နေများဆီသို့
Vol. 13 Ch. 175
ဝေ့ဝူယင်၏ အကြည့်များက ပိုင်လင်၏ ကျောထက်သို့ ကျရောက်သွားသည်။ ထိုအခိုက်၌ သူမမှာ မယိမ်းယိုင်သော ဆန္ဒ၊ လက်မမြှောက်သော ဇွဲတို့ဖြင့် ကြံ့ကြံ့ခိုင်နေကြောင်း သူ သတိထားလိုက်မိသည်။ ကောင်းကင်၏ နောက်ဆုံး အလွှာကို သူမ ထိုးဖောက်ပေလိမ့်မည်။
ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ ပိုင်လင် ပင်လျှင် ထိုမျှ သတ္တိရှိနေပါက သူ့ဘက်ကလည်း တွေဝေနေစရာ မလိုတော့ချေ။
ဟူး...
သူက အင်္ကျီလက်အိုးကို ခါယမ်းလိုက်ရာ ရာထောင်ချီသော အဆင့် ခုနစ်ဆေးများမှာ ထွက်ပေါ်လာသည်။ ထိုအရာက သူ့တွင်ရှိသမျှသော ဝှက်ဖဲအကုန်ဖြစ်၏။ သူ တွန့်ဆုတ်ခြင်း မရှိပဲ ဆေးအားလုံးကို ပစ်ပေါက် လိုက်သည်။
ဘုန်း...
အလွန်တရာ ပြင်းထန်လှသော ပေါက်ကွဲမှု အရှိန်တွင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ အောက်သို့ ပြန်လည် ပြုတ်ကျသွား၏။ မြေကြီးပေါ်သို့ ကြွေကျလာသည့် ဥက္ကာခဲ တစ်ခုအလား အရှိန်ပြင်းစွာပင် ကောင်းကင် အလွှာနှင့် တိုက်မိသွားသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကား မီးလောင် ဒဏ်ရာများဖြင့် မည်းနက် နေခဲ့ပြီ ဖြစ်လေသည်။
ပိုင်လင်က အော်ဟစ်လိုက်ရင်း နောက်သို့ လည်ပြန်ကြည့်၏။ ထိုအခိုက်၌ သူမ၏ အရိုးများနှင့် ခန္ဓာကိုယ် တစ်ခုလုံးကား မီးတောက်များ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမ၏ အသားနှင့် အတောင်များမှာ တည်ရှိခြင်း မရှိတော့ချေ။ သို့သော်လည်း သူမ မသေသေးချေ။ အလွန်ထူးခြားသော အခြေအနေ တစ်ခုတွင် ဆန်းကြယ်သော နိယာမများနှင့် ပေါင်းစပ်နေဟန် ရလေ၏။
“သွား...”
ဝေ့ဝူယင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ပိုင်လင်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ခေါင်းအား ပြန်လည် မော့လိုက်သည်။ မီးတောက်မီးလျှံများ ကဲ့သို့ ကြယ်တာရာများ တဝင်းဝင်း လက်နေသော ဟင်းလင်းပြင်ကို သူမ စူးရဲစွာ ကြည့်လိုက်၏။ ထို့နောက် သူမက မီးတောက် အတောင်ပံများကို ခတ်ရင်း တဟုန်ထိုး စတင် ပျံသန်းတော့သည်။ သူမ သူ့အား ယုံကြည်သလို သူသည်လည်း သူမကို ယုံကြည်ခဲ့သည်။
မီးတောက်များ အဖြစ် ကောင်းကင်ကို ထိုးဖောက် ပျံသန်းသွားသည့် ပိုင်လင်ကို ကြည့်ရင်း ဝေ့ဝူယင် ရယ်မောလိုက်၏။
“ဟဟ... သူက အတော်လှတာပဲ”
“ဘုန်း...”
ပိုင်လင် နောက်ဆုံးသော ကောင်းကင်အလွှာကို ထိုးဖောက်သွားချိန်၌ သူ၏ ခန္ဓာကိုယ်မှာလည်း နဝမ အလွှာမှ နေ၍ အဋ္ဌမ အလွှာသို့ ဆက်လက် ကျဆင်းသွားတော့သည်။
ဝှစ်...
အမှောင် လေဟာနယ် အတွင်း ရောက်ရှိသွားချိန်၌ ပိုင်လင်၏ ခန္ဓာကိုယ်ကား ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သွေးနှင့် မီးတောက်များ အဖြစ်သာလျှင် ကျန်ရှိခဲ့၏။ ထိုအခိုက်၌ သူမ၏ အသွင်အပြင်က အလှပဆုံး မီးတောက်များမှ မွေးဖွားလာသည့် ပထမဆုံးသော သက်ရှိတစ်ကောင် အလားပင်။
သူမ၏ မျက်လုံးများသည် အဆုံးမဲ့ ရောင်စဥ်များကို ထုတ်လွှတ်ကာ တောက်ပနေသည့် အထက်ကောင်းကင်ရှိ နေသုံးစင်းကို စိုက်ကြည့်နေ၏။ သူမသည် ထိုနေသုံးစင်းထံမှ အပြင်းထန်ဆုံး စွမ်းအားကို ခံစားလိုက်ရသည်။ ထို့နောက်တွင် သူမသည် အဆုံးမဲ့ လောင်ကြွမ်းသွားကာ ပြာမှုန် အဖြစ်သာလျှင် ကျန်ရှိပေတော့၏။
...
အဋ္ဌမ အလွှာ၌ ဝေ့ဝူယင် သတိလစ်ကာ မေ့မြောနေ၏။ သူ ဆံပင်နှင့် အဝတ်အစားများမှာ မွစာကြဲနေကာ ခန္ဓာကိုယ်မှာလည်း မီးလောင်ကျွမ်းရာများဖြင့် ပြည့်နှက်နေသည်။
ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များသည် တစ်ခါတစ်ရံ၌ သာမန်လူများထက် ပိုမို လေးလံသည် ဆိုသော်လည်း ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာမူ ပျမ်းမျှ နှုန်းထားတွင်သာ ရှိသည်။ ထိုကဲ့သို့သော အခြေအနေဖြင့်ပင် နဝမြောက် ကောင်းကင်အလွှာကို ထုတ်ချင်းပေါက် ဖြတ်သန်းသွားခြင်းက မည်မျှ အရှိန်ပြင်းထန်ကြောင်း ဖော်ပြနေသည်။ အကယ်၍ ဝေ့ဝူယင်၏ နေရာတွင် သာမန် ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက် ဖြစ်လျှင်ပင် ပွဲချင်းပြီး သေဆုံးသွားလောက်ပြီ ဖြစ်သည်။
ထိုအခိုက်၌ ဝေ့ဝူယင်မှာ သတိလစ် မေ့မြောနေရာ ခန္ဓာကိုယ်အား ထိန်းကြောင်းရန် သို့မဟုတ် ဒဏ်ရာ ကုသရန် မည်သည့် ချီစွမ်းအင်ကိုမျှ ညွှန်ကြားနိုင်ခြင်း မရှိတော့ချေ။ သို့သော်လည်း ဆန်းကြယ်သည့် အဖြစ်အပျက် တစ်ခု ဖြစ်ပျက်လာလေသည်။
ဝှစ်...
သက်တန့်ရောင် အလင်းတန်း တစ်ခုမှာ သူ၏ မျက်ခုံးနှစ်ခု ကြားမှ တောက်ပလာသည်။ ၎င်းက ဖြည်းညင်းစွာပင် ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်သွားကာ နှလုံးသားနှင့် ထျန်းတျန် အထိ ဆက်လက် ရောက်ရှိ သွားလေ၏။
တရှဲရှဲမြည်သံများ ထွက်ပေါ်လာကာ အရေပြားများရှိ မီးလောင်ရာများက ပြန်လည် ကောင်းမွန်လာသည်။ ပြာကျသွားသည့် သူ၏ ဆံပင်များမှာလည်း မျက်စိတစ်မှိတ် အတွင်း ပေါက်လာကာ ပကတိ အလား ပြန်လည် ရှည်လျား လာခဲ့လေ၏။
သက်တန့်ရောင် အလင်းများ ထျန်းတျန် အတွင်း ဝင်ရောက်လာချိန်၌ ဆေဘာစွမ်းအင်များမှာ ပေါက်ကွဲလာသည်။ ဆေဘာပုံရိပ် ဖျော့ဖျော့သည် ပေါ်လာကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ထိန်းချုပ်သွားသည်။
ဆက်တိုက်ဆိုသလိုပင် လေ၊ ရေနှင့် ရေခဲ စွမ်းအင်များကလည်း ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ တလက်လက် တောက်ပနေသည့် စွမ်းအင် အလင်းများ၏ ဝန်းရံမှုတွင် မေ့မျောနေသည့် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ လေပေါ်သို့ မြောက်တက်လာ၏။ ထို့နောက်တွင် ပိုင်လင် ထိုးဖောက်ထားသည့် အပေါက်အတိုင်း အဋ္ဌမ အလွှာမှ သတ္တမ အလွှာသို့ ပြန်လည် ဆင်းသက် သွားလေတော့သည်။
အကယ်၍ ဝေ့ဝူယင်သာ နိုးထလာကာပါ ကျိန်းသေ အံ့သြသွားပေလိမ့်မည်။ သူ၏ ဇာတိ ဝိညာဥ်များမှာ မည်သည့် ညွှန်ကြားချက်မျှ မပါပဲ ကိုယ်တိုင် လှုပ်ရှားနေကြပေသည်။ ထိုအရာက ပုံမှန် ဇာတိဝိညာဥ်များ ပိုင်ဆိုင်နိုင်သည့် အရည်အသွေး မဟုတ်ချေ။
ဝှစ်...
ဇာတိဝိညာဥ်များ၏ လှုပ်ရှားလာမှုနှင့် အတူ သူ၏ နှလုံးသားထဲရှိ ဧဒင်အမှတ်အသားက အစိမ်းရောင် တောက်ပလာသည်။ ထိုအစိမ်းရောင်က မျက်စိတစ်မှိတ် အတွင်းမှာပင် ဖြန့်ကျက်လာကာ သူ၏ အသွေးအသား၊ အရိုးများထဲရှိ ဆဲတစ်ခုချင်းစီကို စိမ့်ဝင်သွားသည်။ ၎င်းမှာ ဧဒင်သစ်ပင်ကြီးဆီမှ ရရှိထားသည့် အသန့်စင်ဆုံး သစ်သားစွမ်းအင်များပင် ဖြစ်လေသည်။
ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် အတွင်းဤ အဂ္ဂိရတ် ဇာတိဝိညာဥ်သည် အနည်းငယ် တုန်ရီသွား၏။ ၎င်းက သတိရခြင်း၊ ကျေနပ်နှစ်သိမ့်ခြင်းတို့နှင့် အတူ ဧဒင်အမှတ်ကို လှမ်းကြည့်လိုက်၏။ ထိုအခိုက်၌ ၎င်း၏ အမူအရာက တစ်စုံတစ်ခုကို ဂုဏ်ယူနေသလိုလိုပင်။
...
မျက်လုံးနှစ်လုံးကို ဖွင့်ကြည့်လိုက်ချိန်၌ သတ္တမ အလွှာသို့ ပြန်လည် ရောက်နေသည်ကို ဝေ့ဝူယင် တွေ့လိုက်ရသည်။ ထိုအခိုက်၌ သူ၏ ဇာတိဝိညာဥ်များမှာ လှုပ်ရှားမှု မရှိတော့ပဲ မူလ နေရာများ၌ ငြိမ်သက်နေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် လှဲလျောင်းနေရာမှ ထရပ်လိုက်ရင်း ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သားရဲ ထိန်းချုပ်ခြင်းဂိုဏ်း၏ မှတ်တမ်းများ အရဆိုလျှင် ဖီးနစ် သွေးမျိုးဆက် နိုးထရာ အနည်းဆုံး ကိုးနှစ်ခန့် ကြာမြင့်သည်ဟု ဆိုသည်။
သူ သက်ပြင်းတစ်ချက် ချကာ ခန္ဓာကိုယ်စား စစ်ဆေးလိုက်၏။ သုံးလွှာ လက်စွပ်နှင့် လည်ပင်းတွင် ဆွဲထားသည့် လခြမ်းသဏ္ဌာန် ဆွဲကြိုးမှ လွဲ၍ သူ၏ ခန္ဓာကိုယ်ထက်ရှိ အရာအားလုံးမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရင်း သုံးလွှာ လက်စွပ်ထဲမှ ဝတ်စုံ အသစ် တစ်စုံကို သူ ထုတ်ယူ ဝတ်ဆင်လိုက်၏။
ဝှစ်...
ရုတ်တရက် အနက်ရောင် အရိပ်တစ်ခုက သူ၏ အရှေ့တွင် ပေါ်လာကာ ဒူးထောက် ခစားလိုက်သည်။
“အရှင်ဝေ့...”
သူမကား စုမေ့ပင် ဖြစ်သည်။ ဝေ့ဝူယင်က ဒူးမထောက်ရန်နှင့် သူ့အား အရှင် ဟု ခေါင်းစီးတပ် မခေါ်ရန် ပြောထားသော်လည်း စုမေ့မှာ လိုက်နာခြင်း မရှိချေ။ ထိုအပြုအမူနှင့် အခေါ်အဝေါ်က သူမ၏ နှလုံးသားထဲတွင် ပြင်မရအောင် စွဲနစ်နေခဲ့ပြီ ဖြစ်သည်။
“ပိုင်လင် ကိုးနှစ်လောက် ပြန်လာဦးမှာ မဟုတ်ဘူး”
ဝေ့ဝူယင် ပြောရင်း ကောင်းကင်သို့ နောက်တစ်ကြိမ် မော့ကြည့်လိုက်သည်။ ထိုအခါ ကောင်းကင်အလွှာ သုံးခုကို ဖြတ်သန်းလျှက် အပေါက်ကြီး သုံးခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရ၏။ ၎င်းတို့မှာ တဖြည်းဖြည်း ပြန်လည် စေ့လာနေသည့်တိုင် သဘာဝ အတိုင်းပြန်ဖြစ်ရန် အတွက်တော့ အချိန်ယူရလိမ့်ဦးမည် ဖြစ်သည်။
နဝမ အလွှာရှိ အပေါက်ကြီး ဆိုလျှင် ကီလိုမီတာ သုံးဆယ်ကျော် အထိ ကျယ်ဝန်းသည်။ ၎င်းကို ဖြတ်သန်း၍ လေဟာနယ် ဟင်းလင်းပြင်နှင့် ကြယ်တာရာများကိုပင် သူ မြင်တွေ့နေရသည်။ အကယ်၍ မသန့်စင်သော နေရောင်ခြည်နှင့် အာကာသ လှိုင်းများသာ ဝင်ရောက်လာပါက နဝမ အလွှာ၊ အဋ္ဌမ အလွှာနှင့် သတ္တမ အလွှာတို့တွင် ထူးခြားသော ထိခိုက်မှုများပင် ဖြစ်နိုင်ဖွယ် ရှိသည်။
“ပြဿနာပဲ...”
ဝေ့ဝူယင် စုမေ့ဘက်ကို လှည့်ရင်း ဖြူရော်စွာ ပြောလိုက်သည်။
“ငါတို့ ဧည့်သည် အချို့အတွက် ကြိုပြီး ပြင်ဆင်ထားလိုက်ရအောင်”
စုမေ့မှာ အသေးစိတ် မေးမြန်းခြင်း မရှိချေ။ ကောင်းကင်ကို တစ်ချက် ကြည့်ရုံဖြင့်ပင် အခြေအနေကို ခန့်မှန်း နိုင်ပေသည်။ သူမက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း တိတ်တဆိတ်ပင် ထွက်ခွာသွားတော့၏။
စုမေ့ ထွက်ခွာသွားပြီး မကြာမီမှာပင် ထိုနေရာသို့ ဝိညာဥ်အာရုံများ ကျဆင်းလာလေတော့သည်။ ၎င်းတို့က သတ္တမ အလွှာ တစ်ခုလုံးကိုသာ မက ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးကိုပါ နှံ့စပ်စွာ ဝင်ရောက်သွား၏။
ဝေ့ဝူယင် ကူရာကယ်ရာမဲ့ ပြုံးလိုက်မိသည်။ သို့သော်လည်း သူ ဘာတတ်နိုင်မည်နည်း။ သူ၏ လက်ရှိ ခွန်အားက ထိုဝိညာဥ်စွမ်းအားများကို တားမြစ်နိုင်စွမ်း မရှိချေ။ ကံကောင်းထောက်မစွာပင် သူ၏ အဂ္ဂိရတ် ဝိညာဥ်နှင့် နဂါးသွေး ဝိညာဥ်တို့က အသိတ်စိတ် ပင်လယ်နှင့် နှလုံးသားအတွင်း ပုန်းအောင်းနေ၍ တော်သေးသည်။
ဝေ့ဝူယင် ကောင်းကင်နန်းတော်သို့ ပြန်ရောက်စဥ်မှာပင် လူနှစ်ဆယ့်ရှစ်ယောက် သူ့ထံသို့ ရောက်ရှိလာသည်။ သူတို့သည် ရောင်စုံမြူနှင်းများ အသွင်ဖြင့် ကောင်းကင်တွင် လွင့်မြော တည်ရှိနေကြရာ ထိုအရာက ဝိညာဥ် စွမ်းအင်မှ ဖန်ဆင်းထားခြင်း ဖြစ်ကြောင်း သိရှိနိုင်သည်။
ဝေ့ဝူယင်က ပြုံးရင်း လက်နှစ်ဖက်ကို ယှက်လိုက်သည်။ ထို့နောက် သူက မြူမှုန်ပုံရိပ် တစ်ခုကို ကြည့်ရင်း ဦးညွှတ် နှုတ်ဆက်လိုက်၏။
“ခုလို ပြန်လည် ဆုံတွေ့ခွင့်ရတာ ဝမ်းသာပါတယ် မဟာ သူတော်စင်ထို့...”
မဟာ သူတော်စင် ဆိုသည်မှာ မဟာ အင်ပါယာ သူတော်စင်များကို ရည်ညွှန်းသည့် အတိုကောက် နာမည် ဖြစ်သည်။
သူ နှုတ်ဆက်လိုက်သည့် မြူမှုန်ပုံရိပ်မှာ ရှေ့ဆုံးတွင် ရပ်တည်နေခြင်း မရှိသလို သူ၏ ခန္ဓာကိုယ်မှာလည်း အခြားလူ အားလုံးထက် အားနည်းပုံ ပေါ်သည်။ အခြားမြူမှုန် ပုံရိပ်များမှာ အံ့သြသွားကြပုံ ပေါ်ကာ နောက်ဆုံးရှိ ခပ်မှိန်မှိန် ပုံရိပ်ကို လှည့်ကြည့်လိုက်ကြ၏။
“ဟားဟားဟား... ဘယ်လောက်တောင် စူးရှလိုက်သလဲ... ဒါတောင် ကောင်းကင်ဘုံ နတ်မျက်လုံး နည်းလမ်းကို မကျင့်ကြံရသေးဘူး”
အော်ဟစ် ရယ်မောသံနှင့် အတူ မြူမှုန် ပုံရိပ်က တဖြည်းဖြည်း ထင်ရှားလာကာ ညစ်ညစ်စုတ်စုတ် မီးခိုးရောင် ဝတ်စုံနှင့် အဘိုးကြီး တစ်ဦး အဖြစ် ပြောင်းလဲသွားသည်။ ခြေတစ်လှမ်းတည်းဖြင့်ပင် ထိုအဘိုးအိုမှာ ဝေ့ဝူယင်၏ အရှေ့သို့ ရောက်ရှိလာ၏။
ဝေ့ဝူယင် ပြုံးလိုက်၏။ ထိုအဘိုးအို၏ နာမည်က ထို့ပိဟန် ဖြစ်သည်။ သူသည် ကျော်ကြားသည့် မဟာ အင်ပါယာ သူတော်စင် တစ်ပါး ဖြစ်ပြီး အနန္တဧကရာဇ်ဂိုဏ်း၏ တစ်ဦးတည်းသော အင်ပါယာ အဆင့် အဂ္ဂိရတ် ပညာရှင်လည်း ဖြစ်သည်။
“ကဲ... မင်းတို့လည်း ကောင်းကင်အလွှာတွေကို ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့တဲ့ ဒီလူငယ်ကို လာတွေ့တာ မလား... ကိုယ့်ကိုယ်ကို ဖုံးကွယ် မနေကြနဲ့တော့”
ထို့ပိဟန်က ပြုံးရင်း ဆိုလိုက်၏။ သူ၏ မျက်လုံးများက တည်ငြိမ်ကာ ရေပြင်ကဲ့သို့ သိမ်မွေ့နေသည်။ အဘိုးအို၏ အမူအရာကို ကြည့်ရင်း မကောင်းသော ရည်ရွယ်ချက်နှင့် ရောက်လာခြင်း မဟုတ်ကြောင်း ဝေ့ဝူယင် သိရှိလိုက်သည်။
ဝှစ်... ဝှစ်...
မြူနှင်း ပုံရိပ် နှစ်ဆယ့် ခုနစ်ခုမှာ အနည်းငယ် တုန့်ဆိုင်းနေသော်လည်း အဆုံး၌ မြူနှင်း ဝတ်ရုံများကို ခွာချ လိုက်ကြသည်။ သူ့တို့ကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက ပြူးကျယ်သွား၏။
“မူလ အင်ပါယာ သူတော်စင်တွေ...”
မှန်၏။ ဖန်တီးခြင်း တောင်ထွတ်တွင် မှီတင်း နေထိုင်ကြသည့် မူလ အင်ပါယာ သူတော်စင် နှစ်ဆယ့် ခုနစ်ပါးကား သူ၏ ကောင်းကင် နန်းတော်တွင် စုဝေး ရောက်ရှိနေကြပြီ ဖြစ်လေသည်။
***