အာဏာရှင်များ
Vol. 13 Ch. 171
ပိုကေသည် အခြေအနေများကို ဝေ့ဝူယင် အပြည့်အဝ နားလည် သဘောပေါက်ခြင်း မရှိသေးကြောင်း ရိပ်မိလိုက်ရာ ရှင်းပြလိုက်သည်။
“အဂ္ဂိရတ် အစည်းအရုံးက သူတို့ ခွင့်ပြုချက် မပါရင် ဘယ်သူ့ကို မဆို အဂ္ဂိရတ် ဧကရာဇ် လို့ သုံးခွင့် ပေးမထားဘူး... အဲဒီလို သုံးရင် သူတို့ကို စိန်ခေါ်တာလို့ ယူဆတယ်... အကယ်၍ ညီလေးဝေ့ အနေနဲ့ အစစ်အမှန် အဂ္ဂိရတ် ဧကရာဇ် ဖြစ်ကြောင်း သက်သေမပြနိုင်ဘူး ဆိုရင် သူတို့ အရေးယူတာကို ခံရလိမ့်မယ်... ဒါပေမဲ့ သူတို့ကို အနိုင်ယူနိုင်ရင်တော့ အဂ္ဂိရတ်ဧကရာဇ် အဖြစ် တရားဝင် အသိအမှတ် ပြုပေးလိမ့်မယ်”
“ရှုပ်နေတာပဲ...”
ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်သည်။ ထိုအစည်းအရုံးက သူတို့ကိုယ် သူတို့ ကောင်းကင်ရုံးတော် ဟု ယူဆနေသည်လား။ ကြည့်ရသည်က အဂ္ဂိရတ် အစည်းအရုံးမှာ သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးရှိ အဂ္ဂိရတ် ပညာရှင် အားလုံးကို သူတို့ လက်တံအောက်သို့ သိမ်းသွင်းချင်နေပုံ ရသည်။
သို့သော်လည်း ပိုကေ ကိုယ်တိုင် အရေးတကြီး လာရောက် ပြောဆိုခြင်းအား ကြည့်ပါက အနန္တဧကရာဇ်ဂိုဏ်းနှင့် အဂ္ဂိရတ် အစည်းအရုံး အကြားတွင် အပေးအယူ ကိစ္စများ ရှိနေကြောင်း ခန့်မှန်းနိုင်သည်။
“သူတို့ကို အကြောင်းပြန်လိုက်ပါ... ကျွန်တော် ကုဟိုကြောင့် ဒဏ်ရာရနေတာမလို့ သူတို့ စိန်ခေါ်တာကို လက်မခံနိုင်သေးဘူးလို့...”
ဝေ့ဝူယင်က အနည်းငယ် ရယ်မောရင်း ဆိုလိုက်၏။ ထို့နောက် သူက လက်ဝှေ့ယမ်းကာ ပိုကေကို နှုတ်ဆက် လိုက်သည်။
“ကဲ... ကျွန်တော်ပြန်ပြီး အနားယူလိုက်ပါဦးမယ်... အကိုပို အချိန်မရွေး ကျွန်တော့်ရဲ့ ကောင်းကင် နန်းတော်ကို လာလည်လို့ ရပါတယ်”
အချက်ပြလိုက်သည်နှင့် ကောင်းကင် နတ်မြင်းပျံသည် တောင်ပံကို ခပ်ပြင်းပြင်း ခတ်လိုက်၏။ ထို့နောက် အရှိန်အဟုန်နှင့် အတူ အပေါ်သို့ ထိုးတက်ကာ ကောင်းကင်အလွှာကို ထိုးဖောက် လိုက်လေတော့သည်။
မကြာခင်မှာပင် ဝေ့ဝူယင်နှင့် နတ်မြင်းပျံတို့မှာ တိမ်စိုင်များ အတွင်း တိုးဝင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ပိုကေက အပေါ်သို့ မော့ကြည့်ရင်း ခပ်လေးလေး သက်ပြင်းတစ်ချက် ချလိုက်၏။
“သူက စကားတစ်ခွန်းတည်းနဲ့ သူတို့ရဲ့ အစီအစဥ်တွေ အားလုံးကို ပိတ်ချလိုက်တာပဲ”
သူ ပြန်လှည့်ရန် ဟန်ပြင်လိုက်စဥ်တွင်ပင် သိုလှောင် လက်စွပ် အတွင်းမှ ဆက်သွယ်ရေး သလင်းကျောက်မှာ လင်းလက်လာ၏။ ပိုကေက ဆွဲထုတ်ကာ စာကို ဖတ်လိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏ မျက်နှာ တစ်ခုလုံးမှာ ထိတ်လန့်မှုများနှင့် ပြည့်နှက်သွားလေ၏။
အထဲ၌ ရေးထားသည်ကား... “ဝေ့ဝူယင် အမှီအခိုကင်းသည့် အဖွဲ့တစ်ခုကို တည်ထောင်လိုက်သည်... ထိုအဖွဲ့ နာမည်က အာဏာရှင်များ” ဟူ၍ပင်။
...
ဝေ့ဝူယင်သည် ကောင်းကင်အလွှာ အထက်ရှိ သူ၏ ကောင်းကင်နန်းတော်ဆီကို ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လမ်းတွင်ပင် အကြီးအကဲ တစ်ယောက်ထံမှ စာတစ်စောင် ဝင်လာသည်။ အဆင့်ရှစ် အလွှာရှိ ကောင်းကင် နန်းတော်မှာ အဆင်သင့် မဖြစ်သေးကြောင်းနှင့် အချိန်ယူ ဆောက်လုပ်ရမည့် အကြောင်း ရေးသားထားသော စာပင်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ အဆင့်ရှစ် အလွှာတွင် ကျင့်ကြံခြင်းက အဆင့်ခုနစ် အလွှာထက် သာလွန်မည်မှာ မလွဲမသွေပင် ဖြစ်သည်။ သို့သော်လည်း မည်ကဲ့သို့ တတ်နိုင်မည်နည်း။ အဆင်သင့် မဖြစ်မချင်း သူ လက်ရှိ ကောင်းကင် နန်းတော်မှာသာ အခြေချရတော့မည် ဖြစ်သည်။
ဝေ့ဝူယင်သည် ကုလားထိုင် တစ်ခုပေါ်၌ နောက်သို့ မှီရင်း သက်တောင့်သက်သာ ထိုင်နေခဲ့၏။ ထိုထိုင်ခုံတွင် ခံစားချက်များ၊ ဖိအားများကို ပြေလျော့စေအောင် ထည့်သွင်းထားသည့် ဝိညာဥ် အစီအရင်များ ပါဝင်နေသည်။ ၎င်းအပေါ်တွင် ထိုင်ရခြင်းက ရက်အတန်ကြာ ဖျားနာပြီးနောက် ထမင်း ပြန်စားလိုက်ရသည့် ခံစားချက်နှင့်ပင် ဆင်တူလှသည်။
ဤကောင်းကင် နန်းတော်သည် ဖန်တီးခြင်း တောင်ထွတ်၏ သတ္တမ အလွှာ တစ်ခုလုံးတွင် အကောင်းဆုံး နေရာ ဖြစ်ပြီး ဝေ့ဝူယင် ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်ထားခြင်း ဖြစ်သည်။ နန်းတော်သည် အခန်းပေါင်း သုံးဆယ့် ခြောက်ခုဖြင့် ဖွဲ့စည်းထားကာ အထပ် သုံးထပ်၊ ဥယျာဥ်တစ်ခုနှင့် ရေကန်တို့ ပါဝင်နေသည်။ အမျိုးမျိုးသော ဇိမ်ခံပစ္စည်းများ ရှိသည့် အပြင် ရေနွေးချိုးခန်း တစ်ခုပင် ပါရှိသည်။
သို့သော်လည်း ကြီးကျယ်သော နန်းတော်ကြီးထဲတွင် သူနှင့် စုမေ့သာ ရှိခြင်းက အနည်းငယ်တော့ ပျင်းဖို့ ကောင်းသည်။ ယခင် ပိုင်ရှင်က သူ၏ မောင်းမများနှင့် မရေမတွက်နိုင်သော အစေခံများကို ခေါ်ဆောင် လာလောက်သလော။ သူ တွေးလိုက်မိ၏။
ကုထားထိုင်ပေါ်တွင် အနားယူရင်း သူ စာအုပ် တစ်ခုကို ကောက်ယူလိုက်သည်။ ထိုစာအုပ်မှာ သူ ကိုယ်တိုင် ချရေးထားသည့် ကောင်းကင်ဘုံ နတ်မျက်လုံး စာအုပ်ထဲမှ စကားလုံး အကုန်ပင် ဖြစ်သည်။ သူသည် အဖြတ် အတောက် ရေးသားပုံမှ အစ တစ်ခုမှ မလွဲအောင် ကူးယူထားခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူသည် အစောပိုင်း စာမျက်နှာများရှိ ဖူရှီ၏ မှတ်တမ်းကိုတော့ ထည့်သွင်း ရေးသားခြင်း မပြုပါချေ။
“ကောင်းကင်ဘုံ နတ်မျက်လုံး... ဒီနည်းလမ်းကို ကြည့်ရတာ ချို့ယွင်းချက်တွေနဲ့ ပြည့်နှက်နေတဲ့ပုံ ရတယ်”
ထိုအရာက ဝေ့ဝူယင်၏ စိတ်တွင် ပထမဆုံး ပေါ်လာသည့် အတွေး ဖြစ်သည်။ ၎င်းက သူ့အား ကောင်းကင် နှလုံးသား ချီနည်းလမ်းကိုပင် အမှတ်ရစေသည်။ သို့သော်လည်း ထိုအရာက ကျင့်ကြံ၍ မရဟု မဆိုလိုပဲ အခက်အခဲနှင့် အန္တရာယ်များကို ရင်ဆိုင်ရနိုင် ဟူသည့် သတိပေးချက် တစ်ခုသာ ဖြစ်သည်။
ကောင်းကင်ဘုံ နတ်မျက်လုံးကို ကျင့်ကြံရန် အတွက် ပထမဆုံး လိုအပ်ချက်က ဝိညာဥ် စွမ်းအင်ကို ရူးသွပ်ဖွယ်လောက်သော ပမာဏအထိ တိုးမြှင့်ရန် ဖြစ်သည်။ သို့ရာတွင် အရည်အသွေးကို အဓိက မထားပဲ အရေအတွက်ကိုသာလျှင် လိုအပ်သည်။
ဝိညာဥ် စွမ်းအင်များသည် စိတ်၊ ရုပ်၊ အမတေနှင့် ပင်မ ဝိညာဥ် အပိုင်းအစ တစ်ခုတို့ ပေါင်းစပ်ထားသည့် ဇာတိ ဝိညာဥ်ထံမှ လာသည်။ ကျင့်ကြံခြင်း လမ်းစဥ်သည် စိတ်စွမ်းအင်၊ ရုပ်စွမ်းအင်၊ အမတေ စွမ်းအင်နှင့် ဝိညာဥ် စွမ်းအင်တို့၏ အရည်အသွေးနှင့် ပမာဏအား ညီတူညီမျှ တိုးမြှင့်ရခြင်း ဖြစ်သည်။ ထိုအရာက ကျင့်ကြံခြင်း၏ အခြေခံ ဖြစ်သည်။
ပုံမှန်အားဖြင့် စွမ်းအင် လေးခုထဲမှ ဝိညာဥ် စွမ်းအင် တစ်ခုတည်းကို ကွက်ကာ တိုးမြှင့်ရန် မဖြစ်နိုင်ချေ။ သို့သော်လည်း အဂ္ဂိရတ် တာအိုသည် ကျင့်ကြံခြင်း လမ်းစဥ်ကိုပင် ဆန့်ကျင်နိုင်စွမ်း ရှိသည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်သည်။ ၎င်းသည် ကောင်းကင်တာအို မဆန့်ကျင်နိုင်သည့် သို့မဟုတ် ချွင်းချက် ပေးထားသည့် လမ်းစဥ် တစ်ခု ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
သို့ဖြစ်ရာ ထိုအရာက ဝေ့ဝူယင် အတွက် သိပ်ကိစ္စ မရှိလှချေ။ သို့သော်လည်း အခြား အခက်အခဲ နှစ်ခု ရှိနေဆဲ ဖြစ်သည်။
မျက်လုံး... မျက်လုံးများသည် မသန့်စင်သော စွမ်းအင်များကို ခံနိုင်ရည် ရှိရမည် ဖြစ်ပြီး ထူးခြားသော စွမ်းအင် အရင်းအမြစ် တစ်ခု အဖြစ် သန့်စင်ပေးရမည် ဖြစ်သည်။ ထိုစွမ်းအင်၏ နာမည်ကို ဖော်ပြ မထားသော်လည်း မျက်လုံးများ အတွင်း၌ ဝင်္ကပါတစ်ခုကို တိုက်ရိုက် တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောထားသည်။
မှန်သည်။ မျက်လုံးများ အတွင်း ဝင်္ကပါ တစ်ခု တိုက်ရိုက် တည်ဆောက်ရပေမည်။ ထိုအရာက အလွန် နာကျင်မည့် အပြင် အခန့်မသင့်ပါက မျက်လုံးများပင် ပေါက်ကွဲသွားနိုင်သည်။ မျက်လုံး ပေါက်ကွဲသွားခြင်းအား သူ၏ လက်ရှိ အဂ္ဂိရတ် အဆင့်ဖြင့်ပင် ကုသနိုင်လိမ့်မည် မဟုတ်ချေ။
နောက်ဆုံးတစ်ခုက ပိုမို၍ပင် ရူးသွပ်ဖွယ် ကောင်းသေး၏။ ထိုဝင်္ကပါ မျက်လုံးများ အတွင်း ရေးထိုးရမည့် အပြင် အသိစိတ် ပင်လယ်နှင့် စိတ်မျက်လုံး အတွင်းမှာပါ လိုက်လံ တည်ဆောက်ရမည် ဖြစ်သည်။ အသိစိတ် ပင်လယ်သည် စိတ်စွမ်းအင်များ၊ စိတ်ခံစားချက်များ၊ အတွေးများ သိုလှောင်ထားရာ နေရာ ဖြစ်ပြီး စိတ်မျက်လုံးများမှာမူ ၎င်းတို့ကို ထိန်းချုပ်နေသည့် အရာများ ဖြစ်သည်။ ထို့အပြင် စိတ်မျက်လုံးမှာ ပင်မ ဝိညာဥ် တံခါးပေါက် ဟုလည်း ဆိုကြသည်။
ထိုကောင်းကင်ဘုံ နတ်မျက်လုံး နည်းလမ်းကား အလွန်ပင် ရက်စက် ပြင်းထန်လွန်းလှသည်။ ပထမဆုံး အနေဖြင့် ပုံမှန်စံနှုန်းထက် အဆပေါင်းများစွာ ကျော်လွန်နေသော ဝိညာဥ် စွမ်းအင်များ လိုအပ်သည်။ ထို့နောက် မျက်လုံး၊ အသိစိတ် ပင်လယ်နှင့် စိတ်မျက်လုံးတို့တွင် ဝင်္ကပါများ တည်ဆောက်ရမည်။ ထိုအဆင့်များ၌ ချွတ်ယွင်းချက် တစ်ခုတစ်လေပင် ရှိ၍ မရချေ။
ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်ရင်း တည်ဆောက်ရမည့် ဝင်္ကပါ အမှတ်အသားကို ကြည့်လိုက်၏။
“ချီးပဲ...”
ရှုပ်ထွေးလွန်းသည်။ သာမန် ရှုပ်ထွေးလွန်းသည် ဆိုသည့် စကားလုံးထက်ပင် ပိုမို ရှုပ်ထွေးလွန်းသည်။ ၎င်းသည် ပြီးပြည့်စုံသော စက်ဝိုင်း ပုံသဏ္ဌာန် ဖွဲ့စည်းထားကာ တစ်ခုနှင့် တစ်ဆက် ဆက်နွယ်နေသည့် အမှီအခို ကင်းမဲ့သော မျဥ်းသုံးထောင်ပါ ရှိသည်။
ထိုနည်းလမ်းက အလွန်အမင်း ရှုပ်ထွေး ပွေလီလွန်းသည်။ အန္တရာယ် ဖြစ်နိုင်ချေ ရှိသည်။ မည်မျှပင် အစွမ်းထက် စေကာမူ ထိုမျှ စွန့်စားရန် ဝေ့ဝူယင် ဆန္ဒ မရှိချေ။
ထိုစာအုပ်အား မီးဒြပ်စင်ချီဖြင့် လောင်ကြွမ်းပစ်ရန် ဟန်ပြင်လိုက်စဥ်မှာပင် စာအုပ် နောက်ဆုံး စာမျက်နှာရှိ စာလုံး တစ်လုံးက ဝေ့ဝူယင်ကို ဖမ်းစားသွား၏။
“မက်ဂျီ...”
ထိုမျှသာ ဖြစ်သော်လည်း ယင်းက သာမန် စာလုံးတစ်လုံး မဟုတ်ချေ။ ကွာခြားချက် အနည်းငယ်မှ လွဲ၍ အပြစ်သား တက်တူးနှင့် ဆင်တူသော ရေးပုံရေးနည်း ရှိသည်။
သူသည် အပြစ်သား တက်တူး၏ အဓိပ္ပာယ်ကိုတော့ နားလည်သော်လည်း ထိုအရာက သူ ထိုစာကို ဖတ်တတ်ခြင်းကြောင့် မဟုတ်ချေ။ ဝိညာဥ် ချိတ်ဆက်မှုကြောင့်သာ နားလည်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် မက်ဂျီ ဆိုသော စကားလုံး၏ အဓိပ္ပာယ်ကိုမူ သူ ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ပါချေ။
သို့သော်လည်း ထိုစကားလုံးကို တွေ့မြင်ပြီးနောက် သူ၏ နှလုံးသားမှာ ကောင်းကင်ဘုံ နတ်မျက်စိ နည်းလမ်းကို ကျင့်ကြံရန် ရိုင်းစိုင်းစွာ တွန်းအားပေး နေခဲ့ပြီ ဖြစ်သည်။
အတန်ကြာ စဥ်းစားပြီးနောက်၌ ဝေ့ဝူယင်က အံကို တင်းတင်းကြိတ် လိုက်၏။
“ဝေ့ဝူယင်... မင်း မျက်လုံး ကန်းသွားနိုင်တယ်... ရူးသွားနိုင်တယ်... ပင်မ ဝိညာဥ်နဲ့ ဆက်သွယ်မှုကို ပြတ်တောက် သွားစေနိုင်တယ်... အဆုံးမှာ ဘာမှ မရပဲ ကျဆုံးမှုတွေနဲ့ပဲ ရင်ဆိုင် သွားရနိုင်တယ်... မင်း စွန့်စားဝံ့လား”
ထူးဆန်းစွာပင် ထိုနည်းလမ်းကို ကျင့်ကြံလိုသည့် သူ၏ ဆန္ဒက ပိုမို ပြင်းထန်လာခဲ့၏။ မည်မျှ ဆန်းကြယ်လိုက်သနည်း။ ထိုအရာ အားလုံးက “မက်ဂျီ” ဆိုသော စကားလုံးလေး တစ်လုံးတည်းကြောင့်ပင်။
“ဧဒင်သစ်ပင်ရဲ့ စွမ်းအားတွေကို ဝါမျိုပြီးတဲ့နောက် ငါ့ရဲ့ စိတ်မျက်လုံးနဲ့ အသိစိတ် ပင်လယ်က သာမန်ထက် အဆ တစ်ရာလောက် ပိုပြီး အစွမ်းထက်နေပြီ... နောက်ပြီး ငါ့ရဲ့ မျက်လုံးကလည်း နဂါးသွေး မျိုးဆက် စွမ်းအင်တွေနဲ့ သန့်စင်ထားတာ ဆိုတော့ သာမန် လူသားမျက်လုံးလို့တောင် ပြောလို့ မရတော့ဘူး... နဂါး မျက်လုံးအဖြစ် တဖြည်းဖြည်း အသွင်ပြောင်းနေပြီ”
ဝေ့ဝူယင် စိတ်ထဲမှ တွက်ချက်နေခဲ့၏။ အကြမ်းဖျဥ်း ခန့်မှန်းရပါက သူ ပိုင်ဆိုင်ထားသည့် အရာများမှာ ကောင်းကင်ဘုံ နတ်မျက်လုံးအား ကျင့်ကြံရန် လုံလောက်နိုင်ချေ ရှိသည်။ တစ်ခုတည်းသော ပြဿနာက စွန့်စားရန် လိုအပ်ခြင်း ဖြစ်သည်။
သူသည် သက်စွန့်ဆံဖျား ကြိုးရသည်ကို သိပ်မကြိုက်ချေ။ အချိန်ယူ အစီအစဥ်များ ဆွဲပြီး ဖြည်းညင်းစွာ လုပ်ဆောင်ရသည်ကိုသာ ပို၍ နှစ်သက်သည်။ ထိုအလေ့အကျင့်ကြောင့်ပင် သူ ယနေ့အထိ အသက်ရှင်ခဲ့ခြင်း ဖြစ်သည်။
“အခွင့်အရေး တစ်ခုပဲ ရှိတယ်... အမှားလုပ်လို့ မရဘူး...”
ဝေ့ဝူယင် မျက်နှာကျက်သို့ မော့ကြည့်ရင်း အဘိုးအို ရေရွတ်ခဲ့သည့် စကားလုံးများကို ပြန်လည် ကြားယောင် လိုက်သည်။ ငွေရောင် မျက်လုံးများ...
အဘိုးအိုသည် သူ၏ ငွေရောင် မျက်လုံးများကို မြင်တွေ့ပြီးနောက် ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ်ကို ကျင့်ကြံရန် လမ်းညွှန်ခဲ့သည်။ ထိုငွေရောင် မျက်လုံးများသည် မိခင် ဖြစ်သူနှင့် သူ့တွင်သာ ရှိသည့် ထူးခြားသော လက္ခဏာများ ဖြစ်သည်။ အကိုကြီးတွင်ပင် ငွေရောင် မျက်လုံးများ မရှိပေ။
“အဲဒါက တစ်ခုခုကို ညွှန်ပြနေတာလား... ငါ သူတို့ကို မမေးနိုင်ခဲ့တာ ကံဆိုးတာပဲ”
အတိတ်၏ ပုံရိပ်အချို့က ဝေ့ဝူယင်၏ စိတ်ထဲ ဖျပ်ခနဲ ပြန်ပေါ်လာ၏။ ခရမ်းရောင် အသားအရေနှင့် ကောင်မလေး တစ်ယောက်ကို သူ မြင်တွေ့လိုက်ရသည်။ သို့သော်လည်း သူမ၏ ပုံရိပ်များက ရှင်းလင်းခြင်း မရှိတော့...။
အတန်ကြာ တိတ်ဆိတ်ပြီးနောက်၌ ဝေ့ဝူယင် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။ ထို့နောက်တွင် သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများကို စတင်လိုက်တော့၏။ ကျင့်စဥ်မှာ အမှားမခံရာ စိတ်ပိုင်းဆိုင်ရာ အခြေအနေ အမြင့်ဆုံးတွင် ရှိနေစေရန် လိုအပ်ပေသည်။
***