အလင်းတန်း
Vol. 13 Ch. 172
စုမေ့သည် လက်ဖြင့် ထိတွေ့နိုင်လောက်အောင် ထူထပ်သော ကြယ်တာရာ အမြုတေများ ရှိသည့် ကျင့်ကြံခြင်း အခန်းတစ်ခုထဲတွင် ထိုင်နေခဲ့၏။
အနန္တဧကရာဇ်ဂိုဏ်းကို ရောက်ရှိချိန်မှ စတင်၍ သူမသည် ဘဝတစ်လျှောက်လုံး ဘယ်တုန်းကမှ စိတ်ကူးမယဥ်ခဲ့ဖူးသည့် အကျိုးအမြတ်များကို ခံစားခဲ့ရသည်။ သူမသည် တိတ်ဆိတ်နေခဲ့သည် ဆိုသော်လည်း ရှုခင်းအသစ်နှင့် လူနေထိုင်မှု ပုံစံအသစ်တို့က သူမ၏ နှလုံးသား တစ်ခုလုံးကို လွှမ်းခြုံထားခဲ့သည်။
သူမသည် ရွာငယ်လေး တစ်ရွာတွင် မွေးဖွားခဲ့ပြီး ခင်ပွန်းကောင်း တစ်ယောက် ရရှိရန် ဆိုသော ရည်ရွယ်ချက်ဖြင့် မိဘများက သူမကို ပြုစုပျိုးထောင်ခဲ့ကြသည်။ သူမသည် ချက်ပြုတ်တတ်ရန်၊ သန့်ရှင်းရေး လုပ်တတ်ရန်၊ လိုအပ်သည့် အခါ တိတ်တဆိတ်ရန်တို့ကို သင်ယူခဲ့ရသည်။ သို့သော်လည်း ဘဝက ဘယ်တော့မှ ထင်သလို မဖြစ်လာခဲ့။ ကျင့်ကြံသူ တစ်ယောက် ရောက်ရှိလာကာ သူမကို ခေါ်ဆောင် သွားခဲ့သည်။
ဤသို့ဖြင့် သူမ နေသွေးနီနီဂိုဏ်းကို ရောက်ရှိလာခဲ့သည်။ အဆင့်နိမ့် တပည့် တစ်ယောက်၏ မယားငယ် အဖြစ် မောင်းမဆောင်တွင် နေရာရခဲ့သည်။ ပထမ၌ သူမ လိုတရခဲ့သေးသည်။ ကျင့်ကြံသူများသည် မည်မျှ အဆင့် နိမ့်စေကာမူ သာမန် သေမျိုးများထက် အဆများစွာ ပိုမိုသော ငွေကြေးများကို ရှာဖွေနိုင်ကြသည်။ အစားအသောက် အလျှံပယ်၊ အဝတ်အစား အလျှံပယ်နှင့် ဘဝတူ ညီအမများကို သူမ ရရှိခဲ့သည်။ ထိုညီအမများက သူမကို ကောင်းမွန်စွာ ဂရုစိုက်ကာ များစွာသော အရာများကို သင်ကြားပေးခဲ့သည်။ သူတို့ အတူတကွ ရယ်မောခဲ့ကြဖူးသည်။
သို့သော်လည်း ထိုလူကြီး၏ အာရုံစူးစိုက်မှုများ ရရှိခဲ့သော တစ်နေ့၌ ထိုညီအမများမှာ ပြောင်းလဲ သွားခဲ့ကြသည်။ သူတို့သည် မနာလိုစိတ် အပြည့်ဖြင့် သူမအား ဝိုင်းပယ်ခဲ့ကြသည်။ ဝိုင်းလှောင်ခဲ့ကြသည်။ သူမ၏ နောက်ကွယ်တွင် အတင်းအဖျင်းများ ပြောခဲ့ကြသည်။
သူမ၏ ဘဝက ချက်ချင်းပင် ငရဲခန်း တစ်ခုသဖွယ် ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံး လူပုံအလယ်တွင် ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရသည် အထိ...။
ထိုနေ့တွင် လူသားများ၏ နှလုံးသားထဲက အမှောင်ထုကို သူမ မြင်တွေ့ခဲ့ရသည်။ သူမ ကိုယ်တိုင်သည်လည်း စိတ်ဓာတ်ကျခြင်းနှင့် မိမိကိုယ်ကို မုန်းတီးခြင်း ဟူသော အမှောင်ထု ချောက်နက်ကြီး အတွင်း ဆင်းသက် လာခဲ့သည်။
ထိုလူကြီးမှာ သူမ၏ ဆိုးရွားသော အဖြစ်အပျက်များကို တွေ့မြင်သည့်တိုင် လျစ်လျူထားခဲ့သည်။ အကယ်၍ ထွက်ပြေးပြန်လျှင်လည်း လိုက်ရှာပြီး သတ်ဖြတ်ခံရဦးမည်... သို့မဟုတ် ထိုထက် ပိုမို ဆိုးရွားသည့် ကျွန်တစ်ယောက် အဖြစ် ပြောင်းလဲကာ ရစရာ မရှိအောင် ခိုင်းစေခံရဦးမည် ဖြစ်သည်။
သူမ လွတ်လမ်းကို မမြင်နိုင်တော့။ သူမကား အလွန် အားနည်းလွန်းသည်။ မျက်ရည်များက နေ့ရော ညပါ ကျဆင်းကာ ထောင့်တစ်နေရာတွင် နေ့တိုင်း သူမ ကြိတ်ငိုခဲ့ရသည်။ ကယ်တင်သူ တစ်ယောက် ပေါ်လာနိုး မျှော်လင့်ရုံမှ တစ်ပါး သူမ ဘာတတ်နိုင်ခဲ့မည်နည်း။
ဤသို့ဖြင့် နေ့ကို ရက်စား၍ ရက်သတ္တပတ်များစွာ ကုန်လွန်သွားခဲ့၏။ ထို့နောက်တွင် သူမ မျှော်လင့်ခဲ့ရသော ရက်ရာဇာနေ့မှာ ရောက်ရှိလာခဲ့သည်။
သူသည် ကောင်းကင်မှ ဆင်းသက်လာကာ သူမ အိပ်မက်သာ မက်နိုင်ခဲ့သော လုပ်ရပ်များကို အကောင်အထည် ဖော်သွားပေးခဲ့သည်။ သူသည် ငွေရောင် မျက်လုံးများကို ပိုင်ဆိုင်ကာ အခြားကမ္ဘာမှဟု ထင်ရသည် အထိ အလွန် ချောမော ခန့်ညားသည်။
သူသည် ပထမဆုံး တွေ့ဆုံမှုတွင်ပင် သူမ နှလုံးသားထဲ၌ လျှို့ဝှက်ထားသည့် အမှန်တရားကို ဖော်ထုတ်ခဲ့သည်။ သူမအား “ဗိုက်ဆာနေလား” ဟု မေးမြန်းခဲ့သည်။
ဇာတိရွာငယ်လေးတွင် နေထိုင်စဥ်က သူမသည် မင်းသားလေးနှင့် ကျေးတောသူလေးတို့ ချစ်ကြိုးသွယ်ခဲ့သည့် ဇာတ်လမ်း ပုံပြင်များစွာကို ဖတ်ဖူးခဲ့သည်။ တဒင်္ဂလောက်တော့ ထိုအရာက ကံကြမ္မာတစ်ခုလို့ သူမ ထင်မိခဲ့သေးသည်။ ထိုမေးခွန်းအား သူမ ထူးထူးခြားခြား ပြန်မဖြေနိုင်ခဲ့။ ခေါင်းညိတ်ပြီး ဖြစ်လိမ့်မယ် ထင်ပါတယ် ဟုသာ အယောင်ယောင် အမှားမှား ပြောဆိုနိုင်ခဲ့သည်။
ထို့နောက် သူက ပြုံးသည်။ နေမင်းကဲ့သို့ တောက်ပပြီး၊ သမုဒ္ဒရာများ ကဲ့သို့ နက်ရှိုင်းသော အပြုံး... ထိုအပြုံးက သူမ၏ ခံစားမှု အာရုံများကိုပင် ကျော်လွန်သွားခဲ့သည်။
“ဒါဆို စားလို့ရတဲ့ နေရာ ငါနင့်ကို ခေါ်သွားပေးမယ်”
ကံကြမ္မာကို ပြောင်းလဲစေခဲ့သော ထိုစကားလုံးများက သူမ၏ နှလုံးသား တစ်နေရာတွင် နက်ရှိုင်းစွာ စွဲထင်နေဆဲ ဖြစ်သည်။
ထို့နောက် သူက သူမအား မည်ကဲ့သို့ ကျင့်ကြံရမည် ကို သင်ပေးခဲ့သည်။ မည်ကဲ့သို့ တိုက်ခိုက်ရမည်၊ မည်ကဲ့သို့ ပါးနပ်ရမည်တို့ကို ညွှန်ပြပေးခဲ့သည်။ သူ၏ စကားလုံးတိုင်းက သူမ အတွက် ရွှေသဖွယ်ပင်။
ဤသို့ဖြင့် သူမ ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့ကာ သူ့အတွက် တိုက်ခိုက်ပေးခဲ့သည်။ သူ၏ စကားလုံးတိုင်းက သူမ အတွက် ဥပဒေ ဖြစ်ခဲ့သလို သူမ အတွက် ဘဝကြီးလည်း ဖြစ်ခဲ့သည်။ သူမ၏ ဓားကို သူ ပိုင်သည်။ သူမ၏ ဘဝကို သူ စိတ်တိုင်းကျ စီမံနိုင်သည်။ ထိုအရာက ဖိအားပေးခြင်းကြောင့် မဟုတ်ပဲ သူမ ကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သူမသည် ကျင့်ကြံခြင်း အဆင့်များကို ခပ်မြန်မြန်ပင် ချိုးဖျက်ကာ သူ၏ အယုံကြည်ရဆုံး လက်ထောက် တစ်ယောက် ဖြစ်လာခဲ့သည်။ ထိုသုံးနှစ်အတွင်း သူ၏ နံဘေးမှ တစ်ဖဝါး မခွာ လိုက်ရင်း အရိပ်တကြည့်ကြည့် ပြုစုပေးခဲ့သည်။
ခရီးသည်များသည် လမ်းပျောက်ဆုံးသော အခါ၌ ကောင်းကင်တွင် ထွန်းလင်းသော ကြယ်လေး တစ်လုံးကို အမှီသဟဲ ပြုကြရသည်။ ထိုကြယ်လေးက ညအခါတွင် တသမတ်တည်း တောက်ပကာ သူတို့ကို လမ်းမှန်သို့ ရောက်အောင် ညွှန်ပြပေးသည်။ လမ်းပျောက်ဆုံးခြင်း၏ အဓိပ္ပာယ်ကို မသိသည့်တိုင် သူ့နောက်ကျောကို မြင်ရတိုင်း အလင်းတန်း တစ်ခုကို သူမ တွေ့ရသည်။ ထိုအလင်းက သူမအတွက် ကိုယ်ပိုင် လမ်းပြကြယ်လေလော... ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ထို့နောက်တွင် သူ ရုတ်တရက် ထွက်ခွာသွားခဲ့သည်။ စိုးရွံ့မှုနှင့် မသေချာ မရေရာမှုတို့က သူမ၏ နှလုံးသားကို အရိပ်သဖွယ် တဖြည်းဖြည်း စတင် ဝါးမျိုလာခဲ့၏။ ကျင့်ကြခြင်း လောကသည် ရက်စက်ကာ သူ့တွင် မရေမတွက်နိုင်သော ရန်သူများ ရှိသည်။ အကယ်၍ သူသာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက... မည်သူက သူမကို အလင်းပေးတော့မည်နည်း။
ညအခါ၌ ကောင်းကင်ကို ကြည့်ရင်း လင်းထင်းသော ကြယ်များကို သူမ ရှာဖွေမိသည်။ ကြယ်တစ်စင်း ကြွေသွားသည်ကို မြင်တိုင်း သူ မဟုတ်ရန် သူမ ဆုတောင်းခဲ့သည်။
ငါးနှစ် ကုန်လွန်သွားပြီးသည့်တိုင် ဘာသတင်း အစအနမှ မရခဲ့။ သူမ မည်မျှ ရှာဖွေ စေကာမူ၊ မည်မျှ စုံစမ်းစေကာမူ သူ့အား ပြန်ရှာ မတွေ့ခဲ့။ ဂိုဏ်းက သူ သေဆုံးသွားပြီ ဆိုသည့် အကြောင်း တရားဝင် ကြေညာကာ အဓိက တပည့် အဆင့်အတန်းကို ပြန်လည် ရုတ်သိမ်းခဲ့သည်။ အခြား လူတစ်ယောက်နှင့် အစားထိုး ခဲ့သည်။
သို့သော်လည်း သူမကမူ ထိုသို့ မလုပ်ခဲ့။ ညကောင်းကင် ကြယ်များ အကြား၌ သူ့အား တွေ့လိမ့်နိုးနိုး လိုက်ရှာ နေမိဆဲ ဖြစ်သည်။
ကျင့်ကြံခြင်း အမှု၌ ယခင်ကထက် ဆယ်ဆ ပိုမို ကြိုးစားခဲ့သည်။ မရေမတွက်နိုင်သော တိုက်ပွဲများကို တိုက်ခိုက်ကာ အောင်နိုင်သူဘွဲ့ကို ဆင်မြန်းခဲ့သည်။ လူအများက သူမကို ပါရမီရှင် တစ်ယောက် အဖြစ် စတင် သတ်မှတ် လာကြသည်။ ဝိုင်းဝန်း ချီးကျူးလာကြသည်။ သို့သော်လည်း ထိုအရာများက သူမအတွက် အရေးမပါခဲ့။ သူမ ကျင့်ကြံသည်က အသိအမှတ်ပြုမှု၊ ကျော်ကြားမှုနှင့် စွမ်းအားများ အတွက် မဟုတ်ချေ။ သူ့အား ရှာဖွေရန် သက်သက်သာ ဖြစ်ခဲ့ပါသည်။
သူမ ပို၍ အေးစက်လာသည်။ သူမ ပို၍ ရက်စက်လာသည်။
ထို့နောက် နောက်ထပ် ငါးနှစ်... သူ ပြန်လာခဲ့သည်။
ခံစားချက်များမှာ အမြင့်ဆုံးထိ ရောက်ရှိသွားခဲ့သည့်တိုင် သူမ ကိုယ့်ကိုယ်ကို ချုပ်ထိန်းခဲ့သည်။ ရှိုက်ကြီး တငင်ငင် ငိုချင်ခဲ့သော်လည်း အားနည်းချက်များကို သူမ မဖော်ပြလိုခဲ့။ သူ့ရင်ခွင် အတွင်း တိုးဝင်လိုသည့်တိုင် နှစ်ယောက်အကြားမှ ဆက်ဆံရေး နယ်နိမိတ်ကို သူမ မကျော်လွန်နိုင်ခဲ့။
သို့သော်လည်း သူက အလိုက်တသိပင် သူမအား ပွေ့ဖက်ခဲ့သည်။ အနက်ရှိုင်းဆုံး ချောက်အတွင်းမှ ဆွဲခေါ်တင်ခဲ့သည်။ ရှင်သန်ခြင်း၏ အဓိပ္ပာယ်ကို ပြန်လည် အသက်ဝင်စေခဲ့သည်။ သူမအတွက်တော့ သူက အလင်းတန်း တစ်ခုပင်။
ထို့နောက် များစွာသော အရာများ ဖြစ်ပွားသွားခဲ့သည်။ သူနှင့်အတူ ကျော်ဖြတ်ရသော စက္ကန့်တိုင်း၊ မိနစ်တိုင်းက စိတ်လှုပ်ရှားကာ ကျေနပ်ဖွယ် ကောင်းလွန်းလှသည်။ သူတို့ နိုင်ငံအနှံ့ လျှောက်သွားခဲ့ကာ အမျိုးမျိုးသော အရာများနှင့် ထိတွေ့ခဲ့သည်။ သူမ၏ အေးစက်သော နှလုံးသား၊ ပြင်းပြသော ရည်ရွယ်ချက်နှင့် စွမ်းအား အတွက် ဆန္ဒတို့မှာ တဖြည်းဖြည်း ပြန်လည် မှေးမှိန်လာခဲ့ရသည်။
ထိုလများ အတွင်း၌ လောက၏ အစစ်အမှန် စွမ်းအားနှင့် သူမ မည်မျှ အားနည်းကြောင်းတို့ကို တွေ့မြင်ခဲ့ရသည်။ သူမက သူ့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုလော။ ထိုအတွေးက သူမ နှလုံးသားထဲတွင် အဆက်မပြတ် ပျံ့နှံ့လာခဲ့သည်။ သူမ လက်မခံလိုခဲ့သော်လည်း အလင်းတန်းလေးက တဖြည်းဖြည်း ပို၍ ဝေးကွာလာသည်။
ဘဝက သည်လိုနှင့် အဆုံးသတ်သွားတော့မည်လော။ သူမ စိတ်ခံစားချက်များမှာ ပိုမို ပြင်းထန်လာ၏။ အကယ်၍ အလှမ်းမှီတော့လျှင်ပင် သူ၏ ဓားတစ်စင်း အနေဖြင့်၊ လှံတစ်စင်း အနေဖြင့်၊ ဒိုင်းကာ တစ်ခု အနေဖြင့်၊ အလံ တစ်ခု အနေဖြင့်...
စုမေ့၏ မျက်လုံးများက ပိုမို တည်ငြိမ်လာ၏။ ဝေ့ဝူယင်ကို လမ်းပြကြယ် တစ်ခု အနေဖြင့် မှီခိုနေခြင်းထက် သူမ ကိုယ်တိုင် ကြယ်တစ်ပွင့် ဖြစ်ချင်လာသည်။ လင်းသည်ဖြစ်စေ၊ မှိန်သည် ဖြစ်စေ... သူ့နံဘေးတွင် ထာဝရ လိုက်ပါရင်း အသက်စွန့်လိုသည်။ သူ့အတွက် တစ်စုံတစ်ရာဖြင့် အသုံးဝင်လိုသည်။
ထိုကဲ့သို့ ပြုလုပ်ရန် အတွက် သူမတွင် နည်းလမ်း တစ်ခုသာ ရှိတော့သည်။ ကိုယ်ပိုင် လမ်းကြောင်း တစ်ခု ဖောက်ထုတ်ရန်ပင်။
စုမေ့၏ မျက်လုံးများက ဝိညာဥ်ကို ရောင်ပြန်ဟန်ကာ အဆုံးမဲ့ ဆူပွက်နေသည့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်လာ၏။ ထိုနက်ရှိုင်းသော မျက်လုံးများ အတွင်း၌ ချိုးဖျက်၍ မရနိုင်သော အမှောင်ထု တစ်ခု ဖြစ်ပေါ်လာကာ အလင်းတန်း အားလုံးကို စိုးမိုးသွားသည်။
ရည်ရွယ်ချက်...
လောကမှ မဟုတ်ပဲ စိတ်မှ မွေးဖွားလာသည့် ရည်ရွယ်ချက်၊ ရှေးဟောင်းခေတ်ကာလများတည်းက ပျောက်ဆုံးသွားခဲ့သော ရည်ရွယ်ချက် တစ်မျိုးကား စုမေ့ထံတွင် ပြန်လည်ကာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။ ထိုရည်ရွယ်ချက်နှင့် အတူ... အမှောင်ထုနှင့် အလင်းတို့မှာ အတူတကွ ပူးပေါင်းသွားကာ ဒြပ်စင်စွမ်းအင်ထက်ပင် ပိုမို ဆန်းကြယ်သည့် “အလင်းအမှောင် စွမ်းအင်” တစ်မျိုး မွေးဖွားလာခဲ့လေသည်။
စုမေ့မှာ သူမ ဉာဏ်အလင်းပွင့်သွားကြောင်း ရုတ်ချည်းပင် သဘောပေါက်လိုက်၏။ သူမက လက်အား ငုံ့ကြည့် လိုက်ရာ အလင်းအမှောင် စွမ်းအင်များက သူမ၏ လက်ချောင်းနှင့် လက်ဖဝါးတစ်ဝိုက်တွင် နေရာယူလာသည်။ သူမ လက်သီးအား ဆုပ်လိုက်ရာ ထိုစွမ်းအားမှာ တဟုန်ထိုး တိုးတက်လာသည်ကို တွေ့မြင်လိုက်ရ၏။
“ငါ အရှင်ဝေ့ရဲ့ လမ်းစဥ် ဖြစ်တဲ့ ဆေဘာချီ ဆန်းကြယ် ဝိညာဥ်ကို မကျင့်ကြံတော့ဘူး... အမှောင်အလင်းချီ ဆန်းကြယ် ဝိညာဥ်ကိုပဲ ကျင့်ကြံတော့မယ်... သူ့ဘေးနားကနေ ထာဝရ လိုက်ပါနိုင်တဲ့ ကြယ်တစ်စင်း ဖြစ်ဖို့ ငါကိုယ်တိုင်းက အလင်းတန်း ဖြစ်နေရမယ်”
ထိုဆုံးဖြတ်ချက်အား ချမှတ်ပြီးသည့်နောက် သူမ မသိလိုက်ခင်မှာပင် ဆန်းကြယ် ဝိညာဥ်မှာ အလွန် ဆန်းပြားသော တစ်စုံတစ်ရာ အဖြစ် စတင်ကာ အသွင်ပြောင်းနေခဲ့ပြီ ဖြစ်လေတော့သည်။
...
သုံးလကြာပြီးနောက်...
ဝေ့ဝူယင်သည် တင်ပျဥ်ချိတ်ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်ရှုနေခဲ့သည်။ ၎င်း၏ မျက်နှဖုံးတွင် “အမတေနှင့် ဝိညာဥ် အသွင်ပြောင်းလဲခြင်း သီအိုရီ” ဟူသော စကားလုံးကို ရေးထိုးထားသည်။ ထိုစာအုပ်မှာ ထာဝရ ဧကရာဇ် ကိုယ်တိုင် ရေးသားထားသည့် စာအုပ်ဖြစ်ပြီး အဂ္ဂိရတ် လမ်းစဥ်တွင် အသုံးပြုနိုင်သည့် အမျိုးမျိုးသော စည်းမျဥ်းများနှင့် သီအိုရီများကို ဖော်ပြထားသည်။
လွန်ခဲ့သော သုံးလ အတွင်း၌ သူသည် ထာဝရ ဧကရာဇ် ရေးသားသည့် စာစောင်များ၊ ဆေးဖော်စပ်နည်းများ အပါအဝင် မရေမတွက်နိုင်သော စာအုပ်များကို ဖတ်ရှုခဲ့သည်။ အဂ္ဂိရတ် ဧကရာဇ် တစ်ယောက် အနေဖြင့် သူသည် နှစ်ထောင်ပေါင်းများစွာသော အမွေအနှစ်များကို သိုလှောင်ထားသည့် နေရာများသို့ပင် ဝင်ရောက်ခွင့် ရရှိခဲ့ပြီး ဖြစ်သည်။
သူ ရှာဖွေတွေ့ရှိခဲ့ရသော အရာများထဲမှ တစ်ခုမှာ အဂ္ဂိရတ် ဇာတိဝိညာဥ်ကို ရှားရှားပါးပါး ကျင့်ကြံကြသည့် လူများ၏ အကြောင်း ဖြစ်သည်။ အဂ္ဂိရတ် ဇာတိဝိညာဥ်သည် အဂ္ဂိရတ် လမ်းစဥ် အတွက် အကျိုးရှိသည် ဆိုသော်လည်း ချို့ယွင်းချက် များစွာ ရှိသည်။
ထိုလမ်းစဥ် လိုက်စားသူများမှာ များသောအားဖြင့် ချီပျစ်ခဲခြင်း အဆင့်ကိုးတွင်သာ ဘဝ ဇာတ်သိမ်းရပြီး သူတို့၏ သက်တမ်းမှာလည်း ရာဂဏန်းသာလျှင် ရှိပေသည်။ ထိုကဲ့သို့ အချိန် ကန့်သတ်ချက်ကြောင့်ပင် သူတို့မှာ အဂ္ဂိရတ် ဝိညာဥ်ကို ပိုင်ဆိုင်ထားသည့်တိုင် အမြင့်ပိုင်း အဆင့်များသို့ တက်လှမ်းရန် မဖြစ်နိုင်တော့ချေ။
အဂ္ဂိရတ် သမိုင်းအား ပြန်လည် ကြည့်ရပါက... ထာဝရ ဧကရာဇ်မှ လွဲ၍ အခြား အကျော်အမော် ပညာရှင်များစွာမှာ အဂ္ဂိရတ် ဝိညာဥ် မဟုတ်သည့် အခြား ဝိညာဥ်များကိုသာ ပိုင်ဆိုင် ထားကြသည်။ ထို့ကြောင့်ပင် ရှန်းလင်က အဂ္ဂိရတ် လမ်းစဥ် အတွက် အဂ္ဂိရတ် ဝိညာဥ် တည်ဆောက်ရန် ကြိုးပမ်းခြင်းက ရူးသွပ်ခြင်းဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုအရာက စိတ်ပျက်စရာ ကောင်းလှသည့် အမှန်တရား တစ်ခု ဖြစ်သော်လည်း ဝေ့ဝူယင်နှင့်တော့ သိပ် မသက်ဆိုင်လှချေ။ သူသည် သူ၏ အဂ္ဂိရတ် ဇာတိ ဝိညာဥ်ကို ဒြပ်စင်၊ ဆေဘာ၊ နဂါး စွမ်းအားများဖြင့် သန့်စင် ထားသည်။ ထို့အပြင် သူ၏ ဇာတိ ဝိညာဥ် အားလုံးတွင် ချီအမတေ ၉၉ ခုစီ ရှိသည်။ အကန့်အသတ် ဖြစ်သည့် ဒဏ္ဍာရီလာ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကို ရောက်ရန် မန်နာအမတေ လိုရုံမျှသာ ဖြစ်သည်။
အမျိုးမျိုးသော ဆေးဖော်စပ်နည်းများကို လေ့လာရင်း “မန်နာ စိမ့်ဝင်တာအိုဆေး” ဟု ခေါ်သည့် အဆင့်ရှစ် အထွတ်အထိပ် ဆေးတစ်မျိုးကို တွေ့ရှိခဲ့ရသည်။ ထိုဆေးလုံးသည် မန်နာ အမတေကို ဖွဲ့စည်းနိုင်ရုံမျှ မက... သဘာဝ နည်းလမ်းဖြင့် ဖွဲ့စည်းထားသည့် မန်နာ အမတေထက် အဆ တစ်ရာခန့် ပိုမို သန်မာသော မန်နာ အမတေကိုပင် ရရှိစေနိုင်သည်။ သို့သော်လည်း ထိုဆေးလုံးကို ဖော်စပ်ရန်က ကြယ်တာရာ တူးဖော်ခြင်း ဆေးလုံးထက် အဆပေါင်း ထောင်ချီအောင် ပိုမို ခက်ခဲလှပေသည်။
***