ပွဲအပြီး
Vol. 13 Ch. 170
ဝေ့ဝူယင်နှင့် ကုဟိုတို့၏ တိုက်ပွဲ အပြီး နောက်ထပ် နှစ်နာရီ အတွင်းမှာပင် အကြောင်းအရာ သုံးခု ဖြစ်ပွားသွားခဲ့သည်။
တစ်...
မဟာဝင်ရိုး အဖွဲ့သား မြောက်များစွာမှာ အဖွဲ့ အတွင်းမှ ထွက်ခွာခွင့် တောင်းခံ ခဲ့ကြသည်။
နှစ်...
အနန္တဧကရာဇ်ဂိုဏ်း အတွင်းရှိ အင်အားကြီး အဖွဲ့ များစွာမှာ မဟာဝင်ရိုး အဖွဲ့တစ်ခုလုံးကို ဝိုင်းပြုံကာ အမဲလိုက် ခဲ့ကြသည်။ မိနစ် သုံးဆယ် အတွင်းမှာပင် မဟာဝင်ရိုး အဖွဲ့ တစ်ခုလုံး ပြိုပျက်ခဲ့သည်။
သုံး...
သွေးတောင်ထွတ်မှ ကောင်းကင်နိုဘယ် တစ်ယောက်သည် အင်ပါယာ စိန်ခေါ်ပွဲ ဆင်နွှဲကာ ကျိမိုကျိုး၏ ဦးခေါင်းကို ဖြတ်ယူခဲ့သည်။ ထို့မတိုင်ခင် ကျိမိုကျိုးသည် အခြား ကောင်းကင်နိုဘယ် နှစ်ယောက်နှင့် တိုက်ခိုက် ခဲ့ရပြီး သူတို့ အသက်ကို နှုတ်ယူနိုင်ခဲ့ပေသည်။
ထိုကြီးမားသော အပြောင်းအလဲများစွာကား အတိအကျပင် နှစ်နာရီ အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုနှစ်နာရီ အတွင်းမှာပင် မဟာဝင်ရိုးဂိုဏ်း တစ်ခုလုံး ပြိုပျက်ခဲ့ကာ မရေမတွက်နိုင်သော အဖွဲ့ဝင်များစွာမှာ သုတ်သင်ခံခဲ့ရသည်။ ကံကောင်းသော လူများသာလျှင် အသက်ရှင် လွတ်မြောက်ခဲ့ပေသည်။
ထိုအရာက ကောင်းကင်ဧကရာဇ် တစ်ယောက်၊ အဂ္ဂိရတ် ဧကရာဇ် တစ်ယောက်ကို စော်ကားခြင်းကြောင့် ဖြစ်ပေါ်လာခဲ့သော အကျိုးဆက်ပင် ဖြစ်သည်။ ထိုသတင်းသည် မုန်တိုင်းတစ်ခု အလားပင် အနန္တဧကရာဇ် ဂြိုဟ်နှင့် အနန္တဧကရာဇ် ကြယ်တာရာ နယ်မြေကြီး တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။
ယခုအခါ၌ လူတိုင်းမှာ အဂ္ဂိရတ် ပညာရှင်များ မည်မျှ လုပ်နိုင်စွမ်း ရှိသည်ကို နားလည်သွားခဲ့ကြပြီ ဖြစ်သည်။
...
ကိုယ်လက် ဆေးကြောသန့်စင်ပြီးနောက် ဝေ့ဝူယင်က သစ်သား ဒြပ်စင်ချီကို သုံးကာ ကောင်းကင် နတ်မြင်းပျံ၏ ဒဏ်ရာများကို စတင် ကုသပေးလိုက်သည်။ သတ္တဝါလေး၏ မျက်လုံးများမှာ လေးစားခြင်း ချစ်ခင်ခြင်းများနှင့် ပြည့်နှက်နေ၏။ ၎င်းကား ဉာဏ်ရည် မြင့်မားသော ကြယ်အဆင့် သားရဲ ဖြစ်ရာ သခင်မှာ သူ့အတွက်နှင့် အင်အား ကြီးမားသော အဖွဲ့ကြီး တစ်ခုလုံးကို ရှင်းပစ်လိုက်ကြောင်း သိရှိပေသည်။
ဝေ့ဝူယင်ကမူ ထိုအရာကို သတိပြုမိဟန် မရချေ။ သစ်သားချီများကို အဆက်မပြတ် ထုတ်လွှတ်ရင်း တိုက်ပွဲ အကြောင်းကိုသာ ပြန်လည် စမြုံ့ပြန်နေခဲ့၏။
သူသည် ဘဝင်ရူး တစ်ယောက် မဟုတ်ရာ ကိုယ့်အားနည်းချက်ကို ကောင်းစွာ သိထားသည်။ သာမန် အခြေအနေဖြင့် ကုဟိုကဲ့သို့ ကြယ်တာရာ အမြုတေ အဆင့်နှစ် တစ်ယောက်ကို စိန်ခေါ်ခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။
ကြယ်တာရာ အမြုတေ အဆင့်များ၏ အားသာချက်မှာ မန်နာကို ထိန်းချုပ်နိုင်ခြင်းနှင့် ကြယ်တာရာ အင်အားကို အသုံးပြုနိုင်ခြင်းတို့ ဖြစ်ကြောင်း သူသိရှိထားသည်။ ထို့ကြောင့်ပင် တိုက်ပွဲ စစချင်း ဆေးသုံးလုံးကို ပစ်ပေါက်ကာ အရာအားလုံးကို ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။
ထို့နောက်တွင် ဝေ့ဝူယင်သည် ကုဟိုနှင့် ခန္ဓာကိုယ်ချင်း ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ကောင်းကင်ဝူမြို့တော်တွင် တွေ့ဆုံစဥ်အခါက ဝူကျိုးသည် သူ၏ ခန္ဓာကိုယ်ကို မနာလိုကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကာ သူ့ထံမှ ကျင့်စဥ်ကို ရရှိရန် အားထုတ်ခဲ့ဖူးသည်။ ထိုအချိန်မှ စ၍ ဝေ့ဝူယင်သည် သူ၏ ခန္ဓာကိုယ် မည်မျှ သန်မာကြောင်းကို စမ်းသပ်လို နေခဲ့သည်။ ထို့ကြောင့် အခြား ဝှက်ဖဲများစွာ ရှိနေသေးသည့်တိုင် သူ ခန္ဓာကိုယ်ချင်း ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံး၌ ဝူကျိုး၏ စကား မှန်ကန်ကြောင်း သူ တွေ့ရှိခဲ့ရသည်။ ကုဟိုသည် သူ၏ ရှေ့၌ မွေးကင်းစ ကလေး တစ်ယောက် အလား အကူအညီ ကင်းမဲ့ကာ လုပ်သမျှ ခံခဲ့ရသည်။
အနည်းငယ် ပင်ပန်းခဲ့ရသည် ဆိုသော်လည်း အနန္တဧကရာဇ်ဂိုဏ်းသို့ ရောက်ရှိပြီးနောက် ပထမဆုံးအကြိမ် အဖြစ် လူများ၏ လေးစားမှုကို သိမ်းပိုက် ရယူနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ကောင်းကင်ဧကရာဇ် တစ်ယောက်ဖြင့် သူနှင့် သူ၏ နောက်လိုက်များကို မည်သူမျှ စိန်ခေါ်ခွင့် မရှိချေ။ ထို့ကြောင့်ပင် သူ မည်သည့် ပေါ်တင် တိုက်ခိုက်မှုကိုမှ ကြောက်စရာ မလိုတော့ချေ။ လျှို့ဝှက် လုပ်ကြံမှုများကိုသာ အာရုံစိုက်ရတော့မည် ဖြစ်သည်။
သို့သော်လည်း ဝေ့ဝူယင် သတိမထားမိသည့် အချက်ကား... သူ၏ လုပ်ရပ်မှာ လူများ၏ လေးစားမှုကို သိမ်းပိုက် နိုင်ရုံမျှသာ မက အတွေးအခေါ်ကိုပါ အကြီးအကျယ် ပြောင်းလဲစေခဲ့သည် ဆိုခြင်းကိုပင်။ “ဒုတိယမြောက် ထာဝရ ဧကရာဇ်” ဆိုသည့် ဘွဲ့နာမည် အသစ်ကား လူအများ အကြား၌ အခိုးအငွေ့တစ်ခု သဖွယ် စတင်ကာ ပျံ့နှံ့ နေခဲ့ပြီ ဖြစ်လေသည်။
အတိတ်ကာလ၌ ထာဝရ ဧကရာဇ်သည် သုံးလွှာ ကြယ်တာရာ နယ်မြေကြီး တစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်စေခဲ့သည့် အကြောင်းရင်း ဖြစ်ခဲ့သည်။ ထိုအရာမှာ သမိုင်းကို နားလည်သည့် လူတိုင်း သိရှိထားသည့် အချက်အလက် တစ်ခု ဖြစ်သည်။ ယခုတွင် ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်နိုင်သည့် လူတစ်ယောက် အနန္တ ဧကရာဇ်ဂိုဏ်းတွင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ထိုအရာက စကြဝဠာ၏ ခေတ်သစ်တစ်ခု အစ ဖြစ်မည်လား မည်သူမျှ မပြောနိုင်ပါချေ။
...
“ဟက်... လွယ်လိုက်တာကွာ...”
ဝေ့ဝူယင်သည် ကောင်းကင် နတ်မြင်းပျံလေးနှင့် အတူ ဧကရာဇ် တောင်ထွတ်မှ တိတ်တဆိတ် ပြန်လည် ထွက်ခွာ လာခဲ့သည်။ ထို့မတိုင်ခင်၌ သူသည် မူလဧကရာဇ် ရုံးတော်ကို ဝင်ရောက်ကာ အဖွဲ့တစ်ခု ဖွဲ့စည်းရန် ခွင့်ပြုချက် တောင်းခံခဲ့သည်။ လုပ်ငန်းစဥ် တစ်ခုလုံးသည် မည်သည့် အထစ်အငေါ့မျှ မရှိပဲ ချောမွေ့စွာပင် ပြီးဆုံးခဲ့သည်။
သူ့နာမည်၊ ဖွဲ့စည်းမည့် အဖွဲ့နာမည်၊ ရည်ရွယ်ချက်တို့ အပါအဝင် အချက်အလက် အချို့နှင့် အင်ပါယာ အမှတ် တစ်ရာကို ပေးအပ်ရုံသာ ဖြစ်သည်။ အားလုံး ပြီးမြောက်သည် အထိ အချိန် တစ်နာရီသာလျှင် စောင့်ဆိုင်း ခဲ့ရသည်။
သို့သော်လည်း အံ့အားသင့်စွာပင် လုပ်ပိုင်ခွင့်နှင့် လွတ်လပ်မှု အပေါ် မူတည်ပြီး အဖွဲ့ကွဲ အမျိုးအစားများ ရှိကြောင်း ဝေ့ဝူယင် သိရှိခဲ့ရသည်။ အဓိက အားဖြင့် ဂိုဏ်းနှင့် ဆက်နွယ်သည့် အဖွဲ့နှင် အမှီအခိုကင်းသည့် အဖွဲ့ ဟူ၍ အဖွဲ့ နှစ်မျိုး ခွဲခြားထားသည်။
ဂိုဏ်းနှင့် ဆက်နွယ်သည့် အဖွဲ့များမှာ အနန္တဧကရာဇ် ဂိုဏ်းဝင်များကိုသာ အဖွဲ့ဝင် အဖြစ် လက်ခံနိုင်ကာ ဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်ရသည့် အပိုင်းများ ရှိသည်။ သို့သော်လည်း အပြန်အလှန်အားဖြင့် သူတို့သည် ဂိုဏ်းထံမှ ကာကွယ်မှုနှင့် ပံ့ပိုးမှုတို့ကို ရရှိသည်။
အမှီအခိုကင်းသည့် အဖွဲ့များမှာမူ ဂိုဏ်းထံမှ မည်သည့် အထောက်အပံ့ကိုမှ မရရှိကြချေ။ သို့သော်လည်း သူတို့မှာ ပိုမို လွတ်လပ်ကာ ဂိုဏ်းပြင်ပမှ အင်အားစုများနှင့်ပင် ပူးပေါင်းဆောင်ရွက် နိုင်ကြသည်။ ပုံမှန်အားဖြင့် အမှီအခိုကင်းသည့် အဖွဲ့များမှာ အလွန်တရာ အင်အားကြီးမားကြကာ အချို့ဆိုလျှင် ကမ္ဘာပြားများကိုပင် ထိန်းချုပ် ထားနိုင်ကြသည်။
ကိုယ်စီ အားသာချက်၊ အားနည်းချက်များ ရှိသော်လည်း ဝေ့ဝူယင်သည် အမှီအခိုကင်းသည့် အဖွဲ့ကို ဖွဲ့စည်းရန်သာ ဆုံးဖြတ်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်က ဤသုံးလွှာ ကြယ်တာရာ နယ်မြေတွင် သြဇာအာဏာကို အစွမ်း ရှိသလောက် ဖြန့်ကျက်ရန် ဖြစ်သည်။ ဂိုဏ်းနှင့် ဆက်နွယ်သည့် အဖွဲ့များ စောင့်ထိန်းရန် လိုအပ်သည့် စည်းကမ်းချက်များက သူ၏ ရည်ရွယ်ချက်များကို နှောင့်နှေးစေလိမ့်မည် ဖြစ်သည်။
“အရင်ဆုံး အခြေစိုက် စခန်း တစ်ခု လိုအပ်တယ်...”
ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ အမှီအခိုကင်းသည့် အဖွဲ့တစ်ခု တည်ထောင်ရန် ရွေးချယ်ခဲ့ရာ အရင်ဆုံး နေရာချရန် နယ်မြေတစ်ခု လိုအပ်သည်။ ထိုအရာက သူ၏ ဆန္ဒအပေါ်တွင် မူတည်ပြီး ဂြိုဟ်တစ်လုံး သို့မဟုတ် ကမ္ဘာပြား တစ်ခု နှစ်သက်ရာ ရွေးချယ်၍ ရသည်။
အနန္တဧကရာဇ် ကြယ်တာရာ ပိုင်နက်တွင် ‘ဝူယု’နှင့် ‘ကျွင်းနဲ့ယာ’ ဟု ခေါ်သော ဂြိုဟ်နှစ်လုံး ရှိ၏။ အနန္တ ဧကရာဇ်ဂိုဏ်း တည်ထောင်သူ ဝူယုနှင့် သူ့ဇနီး ကျွင်းနဲ့ယာတို့ကို အစွဲပြုကာ ထိုကဲ့သို့ နာမည် ပေးထားခြင်းပင် ဖြစ်သည်။
ဝေ့ဝူယင်သည် ထိုကိစ္စကို ဆုံးဖြတ်ရန် အလျင်မလိုသေးချေ။ အလျင်ဦးဆုံး ပဋိပက္ခ ကွန်ယက်များ၊ မှီတင်းနေထိုင်ရာ လူများ၏ အင်အားနှင့် ရင်းမြစ်များ အပါအဝင် အမျိုးမျိုးသော အချက်အလက်များကို စုဆောင်းရဦးမည် ဖြစ်သည်။
သူသည် နတ်မြင်းပျံနှင့် အတူ ကောင်းကင်သို့ ပျံတက်လာခဲ့သည်။ သူ့တွင် ကျင့်ကြံစရာ ကိစ္စများ ရှိနေသေးသည်။ ကောင်းကင် အလွှာ အထက်တွင် နေရခြင်းက ကျင့်ကြံခြင်း လမ်းစဥ် အတွက် အလွန်တရာ အကျိုးဖြစ်ထွန်းလှသည်။ အနည်းဆုံး အောက်ခြေတွင် နေထိုင်ခြင်းထက် အဆ တစ်ရာမျှ ပိုမို လျှင်မြန်စွာ ကျင့်ကြံ နိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း... ဆဋ္ဌမမြောက် အလွှာသို့ ရောက်သေးရုံသာ ရှိသေးသည်။ အလွန် ကြီးမားသော နတ်မြင်းပျံကြီး တစ်ကောင်မှာ သူ့ထံ ပျံသန်းလာ၏။ ဝေ့ဝူယင် တည်ငြိမ်စွာပင် ပြုံးလိုက်သည်။ ထိုအရာက ပိုကေ၏ နတ်မြင်းပျံပင်။
“အကိုပို...”
ဝေ့ဝူယင်က လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။ နတ်မြင်းပျံ နှစ်ကောင်က ကောင်းကင်၌ စက်ဝိုင်း ပုံစံ ပျံသန်းကာ မျက်နှာချင်းဆိုင် စကားပြောနိုင်သည့် အခြေအနေ တစ်ခုကို ဖန်တီးထားသည်။
“ကောင်းကင်ဧကရာဇ်ဝေ့...”
ပိုကေ၏ လေသံက အသားကျပုံ မရချေ။ မည်ကဲ့သို့ အသားကျမည်နည်း။ ခွဲခွာပြီး လေးရက်မြောက်နေ့တွင်ပင် ထိုသကောင့်သားက ကောင်းကင်နိုဘယ် အဆင့်မှ နေ၍ ကောင်းကင် ဧကရာဇ် အဆင့်ကို လျှင်မြန်စွာ မြင့်တက် သွားခဲ့သည်။ ထိုအရာက မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။
“ကျုပ်ကို ခါတိုင်းလို ညီလေးဝေ့လိုပဲ ခေါ်လို့ ရပါတယ်”
ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်၏။ ထိုနတ်ဆိုးနှင့် ပတ်သက်၍ သူ့တွင် ခံစားချက်ကောင်းများ ရှိပေသည်။ မည်သို့ပင် ဆိုစေ ပိုကေမှာ သူ ဂိုဏ်းသို့ ရောက်ရှိပြီးနောက် ပထမဆုံး ရရှိခဲ့သည့် ညီအကို ဖြစ်ပေသည်။
ပိုကေမှာ ဝေ့ဝူယင်၏ စကားကြောင့် သက်တောင့်သက်သာ အမူအရာသို့ ပြောင်းလဲသွားသည်။ သူက မျက်နှာထက်ရှိ တက်တူးများ တွန့်လိမ်သွားသည် အထိ ပြုံးလိုက်၏။
“ညီလေးဝေ့...”
“အကိုပို အားလား... အားရင် ကျုပ်ရဲ့ ကောင်းကင်နန်းတော်ကို လိုက်ခဲ့လေ... အေးဆေး စကားပြောကြတာပေါ့”
ဝေ့ဝူယင်က ကမ်းလှမ်းလိုက်၏။ ထိုအခါတွင်မှ ရုတ်တရက် သတိရလာသည်။ သူသည် ကောင်းကင်ဧကရာဇ် တစ်ယောက် ဖြစ်သွားပြီ ဖြစ်ရာ အဋ္ဌမ အလွှာသို့ ပြောင်းရွှေ့ နေထိုင်ရတော့မည် ဖြစ်သည်။ သတ္တမ အလွှာပင် ထိုမျှ ကြီးကျယ် ခမ်းနားနေရာ အဋ္ဌမ အလွှာဆိုလျှင် မည်ကဲ့သို့ ရှိမည်နည်း။
"လိုက်တော့ လိုက်ချင်တယ် ညီလေးဝေ့ရေ... ဒါပေမဲ့ အကို မင်းကို လာတွေ့တာ အခြား အရေးကြီး ကိစ္စတစ်ခုကြောင့်ကွ”
ပိုကေက ခေါင်းခါရင်း ပြောလိုက်၏။
“ပြောပါဦး...”
ဝေ့ဝူယင်က မေးလိုက်သည်။
“ညီလေးဝေ့က ခု ကောင်းကင်ဧကရာဇ် တပည့် တစ်ယောက် ဖြစ်သွားပြီ ဆိုတော့ အဂ္ဂိရတ် ဧကရာဇ် အဆင့်အတန်းကို တရားဝင် ရထားပြီးပြီလား”
ပိုကေ၏ မျက်လုံးများက လေးနက်နေသည်။ ဝေ့ဝူယင်က တစ်ခဏမျှ စဥ်းစားပြီးနောက် ပြန်လည် အဖြေပေးလိုက်သည်။
“ကျွန်တော် မနက်တုန်းက အဂ္ဂိရတ် နန်းတော်ကို သွားပြီး အဆင့်ခုနစ် အဂ္ဂိရတ် ဆေးလုံးတွေ သွားအပ်တယ်လေ... အဲဒီမှာ တွေ့တဲ့ အဆင့်မြင့် ဂိုဏ်းဝင်တစ်ယောက်က အင်ပါယာ အမှတ် တစ်သောင်းနဲ့ ကောင်းကင်ဧကရာဇ် အဆင့်အတန်းကို တစ်ခါတည်း တန်းပေးလိုက်တာ... အဂ္ဂိရတ်ဧကရာဇ်တော့ ကျွန်တော် တရားဝင် မဖြစ်သေးပါဘူး”
ပိုကေ ဆိုလိုသည့် တရားဝင် အဂ္ဂိရတ် ဧကရာဇ် ဆိုသည့် အဓိပ္ပာယ်ကို သူ နားလည်ပေသည်။ ထိုအရာက အဂ္ဂိရတ် အဖွဲ့အစည်းမှ စစ်ဆေးသည့် စာမေးပွဲကို အောင်မြင်ပြီးနောက်မှသာ ရရှိနိုင်သည့် လက်မှတ် တစ်မျိုး ဖြစ်သည်။
အဂ္ဂိရတ် အစည်းအရုံးသည် သုံးလွှာ ကြယ်တာရာ နယ်မြေအတွင်း အဂ္ဂိရတ် တာအို ဖွံ့ဖြိုး တိုးတက်ရေးကို အစဥ်တစိုက် လုပ်ဆောင်နေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ သူတို့သည် မဟာဂိုဏ်းကြီး ငါးဂိုဏ်းနှင့်လည်း နက်ရှိုင်းသော ဆက်နွယ် ပတ်သက်မှုများ ရှိကာ မရေမတွက်နိုင်သော အဂ္ဂိရတ် ကျင့်ကြံသူများကို တရားဝင် သတ်မှတ်ပေးလေ့ ရှိသည်။ အများအားဖြင့် သူတို့၏ အသိအမှတ် ပြုမှုကို ရရှိမှသာလျှင် သုံးလွှာ ကြယ်တာရာ နယ်မြေတွင် တရားဝင် အဂ္ဂိရတ် ပညာရှင် အဖြစ် ရပ်တည်နိုင်သည်။
အဂ္ဂိရတ် အစည်းအရုံးသည် ဘက်မလိုက်သော အဖွဲ့အစည်းကြီး တစ်ခုဖြစ်ပြီး မဟာ ဂိုဏ်းကြီး ငါးဂိုဏ်းထက် အားနည်းသည် ဆိုသော်လည်း အဂ္ဂိရတ် နယ်ပယ်တွင်မူ သူတို့၏ သြဇာ အာဏာကို ယှဥ်နိုင်သူ မရှိချေ။
“အဲဒီလိုလား...”
ပိုကေက မျက်မှောင်ကြုတ် လိုက်သည်။
“လိုရင်းကို သွားရရင် ညီလေးဝေ့ တရားဝင် အဂ္ဂိရတ် ဧကရာဇ် ဖြစ်ပြီ ဆိုတဲ့ သတင်းတွေက အတော်လေးကို ပျံ့နေတာ... ဒါပေမဲ့ ခုနကတင်ပဲ အဂ္ဂိရတ် အစည်းအရုံးက သူတို့ နာမည်ကို အလွဲသုံးစား လုပ်တယ် ဆိုပြီး ရှုံ့ချလိုက်တယ်”
“ဪ...”
ဝေ့ဝူယင်က မေးစေ့ကို ပွတ်သပ်ရင်း စဥ်းစားလိုက်၏။
“အဂ္ဂိရတ် အစည်းအရုံး... လောလောဆယ်တော့ သူတို့ကို ဂရုစိုက်ဖို့ ကျွန်တော့်မှာ အချိန်မရှိသေးဘူး”
သူ၏ လက်ရှိ ရည်ရွယ်ချက်က အဖွဲ့တစ်ခု ဖွဲ့စည်းရန်သာ ဖြစ်သည်။ အဂ္ဂိရတ်ဧကရာဇ် တရားဝင် ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ထိုအရာက သူ့အတွက် အရေးမကြီးချေ။ အကယ်၍ လိုအပ်လာလျှင်တော့ သူ သွားကောင်း သွားနိုင်ပေသည်။
***