← Chapters

စစ်ငရဲ၏ အလွှာများ

Vol. 13 Ch. 178

စစ်ငရဲ၏ အလွှာများ

Vol. 13 Ch. 178

သူကားလွန်ခဲ့သော လေးလခန့်က ဂိုဏ်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ပထမဆုံး ချီပျစ်ခဲခြင်း အဆင့်ဖြင့်ပင် ဂိုဏ်း၏ ကောင်းကင်နိုဘယ် တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့နောက်တွင် ကြယ်တာရာ အမြုတေ အဆင့်နှစ် တစ်ယောက်အား သတ်ဖြတ်ခဲ့ကာ မဟာဝင်ရိုး အဖွဲ့ကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့နောက် တစ်ပတ်အတွင်းမှာပင် အဂ္ဂိရတ် ဧကရာဇ် ဟူသော သူ၏ အဆင့်အတန်းကို ရှာဖွေ တွေ့ရှိခဲ့ကာ ကောင်းကင်ဧကရာဇ် အဖြစ် ရာထူး တိုးလာခဲ့သည်။

သို့သော်လည်း ထိုအချင်းအရာများကား ဒဏ္ဍာရီတွင်မည့် ရှေးဦး လေပွေများသာ ဖြစ်နိုင်ပေသည်။ လွယ်လွယ်နှင့် ရပ်တန့်သွားလိမ့်မည် မဟုတ်ချေ။ ဝေ့ဝူယင် နာမည်က ဂိုဏ်းအတွင်း ပိုမို ကျယ်ပြန့်လာ၏။ အရေမတွက်နိုင်သော လူများမှာ သူနောက်ထပ် ဘာလုပ်မည်ကို သိလိုသော မျှော်လင့်ချက်များဖြင့် စောင့်ကြည့် နေကြပေသည်။

ထိုအချိန်တွင်ပင် ကောင်းကင်အလွှာမှ နေ၍ နတ်မြင်းပျံတစ်ကောင်သည် လူနှစ်ဦးကို သယ်ဆောင်ကာ ဆင်းသက် လာခဲ့သည်။

“အရှင်ဝေ့... ကျွန်မတို့ရဲ့ ပထမဆုံး ပစ်မှတ်က...”

စုမေ့က တိတ်တဆိတ်ပင် မေးလိုက်၏။ လေများက တိုးဝှေ့တိုက်ခတ်နေရာ သူမ၏ ဆံပင်နှင့် ဝတ်ရုံများမှာ တဖျပ်ဖျပ် လွင့်ပျံနေသည်။ ဝေ့ဝူယင်သည် သူမ၏ နံဘေးတွင် ထိုင်ရင်း ငွေရောင် မျက်လုံးများဖြင့် စစ်တောင်ထွတ်ကို အကဲခတ်နေခဲ့၏။

စုမေ့သည် သူမကိုယ်တိုင် ရွေးချယ်ထားသည့် ဆယ့်ခုနစ်ယောက် စလုံးအား သိပေသည်။ သူတို့ အားလုံးသည် ဝေ့ဝူယင် ကိုယ်တိုင် သတ်မှတ်ထားသည့် တင်းကြပ်သော စည်းကမ်းချက်များနှင့် ကိုက်ညီသော်လည်း ပြဿနာ ကိုယ်စီ ရှိနေကြပေသည်။ သူတို့ထဲမှ အချို့ဆိုလျှင် ဂိုဏ်းဝင်များပင် မဟုတ်ကြချေ။ ထို့အစား သူတို့မှာ လေလွင့် ကျင့်ကြံသူများ၊ ဝရမ်း ထုတ်ခံထားရသော ရာဇဝတ်ကောင်များနှင့် အကျဥ်းသားများပင် ဖြစ်နေကြသည်။ ဆယ့်ခုနစ်ယောက်ထဲမှ နှဟ်ယောက်သာလျှင် အမှန်တကယ် သူ၏ ဆန္ဒနှင့် ကိုက်ညီသော်လည်း သူမ သူ့ရည်ရွယ်ချက်များကို နားလည်ပေသည်။

“ကျူးဟိုင်...”

ဝေ့ဝူယင်က တည်ငြိမ်စွာပင် တုန့်ပြန်လိုက်သည်။ သူ၏ မျက်လုံးများက ကြည်လင် ရှင်းလင်းနေကာ မည်သည့် တွေဝေမှု အရိပ်အယောင်မျှ ရှိမနေခဲ့ချေ။

“ကျူးဟိုင်...”

လိုက်လံရေရွတ်ရင်း စုမေ့၏ ခန္ဓာကိုယ်က တစ်ချက် တုန်ခါသွား၏။ ထိုအရာက နာမည်တစ်ခုသာ ဖြစ်သော်လည်း  ဂိုဏ်းထဲတွင်မူ သွေး၊ သတ်ဖြတ်ခြင်းနှင့် သေခြင်းတရားတို့ကို ကိုယ်စားပြုသည့် စကားလုံး ဖြစ်နေခဲ့ပေသည်။ ဇာတ်လမ်းက ဤကဲ့သို့ ဖြစ်လေ၏။

...

လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ့ ခြောက်ဆယ်ခန့်က အနန္တဧကရာဇ်ဂိုဏ်း၊ စစ်တောင်ထွတ်တွင်...

ငွေရောင် ဝံပုလွေ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ရှို့ရန် (သားရဲလူသား) မျိုးနွယ်ဝင် လူငယ် တစ်ယောက် တည်ရှိခဲ့၏။ သူသည် ထိပ်တန်း ပါရမီရှင် တစ်ယောက် မဟုတ်ပဲ အားနည်းသည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ပျမ်းမျှ ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။

သူ၏ မိသားစုသည် အနန္တဧကရာဇ်ဂိုဏ်းတွင်ပင် ဘိုးဘေးဘီဘင် အဆက်ဆက် မှီတင်းနေထိုင်ခဲ့ကြသည်။ သူတို့သည် မြင့်မားသော အဆင့်အတန်းနှင့် အဆက်အသွယ်ကောင်းများကို ပိုင်ဆိုင် မထားကြသည့်တိုင် သေမျိုးခေါင်းဆောင် အကြီးအကဲများကိုတော့ အမြဲတမ်း မွေးထုတ်ပေးနိုင်ခဲ့ကြသည်။

ထိုရှို့ရန် လူငယ်လေးသည်လည်း အခြား မိသားစုဝင်များ ကဲ့သို့ပင် တစ်နေ့၌ ဂိုဏ်းအတွက် အသုံးဝင်သော သေမျိုးခေါင်းဆောင် အကြီးအကဲဖြစ်ရန် ပစ်မှတ်ထားသည်။ သူသည် ထိုအတွက် ဘဝတစ်ခုလုံး ပုံအပ်ကာ ကြိုးစား ကျင့်ကြံခဲ့သည်။

ကံကြမ္မာကား အညှာအတာ ကင်းမဲ့ကာ ရက်စက်လွန်းလှသည်။ အဆင်ပြေချောမွေ့သည့် ဘဝပေါင်းများစွာကို ရုတ်ချည်းပင် ပစ်စလယ်ခတ် ပြောင်းလဲပစ်တတ်သည်။

တစ်နေ့သော ပြဿဒါးရက်၌... သူ့အမေသည် တော်ကောက်ခြင်း ခံခဲ့ရကာ သူ၏ ဖခင်မှာလည်း အင်ပါယာ စိန်ခေါ်ပွဲတွင် ကျဆုံးခဲ့ရသည်။ သူ၏ ညီငယ်လေးမှာလည်း ကွပ်မြက်ခံခဲ့ရ၏။ ထိုအဖြစ်အပျက်ဆိုးများက သူ၏ ဘဝတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်စေခဲ့ရုံသာ မက ကြမ်းကြုတ်သော မိစ္ဆာတစ်ကောင်ကိုပါ မွေးဖွားလာစေခဲ့သည်။

ထိုနေ့တွင်ပင် ရန်သူများ၏ သွေးမှုန်များ အကြား၌ သူ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို မွေးဖွားနိုင်ခဲ့သည်။ သူ့အား မည်သူမှ မရပ်တန့်နိုင်ခဲ့။ ကျင့်ကြံခြင်း အဆင့် နိမ့်ကျခဲ့သည့်တိုင် မရေမတွက်နိုင်သော လူများကို ရိတ်သိမ်းကာ ရန်သူ၏ တံခါးရှေ့အထိ သူ ရောက်ရှိခဲ့သည်။

သို့သော်လည်း နောက်ဆုံး၌ သူကျဆုံးခဲ့သည်။

ဖမ်းဆီးကာ အကျဥ်းချ ခံခဲ့ရသည်။ အလွန်တရာ ရက်စက် ပြင်းထန်လှသော နည်းလမ်းများဖြင့် နှိပ်စက်ခြင်းကို ခံခဲ့ရသည်။ ယနေ့အထိ... ယနေ့တိုင် အထိ။

သူကား နှစ်ပေါင်း တစ်ရာကျော် အကျဥ်းချခံထားရသည့် ရာဇဝတ်ကောင် တစ်ယောက် ဖြစ်သည်။ သို့သော်လည်း ထိုအရာကို ဝေ့ဝူယင် ဂရုမစိုက်။ အရေးအကြီးဆုံး အချက်က ထိုရှို့ရန် မျိုးနွယ်မှာ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို မွေးဖွားနိုင်ခဲ့သည်။

ရည်ရွယ်ချက်များမှာ ကျင့်ကြံခြင်း လောကတွင် အရာရာ မဟုတ်သည့်တိုင် ကြယ်တာရာ အမြုတေ အဆင့် အကြီးအကဲများကြားတွင်ပင် မွေးဖွားရန် အလွန် ခက်ခဲလှသည်။ ကျင့်ကြံခြင်း အခြေခံမှာ ပြောင်းလဲ၍ ရသည့်တိုင် နားလည်မှုများမှာမူ အကြောင်းရင်း တိုက်ဆိုင်မှသာ ဖြစ်ပေါ်လာတတ်သည်။

ဝေ့ဝူယင်သည် ရည်ရွယ်ချက် မွေးဖွားထားနိုင်သူများကိုသာ အလိုရှိသည်။ ထို့ကြောင့်ပင် မရေမတွက်နိုင်သော လူများ အကြား၌ ဆယ့်ခုနစ်ယောက်တည်းကိုသာ သူ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ဝှစ်...

ဝေ့ဝူယင်နှင့် စုမေ့တို့သည် စစ်တောင်ထွတ်သို့ ရောက်သည် အထိ ပျံသန်းလာခဲ့ကြသည်။ တောင်ထွတ်များ အားလုံးတွင် အထက် အလွှာ ကိုးခု အပြင် အကျဥ်းသားများကို ချုပ်နှောင်ထားသည့် မြေအောက်အလွှာများလည်း ရှိသေးသည်။ ဒဏ္ဍာရီများ အရဆိုလျှင် အနန္တဧကရာဇ်ဂိုဏ်း၏ တောင်ထွတ်များမှာ ဂြိုဟ်တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သည့် ကြယ်တာရာ ဂြိုဟ်အစီအရင်ကြီး၏ အလံများ ဖြစ်သည်ဟုပင် ဆိုကြသည်။

စစ်တောင်ထွတ်ရှိ အကျဥ်းသားများအား စံမြန်းသည့် နေရာကို စစ်ငရဲ အလွှာများဟု နာမည် သမုတ်ထားသည်။ ထိုအလွှာများမှာ အမြဲတမ်း အုံ့စိုင်း မှောင်မိုက်နေကာ အစောင့်အကြပ်များ အပြည့်ရှိ၏။ ဝေ့ဝူယင်နှင့် စုမေ့တို့သည် စစ်ငရဲ အလွှာများ၏ ပထမ ဝင်ပေါက်သို့ ရောက်ရှိလာခဲ့ကြသည်။

ဟူး... ဟူး...

နတ်မြင်းပျံ မြေပြင်ပေါ်သို့ ဆင်းသက်လာချိန်၌ ပုံရိပ်နှစ်ခုမှာ တည်ငြိမ်သော အကြည့်များနှင့် အဆင်သင့်ပင် စောင့်ဆိုင်းနေကြ၏။

သူတို့ထဲမှ တစ်ယောက်မှာ ဝဝကစ်ကစ် လူသား ယောက်ျား တစ်ယောက် ဖြစ်ကာ အခြား တစ်ယောက်မှာမူ ပိန်လှီသော ခန္ဓာ၊ ကြောက်မက်ဖွယ် မျက်နှာပေးနှင့် နတ်ဆိုးတစ်ယောက် ဖြစ်သည်။ သူ့တွင် သာမန် လူများ ကဲ့သို့ မျက်လုံး မရှိချေ။ သို့သော်လည်း မျက်လုံးတည်ရှိရမည့် နေရာ၌ အခေါင်းပေါက်များတော့ ရှိသည်။

ဝေ့ဝူယင်နှင့် စုမေ့တို့ နတ်မြင်းပျံပေါ်မှ ဆင်းသက်လိုက်သည်နှင့် နတ်ဆိုးနှင့် လူသားတို့မှာ အလျှင်အမြန်ပင် ရှေ့တိုးလာကာ ဦးညွှတ်လိုက်ကြသည်။

“နှုတ်ဆက်ပါတယ် ကောင်းကင်ဧကရာဇ်ဝေ့...”

“သူ အသက်ရှင်နေသေးလား...”

ဝေ့ဝူယင်က ကွေ့ဝိုက်မနေတော့ပဲ တိုက်ရိုက်ပင် မေးလိုက်၏။

“အသက်ရှင်နေပါသေးတယ်...”

နတ်ဆိုးက ဦးညွှတ်ထားလျှက်ကပင် အဖြေပေးလိုက်သည်။ သူ၏ တွင်းချိုင့် မျက်လုံးများသည် စိုးရိမ်စွာဖြင့် ဝေ့ဝူယင်၏ ‌ခြေထောက်ရှိရာကိုသာ ကြည့်နေခဲ့၏။

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ စစ်ငရဲ အလွှာ ဝင်ပေါက်ကို ဦးတည်လိုက်တော့သည်။

“ဒါဆို သူ့ဆီ သွားလိုက်ရအောင်...”

...

ရှပ်... ရှပ်... ရှပ်...

ခြေသံများက စစ်ငရဲအလွှာ၏ အောက်အဆင့်များဆီသို့ တဖြည်းဖြည်းချင်း ဆင်းသက်လာ၏။ စိုထိုင်းခြင်း၊ အုံ့မှိုင်းခြင်းနှင့် အမှောင်ထုလွှာ ပါးပါးက လမ်းတစ်လျှောက်လုံးကို သိမ်းပိုက် စိုးမိုးထားသည်။

“ဒီနေရာကို ခေါ်လာတဲ့ အကျဥ်းသားတွေ ဘယ်လိုခံစားရမယ် မသိဘူး...”

စုမေ့မှာ ဝေ့ဝူယင်၏ နောက်မှ ကပ်ကာ လိုက်ရင်း တွေးလိုက်မိသည်။ သူမ၏ အေးစက်စက် မျက်လုံးများထဲ၌ ဖိအား အရိပ်အယောင် အချို့က နေရာယူနေ၏။

“စစ်ငရဲ အလွှာကို အဆင့် သုံးဆင့် ခွဲထားတယ်... ပထမ အဆင့်မှာ ဂိုဏ်းဝင် ဖြစ်ခဲ့ဖူးတဲ့ အကျဥ်းသားတွေ အားလုံးကို ချုပ်နှောင်ထားတယ်...”

မျက်လုံးမဲ့ဟု ခေါ်သော နတ်ဆိုးက ရှေ့ဆုံးမှ ဦးဆောင်ကာ လျှောက်ရင်း ရှင်းပြနေခဲ့သည်။ သူသည် စည်းကမ်းထိန်း အဖွဲ့သား တစ်ယောက် ဖြစ်ပြီး ကြယ်တာရာ အမြုတေ အဆင့်သုံး ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည်။ စစ်ငရဲအလွှာ ဝင်ပေါက်ကို သူ စောင့်ကြပ်ခဲ့သည်က နှစ်ပေါင်း သုံးရာတိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုအရာက အလွန် ရှည်လျားသော ကာလတစ်ခု ဖြစ်လေရာ စစ်ငရဲအလွှာများ အကြောင်း သူ မသိသည့် အရာ ဘာမျှ မရှိလောက်အောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင်သည် တိတ်တဆိတ်ပင် မျက်လုံးမဲ့ ရှင်းပြသမျှကို နားထောင်နေခဲ့၏။ တစ်နာရီခန့် လမ်းလျှောက်ပြီးနောက် သူတို့သည် အခန်းတစ်ခုထဲသို့ သူတို့ ရောက်ရှိလာခဲ့သည်။ ထိုအခန်းမှာ လုံးဝ နီးပါး အလွတ်ဖြစ်ပြီး မတူညီသည့် အရပ်မျက်နှာ သုံးခုနှင့် ချိတ်ဆက်ထားသည့် ဖြောင့်တန်းသော လမ်းကြောင်း သုံးခုသာ ရှိသည်။

မျက်လုံးမဲ့မှာ ရပ်တန့်ခြင်း မပြုချေ။ သူက အလယ်လမ်းကြောင်းကို ရွေးချယ်ကာ တန်းတန်းမတ်မတ်ပင် ဝင်သွားခဲ့၏။ ဝေ့ဝူယင် အခြား လမ်းကြောင်း နှစ်ခုကို စိတ်ဝင်တစားဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် မျက်လုံးမဲ့ သွားသည့် လမ်းကြောင်းအတိုင်း လိုက်လာခဲ့သည်။

“အခြား လမ်းကြောင်း နှစ်ခုက စစ်ငရဲ ဒုတိယ အလွှာနဲ့ တတိယ အလွှာတွေကို သွားတာ...”

မျက်လုံးမဲ့က ထိုမျှသာ ဆိုသည်။ ဝေ့ဝူယင်က အလိုက်တသိပင် ဘာမှ ထပ်မမေးတော့ပဲ ခေါင်းညိတ်လိုက်၏။  အတန်ကြာပြီးနောက် သံမဏိတိုင်နံရံများ ကာရံများသည့် အခန်းများ ရှိရာသို့ သူတို့ ရောက်ရှိလာသည်။

ဝေ့ဝူယင်၏ အကြည့်များက သံမဏိတိုင်များကို ဖြတ်သန်းကာ အခန်များထဲရှိ အမျိုးမျိုးသော ပုံရိပ်များထံသို့ ရောက်ရှိသွားသည်။ အကျဥ်းခန်း တစ်ခုလျှင် အနည်းဆုံး အကျဥ်းသား တစ်ဒါဇင်ခန့် ရှိနေပေသည်။ ထိုအထဲမှ အများစုမှာ ကြမ်းပြင်များထက်၌ လှဲလျောင်းကာ မျှော်လင့်ချက် ကင်းမဲ့သော မျက်လုံးများနှင့် နံရံများကို ငေးမော နေကြ၏။ တိတ်ဆိတ်မှုနှင့် သေဆုံးခြင်း၏ အငွေ့အသက်များက သူတို့ထံမှ တစ်ဆင့် လေထုထဲသို့ စိမ့်ဝင် ပျံ့နှံ့နေသည်။ ကြည့်ရသည်က သူတို့မှာ သည်ဘဝကို သည်မျှနှင့် လက်လျှော့ လိုက်ကြပုံ ရသည်။

“‌ရောက်ပါပြီ ကောင်းကင်ဧကရာဇ်ဝေ့...”

ထိုအချိန်တွင်ပင် မျက်လုံးမဲ့၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာ၏။ ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်ရင်း အကျဥ်းခန်းထဲကို ကြည့်လိုက်သည်။

ထိုအကျဥ်းခန်းမှာ အခြားအခန်းများနှင့် အနည်းငယ် ခြားနား၏။ အထဲတွင် သွေးများ ရွှဲ ပုဂ္ဂိုလ်တစ်ယောက်တည်းသာ ရှိပြီး သူ၏ ခြေလက်များကို သံကြိုးများနှင့် တင်းကြပ်စွာ တုပ်နှောင်ထားသည်။ သူ့တွင် အဝတ်အစားများ မရှိတော့သော်လည်း ဆယ်ပေကျော် ရှည်လျားသည့် ထူထဲသော ငွေရောင် ဆံပင်များက သူ၏ သွေးအလိမ်းလိမ်း ပေကျံနေသော ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည်။

“သတ်ဖြတ်သူ ငွေရောင် ဝံပုလွေ... ကျူးဟိုင်...”

မျက်လုံးမဲ့၏ အမြင်အာရုံတွင် ချင်းချင်းနီနေသော သွေးမြစ်တစ်စင်းနှင့် မိစ္ဆာ တစ်ကောင်၏ ပုံရိပ်က ဖျပ်ခနဲ ပေါ်လာခဲ့၏။ သူ အကြည့်လွှဲကာ ဝေ့ဝူယင်ဘက်သို့ လှည့်လိုက်သည်။ ကောင်းကင်ဧကရာဇ်ဝေ့က အဘယ်ကြောင့် ထိုမိစ္ဆာကို အလိုရှိနေရသနည်း။

***

All Chapters