သုံးနှစ်အကြာ
Vol. 13 Ch. 182
“သူရဲ့ သွေးကြောတွေ၊ ကိုယ်တွင်း ကလီစာတွေနဲ့ ဆဲတွေက အတော်လေး ပျက်စီးနေတာ... ထျန်းတျန်နဲ့ အသိစိတ် ပင်လယ်တောင်မှ ပုံမှန်မဟုတ်တော့ဘူး... ဒါပေမဲ့ အရှင်ဝေ့ ပေးထားတဲ့ ဆေးတွေက အပြည့်အဝ ပြန်ကောင်းလာဖို့ လုံလောက်ပါတယ်... ဆေးအားလုံးကို ချေဖျက်ဖို့ အတွက်တော့ တစ်နှစ် နှစ်နှစ်လောက် အချိန်ယူရလိမ့်မယ် ထင်တယ်”
စုမေ့က ရှင်းပြလိုက်သည်။
ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။ ကျင့်ကြံသူများ အနေဖြင့် ဆေးလုံးများကို စုပ်ယူရန် ရက်သတ္တပတ်များ၊ လများ၊ နှစ်များ အထိ အချိန်ယူရခြင်းက အတော်လေး ငြီးငွေ့ဖို့ ကောင်းလှသည်။ သူကိုယ်တိုင်သည်လည်း ယခင်က ထိုပြဿနာကို ခံစားဖူးခဲ့သည်။ သို့သော်လည်း ဇာတိဝိညာဥ်များ ခန္ဓာကိုယ် ပြင်ပသို့ ထွက်နိုင်သည့် အချိန်တည်းက သူ ဆေးလုံးများကို မိနစ်ပိုင်း၊ အလွန်ဆုံး နာရီပိုင်း အတွင်း လုံးလုံး ချေဖျက်လာနိုင်ခဲ့ပေသည်။
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ သူ၏ မူလ ရည်ရွယ်ချက်က ကြယ်တာရာ ကပ်ဘေးကို ကျော်လွှားကာ သွေးပန်းပဲဖို ကုန်းမြေတိုက်ကြီးသို့ ခရီးထွက်ရန် ဖြစ်သည်။ သို့သော်လည်း ရုတ်တရက် ဖြစ်ပေါ်လာသည့် နဂါးသွေး ဇာတိ ဝိညာဥ်၏ အသွင်ပြောင်းလဲမှု ဖြစ်စဥ်ကြောင့် အရာအားလုံးက နှောင့်နှေးကုန်းသည်။
“အကြွေးတွေကို ဖြေရှင်းဖို့ အချိန်ရောက်ပြီ... မဟာဝင်ရိုး အဖွဲ့ကို သုတ်သင်တုန်းက ဆုလာဘ်ပေးရမယ့် စာရင်း ယူခဲ့... ငါ သူတို့ အားလုံးကို ကိုင်တွယ်လိုက်မယ်... ဪ စုမေ့... နောက်ပြီးတော့ သက်တန့်ကြိုးကြာဂိုဏ်းကို စာပို့ပေးပါဦး... မေ့မေ့အတွက် ငါတို့ အကောင်းဆုံး လုပ်ပေးနိုင်တာက သူ့ရဲ့ ကျင့်ကြံခြင်း ခရီးလမ်းကို တတ်နိုင်သမျှ လုံခြုံစေဖို့ပဲ”
စုမေ့က နားလည်စွာပင် ခေါင်းညိတ်လိုက်သည်။ သူမ ထွက်ခွာသွားပြီးသည့်နောက် ဝေ့ဝူယင် မေးစေ့ကို ညင်သာစွာ ပွတ်သပ်လိုက်မိ၏။
“ငရဲရဲ့ ဒုတိယ ကပ်ဘေးကို ဖြတ်ကျော်ဖို့ နှစ်ပေါင်း လေးဆယ် အချိန်ရှိသေးတယ်... ငါ့အနေနဲ့ အဲဒါထက် ပိုပြီး ကြည့်ဖို့ လိုအပ်တယ်... ငါ့ရဲ့ ရည်ရွယ်ချက်က ခိုင်မာတဲ့ ကျင့်ကြံခြင်း အခြေခံတစ်ခု ဖန်တီးဖို့နဲ့ အသက်ကယ် ဝှက်ဖဲတွေ တတ်နိုင်သမျှ စုဆောင်းထားဖို့ပဲ... ငရဲရဲ့ ကပ်ဘေးတွေက ငါ့အတွက် အနန္တရာယ် ဆိုတာတော့ မှန်တယ်... ဒါပေမဲ့ မြင်နိုင်တဲ့ အန္တရာယ်... မမြင်နိုင်တဲ့ အန္တရာယ်တွေက ငရဲရဲ့ ကပ်ဘေးတွေထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းတယ်”
စန်းမျိုးနွယ်၊ အဂ္ဂိရတ် အစည်းအရုံးတို့ အပါအဝင် အနန္တဧကရာဇ်ဂိုဏ်း၏ ဆုတ်ယုတ်မှုကို လိုလားနေသည့် အဖွဲ့များမှာ အခွင့်အရေး ရသည်နှင့် သူ့အား လုပ်ကြံရန် ကြိုးစားလာနိုင်သည်။ ထာဝရ မင်းသားလေး ဆိုသည့် နာမည်က တောမီးအလား ကျယ်ပြန့်နေပြီး အပြင်လောကမှ မည်သူမဆို ထာဝရဧကရာဇ် နောက်တစ်ယောက် ပေါ်လာမည်ကို အလိုရှိလိမ့်မည် မဟုတ်ချေ။ ထိုအချိန်ကတည်းက ဝေ့ဝူယင်မှာ အန္တရာယ် အငွေ့အသက်များကို ခံစားနေခဲ့ရသည်။
အသက်အတွက် အာမခံချက် ပေးနိုင်သည့် ဝှက်ဖဲများ မရှိသေးသမျှ ဝေ့ဝူယင်တွင် စွန့်စားရန် ဆန္ဒ မရှိချေ။ ကျင့်ကြံခြင်း အခြေခံသည် သူ၏ ပထမ ဦးစားပေး ဖြစ်ပြီး ဘဝတစ်ခုလုံး၌ အယုံကြည်ရဆုံး ဝှက်ဖဲဖြစ်သည့်တိုင် ထိုအရာက အကန့်အသတ်များ ရှိနေသေးသည်။
“ငါ့ရဲ့ ပထမ ရည်ရွယ်ချက်က ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ်ကို ကျင့်ကြံဖို့ပဲ”
...
နှစ်လကြာပြီးနောက်...
ဝေ့ဝူယင်သည် သူ ရှင်းစရာ ရှိသည့် အကြွေးများကို ရှင်းပြီးသွားပြီ ဖြစ်သလို ညွှန်ကြားစရာ ရှိသည်များကိုလည်း စုမေ့အား ညွှန်းကြားခဲ့ပြီး ဖြစ်သည်။ သူသည် စာဖတ်ခန်းထဲတွင် ထိုင်ကာ စာအုပ် တစ်အုပ်ကို ကိုင်ထားခဲ့၏။
သူ၏ မျက်လုံးများက စိတ်ရှုပ်ထွေးမှု တစ်စက်ပင် မရှိပဲ ကြည်လင်နေသည်။ ကောင်းကင်ဘုံ နတ်မျက်လုံး နည်းလမ်းကို ရရှိပြီးသည့် အချိန်မှ စတင်၍ သူသည် အချိန်ယူကာ စွန့်စားရန် သင့်၊ မသင့် အကြိမ်ကြိမ် အခါခါ စဥ်းစားခဲ့သည်။ နောက်ဆုံးတွင် ကျင့်ကြံသင့်သည်ဟု သူခံစားရသည်။ ထိုကျင့်ကြံခြင်း နည်းလမ်းသည် သူနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေသလို မဟာ သူတော်စင် ထို့ပိဟန်၏ အကြံပေးချက်ကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။
“စလိုက်ရအောင်...”
...
ကမ္မတန်ဖိုး ... ၅၆၃.၂
ပထမကပ်ဘေး လွတ်မြောက်ခြင်း ... ၇/၇
ဒုတိယကပ်ဘေး တားဆီးခြင်း ... ၃၆ နှစ်
သုံးနှစ်ဆိုသော အချိန်ကာလက ငလျင်လှုပ်ခတ်မှုမှ ဖြစ်ပေါ်လာသည့် ဆူနာမီလှိုင်းတစ်ခု အလား ကျင့်ကြံခြင်း လောကကို လျှင်မြန်စွာ သိမ်းကြုံး ဖြတ်ကျော်သွားသည်။ ထိုသုံးနှစ်အတွင်း၌ အဓိပ္ပာယ်မဲ့ သေဆုံးခြင်းများစွာ ဖြစ်ပေါ်ခဲ့ကာ မရေမတွက်နိုင်သော လူများမှာလည်း အသစ် မွေးဖွား လာခဲ့သည်။ ထို့အတူပင် မှန်ခြင်း မှားခြင်းများ ရောစွက်နေသည့် များစွာသော သတင်းစကားများစွာမှာလည်း ပျံ့နှံ့နေခဲ့သည်။
ထိုအထဲမှ တစ်ခုမှာ အသက်အငယ်ဆုံး အဂ္ဂိရတ် ဧကရာဇ် ဟူသော ဂုဏ်ပုဒ်နှင့် တူယှဥ်တွဲ၍ ပဲ့တင်ထပ်နေသည့် ဝေ့ဝူယင်၏ နာမည် ဖြစ်သည်။ အဂ္ဂိရတ် အစည်းအရုံး၏ အတည်ပြုမှု လိုအပ်နေသေးသည့်တိုင် မဟာဝင်ရိုး အဖွဲ့အား ရှင်းလင်းခြင်း အတွက် ဆုလာဘ်များစွာ ချီးမြှင့် အပြီး၌ ထိုသံသယများမှာ ပိုမို ကျယ်လောင် လာခဲ့သည်။
အနည်းစုသော လူများသာလျှင် ဝေ့ဝူယင်၏ သတင်းများက ချဲ့ကားသည်ဟု ယူဆကြကာ အများစုမှာမူ အနန္တကုန်းမြေတိုက်ကြီး ဆိုသော ဇစ်မြစ်ကြောင့် ဒုတိယမြောက် ထာဝရ ဧကရာဇ် အဖြစ် ယုံကြည်ခဲ့ကြသည်။ မရေမတွက်နိုင်သော လူများမှာ သူနှင့် ဆက်ဆံရေးကောင်း တစ်ခု ဖန်တီးရန် ကြိုးပမ်းခဲ့ကြသည်။ သူတို့သည် သမီးကညှာများနှင့် အမျိုးမျိုးသော လက်ဆောင်များကို ပြင်ဆင်ခဲ့ကြသည်။ သို့သော်လည်း ကြယ်တာရာ အမြုတေ အဆင့်သို့ တက်လှမ်းရန် အတွက်ဟု ဆိုကာ သုံးနှစ်တိုင်တိုင် တံခါးပိတ် ကျင့်ကြံနေခဲ့ခြင်းကြောင့် သူတို့၏ အကြံအစည်များမှာ ပျက်စီးခဲ့ရသည်။
ထိုသတင်းပေါက်ကြားမှုက ဝေ့ဝူယင်နှင့် ချည်နှောင်လိုသည့် လူများ၏ ဆန္ဒကို ပိုမို ပြင်းထန်စေခဲ့သည်။ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံခြင်း အခြေခံ မရှိပါပဲ၊ အဂ္ဂိရတ် ဝိညာဥ် မရှိပါပဲ အသက်ငယ်ရွယ်စွာဖြင့် အဂ္ဂိရတ် ဧကရာဇ် ဖြစ်လာခြင်းက အထင်ကြီးဖို့ ကောင်းသည်ထက် ပိုပေသည်။ သူ၏ နာမည်က ပိုမို ကျယ်လောင်လာ၏။
အဂ္ဂိရတ် အစည်းအရုံးသည် ဒုတိယ အကြိမ်မြောက် တရားဝင် ထုတ်ပြန်ချက် တစ်ခုကို ထုတ်ပြန်ခဲ့သည်။ တရားဝင် စာမေးပွဲကို ဝင်မဖြေရသေးသမျှ ကာလပတ်လုံး ဝေ့ဝူယင်သည် သူတို့အမြင်တွင် လမ်းပျောက်နေသည့် အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်လိမ့်မည် ဖြစ်သည်။ သူ့အနေဖြင့် စာမေးပွဲကို ဝင်ရောက် ဖြေဆိုခြင်းဖြင့် ထိုအချက်ကို ပြင်ဆင်နိုင်ပေလိမ့်မည်။
ထိုကြေညာချက်ကို အတော်များများက ကဲ့ရဲ့ကြသည်။ ထာဝရ ဧကရာဇ်သည် တစ်ခါမှ တရားဝင် စာမေးပွဲကို ဝင်ရောက် ဖြေဆိုခြင်း မပြုခဲ့ချေ။ ထိုသို့ဆိုလျှင် သူကရော လမ်းပျောက်နေသည့် အဂ္ဂိရတ် ပညာရှင် တစ်ယောက်လော။
အဂ္ဂိရတ် အစည်းအရုံးသည် လက်လျှော့ခြင်း မရှိချေ။ သူတို့က အစည်းအရုံး မဟာ သခင်၏ အသက် တစ်ထောင်ပြည့် မွေးနေ့ကို တက်ရောက်ရန် ဝေ့ဝူယင်ကို ဖိတ်ကြားသည်။ သာမန်ဖိတ်ကြားခြင်းမျိုးမှာ ရှောင်ရှားနိုင်သော်လည်း ယခုတစ်ကြိမ်တွင် လက်ထောက် အစည်းအရုံး သခင် ကိုယ်တိုင်ကိုယ်ကျ ဂိုဏ်းသို့ ရောက်ရှိလာကာ ဝေ့ဝူယင် နာမည်တပ်၍ ဖိတ်ကြားခဲ့သည်။
မူလ အင်ပါယာ သူတော်စင်များပင် ထိတ်လန့် တုန်လှုပ်ရ၏။ အဂ္ဂိရတ် တာအိုသည် ကျင့်ကြံခြင်းတွင် အရေး အကြီးဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ရာ အဂ္ဂိရတ် အစည်းအရုံး၏ လွှမ်းမိုးမှုက အတော်လေး ကြီးမားလှသည်။ သူတို့သည် မဟာ အင်အားစုကြီး ငါးခုနှင့်ပင် နှိုင်းယှဥ်နိုင်သည့် လေးစားမှုများကို လက်ခံရရှိကြကာ သူတို့အား ဆန့်ကျင်သူများမှာ ကြောက်မက်ဖွယ်အကျိုးဆက်များနှင့် ရင်ဆိုင်ရသည်။
ဝေ့ဝူယင်မှာ သာမန် အဂ္ဂိရတ် ပညာရှင် တစ်ယောက်သာ ဖြစ်သည်။ သူ့အနေဖြင့် ထိုဖိတ်ကြားချက်ကို ငြင်းဆန်ရန် မဖြစ်နိုင်ချေ။ လူတိုင်း ထိုကဲ့သို့ တွေးတောနေချိန်တွင် မဟာ အင်ပါယာ သူတော်စင် ထို့ပိဟန်က ကြေညာချက် တစ်ခုကို ထုတ်ပြန်ခဲ့သည်။
“ကောင်းကင်ဧကရာဇ်ဝေ့က ကျင့်ကြံခြင်း လမ်းစဥ် အတွက် အရေးပါတဲ့ အခိုက်အတန့် တစ်ခုကို ရောက်နေပြီ... သူ မအောင်မြင်မချင်း ငါတို့ သူတို့ကို နှောက်ယှက်လို့ မရဘူး... စိတ်မကောင်းပါဘူး”
မဟာ သခင်၏ မွေးနေ့ပွဲကမူ အစီအစဥ် အတိုင်းပင် ဆက်လက် ဖြစ်ပွားခဲ့သည်။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းပင်။ ပြဿနာ ပြေလည်သွားပြီဟု လူအများ တွေးတောနေကြစဥ်မှာပင် နောက်တစ်နေ့၌ အဂ္ဂိရတ် အစည်းအရုံးက စတင် လှုပ်ရှားလာခဲ့၏။
အတင်းအကြပ်ဆန်သည့် နည်းလမ်းဖြင့် မဟုတ်သော်လည်း ရုတ်ချည်းပင် အဂ္ဂိရတ် ထုတ်ကုန် စျေးကွက်က ဖောင်းပွ လာခဲ့သည်။ အနန္တဧကရာဇ် ကြယ်တာရာ နယ်မြေ အတွင်းရှိ ဂြိုဟ်သုံးလုံးနှင့် ကမ္ဘာပြားများမှာ ထိုထိုးနှက်မှု အောက်၌ ကြီးမားစွာ ထိခိုက်ခဲ့သည်။
တစ်ချိန်တည်း၌ အခြား အင်အားစုကြီး လေးခုနှင့် ပတ်သက်သည့် စျေးကွက်များမှာမူ မထိမခိုက်ပင် ရှိနေဆဲ ဖြစ်သည်။ သူတို့သည် လျှော့စျေးများနှင့် အကျိုးအမြတ် ခပ်ပါးပါးကိုပင် ရရှိခဲ့ကြသေးသည်။ ထိုအချင်းအရာက အနန္တဧကရာဇ်ဂိုဏ်းတစ်ခုတည်းကိုသာ ဦးတည်သည့် တိုက်ခိုက်မှု တစ်ခု ဖြစ်သည်။
ထိုအရာများ ဖြစ်ပျက်နေချိန်တွင် တာဝန်ရှိသော ပုဂ္ဂိုလ်မှာမူ ဖန်တီးခြင်း တောင်ထွတ်၏ အဋ္ဌမ အလွှာတွင် တိတ်တဆိတ်ပင် အနားယူနေခဲ့သည်။
သူသည် သာမွေးအိပ်ယာနှင့် တိမ်ချည် ခေါင်းအုံးများ အကြားတွင် လှဲလျောင်းလျှက် ရှိနေ၏။ ဝင်သက်တိုင်း၌ သူ၏ ခန္ဓာကိုယ်က ကြယ်တာရာ အမတေများကို အဆက်မပြတ် ဝါးမျိုစုပ်ယူ နေသည်။ အသက်ရှူထုတ်လိုက်ချိန်တွင်မူ သူ့ခန္ဓာကိုယ်ထဲတွင် ရှိသမျှ ဖိအားများမှာ သဘာဝအတိုင်း လွင့်စဥ် ထွက်ပြေး သွား၏။
သူ၏ နံဘေးတွင်မူ မိန်းကလေး နှစ်ဦး ရှိသည်။ သူတို့၏ ဆွဲဆောင်မှု ရှိသည့် အကွေ့အကောက်များနှင့် ခန္ဓာ သင်းရနံ့တို့က ပုရိဿတို့အား ချက်ချင်းပင် အရည်ပျော်စေနိုင်စွမ်း ရှိသည်။ သူတို့၏ အဝတ်ကင်းမဲ့သော ခန္ဓာကိုယ်များသည် သူ၏ ရင်ဘတ်နှင့် လက်မောင်းတို့တွင် ကပ်နေ၏။ ရှည်လျားသော ခြေထောက်များက သူ၏ အောက်ပိုင်းကို ရင်းနှီးစွာပင် ရစ်ပတ်ထားသည်။
သူ၏ ညာဘက်ရှိ မိန်းမက နတ်ဆိုးတစ်ယောက် ဖြစ်သည်။ သူမ၏ အရေပြားက ခရမ်းရောင် ခပ်ဖျော့ဖျော့ အလင်းများကို ထုတ်လွှတ်နေကာ ရှည်လျားသော ခရမ်းရောင် ဆံပင်များမှာ သာမန်ထက် နက်မှောင်နေ၏။ သူမသည်အရပ်အတော်လေး ရှည်ပြီး ခုနစ်ပေ ဆယ့်တစ် လက်မခန့် ရှိသည်။ ထိုအရာက ဝေ့ဝူယင်ထက်ပင် ခေါင်းတစ်လုံး သာနေသည်။ သူမ၏ လုံးဝန်း ကြီးမားသော ရင်သားများက ယောက်ျားသားများ အတွက် သဘာဝ ခေါင်းအုံးသဖွယ် ဖြစ်နေကာ ပြည့်တင်းသည့် တင်ပါးများက ထိုနေရာတွင် တရေးတမော အိပ်ချင်လာအောင် ဆွဲဆောင်နေသည်။
သူမ၏ အလှက မရေမတွက်နိုင်သော လူသား မိန်းကလေးများစွာထက် သာလွန်လှ၏။ မျိုးနွယ်တူများ အကြားတွင်ပင် သူမမှာ ထင်ရှား ထူးကဲလှသူ တစ်ယောက် ဖြစ်သည်။
သူ၏ ဘယ်ဘက်ရှိ မိန်းမမှာမူ ရှို့ရန် တစ်ယောက် ဖြစ်သည်။ သူမမှာ အရပ်ပုကာ ပိန်ပိန်ပါးပါး ခန္ဓာကိုယ် ရှိ၏။ ခပ်တိုတို ညှပ်ထားသည့် အညိုရောင် ဆံပင်များနှင့် ချွန်ထက်သည့် နားရွက်များမှ လွဲ၍ သူမ၏ အသွင်အပြင်က လူသား တစ်ယောက် အတိုင်းပင်။
အပြင်ဘက်၌ ဇိမ်ကျနေသည့်တိုင် အတွင်းပိုင်းတွင်မူ ဝေ့ဝူယင်မှာ မငြိမ်းချမ်းနိုင်ပါချေ။ သူသည် လူပုံစံဖြင့် အသိစိတ် ပင်လယ် အတွင်း၌ မြောလွင်နေခဲ့၏။ သူသည် အဂ္ဂိရတ် ဇာတိ ဝိညာဥ်နှင့် အတူ ဝင်္ကပါကို စစ်ဆေးနေခဲ့ခြင်း ဖြစ်သည်။ စိတ်စွမ်းအင်များမှာ တည်ငြိမ်သည့်တိုင် ဝင်္ကပါမှာမူ အလွန်တရာ ရှုပ်ထွေး ပွေလီလွန်းလှသည်။
“လွန်ခဲ့တဲ့ သုံးနှစ်လောက်တည်းက အောင်မြင်ခဲ့ပြီး ဖြစ်ပေမဲ့ ခုထိ သူ့ရဲ့ စွမ်းရည်တွေကို ငါ မရသေးဘူး”
သူက မျက်မှောင်ကြုတ်လိုက်၏။ ကောင်းကင်ဘုံ နတ်မျက်လုံး နည်းလမ်းကို အောင်မြင်ခဲ့ပြီး ဖြစ်သည့်တိုင် သူ၏ ငွေရောင် မျက်လုံးမှာ ထူးထူးခြားခြား အပြောင်းအလဲများနှင့် ကြုံတွေ့ရသေးခြင်း မရှိသေးချေ။ သို့သော်လည်း ကြယ်တာရာ အမတေများ၊ စွမ်းအင်များ၊ မန်နာများကိုတော့ အရှင်းလင်းဆုံး ပုံစံနှင့် သူ မြင်တွေ့ရသည်။
နည်းလမ်းထဲတွင် ရေးထားသည့် အတိုင်းဆိုလျှင် ကောင်းကင်ဘုံ နတ်မျက်လုံးကို အောင်မြင်ပြီးသည်နှင့် စွမ်းရည် သုံးခုကို ရရှိနိုင်သည်။ ပုံရိပ်ယောင် မျက်လုံး၊ အမှန်တရားနှင့် မသေဆုံးခြင်း ဟူ၍ပင်။ ထိုစွမ်းအင်များကို သူ မရသေးချေ။ မည်ကဲ့သို့ ဖြစ်ရသနည်း။
ဟူး...
ဝင်္ကပါကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်ပြီးနောက် သူ၏ အသွင်က ကွယ်ပျေက်သွား၏။ အပြင်လောကတွင် မူယင်း ခန္ဓာကိုယ်က လှုပ်ရှားလာကာ မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုအခါ သုံးလွှာ လက်စွပ်ထဲတွင် အလင်းရောင် ဖျော့ဖျော့ တောက်ပနေသည်ကို သူ သတိထားလိုက်မိ၏။
ဝေ့ဝူယင် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့် လက်များခြေထောက်များကို ခပ်ဖြည်းဖြည်း ခွာချရင်း တိတ်တဆိတ်ပင် အိပ်ယာမှ ထလိုက်သည်။ ထို့နောက် ဝတ်စုံတစ်ခုကို ထုတ်ယူ ဝတ်ဆင်ကာ ဆက်သွယ်ရေး သလင်းကျောက်ကို ဖွင့်ကြည့်လိုက်၏။
ထိုအရာက စုမေ့ထံမှ စာဖြစ်သည်။ ထိုစာကို ဖတ်ကြည့်လိုက်ပြီးနောက် သူ၏ အမူအရာက ပြောင်းလဲ သွားလေတော့၏။
***