← Chapters

ပိုင်လင်

Vol. 13 Ch. 174

ပိုင်လင်

Vol. 13 Ch. 174

“ဂီး...”

ကြီးကျယ် ခမ်းနားမှု၊ မောက်မာ‌မှုတို့ဖြင့် ပြည့်နှက်နေသော အော်သံတစ်ခုသည် ကောင်းကင်အလွှာ၏ အထက်၌ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ ထိုအသံများသည် ပတ်ဝန်းကျင်ရှိ ကြယ်တာရာ အမတေများသည် တိမ်စိုင်များ အလား တလိပ်လိပ် လွင့်ပါကာ စီးမြောသွားသည်။

ဖြူဖွေးသော သားမွေးများ၊ ရွှေရောင် မျက်လုံးများနှင့် ငှက်တစ်ကောင်သည် တောင်ပံများကို ဖြန့်ကျက်ရင်း တရိပ်ရိပ် ပျံသန်းနေ၏။ အဖြူရောင် မီးတောက်တစ်ခုက ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံကာ တောက်လောင်နေ၏။ သို့သော်လည်း ထိုအဖြူရောင် မီးတောက် အတွင်းတွင် မဲမှောင်အုံ့စိုင်းသော အရှိန်အဝါ တစ်ခုက မြဲမြံစွာ နေရာယူနေသည်။

ထိုသတ္တဝါကား ဖီးနစ်သွေးမျိုးဆက်များနှင့် သက်ဆိုင်သည့် အသွင်ကူးပြောင်းမှု ဖြစ်စဥ်တစ်ခုကို ကျော်ဖြတ်နေသော ပိုင်လင်ပင် ဖြစ်လေသည်။ ကမ္ဘာ၏ မည်သည့် အစိတ်အပိုင်းတွင် ဖြစ်စေ... များစွာသော ဒဏ္ဍာရီများမှာ တူညီကာ မှန်ကန်ကြသည်။

ဖီးနစ်များကား ပြာပုံအဖြစ်မှပင် ပြန်လည် ရှင်သန် ထမြောက်နိုင်သည့် အသက်ပြင်းသော သားရဲများ ဖြစ်ကြသည်။ ၎င်းတို့မှာ နေမင်းမှ မွေးဖွားလာသည်ဟုပင် ပြောစမှတ် ပြုကြကာ မီးလျှံနှင့် ပတ်သက်ပါက အမြဲ ပြိုင်ဘက်ကင်းကြသည်။

ထိုအခိုက်၌ ပိုင်လင်သည် သူမ၏ သွေးများ အဆုံးမဲ့ ဆူပွက်နေသလို ခံစားနေရသည်။ ထိုအရာက သူမ၏ ခန္ဓာကိုယ်ထဲသို့ နေတစ်စင်း လာရောက်၍ လောင်မြိုက်နေသလို။ သူမကိုယ်တိုင် နေတစ်စင်း အဖြစ် အသွင်ပြောင်းလဲ နေသလိုပင်။

ဂီး..

သူမ ခံစား၍ ရ၏။ သူမ၏ သွေးများအတွင်း ရောနှော စီးဆင်းနေသည့် စွမ်းအင်များမှာ ရွှေရောင် ဖီးနစ် သစ်သီးမှ လာခြင်း ဖြစ်သည်။ ထိုသစ်သီးသည် အလွန် ရှားပါးကာ နှစ်ပေါင်း ထောင်ချီနှ တစ်ခါ ထွက်ပေါ်တတ်သည့် ရတနာလည်း ဖြစ်သည်။ ထိုသစ်သီးအတွင်း ပါဝင်နေသည့် စွမ်းအင်များသည် သူမ၏ ဖြစ်တည်မှုကို သာမန် ကြိုးကြာတစ်ကောင် အဖြစ်မှ မီးကြိုးကြာ တစ်ကောင် အသွင် ပြောင်းလဲပေးခဲ့သည်။

ယခုအချိန်၌ သူမသည် အစစ်အမှန် ဖီးနစ်တစ်ကောင် ဖြစ်မလာသေးသည့်တိုင် ဆန်းကြယ်သော စွမ်းရည်အချို့ကို ဖွင့်လှစ်နိုင်ခဲ့ကာ ဘိုးဘေးများ၏ ခြေရာအား နင်းရန် လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သွေးများထဲ၌ တဟုန်းဟုန်း တောက်လောင်နေသည့် မီးတောက်များမှ တစ်ဆင့် သူမ ထိုအရာကို ခံစားနိုင်သည်။

ဟူး... ဟူး...

ပိုင်လင် မြင့်သထက် မြင့်အောင် ပျံသန်းနေ၏။ မီတာ ငါးဆယ်ကျော် အလျား ရှိသော သူမ၏ တောင်ပံများမှာ ပြင်းထန်သော လေစီးကြောင်းများကို အဆက်မပြတ် ဖန်တီးနေသည်။ သူမသည် ဒုတိယမြောက် ကောင်းကင် အလွှာကို ဖြတ်သန်းကာ အဋ္ဌမမြောက် အလွှာကို ရောက်ရှိအောင် အားထုတ်နေခြင်း ဖြစ်၏။

သူမ ဆင့်ခေါ်မှု တစ်ခုကို ခံစားရသည်။ ထိုဆင့်ခေါ်မှုက နေရောင်ခြည် အလင်းတန်းများ အလား ထင်ရှားလှသည်။ ၎င်းက ကောင်းကင်ဘုံကို ချိုးဖျက်ပြီး ပြင်ပကမ္ဘာကို ဝင်ရောက်လိုသည့် သူမ၏ အတွင်း အကျဆုံး ဆန္ဒကို လှုံ့ဆော်နေသည်။ သူမ၏ ခန္ဓာကိုယ်က ပို၍ ပို၍ လောင်မြိုက်လာကာ ကောင်းကင် အလွှာဆီသို့ တဟုန်ထိုး ထိုးတက်သွား၏။

ဘုန်း...

သဲအိတ်နှင့် လက်သီး ထိတွေ့ သကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာကာ ပိုင်လင်မှာ နောက်သို့ ပြန်လည် လွင့်စဥ်သွား၏။ သူမက တစ်ချက် အော်ဟစ်လိုက်ရင်း လေထဲတွင်ပင် ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းသိမ်း လိုက်သည်။ သူမ၏ ခန္ဓာကိုယ်ကြောင့် တုန်ရီနေသည့်တိုင် မျက်လုံးများတွင်မူ စိတ်ပျက် အားလျှော့မှု အရိပ်အယောင် တစ်ခုပင် မတွေ့ရချေ။

ခေါင်းမာခြင်းသည် ပိုင်လင်၏ တဒိတ်ဒိတ် ခုန်နေသော နှလုံးသားနှင့် သွေးများဆီမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သူမ၏ မျက်လုံးများက တရှိန်ရှိန် ထွန်းလင်းနေသည့် နေမင်းမှ လွဲ၍ မည်သည့် အတားအဆီး အလွှာကိုမှ မမြင်တွေ့ရချေ။

ဂီး...

ဘုန်း...

အတောင်ပံများကို ဆန့်တန်းရင်း လှံတစ်စင်း သဖွယ် သူမ ပြေးဝင် သွားခဲ့ပြန်၏။ သူမ၏ နှုတ်သီးက ကောင်းကင် အလွှာနှင့် ထိတွေ့ကာ တစ်လက်မမျှ အက်ကွဲ သွားစေခဲ့သည်။ သူမ၏ အတောင်ပံများက အရှိန်အဟုန်နှင့် အတူ လွှဲခတ်နေသည့်တိုင် ထိုထက် ရှေ့မတိုးနိုင်တော့ချေ။

ဝှစ်...

ပိုင်လင်က မီးတောက်နေသည့် ကြယ်တံခွန် တစ်ခုအလား အောက်သို့ ပြန်လည် ပြုတ်ကျလာ၏။ သူမ၏ ကြိုးစား အားထုတ်မှုက ကျဆုံးခဲ့သည် ဆိုသော်လည်း သူမ ခန္ဓာကိုယ်ရှိ မီးတောက်များမှာမူ ဘယ်သောအခါမှ ငြိမ်းသက်မည့်ပုံ မရချေ။

ဘုန်း...

သူမ၏ ခန္ဓာကိုယ်က အောက်ဘက်ရှိ ကောင်းကင်အလွှာနှင့် အရှိန်ပြင်းစွာ ဝင်ရောက် တိုက်မိလေရာ အမွေးအတောင်များစွာမှာ လွင့်ပျံသွားလေသည်။  သို့သော်လည်း ပိုင်လင်မှာ နာကျင်စွာ အော်ဟစ်ခြင်း မပြုချေ။ ထို့အစား ကောင်းကင်ကိုသာ ပြင်းပြသော ဆန္ဒဖြင့် မော့ကြည့်၏။

သူမ၏ သွေးများက လုံလောက်စွာ မပူသေးသောကြောင့်လည်း ဖြစ်နိုင်သည်။ သူမ၏ နှလုံးသားက အစစ်အမှန် ဖီးနစ်နှင့် မနှိုင်းယှဥ်သာ သောကြောင့်လည်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် သူမ၏ ဝိညာဥ်က အရည်အသွေး မမှီသောကြောင့်လည်း ဖြစ်နိုင်သည်။

နှလုံးသားက နာကျင်နေသည့်တိုင် သူမ၏ စိတ်မှာမူ လုံးဝ ရှင်းလင်းနေ၏။ အကယ်၍ ယနေ့တွင် နေကို မမြင်ရပါက သူမ ဘယ်တော့မှ အစစ်အမှန် ဖီးနစ်ငှက်တစ်ကောင် ဖြစ်လာတော့မည် မဟုတ်ချေ။ ဘယ်တော့မှ ဘိုးဘေးများ၏ ခြေရာကို နင်းနိုင်တော့မည် မဟုတ်ချေ။

ထိုအရာကို သူမ ခွင့်မပြုနိုင်ချေ။ အရိုးများက တကျီကျီမြည်လာကာ သူမ၏ ခန္ဓာကိုယ်မှာ ဒုံးကျည် တစ်စင်း အလား ကောင်းကင်သို့ နောက်တစ်ကြိမ် ထိုးတက်သွားပြန်လေ၏။

ဘုန်း... ဘုန်း... ဘုန်း...

ပိုင်လင်၏ ခန္ဓာကိုယ်သည် ကောင်းကင်အလွှာနှင့် တိုက်မိကာ အကြိမ် သုံးဆယ်မြောက် အဖြစ် ခြေပစ်လက်ပစ် အောက်သို့ ပြုတ်ကျလာပြန်၏။ အဖြူရောင် မီးတောက်များမှာ တိတ်တဆိတ် တောက်လောင်နေကာ ကျိုးကြေနေသည့် အရိုးများကို ပြန်လည် ကုစားနေသည်။ ကျွတ်ကျသွားသည့် အမွေးအတောင်များ နေရာတွင် အမွေးနုများမှာ ပြန်လည် မွေးဖွားလာနေခဲ့၏။

ဂီး...

သူမ အော်ဟစ်ကာ နောက်တစ်ကြိမ် ကောင်းကင်သို့ ပျံတက်ရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်တွင်ပင် ပုံရိပ်တစ်ခုမှာ သူမ၏ နံဘေးသို့ ရောက်ရှိလာ၏။ သူ၏ အမူအရာက တည်ငြိမ်နေကာ ငွေရောင် မျက်လုံးများမှာ တလက်လက် တောက်ပနေသည်။

“အတူတူ ကြိုးစားကြည့်ရအောင်...”

ဝေ့ဝူယင်က ညင်သာစွာ ပြုံးရင်း ပြောလိုက်၏။ ပိုင်လင်က ခေါင်းတစ်ချက် ညိတ်လိုက်ကာ မားမားမတ်မတ် ရပ်ရင်း  အတောင်ပံ နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ ဝေ့ဝူယင်က သူမ၏ ကျောထက်သို့ တက်ရင်း လည်ပင်းကို ဆုပ်ကိုင်လိုက်၏။

ဘုန်း...

ခေါင်းကို မော့လိုက်သော အခိုက်၌ အဆုံးမဲ့ မီးတောက်များက ပိုင်လင်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ ကြမ်းပြင်မှ ခြေကြွလိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ခန္ဓာကိုယ်က မီးရှူးမီးပန်း တစ်ခုအလား နောက်တစ်ကြိမ် ထပ်မံ ထိုးတက်သွားပြန်လေတော့သည်။ ဝေ့ဝူယင်မှာလည်း တုန့်ဆိုင်းခြင်း မရှိချေ။ သူက အဆင့်ခုနစ် ဆေးလုံးများစွာကို ထုတ်ယူလိုက်၏။

ကောင်းကင်အလွှာ သုံးလွှာသည် တစ်ဆင့်ထက် တစ်ဆင့် ထိုးဖောက်ရန် ပိုမို ခက်ခဲလာသည် ဆိုသော်လည်း တစ်ချိန်တည်း၌ ပိုမို ပါးလွှာလာသည်။ ဝေ့ဝူယင်သည် တည်ငြိမ်စွာပင် လက်ထဲရှိ ဆေးလုံးများကို ပစ်ပေါက်လိုက်၏။

ဘုန်း...

ကြောက်မက်ဖွယ် ကောင်းသော တော်လဲသံနှင့် အတူ ကောင်းကင်အလွှာတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။ ပိုင်လင်သည် တုန့်ဆိုင်းခြင်း အလျင်း မရှိပဲ ထိုအက်ကွဲကြောင်း အတိုင်း တိုက်ရိုက် တိုးဝင်၏။ လေထုများက တဟူးဟူး တိုးဝင်နေရာ ဝေ့ဝူယင်၏ အင်္ကျီစများမှာ လွင့်ပျံနေသည်။ သို့သော်လည်း အပြုံးတစ်ခုက မြဲမြံစွာပင် သူ၏ နှုတ်ခမ်းထက်၌ တွဲလဲ ခိုနေဆဲ ဖြစ်သည်။

“ဒုတိယမြောက် ကောင်းကင်အလွှာက ကြယ်တာရာ အမြုတေ အဆင့်လေး ကျင့်ကြံသူတွေ အတွက်တောင် ထိုးဖောက်ဖို့ ခက်ခဲတယ် ဆိုပဲ... ဟမ့်... မင်းက ဘယ်လောက်ထူနိုင်မှာ မလို့လဲ...”

ဝေ့ဝူယင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် ပိုင်လင်၏ အရှိန်က ပိုမို တိုးမြင့်လာ၏။

“ဟား... ဟား... အထက်မှာ ဘာရှိလဲ ငါတကယ် သိချင်နေပြီ”

ဝေ့ဝူယင်က အားမာန်အပြည့် ရယ်မောသံနှင့် အတူ ပိုင်လင်၏ ခန္ဓာကိုယ်ရှိ မီးတောက်များမှာ ပိုမို ကျွမ်းလောင်လာသည်။ သူမ၏ သွေးများက ပိုမို၍ ဆူပွက်လာကာ အောင်မြင်လိုသည့် ဆန္ဒမှာလည်း အဆုံးမဲ့အောင် ပြင်းပြလာ၏။

ဘုန်း...

အရှိန်အဟုန်နှင့် အတူ သူတို့ နှစ်ဦးစလုံးမှာ သတ္တမ အလွှာမှ ကျော်လွန်ကာ အဋ္ဌမမြောက် အလွှာသို့ ရောက်ရှိ သွားလေ၏။ ထိုအလွှာတွင် နန်းတော်ကိုးခုသာ ရှိကာ တစ်ခုနှင့် တစ်ခုမှာ လွန်စွာ ဝေးကွာလှသည်။ ဝိညာဥ် အာရုံဖြင့် ရှာမတွေ့သည့်တိုင် ထိုနေရာ၌ ကြယ်တာရာ အမြုတေ စမ်ချောင်းကိုးခု စီးဆင်းနေသလို ဝေ့ဝူယင် ခံစားလိုက်ရလေ၏။

သို့သော်လည်း သူ ထိုအရာကို အာရုံမစိုက်နိုင်သေး...။ ထိုအခိုက်၌ ပိုင်လင်၏ ဆန္ဒက ကောင်းကင်အလွှာများကို ထိုးဖောက်ရန် ဖြစ်ပြီး ထိုအရာက သူ ကိုယ်တိုင်၏ ဆန္ဒလည်း ဖြစ်သည်။ သူ၏ ငွေရောင် မျက်လုံးတစ်စုံမှာ ပိုမို ကြည်လင်လာကာ အပေါ်သို့ မော့ကြည့်လိုက်၏။

ဘုန်း...

ပိုင်လင် အရှိန်မြှင့်ကာ ပျံသန်းလိုက်သည်နှင့် အမျှ သူက အဆင့်ခုနစ် ဆေးလုံးများကို ထုတ်ယူကာ နောက်တစ်ကြိမ် ပစ်ပေါက် လိုက်ပြန်သည်။ ရာပေါင်းများစွာ‌သော ဆေးလုံးများ၏ ပေါက်ကွဲမှုက လောက တစ်ခုလုံးကို တုန်ရီသွားစေသည့်တိုင် လူတစ်ယောက်နှင့် ကြိုးကြာငှက် တစ်ကောင်မှာမူ မဆုတ်မနစ် ရှေ့ဆက်တိုးနေဆဲ ဖြစ်သည်။

ဘုန်း...

သူတို့ နှစ်ဦးသည် ဆက်လက်၍ တတိယမြောက် ကောင်းကင်အလွှာကို ထိုးဖောက်နေ၏။ ကောင်းကင် အလွှာအတွင်း ရောက်ရှိသည်နှင့် အပူချိန်သည် ရုတ်ချည်းပင် တိုးမြင့်လာကာ လောက၏ နိယာမများမှာ ကမောက်ကမ ဖြစ်လာသည်။

ပေါက်ကွဲသံ ခပ်အုပ်အုပ်နှင့် အတူ ဝေ့ဝူယင်၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးများမှာ ချက်ချင်း ကွဲအက်သွား၏။ သူ ပြုတ်ကျမှာကို စိုးရွံ့သည့် အလား ပိုင်လင်၏ နောက်ကျောကို အစွမ်းကုန် ဆုပ်ကိုင်ထားသည်။

ဟူး... ဟူး...

တစ်ချိန်တည်း၌ ပိုင်လင်၏ အမွေးအတောင်များမှာ ကျွတ်ထွက်ကုန်ကာ ရွှေရောင် နှုတ်သီးမှာ စတင် ကွဲအက်လာ၏။ အရိုးများက တကျီကျီ မြည်လာကာ အတောင်ပံမှာလည်း ခေါက်ရိုးကျိုးချင်လာသည်။ သို့သော်လည်း သူမစာ် ရှေ့သို့ ဆက်တိုးကာ ပျံသန်းနေဆဲ ဖြစ်သည်။

ဝေ့ဝူယင်မှာ သေချာ နားမလည်သော်လည်း အထက်သို့ တိုးမြှင့် ပျံသန်းခြင်းက ပိုင်လင် အတွက် အကျိုးရှိကြောင်း နားလည်လိုက်သည်။ ဖီးနစ်မျိုးစိတ်များသည် သေခြင်းတရားကို စိန်ခေါ်ကာ ပြာပုံအဖြစ်မှပင် ပြန်လည် နိုးထရသည်။ ကောင်းကင်သို့ မြင့်နိုင်သမျှ မြင့်အောင် ပျံတက်ကာ နေမင်းနှင့် တွေ့ဆုံခြင်းက သူတို့အား ပိုမို သန်မာစေခြင်းမျိုး ဖြစ်ပေလိမ့်မည်။

“သူ ပိုပြီး အထက်ကို တက်ဖို့ လိုနေတယ်...”

ထိုအရာက မည်သည့် မသေချာ မရေရာမှုမှ မရှိပဲ ရှင်းလင်းသည့် အတွေးဖြစ်သည်။ သူတို့ နှစ်ယောက် အဋ္ဌမ အလွှာကို ကျော်လွန်လာချိန်၌  ကြယ်တာရာ အမတေသည် လုံးဝ နှိုင်းယှဥ်၍ မရနိုင်အောင် သန့်စင်နေ၏။ သို့သော်လည်း အံ့အားသင့်စွာပင် ထိုနေရာ၌ နန်းတော် တစ်ခုတည်းသာ ရှိသည်။ ထို့အပြင် ၎င်းနန်းတော်သည် တောင်ထွတ် ငါးခုစလုံးကို အစိုးရ၏။

“မဟာ အင်ပါယာ သူတော်စင်တွေက နန်းတော် တစ်ခုတည်းမှာ စုနေကြတာလား... ဒါပေမဲ့ ဒီနန်းတော်က အရမ်းသေးတယ်လေ... အထပ် နှစ်ထပ်ပဲ ရှိတဲ့ အပြင် သိပ်ပြီးလည်း ကျယ်တာ မဟုတ်ဘူး... နေဦး မဟုတ်သေးဘူး... အဲဒါက အနန္တ တာအို နန်းတော်တွေဆီကို ဦးတည်နေတဲ့ အာကာသ ဂိတ်တံခါးတွေ ပိုပြီး ဖြစ်နိုင်တယ်”

ထိုအရာက ပိုပြီး အဓိပ္ပာယ်ရှိသလို ခံစားလိုက်ရသည်။

ဂီး...

ပိုင်လင်မှာ ရပ်တန့်ခြင်း မရှိသေးချေ။ အထက်သို့ ဆက်၍သာ ပျံတက်နေ၏။ နောက်ဆုံး ကောင်းကင်အလွှာ ကျန်ရှိပေသေးသည်။ ဝေ့ဝူယင်မှာ တည်ငြိမ်နေပုံ ပေါ်သည့်တိုင် အနည်းငယ် တုန်လှုပ်မှုကို ခံစားနေရသည်။ ထိုနေရာက တကယ့် အန္တရာယ် ဖြစ်ကာ ရှေးဟောင်းခေတ်များမှ အရှင်များပင် မကျော်လွန်နိုင် ဟု ဆိုသည်။

လေတိုးသံများနှင့် အတူ သူ၏ နှလုံးသားက တဒိန်းဒိန်း မြည်လာခဲ့လေ၏။

***

All Chapters