← Chapters

ကျူးဟိုင်

Vol. 13 Ch. 179

ကျူးဟိုင်

Vol. 13 Ch. 179

ပြင်းထန်စွာ ဖြာထွက်လာသည့် သတ်ဖြတ်ခြင်း အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပသွားသည်။

သူသည် ထိုကဲ့သို့ အငွေ့အသက်မျိုးကို လုံချန်ထံမှ တစ်ခါ ခံစားဖူးသော်လည်း ယခုတစ်ကြိမ်က အဆပေါင်းများစွာ ပိုမို ပြင်းထန်သည်။ ယင်းကား လေးနက်သော အမုန်းတရားနှင့် ပြင်းထန်သည့် ဆုံးရှုံးမှုများမှ မွေးဖွားလာသည့် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ပင် ဖြစ်သည်။

“တံခါးဖွင့်ပြီး ထွက်သွားလို့ရပြီ...”

ဝေ့ဝူယင်က ပြောလိုက်၏။ မျက်လုံးမဲ့က ခေါင်းတစ်ချက် ညိတ်ကာ အချုပ်ခန်းကို ဘေးတိုက် ဆွဲရွှေ့လျှက် ဖွင့်လိုက်သည်။ ထို့နောက် လျှင်မြန်စွာပင် သူ ထွက်ခွာသွား၏။

ဝေ့ဝူယင် အခန်းအတွင်းသို့ တည်ငြိမ်စွာ ဝင်ရောက်လာခဲ့သည်။ သေဆုံးခြင်းနှင့် မျှော်လင့်ချက် ကင်းမဲ့ခြင်းတို့ ပြည့်ရွှမ်းနေသည့် ငရဲအလွှာတစ်ခုလုံးနှင့် ခြားနားစွာပင် ထိုအချုပ်ခန်း အတွင်းတွင် သတ်ဖြတ်ခြင်း အငွေ့အသက်သာလျှင် တည်ရှိနေသည်။

“ထွက်သွားစမ်း...”

ကျူးဟိုင်၏ တုန့်ပြန်မှုက ရိုင်းစိုင်း ကြမ်းတမ်းလှသည်။ သို့သော်လည်း ဝေ့ဝူယင်က စိတ်ပျက်ခြင်း မရှိပဲ ခေါင်းတစ်ချက် ညိတ်ကာ ပြုံးလိုက်၏။

“အခုက စပြီး မင်းက ငါ့လက်သည်းနဲ့ အစွယ်တွေ ဖြစ်လာလိမ့်မယ်”

ကျူးဟိုင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွား၏။ သူက ခေါင်းအား မော့လိုက်ရာ အနီရောင် မျက်လုံးများမှာ လနက်ပေါ်မှ သွေးမြစ် တစ်စင်းအလား ထင်းခနဲ ထွက်ပေါ်လာသည်။

“ထွက်သွားစမ်းလို့ ငါပြောနေတယ်”

ဝေ့ဝူယင်က မတုန်မလှုပ်ပင် ကျူးဟိုင်နှင့် လက်မ အနည်းငယ်သာ ခြားသော အကွာအဝေး အထိ ချည်းကပ်သွားသည်။ သူ၏ ငွေရောင်မျက်လုံးများကမူ သော့ခတ်ထားသည့် အလားပင် ကျူးဟိုင်၏ သွေးရောင် မျက်လုံးများကို စိုက်ကြည့်နေ၏။

ထိုအခိုက်၌ နှစ်ယောက်စလုံး၏ မျက်လုံးများက အကန့်အသတ်မဲ့ အလင်းရောင်များဖြင့် တောက်ပနေသည်။ တစ်ဖက်၌ လောကများစွာကို ဖြတ်တောက်ပစ်နိုင်သည့် လွှမ်းမိုးမှုများ ရှိနေကာ အခြား တစ်ဖက်တွင်မူ သွေးစိမ်းရှင်ရှင်နှင့် ပြင်းထန်သော သတ်ဖြတ်မှုများက နေရာယူနေသည်။

ဝေ့ဝူယင်၏ နှုတ်ခမ်းထက်ရှိ အပြုံးမှာ ပိုမို တောက်ပလာ၏။ ကြည့်ရသည်က သူ လူရွေးမှန်ကန်ခဲ့ပုံ ရသည်။ ထိုအရာကို သူ နှလုံးသားထဲမှ ခံစားနိုင်ပေသည်။

“မင်း ဗိုက်ဆာနေလား...”

...

စုမေ့ အပြင်ဘက်မှ စောင့်နေသည်မှာ တစ်နာရီခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်လုံးများက တည်ငြိမ်ကာ အကျဥ်းခန်း အဝကိုသာ စူးစိုက် ကြည့်နေခဲ့၏။ သူမသည် စိတ်ရှည်တတ်သော လူတစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့ စိတ်ရှည်အောင် ဝေ့ဝူယင်ကပင် သင်ကြားပေခဲ့သည်။

ကလန့်... ကလန့်...

အထဲမှ သံကြိုးများ  ပြေလျော့သွားသည့် အသံတစ်ခုကို သူမက ကြားလိုက်ရ၏။ အထိန်းအကွပ် မရှိတော့သည်နှင့် ပိန်လှီနုနယ်သည့် ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ် ပြိုလဲကျသွားသည်။ ငွေရောင်ဆံပင်များသည် ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေကာ ငြင်းချက်ထုတ်၍ မရနိုင်သည့် ပင်ကိုယ် အလှတရားကို ထုတ်ဖော်နေ၏။ ထိုဆံနွယ်များ အကြားတွင် အနီရောင် သွေးမျက်လုံးတစ်စုံမှာမူ အမှောင်ထုကို ဖောက်ထွင်းကာ စူးစူးရဲရဲ တောက်ပနေသည်။

“ငါ့ကို မလိုအပ်ဘူးလို့ ယုံကြည်ရင် ဒီနေရာကနေ ကိုယ့်ဘာသာ ထွက်သွားနိုင်တယ်... မင်းရဲ့ လွတ်မြောက်မှု အတွက် ငါအာမခံတယ်”

ဝေ့ဝူယင်၏ စကားလုံးများက ရေခဲကဲ့သို့ အေးစက်နေသည်။ သို့သော်လည်း ကျူးဟိုင်မှာ မတုန့်ပြန်ချေ။ သူက တုန်တုန်ရီရီဖြင့် နုနယ်သော ခန္ဓာကိုယ်ကို လှုပ်ရှားရန် ကြိုးစားကြည့်နေခဲ့၏။

ဘုတ်...

သူ လက်နှစ်ဖက်ကို ထောက်ကာ ခန္ဓာကိုယ်ကို မရန် ကြိုးစားသော်လည်း အင်အား တစ်စုံတစ်ရာကို မစုစည်းနိုင်ပဲ ပြန်လည် ပြုတ်ကျသွားသည်။ ဝေ့ဝူယင် အချုပ်ခန်း၏ အပြင်သို့ ထွက်လာကာ စုမေ့ကို လှမ်းကြည့် လိုက်သည်။

“ငါတို့ အားလုံးမှာ ကိုယ်တိုင် လျှောက်ရမယ့် လမ်းကြောင်းတွေ ရှိတယ်... နောက်ပြီး ဘဝတစ်ခုလုံးစာကို သတ်မှတ်ပေးမယ့် အခိုက်အတန့် တစ်ခုလည်း ရှိတယ်”

သူက သူ့ကိုယ်သူ ပြောသလိုနှင့် ရေရွတ်လိုက်သည်။ စုမေ့က တိတ်တဆိတ်ပင် ခေါင်းညိတ်ကာ အချုပ်ခန်း အတွင်းရှိ အကျဥ်းသားကို လှမ်းကြည့်လိုက်၏။

ဘုတ်... ဘုတ်...

ကျူးဟိုင်၏ ကြိုးစားမှု ကျဆုံးသည့် အသံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်နေသည်။ စတင် ဖမ်းဆီးခံရသည့် အချိန်ကတည်းက သူ၏ ကျင့်ကြံခြင်း အခြေခံမှာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ထိုအရာက သူ၏ စိတ်နှင့် ခန္ဓာကိုယ် ဖွဲ့စည်းမှုမျာကို သက်ရောက်စေခဲ့၏။ အကယ်၍ ပြင်းထန်သော ဆန္ဒကြောင့်သာ မဟုတ်ပါက သူ သေဆုံးသွားသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။

ဘုတ်... ဘုတ်... ဘုတ်...

သူ တစ်ကြိမ်ပြီး တစ်ကြိမ် ကြိုးစားနေသည့်တိုင် ဘယ်တော့မှ မအောင်မြင်ခဲ့ချေ။ မောပန်းမှုကြောင့် သူ၏ အသက်ရှူသံများက လေးပင်လာကာ လက်များမှာ တဆတ်ဆတ် တုန်ရီလာ၏။ သို့သော်လည်း သူ၏ မျက်လုံးများကမူ အချုပ်ခန်း တံခါးဝကိုသာ မမှိတ်မသုန် ငေးကြည့်နေသည်။ ထိုအရာက မီတာ အနည်းငယ်သာ ကွာဝေးသည့်တိုင် သူ မူလနေရာမှ တစ်လက်မမျှ မရွှေ့နိုင်သေးချေ။

စုမေက သူ့အား ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ လွန်ခဲ့သော တစ်နာရီခန့် အကြာက အဖြစ်အပျက်များမှာ သူမ၏ စိတ်အတွင်း ပြန်လည် ‌ပေါ်ထွက်လာခဲ့လေသည်။

...

“ဘာဖြစ်တယ်...”

ကျူးဟိုင်၏ ရိုင်းစိုင်းသော အသံတွင် စိတ်ရှုပ်ထွေးခြင်း အရိပ်အငွေ့များ ပါဝင်နေ၏။

"မင်း ဗိုက်ဆာနေလား လို့ ငါမေးတာ”

ဝေ့ဝူယင်က နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

“ ... “

ကျူးဟိုင်မှာ စကားဖြင့် မတုန့်ပြန်ချေ။ ထို့အစား သွေးရောင် မျက်လုံးများဖြင့် ‌ဝေ့ဝူယင်ကို အရူးတစ်ကောင် ကဲ့သို့ ကြည့်သည်။

“မင်းကြည့်ရတာ ဗိုက်ဆာနေတဲ့ပုံ မပေါ်ဘူး”

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ကာ သူ့မေးခွန်းကို သူ ပြန်ဖြေလိုက်သည်။ ထို့နောက် စိတ်ဝင်စားဟန်ဖြင့် ကျူးဟိုင်ကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်၏။

“ဒါဆိုရင် မင်းမှာ ဘာလိုအပ်နေပါလိမ့်”

သူက စဥ်းစားဟန်ဖြင့် ရေရွတ်လိုက်သည်။ ကျူးဟိုင်က သူ့အား စူးစူးဝါးဝါး ကြည့်ရင်း အဝါရောင် သွားများကို တင်းတင်းကြိတ် လိုက်သည်။

“ဆာလောင်ခြင်း အကြောင်း မင်း ဘယ်လောက် သိလို့လဲ”

သူ၏ မျက်လုံးများက အဆုံးမဲ့ မကျေနပ်မှုများဖြင့် ဖြာထွက်နေသည်။ ထိုလူသားက ဆာလောင်ခြင်း အကြောင်း သူ့လောက် နားလည်နိုင်မည်လော။ လက်ချောင်းများကိုပင် ကိုက်ကာ စားသောက်လိုသည် အထိ ဆာလောင် မွတ်သိပ်သည့် အချိန်များ သူ့တွင် ရှိခဲ့ဖူးသည်။

ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။

“ငါတစ်ခုပဲ သိတယ်... အသက်ရှင်တဲ့ လူတွေပဲ ဆာလောင်နိုင်တယ်”

“ ... “

ကျူးဟိုင်မှာ ငြိမ်သွားသည်။ သတ်ဖြတ်လိုမှုများ ဖြာထွက်နေသည့် သူ့မျက်လုံးထဲမှ အလင်းက သိသိသာသာပင် မှေးမှိန်သွား၏။

ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်သည်။ ထို့နောက် သူက ကျူးဟိုင် အနားကို ပိုမို တိုးကပ်လိုက်ကာ သွေးနီရောင် မျက်လုံးများကို အနီးကပ် စိုက်ကြည့်လိုက်၏။

“ငါ တစ်ခါတုန်းက ယောက်ျားတစ်ယောက်နဲ့ တွေ့ဆုံဖူးတယ်... ပြောရရင် သူက အတော်လေး ကသိကအောက်နိုင်သလို စိတ်ဝင်စားဖို့ ကောင်းတယ်... ကွပ်မြက်ခါနီး အချိန် သူ့ရဲ့ နောက်ဆုံး ဆန္ဒကို မေးတဲ့အခါ ဗိုက်ဆာတယ် လို့ပဲ ပြန်ဖြေခဲ့တယ်”

ကျူးဟိုင်မှာ အနည်းငယ် တုန်ရီသွား၏။ အအေးဓာတ် တစ်ခုက သူ၏ ခန္ဓာကိုယ်ထဲ စိမ့်ဝင်လာကာ ကြွက်သားများနှင့် ကျောရိုးအထိ အဆုံးမဲ့ ဖြတ်သန်းသွားသည်။

“အဲဒီတုန်းက ငါက ကလေးပဲ ရှိ‌သေးတယ်... ဆာလောင်မှု ဆိုတာ ဘာလဲ နားမလည်ခဲ့ဘူး... သူ့ကို ရယ်ဖို့ကောင်းတယ် လို့ တွေးပြီး ငါ ကယ်တင်ခဲ့တယ်”

ဝေ့ဝူယင်၏ မျက်လုံးတွင် လွမ်းဆွတ်ခြင်း အရိပ်အငွေ့များ ဖြစ်ပေါ်လာသည်။

“ဒါပေမဲ့ နောက်ပိုင်းမှာ သူခံစားရတဲ့ ဆာလောင်မှုကို ငါနားလည်လာခဲ့တယ်... ဆာလောင်မှုက အရမ်း ခံရခက်တယ်... ဗိုက်ဆာနေတဲ့ အချိန်မှာ အဲဒါကို ကျေနပ်ဖို့က လွဲပြီး အခြား ဘာကိုမှ မစဥ်းစားနိုင်တော့ဘူး”

“ ... “

ကျူးဟိုင်မှာ ဘာမှ ပြန်မပြောချေ။ သူ၏ အတွေးများက ခန့်မှန်းရန် ခက်ခဲလှကာ မုန်တိုင်း အလား အဘက်ဘက်သို့ လွင့်စဥ်နေသည်။

“နောက်ဆုံး တစ်ကြိမ် မေးမယ်... မင်း ဗိုက်ဆာနေလား”

...

စုမေ့သည် ကျူးဟိုင်ကို တိတ်တဆိတ်ပင် ကြည့်နေခဲ့သည်။ သုံးနာရီမျှ ကြာသွားပြီ ဖြစ်သည့်တိုင် ထိုရှို့ရန် မျိုးနွယ်သည် လက်မလျှော့သေးချေ။ သူ့တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များ ရွှဲရွှဲစိုကာ ခါးသီးသည့် ရနံ့များ ထွက်ပေါ်သည့်တိုင် သူ ဆက်လက် ကြိုးစားနေဆဲ ဖြစ်သည်။

“ငါကိုယ်တိုင်လည်း တစ်ချိန်တုန်းက ဆာလောင်ခဲ့ဖူးတာပဲ... ဒါပေမဲ့ တချို့ အချိန်တွေမှာ မာန်နဲ့ မာနက သိပ်အသုံးမဝင်ဘူး... ကိုယ်ဘာကို အလိုရှိသလဲ ဆိုတာကို ရှာဖွေလိုတဲ့ ဆန္ဒက ပိုအရေးကြီးတယ်”

စုမေ့က ကိုယ့်ကိုယ်ကို ပြောဟန်နှင့် တီးတိုး ရေရွတ်လိုက်သည်။ ကျူးဟိုင်မှာ ရပ်သွားကာ သံတိုင် အပြင်ဘက်တွင် ရပ်နေသည့် ပုံရိပ်ကို လှမ်းကြည့်လိုက်၏။ အမြင်အာရုံက ဝေဝါးနေ၍ အနက်ရောင် အရိပ်တစ်ခုကိုသာ မြင်ရသော်လည်း  ထိုတစ်ယောက်မှာ သူ့အား နားလည်ပေးနိုင်သလို ခံစားလိုက်ရသည်။

သူက လက်သီးကို တင်းတင်း ဆုပ်လိုက်ကာ အသက်ရှူသံများကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။

“ငါ့ကို မင်းရဲ့ လက်သည်းနဲ့ အစွယ်တွေ ဖြစ်စေချင်တယ် ဆိုရင် ဘာလို့ ငါ့ကို ခန္ဓာကိုယ် တစ်ခု မပေးသေးတာလဲ”

ဝေ့ဝူယင်က မျက်လုံးများ ဖွင့်လာကာ သူ့ကို လှမ်းကြည့်လိုက်သည်။ သူ၏ ငွေရောင် မျက်လုံးများက သွေးနီရောင် အလင်းနှင့် တွေ့ဆုံသွား၏။

“ဘယ်လို ခန္ဓာမျိုး မင်းလိုချင်တာလဲ...”

ကျူးဟိုင်က အနည်းငယ်ပင် မတုန့်ဆိုင်းပဲ ပြန်ဖြေလိုက်သည်။

“ငါ့ရဲ့ ဆာလောင်မှုကို ပြေပျောက်စေမယ့် ခန္ဓာမျိုး...”

“အင်း...”

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။

“ငါမင်းကို အကောင်းဆုံး ခန္ဓာပေးမယ်... ဒါပေမဲ့ တစ်ခုတော့ ကတိပေး... ဆာလောင်မှုကို တွန်းလှန်လိုတဲ့ ဆန္ဒက မင်းနှလုံးသားထဲမှာ ထာဝရ တည်ရှိနေမယ်လို့”

သူသည် ကျူးဟိုင်ကို သစ္စာရှိရန် မတောင်းဆိုချေ။ ထိုအရာက ဘယ်တော့မှ တည်မြဲမှာ မဟုတ်သည့် ရယ်စရာကောင်းသော တောင်းဆိုချက် တစ်ခု ဖြစ်သည်။ သူလိုချင်သည်က ရန်သူများကို မေးခွန်း မထုတ်ပဲ ဖြတ်တောက်ပစ်နိုင်သည့် လက်သည်းနှင့် အစွယ်တစ်စုံပင် ဖြစ်၏။

“ကောင်းပြီလေ..”

ကျူးဟိုင်က အသက်ပြင်းပြင်းရှူကာ ကတိပေး လိုက်တော့သည်။

***

All Chapters