သတင်းများ
Vol. 13 Ch. 181
“စုပ်ယူပြီး သွေးမျိုးဆက်ကို ပြောင်း...”
ထိုစကားလုံးများမှာ နို့စို့ ကလေးတစ်ယောက် ပထမဆုံး စကားကို ပြောလိုက် သလိုပင်။ သို့သော်လည်း ဝေ့ဝူယင် နားလည်နိုင်ပေသည်။
“ကောင်းပြီ...”
ဝေ့ဝူယင် တုန့်ဆိုင်းခြင်း မပြုတော့ချေ။ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်က ဇာတိဝိညာဥ် အားလုံးကို နက်နက်ရှိုင်းရှိုင်း ပြောင်းလဲသွားစေခဲ့ကြောင်း သူ သဘောပေါက်ပြီး ဖြစ်သည်။ ထို့အပြင် အဂ္ဂိရတ် ဇာတိ ဝိညာဥ်မှာ သိပ်မသေချာသော်လည်း ကျန်ဇာတိ ဝိညာဥ်သုံးခုမှာမူ အပြစ်ကင်းစင်သော ကလေးများ ကဲ့သို့ ဖြစ်ကာ သူ့အပေါ် အရိုးသားဆုံး ခံစားချက်များ ရှိကြောင်း သူ ပြောနိုင်ပေသည်။ သူတို့ အးလုံးမှာ သူ့အကျိုးစီးပွား ပျက်စီးမည့် အရေးကို ဘယ်တော့မှ လုပ်ကြလိမ့်မည် မဟုတ်ချေ။
အကယ်၍ ကျောက်စိမ်းတုံးလေးမှာ နဂါးသွေး ဇာတိဝိညာဥ် အတွက် အကျိုးရှိမည် ဆိုပါက သူ အသုံးပြုန် ဝန်လေးနေလိမ့်မည် မဟုတ်ချေ။ ဝေ့ဝူယင် ကျောက်စိမ်းတုံးလေးကို နှလုံးသား ရှိရာသို့ မြိုချရန် ဟန်ပြင် လိုက်စဥ်မှာပင် ရုတ်တရက် သူ၏ အမြင်အာရုံက မှောင်မိုက်သွား၏။
“ရပ်ဦး...”
ဇာတိဝိညာဥ်ထံမှ အသံ ထွက်ပေါ်လာပြန်၏။
“အရင် သန့်စင်...”
“သန့်စင်ရမယ်...”
ဝေ့ဝူယင်သည် “သန့်စင်” ဟူသော စကားလုံးက ဘာကို ဆိုလိုသည်ကို သိရှိ နားလည်သည်။ ထိုအရာမှာ အရာဝတ္ထု တစ်ခု သို့မဟုတ် ပစ္စည်းတစ်ခု၏ စင်ကြယ်မှုကို အမျိုးမျိုးသော ပြင်ပ စွမ်းအင်များအား အသုံးပြုလျှက် မြှင့်တင်ခြင်း ဖြစ်သည်။
ဝေ့ဝူယင် သိသလောက် ဆိုလျှင် သန့်စင်ရေး အတွက် နည်းလမ်းနှစ်ခု ရှိကာ ကောင်းကင်တာအိုနှင့် အဂ္ဂိရတ် တာအို တို့ပင် ဖြစ်သည်။ ပထမ နည်လမ်းက အသက်အင်အားကို အသုံးပြုကာ ဒုတိယ နည်းလမ်းက အဂ္ဂိရတ် စွမ်းအင်များကို အသုံးပြုသည်။
ဝေ့ဝူယင် နားလည်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်ကာ ကျောက်စိမ်းတုံးလေးကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ဧဒင် အမှတ်အသားမှ အသက်စွမ်းအင်များကို ၎င်းထံ သွန်းလောင်း လိုက်လေတော့၏။ ကျောက်စိမ်းတုံးလေးက သူ၏ အသက်အင်အားများကို အဆုံးမရှိသည့် အလား စုပ်ယူနေသည်။
ဝေ့ဝူယင်သည် ထိုကျောက်စိမ်းတုံးလေး ဘာဖြစ်ကြောင်း မသိသည့်တိုင် သူ၏ ဇာတိဝိညာဥ်များ အပေါ်တွင် အပြည့်အဝ ယုံကြည်မှု ရှိသည်။ အသက်အင်အား နှစ်သုံးသောင်းကို စုပ်ယူပြီးနောက် ကျောက်စိမ်းတုံးလေး၏ ပုံသဏ္ဌာန်က ပိရမစ် ပုံစံ အဖြစ် ပြောင်းလဲသွား၏။ သန့်စင်ခြင်း ဖြစ်စဥ်က ၎င်း၏ သဘော သဘာဝနှင့် အခြေခံ သဘောတရားများကို ပြောင်းလဲသွားစေခဲ့ပုံ ရသည်။
ဝေ့ဝူယင် နှလုံးသားရှိ ဧဒင်အမှတ်အသားကို စစ်ဆေး ကြည့်လိုက်၏။ နှစ်ပေါင်း သုံးသောင်းစာ လျော့နည်း သွားသည့်တိုင် ၎င်းမှာ ရေကန်ကြီးထဲမှ ရေတစ်ပေါက်စာသာ ရှိပုံရသည်။
ဂါး...
နဂါးသွေး ဇာတိဝိညာဥ်ထံမှ စိတ်လှုပ်ရှားသော ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာသည်။ ရုတ်ချည်းပင် ကောင်းကင်နန်းတော် တစ်ခုလုံးမှာ ငလျင်လှုပ်သည့် အလား တုန်ခါသွား၏။ ကျောက်စိမ်းတုံးလေးက သူ၏ လက်မှ လွတ်ထွက်သွားကာ ဝမ်းဗိုက်ကို ဖောက်၍ ဝင်ရောက်သွား၏။
ဝေ့ဝူယင်၏ မျက်လုံးများက စိတ်ဝင်စားမှုများနှင့် ပြည့်နှက်သွားသည်။ အတွေးတစ်ချက်ဖြင့်ပင် သစ်သား ဒြပ်စင် ဝိညာဥ်များမှာ ထွက်ပေါ်လာကာ ဒဏ်ရာကို မျက်တောင် တစ်ခပ်စာ အတွင်း ပြန်လည် အကောင်း ပကတိ ဖြစ်သွားစေ၏။
“ကျောက်စိမ်းတုံးလေးကို စုပ်ယူပြီးသွားရင် နဂါးသွေး ဇာတိဝိညာဥ်က ဘယ်လိုတွေ ပြောင်းလဲသွားမှာလဲ”
ဝေ့ဝူယင် အပြောင်းအလဲကို တိတ်တဆိတ်ပင် စောင့်ကြည့်နေခဲ့၏။ သို့သော်လည်း နာရီ နှစ်ဆယ်ခန့် ကြာမြင့်ပြီးသည့်တိုင် မည်သို့မျှ မထူးခြားသေးချေ။ ကြည့်ရသည်က နဂါးသွေးဝိညာဥ်မှာ ၎င်းကို ချေဖျက်ရန် အတော်လေး အချိန်ယူရမည့်ပုံ ရသည်။
ဝေ့ဝူယင် ဆက်သွယ်ရေး သလင်းကျောက်ကို ထုတ်ယူကာ စုမေ့အား ခေါ်လိုက်သည်။ မကြာခင်မှာပင် စုမေ့မှာ ညင်သာသော ခြေလှမ်းများနှင့် အတူ စာဖတ်ခန်း အတွင်း ဝင်ရောက်လာခဲ့၏။ သူမသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ဓားရှည် တစ်ချောင်းကို ကျောထက်၌ လွယ်ထားသည်။ သူမ၏ မျက်လုံးများ အတွင်းတွင်မူ ထက်ရှသော ရောင်ဝါတစ်ခုက တလက်လက် တောက်ပနေ၏။
“နင် ဆေဘာရည်ရွယ်ချက်ကို မွေးဖွားလိုက်နိုင်တာလား”
ဝေ့ဝူယင်မှာ စုမေ့အား ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသည်။ ထိုမိန်းကလေးမှာ သူ့ထက် ပါရမီ ပိုမို မြင့်မားကြောင်း အစောကတည်းက လက်ခံထားသည့်တိုင် လက်ရှိ အောင်မြင်မှုက သူ့အား အံ့အားသင့်စေဆဲ ဖြစ်သည်။
“ဒီနေ့ မနက်တင်ပါပဲ...”
စုမေ့က ပြန်လည် ဖြေလိုက်၏။ သူမ၏ အမူအရာက တည်ငြိမ်နေသည့်တိုင် မျက်လုံးထဲတွင်မူ ဂုဏ်ယူမှု တစ်ခုက တောက်ပနေပေသည်။
“အရှင်ဝေ့ စုံစမ်းခိုင်းထားတဲ့ အခြေတည် ဖုန်မှုန့်တပည့် စာမေးပွဲ အကြောင်း အကုန် သိရပါပြီ”
စုမေ့က ဆက်ပြောလိုက်သည်။
“ဟုတ်လား...”
ဝေ့ဝူယင်၏ မျက်လုံးများမှာ အနည်းငယ် တောက်ပသွား၏။ အနန္တ ကုန်းမြေတိုက်ကြီးမှ အတူတကွ ရောက်ရှိလာသူများ၏ အခြေအနေများကို စုံစမ်းရန် သူ စုမေ့ကို အထူးတာဝန် တစ်ခု ပေးထားခဲ့သည်။ အထူးသဖြင့် မေ့မေ့ အကြောင်းကို သူ သိချင်နေသည်။
မေ့မေ့သည်လည်း အခြေတည် ဖုန်မှုန့် တပည့် စာမေးပွဲတွင် တစ်စိတ်တစ်ပိုင်း ပါဝင် ပေလိမ့်မည်။ သူ့အနေဖြင့် သူမကို ပိုကောင်းသော ဘဝ တစ်ခု ပေးနိုင်သည့်တိုင် ထိုကဲ့သို့ ပြုလုပ်ရန် အခွင့်အရေး မရှိချေ။ ထိုအရာက သူ့ဆန္ဒကြောင့် မဟုတ်ပဲ တာအို လက်တွဲဖော် ကျိန်စာကြောင့် ဖြစ်သည်။ အကယ်၍ သူမနှင့် ဝေးဝေး မနေပါက ထိုကျိန်စာမှာ သူ့ကိုပါ ဆိုးဆိုးရွားရွား ထိခိုက်စေပေလိမ့်မည်။
“မေ့မေ့က စာမေးပွဲကို ဝင်ပြီး စစ်ဆေး မခံခဲ့ရဘူး... အဲဒီ အစား အပြင်ကို ခရီးတို တစ်ခု ထွက်နေတုန်းမှာ ဂိုဏ်းသား စုဆောင်းရေး အဖွဲ့တစ်ခုနဲ့ တွေ့ဆုံခဲ့တယ်... သူတို့က ချင်နိုင်း ကုန်းမြေတိုက်ကြီးက ဖြစ်ပြီးတော့ သက်တန့် ကြိုးကြာဂိုဏ်းလို့ အမည်ရတယ်... မေ့မေ့က အဲဒီဂိုဏ်း စာမေးပွဲကို အောင်မြင်ခဲ့ပြီး ခုဆိုရင် ချင်နိုင်း ကုန်းမြေတိုက်ကြီးကို လိုက်သွားပြီ”
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ ကုန်းမြေတိုက်ကြီးများရှိ များစွာသော ဂိုဏ်းငယ်များမှာ အနန္တဧကရာဇ်ဂြိုဟ်မှ ကျင့်ကြံသူများကို တန်ဖိုးထားကာ သူတို့ဂိုဏ်းထဲသို့ ဝင်ရောက်ရန် စည်းရုံးလေ့ ရှိကြောင်း သူ သိရှိခဲ့ပြီး ဖြစ်သည်။ အနန္တဧကရာဇ်ဂြိုဟ်မှ ပါရမီရှင်များကို စုစည်းနိုင်ခြင်းက သူတို့အတွက် ဂုဏ်ယူစရာ တစ်ခု ဖြစ်သည်။ သို့သော်လည်း ကံမကောင်းစွာပင် ပါရမီရှင် အများစုမှာ အနန္တဧကရာဇ်ဂိုဏ်းသို့သာ ဝင်ရောက် ကြပေသည်။
“ကျွန်မ ချင်နိုင်း ကုန်းမြေတိုက်ကြီးနဲ့ သက်တန့်ကြိုးကြာဂိုဏ်း အကြောင်း စုံစမ်းပြီးပြီ... သူတို့က မိန်းကလေး တပည့်တွေကိုပဲ လက်ခံတယ်.... နောာက်ပြီး ဒီအနန္တဧကရာဇ် ကြယ်တာရာ ပိုင်နက် အတွင်မှာပဲ တည်ရှိတယ်... သိပ်မဝေးလှဘူး... သူတို့ရဲ့ တပည့်တွေ အပေါ် ဆက်ဆံတဲ့ ပုံစံကလည်း ကောင်းမွန်တယ်.... အဲဒီဂိုဏ်းကို နောက်ကွယ်က ထိန်းချုပ်နေတာကလည်း အခြားလူ မဟုတ်ဘူး... မူလတောင်ထွတ်ရဲ့ အင်ပါယာ သူတော်စင် ပင်းချွင်းလီ...”
စုမေ့က အသေးစိတ်ပင် ရှင်းပြလိုက်၏။ ပင်းချွင်းလီသည် ကုန်းမြေတိုက်ကြီး အချို့ကိုပင် ထိန်းချုပ်ထားနိုင်သည့် အနန္တဧကရာဇ်ဂိုဏ်း၏ အင်ပါယာ သူတော်စင် တစ်ပါး ဖြစ်သည်။ သူသည် ရေခဲနှင့် အေးခဲခြင်း ကျင့်စဥ်များဖြင့် ထင်ရှားသည်။ ပြောစကားများ အရဆိုလျှင် သူမ ထိန်းချုပ်ထားသည့် ကုန်းမြေတိုက်ကြီးများထဲမှ တစ်ခုမှာ ဆောင်းရာသီနယ်မြေ ဖြစ်ပြီး ထိုနေရာမှာ သူမနှင့် သူမ၏ မျိုးနွယ်တို့ အခြေစိုက်ရာ နေရာလည်း ဖြစ်ပေသည်။
ပင်းချွင်းလီ၏ နာမည်နှင့် ဂိုဏ်သတင်းက အတော်လေး မွှေးပျံ့လှသဖြင့် ဝေ့ဝူယင် မေ့မေ့အတွက် စိတ်အေး သွားရသည်။ သူနှင့် မေ့မေ့မှာ ဘယ်တော့မှ ထပ်မဖြစ်နိုင်တော့သည့်တိုင် အနည်းဆုံးတော့ သူ သူမထံတွင် တင်နေသည့် အကြွေးများ ရှိပေသေးသည်။
“လုံချန်အကြောင်း သတင်းတစ်ပုဒ်လည်း ရှိသေးတယ်”
စုမေ့က ဆက်ပြောလိုက်၏။ အနက်ရောင် လက်စွပ်လေးကို မြင်ယောင်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက ဖျပ်ခနဲ တောက်ပသွားသည်။ ထိုလက်စွပ်လေးမှာ လုံချန့် အောင်မြင်မှုများ၏ သော့ချက် ဖြစ်နိုင်သည်။
သို့သော်လည်း ရယ်စရာ ကောင်းစွာပင် မရေမတွက်နိုင်သော လူများမှာ သူ့အား ကျင့်ကြံခြင်း ရတနာ တစ်ခုကြောင့် အောင်မြင်လာသည်ဟု ယူဆကြကာ အမှန်တကယ် ရတနာ တစ်ခုကြောင့် အောင်မြင်လာသည့် လုံချန်ကိုမူ မသိကျေးကျွန် ပြုထားကြသည်။ ကောင်းကင်တာအိုသည် အမှန်တရားကိုပါ ဖုံးကွယ်ပေးထားသလော ဝေ့ဝူယင် သံသယ ဖြစ်မိ၏။
စုမေ့က တိတ်တဆိတ်ပင် လုံချန်တို့ အကြောင်းကို ရှင်းပြလိုက်သည်။ သူမ၏ အဆိုအရ သူတို့တစ်ဖွဲ့လုံး၌ လုံချန်တစ်ယောက်တည်းသာလျှင် အလွှာကိုးခု စလုံးကို အောင်မြင်ကာ အခြေတည် ဖုန်မှုန့် တပည့် ဖြစ်လာခဲ့သည်။ လျဲ့ယု၊ ဝူပိုင်ကျိုးနှင့် လင်းကျိရန်တို့မှာမူ ဂုဏ်ထူးဆောင် တပည့်များ အဖြစ်သာ အရည်အချင်း ပြည့်မှီခဲ့သည်။
ထို့အပြင် မင်ရှုဖုန်း ပျောက်ဆုံးသွားခြင်းနှင့် အနန္တကုန်းမြေတိုက်ကြီးမှ အခြားလူ အချို့ သေမျိုးဖုန်မှုန့် တပည့် ဖြစ်လာခြင်းတို့ ကဲ့သို့သော စိတ်ဝင်စားစရာ သတင်းများလည်း ရှိသေးသည်။ ဝေ့ဝူယင်မှာ ထိုအထဲမှ မျိုးစေ့ကောင်း အချို့ ရှာသင့်သလော တွေးတောလိုက်မိ၏။
မင်ရှုဖုန်းကိုမူ ပျောက်ဆုံးသွားသည့် အချိန်ကတည်းက အစအနပင် ရှာမတွေ့တော့ဟု စုမေ့က ဆိုသည်။ သူမ အသက်ရှင်သေးသလား သို့မဟုတ် သေသွားပြီလားပင် မသိရချေ။ သို့သော်လည်း ဝေ့ဝူယင်ကမူ သူမကဲ့သို့ ကံကြမ္မာဟောပြောသူ တစ်ယောက် ဒုက္ခရောက်လိမ့်မည်ဟု မထင်ချေ။
တပည့်များ ဖြစ်လာပြီးနောက် လျဲ့ယုမှာ မူလတောင်ထွတ်ကို ဂုဏ်ထူးဆောင် တပည့် အနေဖြင့် ဝင်ရောက်ကာ ကျန်သုံးယောက်မှာမူ စစ်တောင်ထွတ်သို့ အတူတူ ဝင်ရောက်ကြသည်။ သူတို့သည် လုံချန်နှင့် အတူ နေထိုင်ကြ၏။
သို့သော်လည်း သေမျိုးဘုံ အဆင့် တပည့် တစ်ယောက်နှင့် လင်းကျိရန်တို့ အကြားတွင် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့သည်။ ထိုပြဿနာက လုံချန်နှင့် သေမျိုးဘုံ တပည့် ကျိယုတို့ကို အင်ပါယာ စိန်ခေါ်ပွဲ ဆင်နွှဲစေသည် အထိ ဖြစ်ပျက်စေခဲ့သည်။ ကျိယုတစ်ယောက် ပေါ့လျော့နေချိန်၌ လုံချန်သည် မမျှော်လင့်ထားသော ဝှက်ဖဲကို ထုတ်သုံးကာ သတ်ဖြတ်ခဲ့သည်။
သို့သော်လည်း ကံဆိုးစွာပင် ကျိယုသည် အလယ်အလတ် မျိုးနွယ် တစ်ခုဖြစ်သည့် ကျိမျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်နေခဲ့သည်။ သူတို့မျိုးနွယ်သည် သေမျိုးခေါင်းဆောင် အထွတ်အထိပ်အဆင့် အကြီးအကဲ တစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင် ရှိကာ ကျိယုမှာလည်း ကမ္ဘာဗိုလ်ချုပ် တစ်ယောက်၏ တိုက်ရိုက် မျိုးဆက် ဖြစ်သည်။ သူကား မျိုးနွယ်ခေါင်းဆောင် ရာထူးကို ဆက်ခံရန် ပါရမီ အမြင့်မားဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။
ထိုအဖြစ်အပျက်က ကမ္ဘာဗိုလ်ချုပ် ရှင်းဟူအား ကြီးမားစွာ ဒေါသထွက်စေခဲ့၏။ ယခုဆိုလျှင် ကျိမျိုးနွယ်သည် သူတို့၏ သြဇာအာဏာကို သုံးကာ လုံချန်အား အမျိုးမျိုး ဖိအားပေးသည်။ သူတို့သည် ပေါ်တင်တစ်မျိုး၊ ကွယ်ရာမှာ တစ်မျိုးဖြင့် လုံချန်၏ အသက်အား နှုတ်ယူရန် ကြိုးပမ်းနေကြသည်။
“ပြဿနာတွေ များလိုက်တာ...”
ဝေ့ဝူယင် ခေါင်းခါလိုက်မိ၏။ သို့သော်လည်း လုံလောက်သည့် ကမ္မတန်ဖိုး ရှိနေသရွေ့ လုံချန် ထိုကပ်ဘေးများကို ကျော်လွှားနိုင်ပေလိမ့်မည်။ သူ့ဘေးနားရှိ မိန်းမတွေကတော့ သူ့လောက် ကံကောင်းချင်မှ ကံကောင်းပေလိမ့်မည်။
ချင်ချူးမူအား သူမ၏ ဘိုးဘေး တစ်ယောက် ဖြစ်သည့် မူလ အင်ပါယာ သူတော်စင်က တပည့် အဖြစ် လက်ခံ ခဲ့သည်။ လောလောဆယ်တွင် သူမသည် တံခါးပိတ် တရား ကျင့်ကြံကာ ဖြုန်းတီးခဲ့မိသည့် ငယ်ဘဝ အချိန်များကို ပြန်လည် ကုစားနေသည်။ အချိန်အတော်ကြာအောင် သူမအား အပြင်၌ တွေ့ရတော့မည် မဟုတ်ချေ။
လုံထျန်းယုမှာမူ နတ်ဆိုးတောင်ထွတ်သို့ ဝင်ရောက်ခဲ့သည်။ ထိုအချိန်မှ စ၍ သူမ သတင်းအား အစအနပင် မကြားရတော့။ ခန့်မှန်းရသလောက် ထိုကလေးမနှင့် ပတ်သက်၍ လျှို့ဝှက် ဆန်းကြယ်သည့် အခြေအနေများ ရှိနေပုံ ရသည်။
တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက် ဝေ့ဝူယင်က ဆက်မေးလိုက်၏။
“ကျူးဟိုင်ရော အခြေအနေ ဘယ်လိုရှိလဲ...”
***