မန်နာ စိမ့်ဝင်တာအို ဆေးလုံး
Vol. 13 Ch. 176
အဖြူရောင် ကျောင်းတော်သား ဝတ်စုံဝတ်ဆင်ထားသည့် ချောမောသော လူငယ်လေး တစ်ယောက်က စိုးရိမ်မှုများ ပြည့်နေသော လေသံဖြင့် ပြောလိုက်သည်။
“မဟာ သူတော်စင်ထို့... ဒါက ရုန်းရင်းဆန်ခတ် အခြေအနေလေးပဲ မဟုတ်ဘူးနော်... ကျုပ်တို့ရဲ့ တည်ရှိမှု တစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်...”
မဟာ အင်ပါယာ သူတော်စင်၏ စကားကိုပင် ဒက်ခနဲ ထောက်ရဲခြင်းကို ကြည့်ပါက ထိုလူငယ်၏ အဆင့်အတန်းက အတော်လေး မြင့်ဟန်ပေါ်သည်။
“ကျွန်မ သဘောတူတယ်”
ပိန်ပိန်ပါးပါး မိန်းမငယ် တစ်ဦးက ဝင်ရောက်ပြောလိုက်၏။ သူမ၏ ရွှန်းလဲ့နေသော မျက်လုံးများက လူငယ် ဘာပြောပြော ထောက်ခံမည့်ပံ ပေါ်နေသည်။
ကောင်းကင်ဘုံ လွှမ်းမိုးမှုများ အရ ထိုနှစ်ယောက်မှာ တာအို လက်တွဲဖော်များ ဖြစ်နိုင်ကြောင်း ဝေ့ဝူယင် ခံစားလိုက်ရသည်။
မဟာ သူတော်စင်ထို့က တိတ်တဆိတ်ပင် ခေါင်းညိတ်လိုက်၏။
“ရုန်းရင်းဆန်ခတ်မှုက ရုန်းရင်းဆန်ခတ်မှုပဲလေ... အဲဒါက အသေးအဖွဲ ဒါမှမဟုတ် ပြဿနာကြီးလို့ ငါ မပြောပါဘူး... ဒီကလေး ပြောတာကို အရင် နားထောင်ပြီး မင်းတို့ဘာသာ ဆုံးဖြတ်ကြပေါ့”
ထို့နောက် သူက ဝေ့ဝူယင်ကို မျက်ရိပ်မျက်ခြေ ပြလိုက်၏။ ဝေ့ဝူယင်က ချက်ချင်းပင် သဘောပေါက် သွားသည်။ သူတို့ နှစ်ယောက် အကြားတွင် ဝိညာဥ်အာရုံ ဆက်သွယ်မှု မရှိသည့်တိုင် ဆိုလိုရင်းကို သူ ကောင်းစွာ နားလည်ပေသည်။
သူက လက်သီးနှစ်ဖက်ကို ဆုပ်ကာ လေးလေးစားစားပင် ဦးညွှတ်လိုက်သည်။
“မူလ အင်ပါယာ သူတော်စင် အားလုံးကို ဂါရဝ ပြုပါတယ်... အရှင်တို့ရဲ့ ကျင့်ကြံခြင်းကို အနှောက်အယှက် ပေးမိတဲ့ အတွက် စိတ်မကောင်းပါဘူး... ဒါပေမဲ့ အဲဒီလို မဖြစ်မနေ လုပ်ခဲ့ရတဲ့ အကြောင်းပြချက် ကျွန်တော်မှာ ရှိပါတယ်”
“ဘာအကြောင်းပြချက်လဲ...”
အနက်ရောင် အရေပြားနှင့် အဖြူရောင် မီးတောက် ဆံပင်များ ပိုင်ဆိုင်ထားသည့် နတ်ဆိုး တစ်ယောက်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
ဝေ့ဝူယင်က ပြုံးလိုက်၏။
“ကျွန်တော်က အနန္တကုန်းမြေတိုက်ကြီးမှာ မွေးဖွားလာတဲ့ ကျေးတောသား တစ်ယောက်ပါ... ညအချိန်ဆိုရင် ကောင်းကင်ကို ငေးပြီး ကြယ်တာရာတွေကို ကြည့်ရတာ နှစ်ခြိုက်ပါတယ်... ဒါပေမဲ့ အနန္တဧကရာဇ်ဂိုဏ်းမှာက နေသုံးစင်းတောင် ရှိတဲ့ အတွက် ကြယ်တွေကို မမြင်နိုင်လောက်အောင်ပါပဲ... ဒီနေ့အရောက်မှာတော့ ကျွန်တော်စိတ် မထိန်းနိုင်တော့ပဲ အဆင့်ခုနစ် မီးတောင် ပေါက်ကွဲခြင်း ဆေးလုံး နှစ်သောင်း ခုနစ်ထောင်ကို သုံးပြီး ကောင်းကင်အလွှာတွေကို ထိုးဖောက်မိပါတယ်... “
“ ... “
“ ... “
“ ... “
“သူက ကြယ်တွေကို မြင်ရဖို့ အတွက် အဆင့်ခုနစ် ဆေးလုံး သုံးသောင်း နီးပါးကိုတောင် ဖောက်ခွဲ ပစ်လိုက်တာလား”
မူလအင်ပါယာ သူတော်စင် အားလုံးမှာ ဝေ့ဝူယင်ကို အရူးတစ်ယောက် အလား ကြည့်လိုက်မိသည်။ သို့သော်လည်း ဝေ့ဝူယင်၏ ပါရမီနှင့် အရည်အသွေးကိုမူ စိတ်ထဲမှ ကြိတ်ကာ ချီးကျူး လိုက်မိကြ၏။ ထိုလူငယ်မှာ အနာဂတ်တွင် မဟာ အင်ပါယာ သူတော်စင်၏ ခြေရာကိုပင် နင်းနိုင်လောက်သည်။ ထိုကဲ့သို့သော လူတစ်ယောက်နှင့် ပြဿနာ အဖုအထစ် ဖြစ်ထားခြင်းက ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု မဟုတ်ချေ။
နတ်ဆိုးက ခပ်လေးလေး ခေါင်းခါရင်း ပြောလိုက်၏။
“မင်း နောက်တစ်ခါ ကြယ်တွေကို ကြည့်ချင်ရင် ငါ့ကိုပြော... ခုလိုတွေ လျှောက်မလုပ်နဲ့”
“ဟုတ်ကဲ့ပါ...”
ဝေ့ဝူယင်က သူ့အား ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
“ငါ့နာမည်က ဖြူဟူ... အချိန်မရွေး ငါ့ကို ဆက်သွယ်လို့ရတယ်”
ထို့နောက်တွင် သူက အလင်းတန်း အသွင် ပြောင်းလဲကာ အပေါက်အတိုင်း အဋ္ဌမ အလွှာကို ပြန်လည် ထိုးတက် သွားလေတော့၏။
“ဒီနေ့ခေတ် ကလေးတွေကတော့...”
အသားညိုညိုနှင့် ချောမောလှပသော မိန်းကလေးက မိခင်တစ်ယောက်၏ လေသံမျိုးဖြင့် ရေရွတ်ရင်း ဖြူရော်စွာ ပြုံးလိုက်သည်။ ထို့နောက် သူမက ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ ဝေ့ဝူယင်ကို စာပို့လိုက်၏။
“နောက်တစ်ခါ သိပ်ပြဿနာ မရှာနဲ့”
ထို့နောက်တွင် သူမမှာလည်း ပြန်လည် ထွက်ခွာ သွားတော့၏။ ထို့နည်းတူစွာပင် အခြားလူများမှာလည်း ခေါင်းများခါရင်း အဋ္ဌမ အလွှာကို အသီးသီး ပြန်သွားကြသည်။
“ကြယ်တွေ... ငါငယ်ငယ်တုန်းက အဲဒီ ဆန္ဒကြောင့် ကောင်းကင်နန်းတော်ကို အပေါက်ဖောက်ခဲ့တာ မှတ်မိသေးတယ်... ဘယ်လောက် တန်ဖိုးရှိလိုက်တဲ့ အချိန်တွေလဲ... မင်းကို အပြစ်မတင်တော့ပါဘူးလေ”
"လူငယ်လေး... ငါက အဋ္ဌမ အလွှာရဲ့ ပန်းရောင် ကောင်းကင်နန်းတော်မှာ နေတယ်... မင်း အားရင် ငါ့ဆီ အချိန်မရွေး လာလည်လို့ ရတယ်”
နောက်ဆုံး၌ ထိုနေရာတွင် လူသုံးယောက်သာလျှင် ကျန်ရစ်တော့၏။ မဟာ အင်ပါယာ သူတော်စင် ထို့ပိဟန်နှင့် မှုန်ကုပ်ကုပ် ဖြစ်နေသည့် တာအို လက်တွဲဖော် နှစ်ယောက်တို့ပင် ဖြစ်သည်။
လူငယ်က ဝေ့ဝူယင်ကို တစ်ချက် ကြည့်လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက်တွင် ဘာစကားမှ မဆိုတော့ပဲ ကောင်းကင်အလွှာ အပေါက်အတိုင်း အပေါ်သို့ ပျံတက် ပျောက်ကွယ်သွားတော့၏။
လူငယ်နှင့် ယှဥ်ပါက ပိန်ပါးသော မိန်းကလေးမှာမူ ပိုမို တည်ငြိမ်ကာ ပါးနပ်ပုံ ရသည်။ သူမက ဝေ့ဝူယင်ကို ဖော်ရွေစွာ ပြုံးပြရင်း ခပ်တိုးတိုး ဆိုလိုက်၏။
“ကောင်းကင်ဧကရာဇ်ဝေ့... နောက်ဆို ဒီလို ပြဿနာ မရှာတာ အကောင်းဆုံးပဲ... ကြယ်တာရာတွေကို မြင်ချင်ရင် ကျွန်မတို့ အာကာသ ဂိတ်တံခါးတွေကို ဖွင့်ပြီး ပို့ပေးလို့ရတယ်... နောက်တစ်ခါ ဆန္ဒရှိရင် ဆက်သွယ်ရေး သလင်းကျောက်ကနေ စာပို့လိုက်ပါ... ကြယ်တွေ ကြည့်လို့ရတဲ့ နေရာကောင်းကို ကျွန်မတို့ သိထားတယ်”
ထို့နောက်တွင် သူမမှာလည်း လူငယ်သွားသည့် လမ်းကြောင်း အတိုင်း ပျံသန်းကာ ပျောက်ကွယ် သွားတော့သည်။
နောက်ဆုံး၌ ဝေ့ဝူယင်နှင့် ထို့ပိဟန်တို့သာလျှင် ထိုနေရာ၌ ကျန်ရှိပေတော့သည်။ ထို့ပိဟန်က ဝေ့ဝူယင်၏ အနားသို့ လျှောက်လာကာ ပြုံးလိုက်၏။
“ဒီကိစ္စကို မင်း မကိုင်တွယ်နိုင်လောက်ဘူး ထင်ထားတာ... မဆိုးဘူး... မင်းက ကောင်းကောင်း ဖြေရှင်းနိုင်တဲ့ အပြင် သူတို့ကိုပါ မိတ်ဖွဲ့နိုင်လိုက်သေးတယ်”
သူက ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများကို စိုက်ကြည့်ရင်း ပခုံးကို ပုတ်လိုက်သည်။
"မင်းရဲ့ ကြိုးကြာက ပထမ အကြိမ် နိုးထခြင်း ဖြစ်စဥ်ကို ကြုံတွေ့ခဲ့ရတာ... ဂိတ်တံခါးတွေကနေ တစ်ဆင့် အာကာသထဲ ဝင်ရောက်မယ် ဆိုရင် ဘယ်တော့မှ အောင်မြင်တော့မှာ မဟုတ်ဘူး... မင်းက သူ့ကို နည်းမှန်လမ်းမှန်နဲ့ ကူညီလိုက်နိုင်တာပဲ”
ဝေ့ဝူယင်က ထို့ပိဟန်ကို ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်ရင်း ခေါင်းညိတ်လိုက်၏။ မူလ အင်ပါယာ သူတော်စင်များကို စကားလုံးများဖြင့် လှည့်စားနိုင်လျှင်ပင် မဟာ အင်ပါယာ သူတော်စင်ကို လိမ်လို့ ရမည် မဟုတ်ကြောင်း သူ အစောတည်းကပင် သိရှိခဲ့ပြီး ဖြစ်သည်။
“အခြားဘာမှ တွေးပူ မနေနဲ့တော့... အနန္တဧကရာဇ်ဂြိုဟ်က ထင်သလောက် အားမနည်းဘူး... ကောင်းကင်အလွှာတွေ တစ်ခုမကျန် ပျက်စီးသွားရင်တောင် ကြယ်တာရာ အစီအရင်တွေရဲ့ ပံ့ပိုးမှုနဲ့ ဂြိုဟ်က ပုံမှန် အတိုင်း ဆက်လည်ပတ်လို့ရတယ်... နောက်နှစ်ရက် သုံးရက် အတွင်း အပေါက်တွေ အားလုံး ပြန်ပိတ် သွားမှာပါ”
ထို့ပိဟန်က အနည်းငယ် ရယ်မောလိုက်၏။
“ဟဟ... မင်းက ပြဿနာရှာသလောက် အထင်ကြီးစရာလည်း ကောင်းသားပဲ... ကြည့်ရတာ ကောင်းကင်အလွှာအောက်မှာ နာမည်ကြီး နေတဲ့ ခေါင်းစီးက နည်းနည်းတော့ မှန်ပုံ ရတယ်”
ဝေ့ဝူယင်က နားမလည်စွာဖြင့် ထို့ပိဟန်ကို ကြည့်လိုက်မိသည်။ ကောင်ကင်အလွှာအောက်တွင် နာမည်ကြီးနေသည့် ခေါင်းစီး... ဆေဘာအာဏာရှင် လော။
ရှားရှားပါးပါးပင် ယခုတစ်ကြိမ်တွင်တော့ ဝေ့ဝူယင် အတွေးချော် သွားခဲ့သည်။ ထိုခေါင်းစီးက “ထာဝရ မင်းသားလေး” ဟူ၍ပင်။
...
မူလ အင်ပါယာ သူတော်စင်များ ထွက်ခွာသွားပြီးသည့်နောက် အချိန်အတော်ကြာသည် အထိ ဝေ့ဝူယင်နှင့် ထို့ပိဟန်တို့မှာ ဆက်လက်၍ စကားလက်ဆုံကျ နေမိသည်။ ဝေ့ဝူယင်သည် ဒဏ္ဍာရီ ဆန်ဆန် ကျော်ကြားသည့် ထိုဖန်တီးခြင်း တောင်ထွတ်၏ ခေါင်းဆောင် အကြောင်း အနည်းငယ် ပို၍ သိလာခဲ့၏။ သူကား အဂ္ဂိရတ် အင်ပါယာ တစ်ယောက်သာလျှင် မကချေ။ အဆင့်မြင့် ဗိသုကာနှင့် ထွင်းထုခြင်း ပညာရှင် တစ်ပါးလည်း ဖြစ်သည်။
သူ၏ အသက်ကို အတိအကျ မခန့်မှန်းနိုင်သည့်တိုင် အနည်းဆုံးသော အသက် တစ်ထောင်ကျော်လောက်ပြီ ဖြစ်ကြောင်း ဝေ့ဝူယင် ခံစားမိသည်။ သူကား နှစ်ပေါင်းများစွာ တိုင်အောင် ရှင်သန်ခဲ့သည်။ ထိုနှစ်များ အတွင်း၌ လူပုဂ္ဂိုလ် တစ်ဦး အနေဖြင့် များစွာသော ပညာရပ်များကို လေ့လာရန် အခွင့်အရေး ရှိပေသည်။
နောက်ဆုံးတွင် ထို့ပိဟန်မှာလည်း နှုတ်ဆက်ကာ ပြန်သွားခဲ့သည်။ ဝေ့ဝူယင် ချက်ချင်းပင် အိပ်ယာခန်း အတွင်း ဝင်လာခဲ့၏။ ထို့နောက် သူက အဝတ်အစားများကို ချွတ်ကာ ခုတင်ပေါ် ပစ်လှဲချလိုက်သည်။ သားမွေး စောင်တစ်ထည်ကို ဖြန့်ကာ ခြုံလိုက်ရင်း ဖက်လုံးအိစက်စက်ကို ဖက်လိုက်၏။ ထို့နောက်တွင် သူ၏ အသက်ရှူသံများက လေးလံလာကာ နှစ်ခြိုက်စွာ အိပ်မောကျသွားလေတော့သည်။
...
ရက်ပေါင်း အနည်းငယ် အကြာ၊ ကောင်းကင် နန်းတော်၏ အဂ္ဂိရတ် ခန်းမ အတွင်း၌...
“ဒါက မန်နာပေါ့...”
ဝေ့ဝူယင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ၏ လက်ထဲတွင်မူ ကျောက်စိမ်း ပုလင်း ကိုးလုံး ရှိနေပြီး ထိုပုလင်း တစ်ခုချင်းစီတွင် အဖြူရောင် အရည်များကို သိုလှောင်ထားသည်။
ထိုအရာများကား အခြားမဟုတ်။ လွန်ခဲ့သည့် တစ်ရက်အတွင်းသူ ကိုယ်တိုင် ဖော်စပ်အောင်မြင်ထားသည့် “မန်နာ စိမ့်ဝင်တာအို ဆေးရည်” များပင် ဖြစ်လေသည်။
ဝေ့ဝူယင် အဖြူရောင် အရည်များကို စေ့စေ့စပ်စပ်ပင် ကြည့်နေ၏။ သူ၏ ဖော်စပ်မှုက ၈၀ ရာခိုင်နှုန်း အထိ အောင်မြင်ခဲ့သည့်တိုင် ယင်းတို့မှာ အဆင့်နိမ့် အရည်အသွေးသာ တင်ကျန်သည်။ သူ၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းကာ ကျေနပ်မှု မရှိသည့် အရိပ်အယောင်များကို ဖော်ပြနေ၏။
ထိုအရာက “မန်နာ စိမ့်ဝင်တာအို ဆေးရည်” ကို ပထမဆုံး အကြိမ် ဖော်စပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ အမှားအချို့ ရောယောင် လုပ်မိခဲ့သည်။ ထိုအမှားများမှာ အသေးအဖွဲလေးများ ဖြစ်သည့်တိုင် ဆေးရည်၏ အရည်အသွေးကိုမူ ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။
သို့သော်လည်း ထိုအတွေ့အကြုံမှ တစ်ဆင့် အဆင့်မြင့် ထုတ်ကုန်များ ရရှိရန် မည်မျှ ခက်ခဲကြောင်း ဝေ့ဝူယင် သဘောပေါက် လာမိသည်။ ထို့အပြင် မန်နာ အပေါ် သူ၏ နာလည်မှုမှာလည်း ပိုမို ကျယ်ပြန့်လာခဲ့၏။ မန်နာသည် အမတေ မဟုတ်ချေ။ ယင်းသည် လောက၏ နေရာတိုင်း နေရာတိုင်းတွင် တည်ရှိသော်လည်း အရည်အသွေးနှင့် အရေအတွက်မှာမူ အလွန် ကွာခြားပါသည်။ ၎င်းက စိတ်နှင့် ဝိညာဥ် အပါအဝင် စွမ်းအင် ပုံံစံ အမျိုးမျိုးကို ချိတ်ဆက်နိုင်သည့် ကော်တစ်မျိုးနှင့် ပိုမို တူသည်။
“ဇာတိဝိညာဥ် တစ်ခုကို သေမျိုး မိုးကုပ်စက်ဝိုင်း အထိ မြှင့်တင်ဖို့ အတွက်ဆိုရင် အရည်အသွေးမြင့် မန်နာ စိမ့်ဝင် တာအိုဆေးရည် တစ်ပုလင်း လိုအပ်တယ်... အရည်အသွေးနိမ့် ဆေးရည်တွေလည်း အလုပ် ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် အနာဂတ်နဲ့တော့ ရင်းပြီး အလောင်းအစား မလုပ်နိုင်ဘူး”
ဝေ့ဝူယင် အဂ္ဂိရတ် ခန်းမအတွင်းတွင်ပင် နောက်ထပ် ရက်အနည်းငယ် ကြာအောင် ဆက်လက် အလုပ်လုပ် နေခဲ့သည်။ ကံကောင်းထောက်မစွာပင် ဆေးလုံး ဖော်စပ်ရန် လိုအပ်သော ရင်းမြစ်များက သိပ်ရှားပါးခြင်း မရှိလှချေ။ သူ့ထံတွင် အလျှံပယ် လုနီးပါး ရှိသည်။ ထို့ကြောင့်ပင် မည်သည့် ကုန်ကျမှုကိုမှ ဂရုစိုက်စရာ မလိုပဲ စိတ်ဖြောင့်ဖြောင့်နှင့် အလုပ်ကို သူ အာရုံစိုက် နိုင်ခဲ့သည်။
အဆုံးသတ်၌ ဝေ့ဝူယင် အရည်အသွေးမြင့် ဆေးရည် လေးပုလင်းကို ဖော်စပ်နိုင်ခဲ့၏။ ထိုအရာက အလွန် ခက်ခဲ ကြမ်းတမ်းလှသည့် ဖြစ်စဥ်တစ်ခုလည်း ဖြစ်သည်။ အကြိမ်ပေါင်း ၉၃ ကြိမ် ဖော်စပ် အပြီးတွင်မှ သူ အဆင့်မြင့် လေးပုလင်းထဲကိုသာ ရရှိခဲ့ခြင်း ဖြစ်သည်။
“ကဲ... အချိန်တန်ပြီ...”
ဝေ့ဝူယင် ရေရွတ်လိုက်သည်နှင့် အမျှ နဂါးသွေး ဝိညာဥ်၊ ဆန်းကြယ် ဒြပ်စင် ဝိညာဥ်နှင့် ဆန်းကြယ် ဆေဘာ ဝိညာဥ်တို့မှာ ခန္ဓာကိုယ်ထဲမှ အပြင်သို့ ထွက်ခွာလာကြလေ၏။ ဝေ့ဝူယင်မှာ မိုက်ခနဲ ဖြစ်သွားကာ ကြမ်းပြင်ပေါ်သို့ သတိလစ် လဲကျသွားလေတော့၏။
***