ယူကြတယ်”

အုံ့ဆိုင်းမိုးချပ်ပြားနှင့် ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ်တို့က သေချာပေါက် ပစ္စည်းကောင်းများ ဖြစ်သော်လည်း အချို့က တစ်ကြိမ်သာအသုံးပြုနိုင်သောပစ္စည်းများဖြစ်သလို အချို့ကတော့ အကြိမ်အရေအတွက် အကန့်အသတ် ရှိသည်။

သို့သော် အတွင်းပိုင်း သလင်းကျောက်မီးပြင်းဖိုကတော့ မတူညီပေ။

အလယ်ဆင့်နှင့် အဆင့်နိမ့် အင်အားစုများအတွက်သာမက လေမိုးကြိုးအိမ်တော်ကဲ့သို့ အင်အားကြီးအုပ်စုများသည်လည်း အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို လိုချင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤပစ္စည်းက မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းနိုင်သည့် ရတနာတစ်ခု ဖြစ်နေသောကြောင့်ပင်။

သို့ဖြစ်ရာ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက လူကြိုက်အများဆုံးဖြစ်သည်မှာ အံ့သြစရာ မဟုတ်ပေ။

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“ငါ ထင်တဲ့အတိုင်းပါပဲ ၊ ကျားခုန်တောင်ထွတ်က ‘လော့’ အိမ်တော်က အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို လိုချင်ပေမယ့် အုံ့ဆိုင်းမိုးချပ်ပြားတွေကို တတ်နိုင်သမျှ လက်ဝါးကြီးအုပ်ချင်တာကြောင့် အဲဒါတွေကိုပဲ (၃)ခုလုံးဝယ်သွားတာ...”

ရှောင်အိုက်က ပြုံးလိုက်ပြီး ကျောက်စိမ်းပြားလေးတစ်ချက်ကို ရန်ကျောက်ကဲထံ ပေးလိုက်သည်။

“သခင်လေး... ကျားခုန်တောင်ထွတ်က ‘လော့’ အိမ်တော်က တကယ့်ကို ထက်မြက်လွန်းတယ် ၊ သူတို့က ဒီအစီအရင်အပြည့်အစုံကို သခင်လေးဆီ ပေးလိုက်တယ် ၊ သူတို့က အထူးတုံကင်နဲ့ လဲချင်တာလေ”

ချိုးကျားဟိုင်က...

“အဲဒါ ဘာ အစီအရင်လဲ”

ရှောင်အိုက်က....

“လီရှန်းအလင်းအစီအရင်ပါ...”

ချိုးကျားဟိုင်က...

“အိုး ဟုတ်လား ၊ ကျားခုန်တောင်ထွတ်ရဲ့ အစီအရင် (၁၂)ခုမှာ ဒါက အဆင့်အနိမ့်ဆုံးတစ်ခုဆိုပေမယ့် ထိပ်တန်းအဆင့်လို့ ပြောလို့ရတယ်”

သူက ဆက်ပြောသည်။

“ဂိုဏ်းတူညီလေး’ရန်’... မင်းက မြစ်ဝါကိုးကွေ့အစီအရင် ကျွမ်းကျင်ပေမယ့် အဲဒီအစီအရင်က မြေပြင်အနေအထားလိုအပ်ချက် တင်းကျပ်လွန်းတယ် ၊ ဒီ လီရှန်းအလင်းအစီအရင်ကို အစားထိုးပြီး အသုံးပြုလို့ရတယ်”

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ငါက မြစ်ဝါကိုးကွေ့အစီအရင်တစ်ခုပဲတတ်တာ မဟုတ်ပါဘူး... ဂိုဏ်းတူအစ်ကို’ချိုး’... ငါ့လက်ထဲမှာ အစီအရင်တွေမှ အများကြီးပဲ”

ချိုးကျားဟိုင်က ပြုံးလိုက်ရင်း...

“ဟုတ်ပါပြီ... ဒါဖြင့် စောင့်ကြည့်နေပါ့မယ်”

ရန်ကျောက်ကဲက ရှောင်အိုက်ထံမှ ကျောက်စိမ်းပြားလေးကို ယူလိုက်ပြီး...

“ဒါပေမဲ့ ဒီ လီရှန်းအလင်းအစီအရင်ကလည်း မဆိုးပါဘူး ၊ ဒီ အစီအရင်ကို တခြားပစ္စည်းတွေနဲ့ လဲလှယ်ပေးလို့ ရနိုင်ပါတယ်”

သူက ဆက်ပြောလိုက်သည်။

“’လော့’ အိမ်တော်က ဒီ အစီအရင်ကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိတယ်ဆိုတော့... သူတို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာတော့ ပြင်ဆင်ထားရမှာ အမှန်ပဲ ၊ သူတို့ အိမ်တော်ကို ငါ အထူးတုံကင်တစ်ခုပေးလို့ရပါတယ် ၊ ဒါပေမဲ့ အရည်အသွေးအနိမ့်ဆုံး အထူးတုံကင်ပဲရမယ်”

ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ညစ်ကျယ်ကျယ် တစ်ချက်ပြုံးလိုက်သည်။

ချိုးကျားဟိုင်က သက်ပြင်းတစ်ချက်ချရင်း...

“တခြားကုန်သည်တွေလည်း စီးပွားရေးလုပ်တဲ့နည်းလမ်းတွေ အများကြီးရှိကြပါတယ် ၊ ဒါပေမဲ့ ဂိုဏ်းတူညီလေး’ရန်’ လောက်တော့ ချောချောမွေ့မွေ့နဲ့ အောင်အောင်မြင်မြင် မလုပ်နိုင်ကြဘူး”

ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...

“အဲဒီ စီးပွားရေးလုပ်တဲ့နည်းလမ်းအားလုံးက ကိတ်မုန့်ပေါ်ကမလိုင်တွေပဲ...”

သူက ဆက်ပြောသည်။

“အရင်းစစ်လိုက်ရင်... ငါတို့ပစ္စည်းတွေက အရည်အသွေးကောင်းတယ်လေ ၊ ဒါက စားသုံးသူအတွက် ယုံကြည်မှုပဲ ၊ ဒီယုံကြည်မှုကို အသုံးချပြီး အမြတ်အစွန်းရဖို့အတွက် စီးပွားရေးမှာ လှည့်ကွက်မျိုးစုံ သုံးနိုင်တယ်”

ရှောင်အိုက်က စိတ်မကောင်းဟန်ဖြင့်...

“ဒီတစ်ခေါက် ကျွန်မတို့ စျေးတောင်နည်းသွားတယ်နော် သခင်လေး ၊ အမြတ်တွက်ကြည့်တာ ဘယ်လောက်မှ မရလိုက်ဘူး”

ရန်ကျောက်ကဲက ရှောင်အိုက်ခေါင်းကို တစ်ချက်ခေါက်လိုက်ရင်း...

“ရေရှည်ကိုကြည့်စမ်းပါ ဒေါ်ငွေချစ်လေးရဲ့ ... ရေရှည်ကိုသာစဉ်းစားပြီး စီးပွားရေးလုပ်ရင် နောက်ဆို ပိုက်ဆံတွေ မရေမတွက်နိုင်အောင် ရလာလိမ့်မယ်... အခုက အစပဲ ရှိသေးတယ်...”

အစပိုင်းတွင်ထုတ်မည့် အထူးတုံကင်များအားလုံးက အဆင့်နိမ့်တုံကင်များပင် ဖြစ်သည်။

အဆင့်နိမ့်သော်လည်း စိုးရိမ်စရာမရှိပေ ၊ တဖြည်းဖြည်း အဆင့်တက်လာနိုင်သည်။

မည်သို့အဆင့်တက်မည်လဲ...။

လူတိုင်း သိရှိပေသည်။

ကျားခုန်တောင်ထွတ်မှ ‘လော့’ အိမ်တော်ဆိုလျှင် အဆင့်နိမ့်အထူးတုံကင်များကိုပင် ငမ်းငမ်းတက်လိုချင်နေခဲ့ပေသည်။

တုံကင်များလိုချင်ရသည့် အလွန်အရေးကြီး‌သောအကြောင်းရင်းမှာ တုံကင်ရှိသူများမှာ ထျန်းကျိခန်းမမှ ရတနာပစ္စည်းများကို (၃)ခုမျှသာမဟုတ်ဘဲ အကန့်အသတ်မရှိ ဝယ်ယူနိုင်သောကြောင့် ဖြစ်သည်။

ဟုတ်ပေ၏။

ရန်ကျောက်ကဲအနေဖြင့် ရတနာပစ္စည်းများကို အကန့်အသတ်မရှိ ရောင်းချရန် မဖြစ်နိုင်သေးသော်လည်း အထက်က ကန့်သတ်ထားသည့် ‘(၃)ခုသာ ဝယ်ယူရမည်’ ဆိုခြင်းထက်တော့ ပိုမိုဝယ်ယူနိုင်မည် ဖြစ်၏။

ကျားခုန်တောင် ၊ ‘လော့’ အိမ်တော်အတွက် အုံ့ဆိုင်းမိုးချပ်ပြားကဲ့သို့သော ရတနာပစ္စည်းများမှာ အိမ်တော်အတွက် အသုံးဝင်ရုံသာမက ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကိုပါ မြှင့်တက်ပေးနိုင်သည်။

အခြားရှုထောင့်မှကြည့်လျှင် အခြားသောအင်အားစုများလက်ထဲသို့ အုံ့ဆိုင်းမိုးချပ်ပြားများ ရောက်ရှိသွားပါက ‘လော့’ အိမ်တော်၏အားသာချက် အကြီးအကျယ် လျော့ပါးသွားပေမည်။

‘လော့’ အိမ်တော်တွင်လည်း ရန်သူများစွာရှိနေသည် မဟုတ်ပါလား။

“ရှောင်အိုက် အခုချိန်ကစပြီး ဒီနေရာကို မင်းလက်အပ်လိုက်ပြီ ၊ မင်း သင့်တော်သလို ဆုံးဖြတ်နိုင်တယ် ၊ အမှားအယွင်း နည်းနည်းပါးပါးရှိတာက အရေးမကြီးဘူး ၊ အဓိကမူဝါဒတွေကို စိတ်ထဲ စွဲစွဲမြဲမြဲမှတ်ထားရင် ရပြီ”

ရန်ကျောက်ကဲက ရှောင်အိုက်ကို ညွှန်ကြားလိုက်သည်။

“ရေရှည်ကို ကြည့်ပါ ၊ အရေးကြီးဆုံးက လူတွေရဲ့ စိတ်နှလုံးကို ဆုပ်ကိုင်ထိန်းချုပ်ထားနိုင်ဖို့ပဲ”

“လူတိုင်းက ငါတို့ ထျန်းကျိခန်းမ လစဉ်ဖွင့်လှစ်တာကို သူတို့စိတ်ထဲ အမြဲတွေးနေပါစေ ၊ အားလုံးက ဒီကိစ္စကိုပဲ အာရုံစိုက်နေပြီး တခြားအကြောင်းမတွေးတော့ဘူးဆိုရင် ငါတို့အတွက် အာဏာတည်ဆောက်နိုင်ပြီပဲ”

ရန်ကျောက်ကဲက ညစ်ကျယ်ကျယ် တစ်ချက်ပြုံးလိုက်ပြီး...

“ငါတို့ပစ္စည်းက အရည်အသွေးကောင်းပေမယ့် လူတိုင်းဝယ်လို့ရတဲ့ အတိုင်းအတာအထိတော့ မဟုတ်ဘူး ၊ လူတွေရဲ့ စိတ်ကို ချုပ်ကိုင်နိုင်ဖို့သာ ကြိုးကြိုးစားစား လုပ်ပါ ၊ လူတွေက ငါတို့ကုန်ပစ္စည်းအကြောင်း အမြဲတွေးနေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သာမည ဖြစ်သွားလိမ့်မယ် ၊ ပစ္စည်းတစ်ခုဝယ်ယူနိုင်ဖို့အတွက် စွဲလန်းသွားတဲ့အခါ အဲဒီဆန္ဒမပြည့်မချင်း လိုက်ကြလိမ့်မယ် ၊ ဒါဆိုရင် စီးပွားရေးလောကမှာ မင်း စိတ်အေးချမ်းသာ အိမ်စက်လို့ရပြီ ၊ နောက်ဆိုရင် လူတိုင်းက ခန်းမဖွင့်မယ့်နေ့အကြောင်းကိုပဲ အမြဲတွေးတောနေလိမ့်မယ်”

ခန်းမဖွင့်လှစ်သည့်နေ့တွင် ရောင်းချသည့်ပစ္စည်းများက စျေးနှုန်းချိုသာသည်ပင်။

သို့သော် ရန်ကျောက်ကဲ ရရှိသည့်အကျိုးအမြတ် အစစ်အမှန်က ပုဂ္ဂိုလ်ရေး အထူးတုံကင်များပေါ်တွင်မူတည်ပြီး ထိုမှရရှိသည်က ကြီးမားသောပမာဏ ဖြစ်သည်။

အထူးတုံကင်အပေါ် စိတ်ဝင်စားသူများလာလေ ပိုကောင်းလေ ဖြစ်၏။

ဤနည်းအားဖြင့် ထျန်းကျိခန်းမသည်လည်း ပိုပြီး သြဇာညောင်းလာနိုင်သည်။

ထျန်းကျိခန်းမတွင် ဤသို့ အထူးတုံကင်များအသုံးပြုခြင်းက အဆင့်အတန်းတစ်ခု၏ သင်္ကေတဖြစ်လာပြီး လူအများကို ပိုမိုဆွဲဆောင်နိုင်မည် ဖြစ်သည်။

အချိန်တစ်လကျော်ကြာပြီးသည့်နောက်...

လူအများမျှော်လင့်ထားသည့် ထျန်းကျိခန်းမ ဒုတိယအကြိမ်ဖွင့်လှစ်သည့်နေ့သို့ ရောက်ရှိလာသည်။

ယခုတစ်ကြိမ်တွင်လည်း ဝယ်ယူသူဖောက်သည်များ မကျေမနပ် ဖြစ်ကြပြန်သည်။

အကြောင်းမှာ လူကြိုက်အများဆုံးထုတ်ကုန်များထဲမှ တစ်ခုဖြစ်သော ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ် အရေအတွက် ယခင်တစ်ကြိမ်ကထက် တစ်ဝက်ခန့် လျော့နည်းသွားသောကြောင့် ဖြစ်၏။

သို့သော် လူအများ၏စိတ်အာရုံကို အခြားတစ်ခုက ဆွဲဆောင်သွားခဲ့ပြီး ဤပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားသည်။

ယခုတစ်ကြိမ်မှာတော့...

ထျန်းကျိခန်းမက ရတနာပစ္စည်းအသစ်တစ်ခုကို စတင်မိတ်ဆက်ရောင်းချခဲ့သည် မဟုတ်ပါလား။

All Chapters