သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်
Vol. 13 Ch. 177
နေ့ရက်ပေါင်းများစွာ သတိလစ်ပြီးသည့်နောက် ညည်းညူသံနှင့် အတူ ဝေ့ဝူယင် တဖြည်းဖြည်း ပြန်လည် နိုးထာလာသည်။ ရုတ်တရက် သူ၏ ခန္ဓာကိုယ် အတွင်းရှိ အရာအားလုံးက ကွဲပြားနေသလို သူ ခံစားလိုက်ရလေသည်။
“ဒါက...”
ဝေ့ဝူယင် ချက်ချင်းပင် ဇာတိဝိညာဥ်များကို ဆန်းစစ် ကြည့်လိုက်၏။ ၎င်းတို့မှာ ယခင်ကနှင့် မတူညီတော့ပဲ ခြားနားနေသည်ကို တွေ့ရှိ လိုက်ရသည်။
ဆန်းကြယ် ဒြပ်စင်ဝိညာဥ်သည် အဖြူရောင် ကောင်းကင် ဝန်းရံထားသော ဒြပ်စင် ကမ္ဘာတစ်ခု သဖွယ် တည်ရှိနေသည်။ ထိုကမ္ဘာသည် မီး၊ ရေ၊ လေ၊ ရေခဲ၊ သစ်သား၊ သတ္တုတို့ဖြင့် ဖွဲ့စည်းထားကာ အစစ်အမှန် ရုပ်သွင်ကို ဖော်ဆောင်ထားသည်။ လျှပ်စီးနှင့် ချော်ရည်ပူချီများသည် အလွန်အမင်း အန္တရာယ် ကြီးမားပုံ ရကာ ထိတွေ့သမျှ အရာအားလုံး ပြတ်တောက် ပျက်စီးကုန်ကြသည်။
ဆန်းကြယ် ဆေဘာဝိညာဥ်မှာမူ ဝေ့ဝူယင်၏ စိတ်မျက်လုံး အတွင်းရှိ “ဒြပ်စင်” နှင့် အတိအကျ တူညီ နေခဲ့ပြီ ဖြစ်သည်။ လွှမ်းမိုးချုပ်ကိုင်မှုနှင့် မောက်မာမှု ရောင်ဝါများသည် ၎င်းထံမှ ဖြာထွက်နေ၏။ ကမ္ဘာပေါ်ရှိ အရာ အားလုံးကား ယင်း၏ ရှေ့မှောက်၌ ယုတ်ညံ့နေသယောင်ပင်။
အဂ္ဂိရတ် ဧဒင်ဝိညာဥ်မှာမူ ဧဒင်သစ်ပင်ကြီး၏ မူယင်း ပုံသဏ္ဌာန်အတိုင်း အတိအကျပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ၎င်း၏ အမြစ်များသည် အသိစိတ် ပင်လယ် အတွင်း နက်နက်ရှိုင်းရှိုင်းပင် နစ်ဝင်ကာ ခြေကုပ်ရယူထား၏။ အဂ္ဂိရတ် စွမ်းအားများက သစ်ပင်တစ်ခုလုံးကို လွှမ်းခြုံနေကာ တောက်ပသည့် ရောင်စုံ အလင်းတန်းများကို ထုတ်လွှတ်နေသည်။
တစ်ချိန်တည်း၌ နဂါးသွေး ဝိညာဥ် တည်ရှိရာ သူ၏ နှလုံးသားမှာလည်း အသွင်ပြောင်းလဲ သွားခဲ့သည်။ ၎င်းမှာ ယခင်ကထက် နှစ်ဆမျှ ပိုမို ကြီးမားလာကာ သွေးပြန်ကြောနှင့် သွေးလွှတ်ကြော အလွှာများတွင် ခပ်ဖျော့ဖျော့ အကြေးခွံများ ထွက်ပေါ် လာခဲ့သည်။ နှလုံးခုန်ချက် တစ်ခုချင်းစီတိုင်းက နဂါးဟောက်သံ ပျော့ပျော့ကို ထုတ်လွှတ် နေ၏။
တစ်ချိန်တည်း၌ ဒဏ္ဍာရီလာ နဂါးအမှတ်အသားမှာလည်း ပြောင်းလဲသွားကာ အဆင့်တစ်ခု မြင့်တက်သွားသည်။ ယင်းသည် ပထမက သေမျိုး အဆင့်နှစ်တွင်သာ ရှိခဲ့သော်လည်း ယခုတွင်မူ အဆင့်သုံး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်မှာ ထိုအပြောင်းအလဲများကို ကြည့်ရင်း ဆွံ့အ နေမိခဲ့၏။ မည်ကဲ့သို့ ဖြစ်သွားရသနည်း။
“ကျင့်ကြံနေတာက ငါလား... မင်းတို့လား...”
သူ ဝိညာဥ်လေးခုကို ကြည့်ရင်း မေးလိုက်မိသည်။
သူ သတိလစ်နေသည့် အတောအတွင်းမှာပင် သူတို့သည် မန်နာ စိမ့်ဝင်တာအိုဆေးရည် တစ်ပုလင်းချင်းစီကို စုပ်ယူကာ သာမန်ထက် အဆပေါင်းများစွာ ပိုမို သန်မာသော မန်နာ အမတေကို ဖွဲ့စည်းခဲ့သည်။ ထိုအရာမှာ ချီပျစ်ခဲခြင်း အဆင့်ကိုး “ချီအမတေ အဆင့်”ကို ချိုးဖျက်ခြင်း၏ အခြေခံလည်း ဖြစ်သည်။
နောက်ဆုံး၌ ဝေ့ဝူယင်မှာ သက်ပြင်းတစ်ချက်သာ ချနိုင်ခဲ့သည်။
“ငါ့ရဲ့ ဇာတိဝိညာဥ်တွေက ဘာလို့ ဒီလို ပုံစံ ဖြစ်နေရတာလဲ... ငါ ဖန်တီးထားတဲ့ ပြင်ပ နှလုံးသား ကျင့်စဥ်ကြောင့်များလား... ဒါမှမဟုတ် အပြဟ်သား သွေးမျိုးဆက် ကြောင့်လား”
မည်သည့် အကြောင်းပြချက်ကြောင့် ဖြစ်ကြောင်း ဝေ့ဝူယင် ကိုယ်တိုင် မသေချာခဲ့ချေ။ မည်သိုပင် ဆိုစေ သူသည် သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့် ဇာတိ ဝိညာဥ်များနှင့် အတူ ချီအမတေ အဆင့်ကို ခြေချမိခဲ့ပြီ ဖြစ်လေသည်။
သူ အတွေးများကို ပြန်လည် စုစည်းရင်း နေ့ရက်များကို စစ်ဆေး ကြည့်လိုက်၏။ ရရှိလိုက်သော အဖြေက သူ၏ မျက်လုံးများကို ပြူးထွက် သွားစေခဲ့လေ၏။
“ရက်နှစ်ဆယ်တောင်လား...”
သူ ချက်ချင်းပင် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ အရာအားလုံး အဆင်ပြေနေပေည်။ မည်သည့် ချိုးယွင်းမှုမှ ရှိမနေခဲ့ချေ။ တော်သေးသည်။
သူ့အဆင့်ရှိ ကျင့်ကြံသူများမှာ သေမျိုးလောကတွင် နတ်ဘုရားများ သဖွယ် မင်းမူနိုင်ကြသည် ဆိုသော်လည်း အစားစားရန် ရေသောက်ရန် လိုအပ်ပေသည်။ ဝေ့ဝူယင် အစာအိမ်ကို စစ်ဆေးလိုက်ရာ ထိုအထဲတွင် အစာများ ရှိနေသည်ကို တွေ့လိုက်ရသည်။ အစာချေစနစ်က အဆက်မပြတ် အလုပ်လုပ်ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အတွက် လိုအပ်သော စွမ်းအင် ရင်းမြစ်ကို ထောက်ပံ့နေ၏။
သတိလစ်နေသည့် အတောအတွင်း ဝိညာဥ်တွေက သူ့ကို အစာပါ ခွံ့ကျွေးခဲ့ကြသည်လား...။
ဝေ့ဝူယင် စိတ်ရှုပ်ထွေး လာသဖြင့် ဆက်လက် မတွေးတောတော့ပဲ ပတ်ဝန်းကျင်ကိုသာ စူးစမ်း လိုက်သည်။ သူသည် အဂ္ဂိရတ် ခန်းမအတွင်းတွင်သာ ရှိနေသေးဆဲ ဖြစ်သည်။ သူက လက်တစ်ဖက်ကို မြှောက်လိုက်ကာ ချီကို ဆင့်ခေါ်ကြည့်လိုက်၏။
ချီစွမ်းအင်သည် ရုတ်ချည်းပင် စုဝေးလာကာ တစ်လက်မခန့် ထုထည်ရှိသော ကုဗတုံး တစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းက တည်ငြိမ်စွာပင် သူ၏ လက်ဝါးထဲ၌ တည်ငြိမ်စွာဖြင့် မြောလွင့်၏။
ဝေ့ဝူယင် မျက်မှောင်ကြုတ်ရင်း ထိုချီကုဗတုံးကို စစ်ဆေး လိုက်သည်။
“နေဦး... ဒါက...”
အတွေးတစ်ချက်ဖြင့်ပင် ကုဗတုံး၏ အရွယ်အစားက တစ်မီတာမျှ အထိ ပိုမို ကြီးလာခဲ့၏။ ဝေ့ဝူယင်သည် နောက်ထပ် သုံးနာရီတိုင်တိုင် ကုဗတုံးကို သေချာစွာ စိုက်ကြည့်ရင်း လေ့လာနေခဲ့သည်။ သူသည် အခြေအနေများကို ချက်ချင်း အတည်မပြုဝံ့ပဲ ခပ်ဖြည်းဖြည်းချင်းပင် လက်ခံနိုင်အောင် ကြိုးပမ်းနေခဲ့၏။
ချီကုဗတုံး တည်မြဲရန် အတွက် သူ မည်သည့် ချီစွမ်းအင်ကိုမျှ ထပ်မံ ထည့်သွင်းရန် မလိုအပ်ခဲ့ချေ။ ၎င်းက လောကအတွင်းရှိ စွမ်းအင်များနှင့် လိုက်ဖက်ညီစွာ ပေါင်းစပ် တုန့်ပြန်ကာ ကိုယ်တိုင်ကိုယ်ကျ တည်တံ့နေသည်။
၎င်းကို ကြည့်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ ပို၍ ပြူးကျယ် လာ၏။
ထာဝရ တည်မြဲခြင်း...
ထိုအရာကား နတ်ဘုရားများနှင့် မသေမျိုးများသာ ပိုင်ဆိုင်သည်ဟု ပြောစမှတ် ပြုကြသော အစစ်အမှန် ဖန်တီးခြင်း စွမ်းအားပင် ဖြစ်သည်။ အကယ်၍ သူ မြစ်တစ်စင်းကို ဖန်တီးပါက ထိုမြစ်မှာ လောကကို ထာဝရ လွှမ်းမိုးကာ သဘာဝ စက်ဝိုင်းအတွင်း ဝင်ရောက်သွားလိမ့်မည် ဖြစ်သည်။ အကယ်၍ သူ တောင်တန်း တစ်ခုကို ဖန်တီးခဲ့ပါကလည်း ထိုတောင်တန်းမှာ ဖျက်ဆီးခြင်း မခံရသမျှ ထာဝရ တည်တံ့လိမ့်မည် ဖြစ်သည်။ အစစ်အမှန် တောင်တန်းတစ်ခုနှင့် လုံးဝ ခြားနားလိမ့်မည် မဟုတ်ချေ။
“ဒါက ဒဏ္ဍာရီလာ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်... မိုးကုပ် စက်ဝိုင်း အမတေလား”
သူ ဆေဘာချီကို ထပ်မံ ထုတ်လွှတ်လိုက်၏။ ဆန်းကြယ်စွာပင် ပထမစွမ်းအားကို သူ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။ ၎င်းအား အထွတ်အထိပ် အခြေအနေတွင် ဆက်လက် ထိန်းသိမ်းထားရန် အတွက် အတွေးတစ်ခုသာ လိုအပ်ပေသည်။
စိတ်လှုပ်ရှားစွာပင် ဝေ့ဝူယင် အခြား သီအိုရီများကိုပါ ဆက်လက် စမ်းသပ်ကြည့်လိုက်သည်။ အရာအားလုံးက ယူဆချက် အတိုင်းတွင် ကွက်တိဝင်နေသည်ကို တွေ့ရ၏။
ဟူး... ဟူး...
သူ၏ ပတ်ဝန်းကျင်တွင် ရာချီသော ဆေဘာ အလင်းများက ဝန်းရံကာ ကွန့်မြူးနေကြ၏။ ၎င်းတို့က သူ၏ အတွေးများနှင့် ချိတ်ဆက် နေကြသည်။ တစ်ချက် စဥ်းစားရုံဖြင့်ပင် ထိုအရာအားလုံးက စုဝေးလာကာ တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားကြ၏။
“ပြည့်စုံတယ်... တကယ့်ကို သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ပဲ...”
ဝေ့ဝူယင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဖြင့်ပင် သူ၏ ပတ်ဝန်းကျင်၌ မြောလွင့်နေသည့် စွမ်းအင် အကုန်လုံးမှာ ပျက်စီး ပျောက်ကွယ်သွားသည်။ အကယ်၍ သူသာ ဆန္ဒရှိပါက ချီစွမ်းအင်ကို သုံးလျှက် ကိုယ်ပိုင် နန်းဆောင် တစ်ခုကို ထာဝရ တည်တံ့အောင် တည်ဆောက်နိုင်နေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်မှာ စိတ်ပြန်လည် တည်ငြိမ်ရန် အတွက် အချိန် အတော်ယူလိုက်ရသည်။ သတိလစ်နေသည့် အတောအတွင်း ကျင့်ကြံခြင်း အဆင့် တိုးတက်လာသည့် အပြင် မဖြစ်နိုင်လောက်သည့် အောင်မြင်မှု တစ်ခုကိုပါ ရရှိခဲ့သည်။ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများပင် သူတို့၏ ကြယ်တာရာ အင်အားကို ထာဝရ တည်တံအောင် လုပ်နိုင်စွမ်း မရှိချေ။
အနာဂတ်တွင် ကျင့်ကြံခြင်း အဆင့် မြင့်မားလာပါက ကိုယ်ပိုင် ကုန်းမြေ တိုက်ကြီးတစ်ခုကို ဖန်တီးနိုင်မည်လော။ သို့မဟုတ် ကိုယ်ပိုင်ဂြိုဟ်တစ်ခု၊ ကြယ်ပိုင် ကြယ်တာရာတစ်စင်း... လောက၏ အကန့်အသတ်က အဘယ်နည်း။
ဝေ့ဝူယင်မှာ လောတတ်သည့် လူမဟုတ်ချေ။ ထိုအဆင့်သို့ ရောက်ရန်မှာ များစွာ အလှမ်းကွာဝေးနေဆဲ ဖြစ်သည်။ ထို့အပြင် သူ ဖြတ်ကျော်ရမည့် ဒုတိယမြောက် ငရဲကလည်း ရှိနေသေးသည်။ သူ့အနေဖြင့် ပစ္စုပ္ပန်ကို အာရုံစိုက်ကာ တစ်လှမ်းချင်း ကျော်ဖြတ်ရန် လိုအပ်သည်။
ဝေ့ဝူယင် စုမေ့ကို စာပို့လိုက်၏။ ထို့နောက် ထိုင်ရာမှ ထကာ အခြား အဆင့်ရှစ် ဆေးလုံးများကို စမ်းသပ် ဖော်စပ်ကြည့်ရန် တွေးတော နေလိုက်သည်။
မကြာခင်မှာပင် စုမေ့တစ်ယောက် ရောက်ရှိလာသည်။ သူမ၏ အနက်ရောင် မျက်လုံးများက တောက်ပကာ သန့်စင်နေ၏။ သူ၏ တည်ရှိမှုက ပိုမို ဆန်းကျယ်လာသလိုပင်။ ဝေ့ဝူယင်မှာ စုမေ့ကို ကြည့်ကာ အပြောင်းလဲကြီး ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။ ထို့နည်းတူစွာပင် စုမေ့မှာလည်း ဝေ့ဝူယင်ကို ကြည့်ကာ အလားတူ ခံစားနေရ၏။
“ဘာထူးသေးလဲ...”
ဝေ့ဝူယင် မေးလိုက်သည်။ ပိုင်လင်နှင့် မတော်တဆမှု မတိုင်ခင် သူ စုမေ့ကို “အာဏာရှင်များ” အဖွဲ့အတွက် အဖွဲ့ဝင်များ ရှာဖွေရန် ပြောထားခဲ့သည်။
စုမေ့ကာ ခေါင်းတစ်ချက် ညိတ်ကာ ဝိညာဥ်ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူ ကမ်းပေးလိုက်၏။ ဝေ့ဝူယင် ထိုအရာကို လှမ်းယူကာ ကိုယ်တိုင်ပင် ဖတ်လိုက်သည်။
ထို့နောက် သူ မျက်မှောင်ကြုတ်လိုက်၏။
“အတော်နည်းတာပဲ...”
စုစုပေါင်း ဆယ့်ခုနစ်ယောက်သာလျှင် ရှိပေသည်။ စုမေ့က ခေါင်းတစ်ချက် ညိတ်လိုက်သည်။
ဝေ့ဝူယင် ခပ်ဖြည်းဖြည်း သက်ပြင်းချလိုက်မိ၏။ ကြည့်ရသည်က အဖွဲ့ဝင်ခွင့် အတွက် သူ၏ အရည်အချင်း သတ်မှတ်ချက်မှာ အတော်လေး မြင့်မားသွားပုံ ရသည်။ သို့သော်လည်း သူ၏ ရည်ရွယ်ချက်က အရေအတွက် မဟုတ်ပဲ အရည်အချင်းသာ ဖြစ်သည်။
“သူတို့နဲ့ တွေ့ဆုံဖို့ ပြင်ဆင်ထားလိုက်...”
စုမေ့က ခေါင်းညိတ်ပြီး ထွက်ခွာသွား၏။ ဝေ့ဝူယင်မှာလည်း အတွေးများကို ပြန်လည် သိမ်းဆည်းလိုက်ရင်း အဆင့်ရှစ် အဂ္ဂိရတ် ထုတ်ကုန် အချို့ ဖန်တီးရန်သာ အာရုံစိုက်လိုက်တော့သည်။
...
လွန်ခဲ့သည့် ရက်သတ္တပတ်များစွာက အဖြစ်အပျက်များမှာ ဖန်တီးခြင်း တောင်ထွတ်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ကောင်းကင်အလွှာ သုံးခု ပေါက်သွားခြင်းနှင့် အတူ ကောင်းကင်တစ်ခုလုံးက နီရဲလာကာ အပူချိန်မှာလည်း ပုံမှန်ထက် တိုးလာခဲ့သည်။ ဖန်တီးခြင်း တောင်ထွတ် ဆဋ္ဌမ အလွှာ၊ ပဥ္စမ အလွှာနှင့် စတုတ္ထ အလွှာများတွင် နေထိုင်ကြသော ကျင့်ကြံသူများမှာ ပြင်းထန်သော အပူချိန်များကြောင့် အောက်အလွှာများသို့ပင် ရွှေ့ပြောင်းကာ နေထိုင်ခဲ့ရသည်။
ထိုအဖြစ်အပျက်က ယာယီမျှသာ ဖြစ်သော်လည်း တစ်ခါမှ မကြုံဖူးသည့် အလွန် ဆန်းပြားသော ကိစ္စတစ်ခု ဖြစ်သည်။
အတည်မပြုနိုင်သော ကောလဟာလများသည် ယူဆချက် အမျိုးမျိုးနှင့် ပျံ့နှံ့နေကာ လူအများအပြားမှာ ထိုကိစ္စကို စုံစမ်းခဲ့ကြသည်။ သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံးတွင် အင်အား အကြီးဆုံး ဖြစ်သည့် စန်းမျိုးနွယ်၏ ရန်ပြု တိုက်ခိုက်မှု ဟူသော တီးတိုးစကားများပင် ထွက်ပေါ်ခဲ့သည်။ စန်းမျိုးနွယ်ဝင်များသည် မီးကျင့်ကြံသူများ အဖြစ် ကျော်ကြားကြပြီး ကောင်းကင်ရှိ မီးတောက် ပေါက်ကွဲမှုများကို ကြည့်ပါက ထိုအရာက ဖြစ်နိုင်ချေ ရှိသည်။
အကြောက်တရားနှင် တုန်လှုပ်ချောက်ချားမှုတို့မှာ တရားဝင် ကြေညာချက် ထွက်ပေါ်မလာခင် အချိန်အထိ ဂိုဏ်းတစ်ခုလုံးကို တောမီးအလား အဆက်မပြတ် လောင်ကြွမ်းနေခဲ့လေသည်။
“အဲဒါက ဘယ်သူ့ရဲ့ တိုက်ခိုက်မှုမှ မဟုတ်သလို ဘာအန္တရာယ်မှလည်း မဟုတ်ဘူး... ကောင်းကင်ဧကရာဇ်ဝေ့က မဟာ သူတော်စင်နဲ့ မူလ အင်ပါယာ သူတော်စင်တွေရဲ့ ခွင့်ပြုမှုနဲ့ အတူ ကျူးလွန်ခဲ့တာ”
ဤကြေညာချက်က ပေါက်ကွဲနေသည့် သတင်းများကို ပိုမို ကြီးမားသော လောင်စာများ ဖြည့်တင်းပေးလိုက် သလိုပင်။ ဖန်တီးခြင်း တောင်ထွတ်၏ အုပ်ချုပ်သူများက ကောင်းကင်ဧကရာဇ်ဝေ့ကို ကောင်းကင်အား ဖောက်ခွဲရန် ခွင့်ပြုပေးလိုက်သည်လား။ အားလုံး၏ မျက်လုံးများမှာ တွေဝေ ချောက်ချားခြင်းများနှင့် ပြည့်နှက် သွားလေတော့၏။
***