သုံးလွှာလက်စွပ်
Vol. 13 Ch. 180
ဝှစ်...
ဝေ့ဝူယင်က ညာဘက်လက်ကို လှုပ်ရှားလိုက်ရာ ရောင်စုံအလင်းများမှာ တဖျပ်ဖျပ် လှုပ်ရှားသွား၏။ ထိုအရာများကား အဂ္ဂိရတ်ချီများပင် ဖြစ်သည်။ တစ်ချိန်တည်း၌ သူ၏ ဘယ်ဘက်လက်တွင် ဆေးတစ်လုံး ပေါ်လာခဲ့၏။ ထိုဆေးလုံးမှာ ပြာများ ကဲ့သို့ မှုန်မှုန်မှိုင်းမှိုင်း ရောင်ဝါရှိကာ အသက်အားလုံးကို စုပ်ယူထားသည့် ကစဥ့်ကလျား ရောင်ဝါကို ထုတ်လွှတ်နေသည်။
ဝေ့ဝူယင် ချီကို ဆေးလုံးအတွင်း ထည့်လိုက်ကာ ကျူးဟိုင်၏ လဲပြိုနေသော ခန္ဓာကိုယ်ထံသို့ တွန်းပို့ လိုက်၏။ ဆေးလုံးက ကျူးဟိုင်၏ နဖူးကို ထိတွေ့ကာ ခန္ဓာကိုယ် အတွင်း အတားအဆီး မရှိ စိမ့်ဝင်သွားသည်။
“အဲဒါက...”
စုမေ့က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏။ ဖန်တီးခြင်း တောင်ထွတ်တွင် စတင် နေထိုင်စဥ် အချိန်တည်းက သူမသည် အဂ္ဂိရတ် ထုတ်ကုန်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို အချိန်ရလျှင် ရသလို လေ့လာခဲ့သည်။ ထို့ကြောင့်ပင် ထိုမီးခိုးရောင် ဆေးလုံးကို သူမ မှတ်မိပေသည်။ အမျိုးမျိုးသော ကျောက်စိမ်း ပုရပိုက်များတွင် ထိုကဲ့သို့ အသွင်အပြင်၊ အရှိန်အဝါနှင့် ဖော်ပြထားသော ဆေးလုံး တစ်မျိုးတည်းသာ ရှိသည်။ ထို့အပြင် ထိုဆေးလုံးက အဆင့်ခုနစ် ဆေးလုံး မဟုတ်ပါချေ။
“အဆင့်ရှစ် ဆေးလုံး...”
သူမ ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ သို့သော် မည်ကဲ့သို့ ဖြစ်ရသနည်း။ အဆင့်ရှစ် ဆေးလုံးများမှာ ပုံမှန်အားဖြင့် မထွက်ပေါ်တတ်ချေ။ အကယ်၍ ထွက်ပေါ်လျှင်လည်း ၎င်းတို့မှာ ကုန်းမြေတိုက်ကြီးများလောက် အဖိုးတန်သည်။
ဝေ့ဝူယင်ကို အံ့သြတကြီး ကြည့်လိုက်မိ၏။ အရှင်ဝေ့က အဂ္ဂိရတ် အင်ပါယာ တစ်ပါး ဖြစ်သွားပြီလား။ သူ ကိုယ်တိုင်သာလျှင် သိပေလိမ့်မည်။
ဝေ့ဝူယင်မှာမူ စုမေ့၏ အမူအရာကို သတိပြုမိခြင်း မရှိပါချေ။ ဆေးလုံး စိမ့်ဝင်မှုနှင့် ကျူးဟိုင်၏ ခန္ဓာကိုယ် အပြောင်းအလဲကိုသာ ဂရုတစိုက်နှင့် လေ့လာနေခဲ့၏။
ထိုဆေးလုံးမှာ ပြန်လည်ရှင်သန်ခြင်းဟု အမည်ရသည့် အဆင့်ရှစ် အဆင့်နိမ့် ဆေးတစ်မျိုး ဖြစ်သည်။ ၎င်းသည် လူတစ်ဦး၏ စိတ်ဝိညာဥ် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားလျှင်ပင် ပြန်လည် ပြုပြင်ပေးနိုင်စွမ်း ရှိပေသည်။ ဝိညာဥ် ပြိုကွဲခြင်း ဆိုသည်မှာ ဇာတိဝိညာဥ် ယိုယွင်းခြင်းကို ဆိုလိုကာ ကျင့်ကြံခြင်း အဆင့် ပိုမို မြင့်မားသည်နှင့် အမျှ ကုသရန်မှာ ပိုမို ခက်ခဲသွားသည်။
ကျူးဟိုင်သည် ဖမ်းဆီးခံရချိန်တွင် ကြယ်တာရာ အမြုတေ အဆင့်နှစ် ကောင်းးကင် အုပ်စိုးသူ အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် သူ့အား ကုသရန်မှာ ချီပျစ်ခဲခြင်း အဆင့်များထက် အဆတစ်သန်း ပိုမို ခက်ခဲသည်။ သို့သော်လည်း အဆင့်ရှစ် ပြန်လည် ရှင်သန်ခြင်း ဆေးလုံးသည် ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။
“ငါမင်းကို အကောင်းဆုံး ခန္ဓာကိုယ် တစ်ခုတင် မဟုတ်ဘူး... မင်း တစ်ခါမှ အိပ်မက် မမက်ဖူးတဲ့ အကန့်အသတ်တွေ အထိ ရောက်အောင် လုပ်ပေးနိုင်တယ်”
စိတ်လှုပ်ရှားမှု အရိပ်အယောင်များက ဝေ့ဝူယင်၏ မျက်လုံးတွင် ထင်ဟပ်လာ၏။ ထို့နောက် သူက စုမေ့ ဘက်သို့ လှည့်လိုက်သည်။
“နင်ပြောတာထက်တောင် ပိုနေတယ် စုမေ့...”
စုမေ့က နားမလည်ဟန်ဖြင့် ဝေ့ဝူယင်ကို လှည့်ကြည့်လိုက်သည်။
"သူက သတ်ဖြတ်ခြင်း ရည်ရွယ်ချက်တင် မဟုတ်ဘူး... စစ်မက် ရည်ရွယ်ချက်ကိုပါ အောင်မြင်ထားတယ်”
“သူက လုံးဝ ပြီးပြည့်စုံတယ်...”
ဝေ့ဝူယင်က ခပ်တိုးတိုး မှတ်ချက်ပြုလိုက်တော့၏။
...
ဝေ့ဝူယင်နှင့် စုမေ့တို့သည် မျက်လုံးမဲ့နှင့် အတူ စစ်ငရဲအလွှာမှ ပြန်လည် ထွက်ခွာလာခဲ့သည်။ ကျူးဟိုင်သည် သတိလစ်မေ့မြောနေသော အခြေအနေတွင် ရှိကာ စုမေ့က ချီဖြင့် သယ်ဆောင်လာ၏။ အဆင့်ရှစ် ပြန်လည် ရှင်သန်ခြင်းဆေး တစ်လုံးကို စုပ်ယူပြီးသည့်တိုင် သူကား အပြည့်အဝ ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးပါချေ။ သို့သော်လည်း ထင်ရှားသော အပြောင်းအလဲအချို့ ဖြစ်ပေါ်နေသည်ကိုတော့ တွေ့နိုင်ပေသည်။
သူ၏ ဆံပင်များက ပိုမို စိမ်းလန်းကာ ငွေရောင် အလင်း ဖျော့ဖျော့ပင် တောက်ပနေသည်။ သူ၏ အသားအရေမှာလည်း သွေးမရှိတော့သလို ဖျော့တော့တော့ မဟုတ်တော့။ နူးညံ့ကာ ဖြူဆွတ်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ အဟာရ ချို့တဲ့မှုကြောင့် ပိန်လှီနေဆဲ ဖြစ်သည့်တိုင် အနည်းငယ် ကြံ့ခိုင်လာပုံ ပေါ်သည်။ အကယ်၍ ဝိညာဥ်အာရုံဖြင့် စစ်ဆေးပါက သူ၏ ထျန်းတျန်ထဲတွင် ကြယ်တာရာ ဝိညာဥ်တစ်ခု ပြန်လည် ပေါ်နေသည်ကို တွေ့မြင် ရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ၎င်းမှာ သဘာဝအတိုင်း ဖြစ်ရန် အတိုင်းအတာများစွာ လိုအပ်နေဆဲ ဖြစ်သည်။ သွေးမျိုးဆက် အော်ရာများကတော့ သူ့နှလုံးသား အတွင်း ပြင်းထန်စွာ စီးဆင်းနေ၏။
ရှို့ရန်များ၏ ကျင့်ကြံခြင်းသည် ထျန်းတျန်တွင် မဟုတ်ပဲ နှလုံးသားတွင် အခြေခံသည်။ သူတို့၏ သွေးမျိုးဆက် စွမ်းအားသည် ကျင့်ကြံခြင်း အခြေခံကို ကြီးမားစွာ လွှမ်းမိုးထား၏။ သူတို့၏ နှလုံးသားများက ထျန်းတျန် တစ်ခု အနေဖြင့် လုပ်ဆောင်ကာ ကျင့်ကြံခြင်း လမ်းကြောင်းမှာ လူသား၊ နတ်ဆိုးနှင့် အယ်ဗန်တို့ထက် ပိုင်လင် တို့ကဲ့သို့ သားရဲများနှင့် ပိုမို ဆင်တူသည်။
နေသွေးနီနီဂိုဏ်းတွင် နေထိုင်စဥ်က သူ့အဖွဲ့သား ဟန်ယုမှာလည်း ရှို့ရန် တစ်ယောက်ပင် ဖြစ်သည်။ ဝေ့ဝူယင်သည် အနန္တဧကရာဇ်ဂိုဏ်းကို ရောက်ရှိသည့် အခါမှသာ ထိုအရာကို သိရှိခဲ့ခြင်း ဖြစ်သည်။ များသောအားဖြင့် ရှို့ရန်များမှာ လူသားများနှင့် ဆင်တူသည်။ မကြာခဏ ဆိုသလို ပါးဟပ်များ၊ ချွန်ထက်နေသော သွားများ၊ ပုံမှန် မဟုတ်သည့် ဆံပင် သန်စွမ်းမှုများနှင့် ထူးဆန်းသော စရိုက်များ ပါရုံသာ ဖြစ်သည်။
“အရှင်ဝေ့... နောက်တစ်ယောက်က ဘယ်သူလဲ”
နတ်မြင်းပျံပေါ်တွင် ထိုင်ရင်း စုမေ့က မေးလိုက်၏။ အောက်မြေပြင်တွင်တော့ မျက်လုံးမဲ့နှင့် သူ၏ အဖော်တို့မှာ လက်ပြရင်း တဖြည်းဖြည်း သေးငယ်လာသည်။ အကယ်၍ သတိထားကြည့်ပါက သူတို့၏ လက်ထဲတွင် ဆေးပုလင်းလေးများ ကိုင်ဆောင်ထားသည်ကို တွေ့နိုင်ပေလိမ့်မည်။ ယနေ့က သူတို့ အတွက်တော့ ကံကောင်းသော ရက်ရာဇာ နေ့တစ်နေ့ပင်။
“နောက်ထပ် ဂိုဏ်းထဲမှာ ရှိတဲ့ ဘယ်သူမှ ငါ့စံချိန် စံနှုန်းတွေနဲ့ မကိုက်ညီတော့ဘူး... ဒါပေမဲ့ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးပေါ်က နှစ်ယောက်ကတော့ မဆိုးဘူး... ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်အောင် လုပ်ပြီးရင် အဲဒီကို သွားဖို့ စိတ်ကူးထားတယ်”
ဝေ့ဝူယင်က အဖြေပေးလိုက်၏။ ယခုအချိန်၌ မရေမတွက်နိုင်သော လူများမှာ သူ့လုပ်ရပ်များကို တိတ်တဆိတ် စောင့်ကြည့် နေကြကြောင်း သူ သိရှိထားသည်။ ထိုအထဲတွင် သုံးလွှာ ကြယ်တာရာ နယ်မြေတစ်ခုလုံး၏ နံပါတ်တစ် အင်အားစု ဖြစ်သော စန်းမျိုးနွယ်ပင် ပါဝင်နေသည်။ လုံလောက်သည့် ခွန်အားနှင့် ပြင်ဆင်မှု မရှိပဲ ဂိုဏ်းပြင်ပသို့ ထွက်ခြင်းက ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့် အတူတူပင် ဖြစ်သည်။
သူ အမှတ်မထင်ပင် သုံးလွှာလက်စွပ်ကို ငုံ့ကြည့်လိုက်မိသည်။ ရုတ်တရက် ခေါင်းက မိုက်ခနဲ ဖြစ်သွားကာ ညာဘက်လက်မောင်းတွင် ရင်းနှီးသော နာကျင်မှု တစ်ခု ဖြစ်ပေါ်လာသည်။
ကမ္မတန်ဖိုး... ၅၆၅.၇ → ၅၆၅.၆
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး တားဆီးခြင်း ... ၃၉ နှစ်
အင်္ကျီလက်ကို အောက်သို့ ပြန်ချရင်း ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ နတ်မြင်းပျံမှာမူ ဘာကိုမှ ရိပ်မိဟန် မရပဲ ကောင်းကင်အလွှာကိုသာ အရှိန်အဟုန်ဖြင့် ထိုးဖောက် နေလေတော့သည်။
...
နာရီအနည်းငယ် ကြာပြီးနောက်၌ ဝေ့ဝူယင်သည် စာဖတ်ခန်းထဲတွင် ရှိနေခဲ့သည်။ သူ၏ ငွေရောင် မျက်လုံးများသည် ညာဘက် လက်ခလည်တွင် စွပ်ထားသည့် သုံးလွှာ လက်စွပ်ကို စိုက်ကာ ကြည့်နေခဲ့၏။ ထို့နောက် သူ လည်ပင်းတွင် ဆွဲထားသည့် လခြမ်းသဏ္ဌာန် ဆွဲကြိုးလေးကို ထိကြည့်လိုက်သည်။
သူသည် သုံးလွှာ လက်စွပ်နှင့် လခြမ်းသဏ္ဌာန် လည်ဆွဲကို ကျိုးနင်တို့အား လိုက်လံ သတ်ဖြတ်နေသည့် နဂါးအရိုးပြာမြို့ စစ်သူကြီး ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ စစ်သူကြီးသည် ထိုလည်ဆွဲကို သူ၏ ခန္ဓာကိုယ် အသွေးအသားထဲတွင်ပင် မြှုပ်နှံထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထက်မြက်သော ဝိညာဥ်အာရုံကြောင့်သာ မဟုတ်ပါက သူ ရှာပင် တွေ့ခဲ့လိမ့်မည် မဟုတ်ချေ။
များသောအားဖြင့် သိုလှောင် လက်စွပ်များမှာ ပစ္စည်း သိုလှောင်ရာ နေရာလွတ် တစ်ခုနှင့် ချိတ်ဆက်ထားသည့် ဂိတ်တံခါးများသာ ဖြစ်သည်။ သို့သော်လည်း သုံးလွှာ လက်စွပ်မှာမူ ခြားခြားစွာပင် အထဲတွင် ဟင်းလင်းပြင်ကျယ် တစ်ခု ရှိနေခဲ့သည်။ ထိုအရာက ဒဏ္ဍာရီများတွင် ပြောစမှတ် ပြုကြသည့် ကိုယ်ပိုင် နေရာလွတ်ကို ပိုင်ဆိုင်ထားသော လက်စွပ် တစ်ခု ဖြစ်၏။ ၎င်းတွင် အလွှာသုံးလွှာ ပါရှိကာ ဝိညာဥ် အလွှာများဖြင့် ချိုးဖျက် မရနိုင်အောင် တားဆီးထားသည်။
စစ်သူကြီးထံမှ ထိုလက်စွပ်ကို လက်ခံ ရရှိချိန်၌ ပထမ အလွှာမှာ ပွင့်နေခဲ့ပြီး ဖြစ်သည်။ ဒုတိယ အလွှာတွင်မူ လခြမ်းသဏ္ဌာန် ဆွဲကြိုးနှင့် ဖတ်၍ မရသော စာအုပ် တစ်အုပ်သာ ရှိသည်။ သူသည် ဆွဲကြိုးကို လဲပင်းတွင် ဆွဲထားခဲ့ပြီးနောက် မရေမတွက်နိုင်သော ကပ်ဘေးများကို ဖြတ်ကျော်ခဲ့ရသည်။ မှတ်ဉာဏ်များ ပျောက်ဆုံးကာ သေအံ့မူးမူး အထိ ဖြစ်ခဲ့ရသည်။ သို့သော်လည်း ဆန်းကြယ်စွာပင် ဆွဲကြိုးလေးမှာ သူ၏ လည်ပင်းတွင် ယနေ့အထိ မပျောက်မပျက် တည်ရှိနေဆဲ ဖြစ်၏။
တတိယ အလွှာကမူ သူမည်မျှ ကြိုးစားကြိုးစား မဖွင့်နိုင်ခဲ့ပါချေ။ အကယ်၍ ကောင်းကင်တာအို၏ တိုက်တွန်းမှုကြောင့်သာ မဟုတ်ပါက သူ ကြယ်တာရာ အမြုတေ အဆင့်သို့ ရောက်ချိန်အထိ ထိုအရာကို မေ့လျော့နေလိမ့်မည် ဖြစ်သည်။ ကမ္မတန်ဖိုး လျော့ကျသွားခြင်းက တတိယ အလွှာထဲတွင် သူ့အား ကူညီနိုင်မည့် တစ်စုံတစ်ခု ရှိသည်ဟု ဆိုလိုပေသည်။
ဝေ့ဝူယင် ထပ်မံ တုန့်ဆိုင်း မနေတော့ပဲ ဝိညာဥ်အာရုံကို သုံးလွှာ လက်စွပ် အတွင်း ထိုးသွင်းလိုက်ကာ ပထမ အလွှာနှင့် ဒုတိယ အလွှာများကို တိုက်ရိုက်ပင် ဖြတ်ကျော်လိုက်သည်။ တတိယ အလွှာအား မထိုးဖောက်မီ သူ ဝိညာဥ်ခွန်အားများကို တိတ်တဆိတ် စုစည်းလိုက်၏။
ဘုန်း...
တစ်ခဏကြာပြီးနောက် တတိယ အလွှာမှာ ပေါက်ကွဲသွား၏။ ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်ရင်း ဝိညာဥ်အာရုံဖြင့် ခပ်ဖြည်းဖြည်း တိုးဝင်လာသည်။
သုံးလွှာ လက်စွပ်၏ တတိယ အလွှာထဲတွင် ပစ္စည်းတစ်ခုသာ ရှိနေသည်ကို သူ တွေ့လိုက်ရ၏။ ထိုအရာက ကျောက်စိမ်းတုံး တစ်ခုပင်။
၎င်းမှာ လက်သည်းခွံ အရွယ်အစားမျှသာ ရှိကာ သေးငယ်သော လှိုင်းဂယက် လှုပ်ရှားမှုများနှင့် ပြည့်ဝနေ၏။ ထိုလှိုင်းဂယက်များက တရွေ့ရွေ့ လှုပ်ရှားနေသည့် ရေပြင်နှင့် တူညီကာ တစ်နည်းတစ်ဖုံ ရင်းနှီးနေသလို ဝေ့ဝူယင် ခံစားရသည်။ ၎င်းကို ကြည့်ရင်း ဟင်းလင်းပြင် ဂိတ်တံခါးအား ဖြတ်ကျော်စဥ်က အဖြစ်အပျက်ကို ဝေ့ဝူယင် ပြန်လည် အမှတ်တရလိုက်၏။
“ဆိုတော့ကာ... ဒါက အဲဒီ စစ်သူကြီး ပိုင်ဆိုင်ထားတဲ့ ကမ္မ ကံကောင်းမှုပေါ့လေ... သူက ကမ္မတန်ဖိုး အနည်းငယ်ကို ပိုင်ဆိုင်ထားတဲ့ ကောင်းချီးခံ တစ်ယောက် ဖြစ်ရမယ်”
ဝေ့ဝူယင် ကျောက်စိမ်းတုံးလေးကို သေသေချာချာ လေ့လာလိုက်သည်။ ရုတ်တရက် အတွေးတစ်ခုက သူ၏ အာရုံအတွင်း ဖျပ်ခနဲ ဝင်ရောက်လာ၏။
“နေဦး... အဲဒီတုန်းက သူ့ကို သတ်ပြီးတဲ့နောက် ငါ့ရဲ့ ကမ္မတန်ဖိုးက ၀.၁ တိုးလာခဲ့သေးတယ်... ကောင်းချီးခံတွေကို သတ်တာက ကမ္မတန်ဖိုးတွေ ရရှိစေတာလား...”
ဝေ့ဝူယင်မှာ စိတ်လှုပ်ရှားကာ မျက်လုံးများ တလက်လက် တောက်ပလာခဲ့၏။ အကယ်၍ လုံချန်ကို သတ်ခဲ့မည် ဆိုလျှင်ရော...။
ဝေ့ဝူယင် အသက်ပြင်းပြင်းရှူရင်း စိတ်တည်ငြိမ်အောင် ပြန်လည် ထိန်းသိမ်းလိုက်သည်။ လောဘက ပျက်စီးခြင်းကို ဖြစ်စေနိုင်ကြောင်း သူ လက်တွေ့ ဘဝတွင် အကြိမ်ကြိမ် သင်ယူခဲ့ပြီး ဖြစ်သည်။ ဘယ်အကြောင်းအရာကို မဆို စိတ်လိုက်မာန်ပါ မလုပ်သင့်ချေ။
ထိုအချိန်တွင်ပင် ဟိန်းဟောက်သံများမှာ သူ့နှလုံးသားထံမှ စိတ်မရှည်ဟန်ဖြင့် ထွက်ပေါ်လာသည်။ ၎င်း၏ တဒိတ်ဒိတ် ခုန်မှုက အခြား ကိုယ်တွင်း ကလီစာများကိုပါ လှုပ်ရှား သွားစေခဲ့၏။
နဂါးသွေး ဇာတိ ဝိညာဥ်က သူနှ့င့် ဆက်သွယ်ရန် ကြိုးစားနေကြောင်း ဝေ့ဝူယင် ချက်ချင်းပင် သဘောပေါက် လိုက်သည်။ သူ ထိုဇာတိ ဝိညာဥ်ထံသို့ အပြည့်အဝ အာရုံစိုက်ကာ နားထောင်ရန် ကြိုးစား ကြည့်လိုက်၏။ သို့သော်လည်း သူခံစားနိုင်သမျှက အဆုံးမဲ့ လိုအင်ဆန္ဒများသာ ဖြစ်သည်။
“မင်းက ဒါကို စားချင်နေတာလား... ဒါက ဘာလဲ ဆိုတာတောင် မင်းသိလို့လား”
ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားကာ မေးလိုက်၏။ သို့သော်လည်း နဂါးသွေး ဝိညာဥ်မှာ စကား မပြောတတ်ချေ။ ကျောက်စိမ်းတုံးလေးကို ဦးတည်သည့် အဆုံးမဲ့ လိုအင် ဆန္ဒများကိုသာ ဆက်လက် ထုတ်လွှတ်နေသည်။
ထိုအချိန်တွင်ပင် အဂ္ဂိရတ် ဇာတိဝိညာဥ်ထံမှ အသံတစ်သံ ထွက်ပေါ်လာ၏။
“စုပ်ယူပြီး သွေးမျိုးဆက်ကို ပြောင်း...”
***