← Chapters

ခြားနားသော ဘဝများ

Vol. 13 Ch. 173

ခြားနားသော ဘဝများ

Vol. 13 Ch. 173

ဤနေရာသို့ ရောက်ရှိပြီးနောက်၌ သူ အသစ် အသစ်သော အရာများစွာကို သင်ယူခဲ့ရသည်။ စိတ်နေစိတ်ထား အပါအဝင် ယုံကြည်ချက် အသစ်နှင့် အခြေအနေ အသစ်တို့ကို ချိန်ညှိခဲ့ရသည်။

ကောင်းကင်ဧကရာဇ် တစ်ဦး အနေဖြင့်၊ အများ လက်ခံထားသည့် အဂ္ဂိရတ် တာအို၏ ပါရမီရှင် တစ်ယောက် အနေဖြင့် သူ အဆက်အသွယ်ကောင်းများ ရရှိလာခဲ့သည်။ မဟာဝင်ရိုးဂိုဏ်း ပြိုကွဲပြီးသည့် နောက်ပိုင်းတွင် မရေမတွက်နိုင်သော ဧည့်သည်များမှာ သူ့ထံသို့ လာရောက်ခဲ့ကြသည်။ ထိုအထဲတွင် စစ်တောင်ထွတ်၊ မူလတောင်ထွတ်တို့မှ ကောင်းကင်နိုဘယ်များ အပြင် အခြား အဂ္ဂိရတ် ဧကရာဇ်များပင် ပါဝင်ခဲ့သည်။

အဂ္ဂိရတ် ဧကရာဇ် အများစုမှာ ဖော်ရွေကြကာ အချို့ဆိုလျှင် သူနှင့် သက်တူရွယ်တူ မိသားစုဝင်များ၊ တပည့်တပန်းများကိုပင် ခေါ်ဆောင်လာကာ ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ရန် ကြိုးစားခဲ့ကြသည်။ အရှက်မဲ့သော အဘွားကြီး တစ်ယောက်ဆိုလျှင် သူမ၏ မြေးမလေးကို အတင်းအကြပ် ခေါ်‌ဆောင်လာကာ အောင်သွယ်ပေးခဲ့သေးသည်။

ထို့အပြင် ဂိုဏ်းအတွင်း ဥပဒေ စိုးမိုးရေးကို ဦးဆောင်ရသည့် စည်းကမ်းထိန်း အဖွဲ့ဝင် များစွာမှာလည်း အမျိုးမျိုးသော အကြောင်းရင်းများဖြင့် ဝေ့ဝူယင်ထံသို့  ရောက်ရှိလာခဲ့ကြသည်။ သူတို့၏ အမူအရာများက များသောအားဖြင့် ပွင့်လင်းကာ လိုရင်းကို မကွေ့မဝိုက်ပဲ တိုက်ရိုက်ပြောလေ့ ရှိသည်။ ဝေ့ဝူယင်သည် သူတို့ထဲမှ အချို့ကို လက်ဆောင်များ ပေး၍ လည်းကောင်း၊ အချို့ကို စကားလုံးများ သုံး၍လည်းကောင်း အိပ်ကပ်ထဲသို့ ထည့်ပစ်သည်။

သုံးလတာ အတွင်းမှာပင် သူသည် များစွာသော အဖွဲ့များနှင့် ကောင်းမွန်သော အဆက်အသွယ်များ ရရှိခဲ့သည်။  သြဇာအာဏာ ဖြန့်ကျက်ရေး အစပျိုးမှု အောင်မြင်ခဲ့သည်။ သူကား လေနှင့်မိုးကို စကားတစ်ခွန်းတည်းဖြင့်ပင် ဆင့်ခေါ်နိုင်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“အဆင့်ခုနစ် ဆေးလုံးတွေ ထုတ်လုပ်နိုင်ရုံနဲ့တင် ဒီလောက် မြှောက်စားခံနေရပြီ... တကယ်လို့ ငါသာ အဆင့်ရှစ် ဆေးလုံးတွေကိုသာ ထုတ်လုပ်နိုင်ရင်...”

ဝေ့ဝူယင် ထိုင်ရာမှ ခပ်ဖြည်းဖြည်း ထလိုက်ရင်း စာအုပ်ကို စာအုပ်စင်ပေါ် ပြန်တင် လိုက်သည်။ ထို့နောက် သူ အသစ်တွေ့ရှိရသမျှ အရာများကို မှတ်သားထားသည့် ဝိညာဥ် ကျောက်စိမ်းပြားကို လှမ်းဆွဲကာ ထွက်ခွာ လာခဲ့၏။

သူ၏ ‌ကောင်းကင်နန်းတော်ကား အလွန် ကျယ်ဝန်းလှသည်။ သုံးဆယ့်ခြောက်ခန်းထဲမှ အခန်း တစ်ခန်းကို ရောက်ရှိရန် အတွက် မိနစ် အနည်းငယ်ပင် အချိန်ယူ လိုက်ရသည်။ ထိုအခန်းမှာ အဂ္ဂိရတ် ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ဒီဇိုင်းဆွဲ တည်ဆောက်ထားသည့် အခန်းပင် ဖြစ်သည်။ ထိုနေရာ၌ ဝင်္ကပါနှင့် အစီအရင်များ ရှိနေကာ အဂ္ဂိရတ် စွမ်းအင်များမှာ နေရာတိုင်းသို့ ဖြာကျနေသည်။

ရောင်စုံ ချယ်သထားသည့် သုံးချောင်းထောက် ဆေးအိုး တစ်လုံးကို ထုတ်ယူလိုက်ရင်း စားပွဲ၏ အလယ်၌ သူ နေရာချလိုက်သည်။ ထိုဆေးအိုး၏ အရွယ်အစားက သိပ်မကြီးလှပဲ အုန်းသီး တစ်လုံးလောက်သာ ရှိပေလိမ့်မည်။ ၎င်း၏ မျက်နှာပြင်ထက်တွင်မူ ကြယ်တာရာ ကောင်းကင်နှင့် ဆင်တူသည့် အလင်း‌ရောင် ဖျော့ဖျော့ တောက်ပနေသော သင်္ကေတများကို ‌ရေးထိုးထားသည်။

ထိုဆေးအိုးကား အဆင့်သုံး ကြယ်တာရာ အဆင့် ရတနာ တစ်ခု ဖြစ်ကာ ဒြပ်စင်ကိုးမျိုး တိမ်မြုပ်ခြင်း ဆေးအိုးဟု အမည်ရသည်။

လက်နက်များ ကဲ့သို့ပင် ရတနာ ပစ္စည်းများကိုလည်း သေမျိုး အဆင့်၊ ချီအဆင့်နှင့် ကြယ်တာရာ အဆင့် ဟူ၍ သုံးမျိုး ခွဲခြားထားသည်။ သေမျိုး အဆင့် ရတနာများမှာ အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ အတွက် ဖြစ်ကာ ချီအဆင့် ရတနာများမှာမူ ချီပျစ်ခဲခြင်း ကျင့်ကြံသူများ အတွက် ဖြစ်သည်။ ကြယ်တာရာ အဆင့် ရတနာများကိုမူ များသောအားဖြင့် ကြယ်တာရာ အမြုတေ ကျင့်ကြံသူများသာလျှင် ပိုင်ဆိုင်နိုင်ကြသည်။

ဝေ့ဝူယင် တစ်ယောက် အေးအေးဆေးဆေး ဆေးဖော်ရန် လုပ်‌ဆောင်နေချိန်တွင် တစ်စုံတစ်ယောက်ကမူ သေခြင်းတရားနှင့် စစ်ခင်းကာ ရှင်သန်ခြင်း၏ နယ်နိမိတ်တွင် ရုန်းကန်နေခဲ့ရလေသည်။

...

စစ်တောင်ထွတ် ဒုတိယ အလွှာ

“အဲဒီ အမှိုက်ကောင်ကို သတ်စမ်း... မင်းက ကိုယ့်ကိုယ်ကို အထင်ကြီးနေတယ်ပေါ့ ဟုတ်လား... ခွေးမသား”

“အဲဒီ‌ ခွေးကောင်က ရောက်လာတဲ့ အချိန်တည်းက ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းပြီ ထင်နေတာလေ... ဟမ့်... သူက ဘာမလို့လဲ... ကောင်းကင်ဧကရာဇ်ဝေ့ မလို့လား... ကောင်းကင်ဧကရာဇ်ကျင်းမလို့လား”

“အားယိုး... သူ့ကို ကောင်းကင်ဧကရာဇ်တွေနဲ့ မယှဥ်စမ်းပါနဲ့... သူ့အဆင့်က ငါ့အစေခံရဲ့ ဖိနပ်ကို ကိုင်ဖို့တောင် ထိုက်တန်သေးတာ မဟုတ်ဘူး”

လူအုပ်သည် ကျယ်ပြောလှသော တိုက်ပွဲ စင်မြင့်ပေါ်ရှိ လူငယ် တစ်ယောက်ကို ကြည့်ရင်း အားမာန်အပြည့်ဖြင့် အော်ဟစ် လှောင်ပြောင်နေ၏။ ထိုနေရာကို ကံကြမ္မာ စင်မြင့်ဟု ခေါ်ကာ စစ်တောင်ထွတ်၏ အဆင့်နိမ့် တပည့်များ အင်ပါယာ စိန်ခေါ်ပွဲ၏ စည်းမျဥ်းများနှင့် အတူ တိုက်ခိုက်ရန် ထားရှိထားသည့် နေရာတစ်ခု ဖြစ်သည်။ ထိုကဲ့သို့သော အဆင့်နိမ့် တိုက်ပွဲများတွင် အလင်း အကာအရံများ ဖွဲ့စည်းကာ ကြီးကြပ်ပေးသည့် ပုဂ္ဂိုလ်များ မပါရှိချေ။

ပုံမှန်အားဖြင့် အင်ပါယာ စိန်ခေါ်ပွဲများတွင် သေဆုံးသည် အထိ ရည်ရွယ်ခြင်းမျိုး ရှားပါးလှသည်။ အများစုမှာ လောင်းကြေးများ ထပ်၍ ဂုဏ်ယူမှု အတွက်သာ တိုက်ခိုက်ကြခြင်း ဖြစ်သည်။ အလွန် ပြင်းထန်သော စိန်ခေါ်ပွဲ များတွင်သာ ရှားရှားပါးပါး အသေအပျောက်များ ဖြစ်ပေါ်တတ်သည်။

ကုဟိုသည် မြောင်ယုကို မသတ်ချေ။ ထို့အစား သူမ၏ အပျိုစင် ဘဝနှင့် လွတ်လပ်မှုတို့ကိုသာ ယူဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း အဆုံးသတ်၌ မြောင်ယုက အရှက်နှင့် သိက္ခာကို အသက်နှင့် လဲကာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပေသည်။

ကံကြမ္မာ စင်မြင့်၏ ပတ်လည်တွင် သေမျိုးဘုံ တပည့်များ၊ ကမ္ဘာ ရွေးချယ်ခံ တပည့်များ အပါအဝင် များစွာသော တပည့်များမှာ ရောနှော တည်ရှိနေကြသည်။ သူတို့သည် စိတ်ဝင်စားမှု အပြည့်ဖြင့် စင်မြင့်ပေါ်ရှိ တိုက်ပွဲကို အားပေး ကြည့်ရှု နေကြ၏။

အားလုံး၏ မျက်လုံးများက တစ်ကိုယ်လုံး သွေးများ စွန်းထင်နေသည့် ပုံရိပ်တစ်ခုကို စိုက်ကြည့်နေကြ၏။ သူသည် ဓားတစ်ချောင်းကို ဆုပ်ကိုင်ရင်း ပြိုင်ဘက်၏ ထိုးနှက်ချက်များကို အလူးအလဲ ခံနေရသည်။ တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နေသည့်တိုင် သူသည် ဖုတ်‌ကောင် တစ်ကောင် အလား ကြံ့ကြံ့ခိုင် ရပ်တည်နေဆဲ ဖြစ်၏။

ဓားနှင့် သတ်ဖြတ်ခြင်း၏ ရောင်ဝါတို့က အဆုံးမဲ့သော်လည်း သူသည် ဤတိုက်ပွဲတွင် အောက်စည်းမှသာ တိုက်ခိုက် ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံခြင်း အဆင့်က ချီပျစ်ခဲခြင်း အဆင့်ရှစ်တွင်သာ ရှိကာ ပြိုင်ဘက်မှာမူ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သောကြောင့်တည်း။

ထိုအရာကို လူအချို့က ရဲစွမ်းသတ္တိဟု ချီးမြှောက်ကောင်း ချီးမြှောက်နိုင်သော်လည်း အများစုကမူ “ရူးနှမ်းခြင်း” ဟုသာ မှတ်ချက်ချကြပေသည်။

လူငယ်တစ်ယောက်သည် လူအုပ်ထဲတွင် ဟိုသည် တိုးဝှေ့ကာ သူငယ်ချင်း ဖြစ်သူကို တွေ့သည် အထိ လိုက်ရှာနေ၏။ သူငယ်ချင်း ဖြစ်သူ၏ နံဘေးသို့ ရောက်ရှိသွားသည့် အချိန်မှသာ သူ ကံကြမ္မာ စင်မြင့်ပေါ်သို့ လှမ်းကြည့်လိုက်သည်။ သွေးအလိမ်းလိမ်းနှင့် တိုက်ခိုက်နေသော ပုံရိပ်ကို ကြည့်ရင်း သူ့ မျက်လုံးများက အနည်းငယ် တောက်ပသွား၏။

“ဘာတွေ ဖြစ်နေတာလဲကွ...”

လူငယ်က စိတ်ဝင်တစား မေးရင်း စင်မြင့်ထက်ရှိ အခြား ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။ ထိုတစ်ယောက်မှာ သေမျိုးဘုံ အဆင့် တပည့် တစ်ယောက်ဖြစ်ကာ ထိခိုက်မှု တစ်စုံတစ်ရာပင် မရှိသေးချေ။ သူက မြဲမြံစွာပင် ရပ်တည်နေကာ တောက်ပသော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။ သူ၏ အမူအရာက ကြွက်တစ်ကောင်ကို ကစားနေသော ခြင်္သေ့မင်း ကဲ့သို့ သက်တောင့်သက်သာ ရှိလှ၏။

“မင်းကလည်း နောက်ကျလိုက်တာကွာ... ဒီပြဇာတ်က ပြီးခါတောင် နီးနေပြီ”

လူငယ်၏ သူငယ်ချင်းက သက်ပြင်းချ လိုက်သည်။

“ဘာပြဇာတ်မလို့လဲ”

“မင်းကြည့်လိုက်... ကျိယုရိုက်ထားတဲ့ သွေးအလိမ်းလိမ်းနဲ့ကောင်ကို တွေ့လား... သူက မကြာသေးခင်ကမှ ဂိုဏ်းနဲ့ ပူးပေါင်းလာတဲ့ သေမျိုးဖုန်မှုန့် အဆင့် တပည့်တွေထဲက တစ်ယောက်လေ... အတိုချုံး ပြောရရင် ကျိယုက သေမျိုးဖုန်မှုန့် အဆင့် မိန်းကလေး တပည့် တစ်ယောက်ကို ကြိုက်တယ်ကွာ... အဲဒီ ကောင်မလေးကို သူနဲ့ အတူတူ အိပ်ယာပေါ်မှာ နှစ်ကိုယ်တစ်စိတ် ကျင့်ကြံဖို့ ဖိတ်ခေါ်တယ်ပေါ့... အဲဒါက အဆင့်နိမ့် ကျင့်ကြံသူတွေ အတွက် ဘယ်လောက်ထိ အကျိုးများလဲ အသိသာကြီး ဆိုပေမဲ့ အဲဒီ ကောင်မလေးက ငြင်းလိုက်တယ်လေ”

“ငြင်းတော့ရော ဘာဖြစ်လဲကွ... ကျိယုက အဆင့်နိမ့် တပည့်တွေကို သိပ်ဂရုစိုက်တတ်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး”

လူငယ်က စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။ နှစ်ကိုယ်တစ်စိတ် ကျင့်ကြံခြင်းက နှစ်ယောက်စလုံး အတွက် အကျိုးရှိသည်မှာ မှန်သည့်တိုင် သူမက ငြင်းဆန်တော့ရော ဘာတတ်နိုင်မည်နည်း။ လျစ်လျူလိုက်ရုံသာ...။

သူငယ်ချင်းက ခေါင်းညိတ်လိုက်၏။

“ဒါပေမဲ့ အဲဒီ မိန်းကလေးက ငြင်းလိုက်ရုံတင် မကဘူး... ကျိယုကိုပါ စော်ကားလိုက်မိတာ”

"စော်ကားတယ်...”

“အေး... သူက ကျိယု လွှတ်လိုက်တဲ့ လူကို တိုက်ခိုက် လွှတ်လိုက်တယ်လေ... အဲဒီမှာ ကျိယုက ဒေါသထွက်ပြီး အာဏာ သုံးတော့တာပေါ့... အဲဒီကနေ ခုလို ကံကြမ္မာ စင်မြင့်ပေါ်မှာ သေခြင်း ရှင်ခြင်း စိန်ခေါ်ပွဲ ဖြစ်လာတဲ့ အထိပဲကွ...”

“ဘယ်လိုကြီးလဲ... သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲက ဒီလောက်တောင် လွယ်တာလား... ပြောရရင် ဂိုဏ်းတွင်း စည်းကမ်းတွေတောင် ကျိယု အနေနဲ့ အဲဒီ မိန်းကလေးကို တရားလွန် လုပ်လို့ မရဘူးလေ... တကယ်လို့ သက်သေ အထောက်အထားတွေနဲ့ တိုင်ကြားရင် ကျိုယုတောင် သေဒဏ်ပေးခံရမှာ”

လူငယ်မှာ ပို၍ စိတ်ရှုပ်ထွေးလာ၏။ တိုက်ပွဲသို့ နောက်ကျမှ ရောက်လာသောကြောင့် ဤပဟေဠိတွင် အပိုင်းအစ တစ်ခု ပျောက်ဆုံးနေသလို ခံစားရသည်။ မည်သို့ပင် ဆိုစေ... သူငယ်ခြင်း ဖြစ်သူမှာလည်း သူ၏ အမြင်ကိုသာ သူ ပြောနေခြင်း ဖြစ်သည်။ သူ၏ စကားထဲတွင် ရှေ့နောက် မညီမှုများနှင့် ဘက်လိုက်မှုများလည်း ရှိနေပေလိမ့်မည်။

စင်မြင့်ထက်၌ ကျိယုက ပြုံးကာ ပြောလိုက်၏။

“ငါ့‌ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်မယ် ဆိုရင် မင်းကို အသက်ချမ်းသာပေးဖို့ ငါ စဥ်းစားမယ်... ဘယ်လိုသဘောရလဲ”

သို့သော်လည်း သွေးစွန်းနေသော ပုံရိပ်ကမူ ထိုစကားကို ဂရုမစိုက်ချေ။ ဓားကို ဝှေ့ယမ်းရင်း ထပ်မံ တိုက်ခိုက်ရန်သာ ကြိုးစားနေ၏။ ကျိယုက ခေါင်းကို ခါယမ်းလိုက်ရင်း ကြယ်တာရာ ခွန်အားကို ထုတ်ဖော်ကာ တားဆီးလိုက်သည်။

ဘုန်း...

သွေးစွန်းနေသော ပုံရိပ်မှာ ကံကြမ္မာ စင်မြင့်၏ ထောင့်တစ်နေရာသို့ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဟုန်နှင့် အတူ လွင့်စဥ်သွား၏။ ထိုထိခိုက်မှုက အလွန် ပြင်းထန်သည့်တိုင် သွေးစွန်းနေသော ပုံရိပ်မှာ တုန်ရီစွာဖြင့် ပြန်လည် ထလာခဲ့ပြန်သည်။

“မင်းက ဒီလောက်တောင် ခေါင်းမာ နေတော့လည်း အဆုံးသတ်လိုက်ကြတာပေါ့...”

ကျိယုက ကြယ်တာရာ အဆင့်တစ် လှံတစ်စင်းကို ထုတ်ယူလိုက်၏။ သူ၏ မျက်လုံးများတွင် သတ်ဖြတ်မှု အရိပ်အယောင်က တောက်ပသွားသည်။ ထို့နောက် သူက ဖြည်းညင်းစွာပင် သွေးစွန်းနေသည့် ပုံရိပ်ထံသို့ လျှောက်သွားလိုက်၏။ သူ ခြေတစ်လှမ်းချင်းစီက သေခြင်းတရားကို ပဲ့တင်ထပ်စေသည့် အမှောင်ထုထဲမှ မရဏ ဗုံသံအလားပင်။

ဖြည်းညင်းစွာပင်... သွေးစွန်းနေသော ပုံရိပ်၏ ခေါင်းမှာ မော့လာခဲ့၏။ သူ၏ ခန္ဓာကိုယ်က ဆန့်တန်းသွားကာ မျက်လုံးများမှာ ပြင်းပြစွာ တောက်ပလာသည်။

ကျိယုမှာ တဒင်္ဂမျှ ကြောင်အသွား၏။ ရုတ်ချည်းပင် မသေချာ မရေရာခြင်းနှင့် ကြောက်ရွံ့သော ခံစားချက်များက သူ၏ နှလုံးသား အတွင်း စိုးမိုးလာသည်။ ထိုမျက်လုံးများသည် သေခြင်းတရားကို အစိုးရသည့် နတ်ဘုရား၏ မျက်လုံးများ ကဲ့သို့ လောကကို ပိုင်စိုးမှုများနှင့် ပြည့်နှ်နေသည်။ သူ ကြောင်,အ ကာ ကြည့်နေမိသည့် အချိန်တွင်ပင် စိတ်ကူး မယဥ်နိုင်လောက်သည် အထိ ပြင်းထန်သော ရောင်ဝါများမှာ စိုရွှဲနေသော သွေးများကို ကျော်ဖြတ်လျှက် ထွက်ပေါ်လာလေ၏။

သေခြင်းတရား၏ အငွေ့အသက်များက ကျိယု၏ စိတ်တစ်ခုလုံးကို လွှမ်းခြုံကာ သိမ်းပိုက်သွား၏။ သို့သော်လည်း တစ်ခဏ အတွင်းမှာပင် ထိုကြောက်ရွံ့မှုက ဒေါသအဖြစ် ပြောင်းလဲသွားကာ သတ်ဖြတ်လိုစိတ်က အဆုံးမဲ့ထိ ရောက်ရှိသွားသည်။ သူသည် လှံကို ဆုပ်ကိုင်ရင်း ရှေ့သို့ တဟုန်ထိုး ပြေးတက် လာခဲ့၏။

ဝှစ်...

ရုတ်တရက် ကျိယုမှာ အချိန် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ ထိုအရာက သူ နှေးကွေးသွားခြင်းကြောင့် မဟုတ်ပဲ ပြိုင်ဘက်ထံမှ အလွန် လျှင်မြန်သော လှုပ်ရှားမှုကြောင့်လည်း ဖြစ်နိုင်ပေသည်။ နောက်ဆုံး အနေဖြင့် ခပ်မှိန်မှိန် တောက်ပနေသည့် ဓားတစ်စင်း ရွေ့လျားလာသည်ကိုသာ သူ ဝိုးတဝါး မြင်တွေ့လိုက်ရ၏။

ရုတ်ချည်းပင် ခေါင်းပြတ်တစ်ခု လွင့်စဥ်လာသည်ကို လူအုပ်ကြီး မြင်တွေ့လိုက်ရ၏။ ခေါင်းမဲ့သော ခန္ဓာကိုယ်က ကံကြမ္မာ စင်မြင့်၏ ကြမ်းပြင်ပေါ် ဒူးထောက်လျှက် တအိအိ ပျော့ကျသွားသည်။ လည်ချောင်းသွေးများသည် စင်မြင့်ထက်တွင် ချောင်းငယ် တစ်ခုအလား စီးဆင်းသွား၏။

အားလုံးမှာ တိတ်ဆိတ်နေကြ၏။ လူတိုင်း၏ မျက်လုံးများက မယုံကြည်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အံ့သြခြင်းများနှင့် ပြည့်နှက်နေသည်။

“ဘုန်း...”

သွေးစွန်းသော ပုံရိပ်မှဦ ကြမ်းပြင်ပေါ် ဒူးထောက်ကာ ပြုတ်ကျသွား၏။ ဓားမှာ သူ၏ လက်ထဲမှ လွတ်ကျသွားသည်။ သို့သော်လည်း သူ၏ နှုတ်ခမ်းထက်တွင်မူ နွေးထွေးသာ အပြုံးတစ်ခုက တွဲလွဲခို နေခဲ့၏။

“ငါ သူတို့အားလုံးကို ကာကွယ်ပေးမယ်”

မိန်းမငယ် နှစ်ယောက်သည် အလွန် လျှင်မြန်သော အရှိန်ဖြင့် စင်မြင့်ပေါ်သို့ ရောက်ရှိလာ၏။ သူတို့ နှစ်ယောက်စလုံးမှာ ပြစ်မျိုးမှဲ့မထင်သည့် အလှရှင်များ ဖြစ်ကြရာ ချက်ချင်းပင် လူအုပ်ကြီး၏ အာရုံကို ဖမ်းစား လိုက်နိုင်ကြသည်။ သူတို့ကား ဝူပိုင်ကျိုးနှင့် လင်းကျိရန်တို့ပင် ဖြစ်၏။

မိန်းကလေး နှစ်ယောက်က သွေးစွန်းနေသော ပုံရိပ်ကို ကြင်နာစွာ ဖေးမလိုက်ကြသည်။ လင်းကျိရန်၏ မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နှက်နေ၏။

“လုံချန်ရယ်... နင် ငါ့အတွက် ဒီလောက်ထိ ပေးဆပ်ဖို့ မလိုပါဘူး”

ထိုစကားလုံးများမှာ သူမ၏ အနက်ရှိုင်းဆုံး နှလုံးသားထဲမှ ထွက်ကျလာခဲ့ခြင်း ဖြစ်လေတော့သည်။

***

All Chapters