မဟာအင်အားစု ငါးခု
Vol. 14 Ch. 183
စုမေ့ ပို့လိုက်သော စာမှာ အောက်ပါအတိုင်း ဖြစ်၏။
အရှင်ဝေ့... အရိပ်ကောင်းကင် နန်းတော်ကနေ ကျွန်မ သတင်းအချို့ ရထားတယ်... သူတို့ပြောတဲ့ အတိုင်းဆိုရင် ဟိုးရှေ့တုန်းက အန်နုဇီရာဇူး ဆိုတဲ့ ရှေးဟောင်းနဂါးမင်းကို ကိုးကွယ်ကိုင်းရှိုင်းကြတဲ့ လူမှုအသိုင်းအဝိုင်းတွေ ရှိခဲ့ဖူးတယ် တဲ့
ဝေ့ဝူယင်မှာ စာကို ဖတ်ရင်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ အန်နုသည် သူ အနန္တကုန်းမြေတိုက်ကြီးတွင် နေထိုင်စဥ်က ဆုံတွေ့ခဲ့သည့် အဇူရာ အကြေးခွံ ပိုင်ရှင် သတ္တဝါကြီး ဖြစ်သည်။ ၎င်းသည် သားရဲ ထိန်းချုပ်ခြင်းဂိုဏ်း၏ မြေအောက်ကမ္ဘာတွင် အကျဥ်းကျနေဟန်ရကာ နှလုံးသွေးနှင့် အလဲအလှယ်လုပ်၍ သူ့ထံမှ အသက်အင်အားတို့ကို တောင်းဆိုခဲ့သည်။
ဝေ့ဝူယင် နှောင့်နှေး မနေတော့ပဲ စာကို ဆက်ဖတ်လိုက်၏။
အဲဒီမှတ်တမ်းထဲမှာ အန်နုကို မျိုးတုန်းပျောက်ကွယ်သွားပြီ ဖြစ်တဲ့ မိုးကောင်းကင်ချို နဂါးမျိုးနွယ်ဝင် တစ်ယောက် အဖြစ် ဖော်ပြထားတယ်... အဲဒီ မျိုးနွယ် အပါအဝင် မျိုးနွယ်စု အချို့ကို နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့နဲ့ သူ့ရဲ့ အဖွဲ့ဖြစ်တဲ့ မူလဒြပ်စင်နန်းတော်က ချေမှုန်းပစ်ခဲ့တယ်... အဲဒီခေတ်တွေတုန်းက နဂါးတွေကို ကိုးကွယ်တဲ့ ယဥ်ကျေးမှုက အတော်လေး ထွန်းကားနေခဲ့တာ... မှတ်တမ်းတွေ အရ အန်နုထက် ပိုပြီး အစွမ်းထက်တဲ့ နဂါးမင်းတွေတောင် ရှိခဲ့ဖူးတယ်... ဒါပေမဲ့ ဟန်ရှဲ့က သူတို့ အကုန်လုံးကို ရှင်းပစ်ခဲ့တယ်
“ဒါဆို အန်နုက အဲဒီတောင်အောက်မှာ ဝင်ပုန်းနေတာလား... ဒါပေမဲ့ သူ့ကို ကြည့်ရတာ သားရဲ ထိန်းချုပ်ခြင်းဂိုဏ်းနဲ့ ရန်စတွေ ရှိသလိုပဲ... ဘာပဲဖြစ်ဖြစ် အဲဒီဂိုဏ်းက သားရဲတွေကို အတင်းအကြပ် ကျွန်ပြုဖို့ ကြိုးစားနေတဲ့ ဂိုဏ်းဆိုတော့ သားရဲတစ်ကောင်ရဲ့ ရှင်းပစ်ခြင်းကို ခံခဲ့ရတာ မလွန်ပါဘူးလေ”
“ဒါပေမဲ့ နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့က ဘာဖြစ်လို့ သားရဲမျိုးနွယ်တွေကို ရှင်းပစ်ခဲ့တာလဲ... သူတို့ကြားမှာ ဇာတ်လမ်း တစ်ခုခုတော့ ရှိမှာပဲ... နောက်ပြီး နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့နဲ့ သူ့ရဲ့ အဖွဲ့ မူလဒြပ်စင် နန်းတော် ဆိုတော့... စဥ်းစားကြည့်ရရင် နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့က မူလဒြပ်စင် နန်းတော်ရဲ့ တည်ထောင်သူတောင် ဖြစ်နေနိုင်တယ်”
ဝေ့ဝူယင် ကောက်ချက် ချလိုက်၏။ ဒြပ်စင်ကောင်းကင် နန်းတော်သည် သုံးလွှာ ကြယ်တာရာ နယ်မြေ၏ မဟာအင်အားစုကြီး ငါးခုထဲမှ တစ်ခု ဖြစ်သည်။ သူတို့သည် အနန္တ ဧကရာဇ်ဂိုဏ်း၊ တော်ဝင်အလင်းနန်းတော်၊ အသူရာနတ်ဆိုး တောင်တန်း၊ စန်းမျိုးနွယ်တို့နှင့် တန်းတူ ရပ်တည်နေသည်။
စန်းမျိုးနွယ်သည် သုံးလွှာကြယ်တာရာ နယ်မြေ၏ လက်ရှိ အရှင်သခင် ဖြစ်သည်။ သက်ရှိထင်ရှား လောကသခင် နှစ်ပါးကို ပိုင်ဆိုင်ထားခြင်းက သူတို့အား ပြိုင်ဘက်ကင်းစေ၏။ သူတို့သည် မီးကျင့်စဥ်များကို အထူးအလေးပေး ကျင့်ကြံကြကာ ထာဝရ ဧကရာဇ်၏ အမွေအနှစ်များစွာကို ပိုင်ဆိုင်ထားသည်ဟု ပြောစမှတ် ပြုကြသည်။
တော်ဝင်အလင်း နန်းတော်မှာမူ အယ်ဗန်မျိုးနွယ်များ အုပ်ချုပ်သည့် အင်အားစု တစ်ခု ဖြစ်ပြီး နယ်မြေ လူဦးရေ အများစုနှင့် ဂိုဏ်းဝင်များမှာလည်း အယ်ဗန်မျိုးနွယ်များသာ ဖြစ်သည်။ ထို့နည်းတူစွာပင် အသူရာနတ်ဆိုး တောင်တန်းနှင့် မူလဒြပ်စင် နန်းတော်တို့မှာလည်း နတ်ဆိုးနှင့် လူသားများ အသီးသီး ကြီးစိုးသည့် အင်အားစုများ ဖြစ်သည်။
အနန္တဧကရာဇ်ဂိုဏ်း တစ်ခုတည်းသာလျှင် မျိုးနွယ်စု အာလုံးကို လက်ခံသည့် တစ်ခုတည်းသော အင်အားစု ဖြစ်သည်။ ထိုကဲ့သို့ ဂိုဏ်းတွင်း အမျိုးမျိုး အဖုံဖုံ ကွဲပြားမှုများကြောင့်ပင် သူတို့ကို မဟာအင်အားစု ငါးခုတွင် အားအနည်းဆုံး အဖြစ် သတ်မှတ် ထားကြသည်။ အဆင့်မြင့် ရှို့ရန် မျိုးနွယ်ဝင် အားလုံးနီးပါးမှာ အနန္တဧကရာဇ်ဂိုဏ်းတွင်ပင် အခြေချကာ မဟ အင်ပါယာ သူတော်စင် ငါးယောက်အနက် နှစ်ယောက်မှာလည်း ရှို့ရန်များပင် ဖြစ်သည်။
မဟာ အင်အားစု တစ်ခု အဖြစ် သတ်မှတ်ခံရရန် အတွက် ခိုင်မာတောင့်တင်းသော အခြေခံ အုတ်မြစ်နှင့် နယ်မြေပိုင်နက် တစ်ခုအပြင် ကြယ်တာရာ အမြုတေ အဆင့်ခြောက် ကျင့်ကြံသူများလည်း လိုအပ်သည်။
အချက်အလက် အများအပြားကို စုစည်းပြီး သုံးသပ်ပြီးနောက် အန်နုမှာ ၎င်း၏ မျိုးနွယ်အတွက် လက်စားချေလိမ့်မည်ဟု ဝေ့ဝူယင် ခံစားရသည်။ မူလဒြပ်စင်နန်းတော်သည် ၎င်း၏ ပစ်မှတ် ဖြစ်နိုင်ချေရှိပြီး မကြာခင် အချိန်အတွင်း ဧကရာဇ် ဟန်ရှဲ့ တည်ထောင်ခဲ့သော ထိုအဖွဲ့အစည်းမှာ ပြိုပျက်သွားနိုင်ပေသည်။
ဒါ့အပြင် နတ်ဘုရား ဧကရာဇ်ဟန်ရှဲ့ရဲ့ အမွေအနှစ်တွေကို ဆက်ခံသူ တစ်ဦးက ရရှိသွားပြီ ဆိုတဲ့ သတင်း အချို့လည်း ထွက်ပေါ်နေတယ်... အဲဒါက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဖြစ်ပျက်ခဲ့တာ ဖြစ်နိုင်ပြီး ဆက်ခံသူကလည်း အနန္တကုန်းမြေတိုက်ကြီးကပဲ တဲ့
“နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့ရဲ့ ဆက်ခံသူ... လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်... နောက်ပြီး အနန္တ ကုန်းမြေတိုက်ကြီးက...”
ရုတ်တရက် ဝေ့ဝူယင်၏ စိတ်ထဲ၌ တစ်စုံတစ်ယောက် ပေါ်လာခဲ့၏။ ရွှေရောင်နို့နှစ်မြို့တော်တွင် သူ့ကို ဝင်တိုက်သွားခဲ့သည့် လူငယ်လေး သို့မဟုတ် သူ့ကို အနန္တ စစ်တာအို နန်းတော်ဆီ ရောက်စေခဲ့သည့် လူငယ်လေး...
သူ ထိုလူငယ်လေးကို ဝူနန်းတော် ရင်ပြင် စုဝေးပွဲတွင် နောက်တစ်ကြိမ် ပြန်တွေ့ခဲ့ရသည်။ ထိုအချိန်၌ သူကား ချီပျစ်ခဲခြင်း အဆင့်ခြောက်ကိုပင် ရောက်နေခဲ့ပြီ ဖြစ်သည်။ သိပ်မသေချာသော်လည်း ထိုလူငယ်လေးထံမှ ဒြပ်စင် စွမ်းအားများ ဖြာထွက်နေကြောင်း ဝေ့ဝူယင် ခံစားမိသည်။
ထိုစဥ်က သူ၏ နံဘေးတွင် အနီရောင် ဆံပင်များနှင့် မျက်နှာကို ဇာပုဝါ ကာထားသော မိန်းကလေး တစ်ယောက်လည်း ရှိနေသည်။ ဝေ့ဝူယင်သည် ထိုမိန်းကလေးကို စုံစမ်းရန် ကြိုးပမ်းခဲ့သော်လည်း သူ၏ မျက်လုံးများသာလျှင် ပေါက်ကွဲထွက်တော့ မလို ကြုံတွေ့ခဲ့ရသည်။
“ဆိုတော့ကာ သူက နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့ရဲ့ ဆက်ခံသူ ဖြစ်နိုင်ချေ အများကြီး ရှိတယ်... နောက်ပြီး သူကလည်း လုံချန်လို ကောင်းချီးခံ တစ်ယောက်ပဲ”
ဝေ့ဝူယင် မေးစေ့ကို ပွတ်သပ်ရင်း မှတ်ချက်ချလိုက်မိ၏။ ကောင်းချီးခံများသည် အမြဲလိုလို ပဋိပက္ခများ၊ ကပ်ဘေးများကို ရင်ဆိုင်ရကာ ထိုအရာများကပင် သူတို့ကို ပိုမို သန်မာလာစေသည်။ ထိုလူငယ်လေးသည်လည်း မကြာခင် အန်နုနှင့် ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်ပေသည်။ ကောင်းချီးခံများမှာ ထိုကဲ့သို့ ရှင်သန်ရန်ပင် မွေးဖွား လာခဲ့ပုံ ရသည်။
“ဒါပေမဲ့ ဧကရာဇ် ဟန်ရှဲ့ရဲ့ အမွေအနှစ်တွေက အနန္တ ကုန်းမြေတိုက်ကြီးမှာ ဆိုရင် သူက ဘာလို့ အနန္တဧကရာဇ်ဂြိုဟ်ကို လာရောက်ရတာလဲ... သွားမယ့်သွား မူလ ဒြပ်စင်နန်းတော်ကိုပဲ သွားရမှာပေါ့... ဘာလို့ အနန္တဧကရာဇ်ဂိုဏ်းကို ဝင်ဖို့ ကြိုးစားရတာလဲ... နေဦး မဟုတ်သေးဘူး...”
ဝေ့ဝူယင် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ အထဲရှိ အချက်အလက်များကို စစ်ဆေးလိုက်သည်။ ထိုအရာများမှာ အနန္တ အခြေတည် တာအို နန်းတော်ကို ဝင်ရောက် အစစ်ဆေးခံခဲ့သည့် အနန္တ ကုန်းမြေတိုက်ကြီးမှ လာသော လူစာရင်း ဖြစ်သည်။ ထိုစာရင်းထဲတွင် ဝမ်မင်ယာ၊ လုံချန်၊ နာ့ရှင်းရီတို့နှင့် များစွာသော လူငယ်များ ပါဝင်နေသည်။ သူတို့ထဲမှ အချို့မှာ အခြေတည် ဖုန်မှုန့် တပည့်များ ဖြစ်လာကြကာ အများစုမှာမူ ဂုဏ်ထူးဆောင် တပည့် အဆင့်အတန်းကိုသာ ရရှိကြသည်။
ဝေ့ဝူယင် ပိုမို သေချာစေရန် အတွက် လူစာရင်းကို နှစ်ခေါက်လောက် ပြန်ဖတ်လိုက်၏။ သို့သော်လည်း လူငယ်လေး၏ နာမည်ကို ရှာမတွေ့ခဲ့ချေ။ ကြည့်ရသည်က သူ့တွင် အနန္တဧကရာဇ်ဂိုဏ်းကို ဝင်ရောက်ရန် ဘယ်တုန်းကမှ ရည်ရွယ်ချက် မရှိခဲ့ဟန် ရသည်။
“ဆိုတော့ကာ သူ အနန္တဧကရာဇ်ဂြိုဟ်ကို လာရတဲ့ ရည်ရွယ်ချက်က အနန္တဧကရာဇ်ဂိုဏ်း မဟုတ်ဘူးပေါ့... ဒါဆို သူ့ရည်ရွယ်ချက်က ဘာလဲ”
“မဟုတ်မှ လွဲရော နတ်ဘုရား ဧကရာဇ် ရှဲ့ရန်ရဲ့ အခြား အမွေအနှစ်တွေက ဒီဂြိုဟ်ပေါ်မှာ ရှိနေတာများလား”
ဝေ့ဝူယင်၏ မျက်လုံးများမှာ လောဘ အရိပ်အယောင်များဖြင့် လင်းလက် တောက်ပသွား၏။ ကောင်းကင်တာအို၏ လမ်းညွှန်မှု မရှိသည့်တိုင် သူ့တွင် ဆန်းကြယ် ဒြပ်စင် ဇာတိဝိညာဥ် ရှိသည်။ ကောင်းချီးခံတို့၏ ကံကြမ္မာများကို နောက်ယောင်ခံ လိုက်ကာ လုယူခြင်းဖြင့် အကျိုးအမြတ်များ သူ ရရှိနိုင်သည်။
“ငါက အမွေခံ အပြစ်သားပဲ... အပြစ်သား တစ်ယောက် အနေနဲ့ အခြားလူတွေရဲ့ ကံကြမ္မာကို ခိုးယူတာက ထုံးတမ်းစဥ်လာလို့ ဆိုနိုင်တယ်”
ဝေ့ဝူယင် အသက်ကို ပြင်းပြင်းရှူလိုက်၏။ ကောင်းချီးခံများကို သတ်ဖြတ်ခြင်းဖြင့် သူတို့၏ ကမ္မ တန်ဖိုးများကို ခိုးယူနိုင်သည် ဆိုသော သီအိုရီကို လက်တွေ့ စမ်းသပ်ရန်လည်း သူ့တွင် ရှိသေးသည်။
လုံချန်မှာ သူ ပိုင်ဆိုင်ထားသည့် ဆန်းကြယ်သော လက်စွပ်ကြောင့် စမ်းသပ်ရန် ခက်ခဲလွန်းသည်ဟု သူခံစားရသည်။ သို့သော်လည်း အခွင့်အရေး တစ်ခု ပေါ်ပေါက်လာပါက ထိုအရာကို ဆုပ်ကိုင်ရန် မလွဲမသွေ လိုအပ်သည်။ သို့သော်လည်း လောလောဆယ်၌ ၎င်းထက် ပိုမို အရေးကြီးသည့် အာရုံစိုက်စရာများ သူ့တွင် ရှိပေသေးသည်။
သုံးနှစ်ကာလ ကျော်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း သူသည် ချီပျစ်ခဲခြင်း အဆင့်တွင်ပင် ရှိနေသေးဆဲ ဖြစ်သည်။ နဂါးသွေး ဇာတိဝိညာဥ်သည် အသွင်ပြောင်းလဲခြင်း ဖြစ်စဥ် အတွင်း နစ်မြောနေဆဲ ဖြစ်၏။
ထိုအတောအတွင်း၌ သူ၏ သွေး၊ နှလုံးသားနှင့် အရိုးများမှာ တဖြည်းဖြည်း မီးခိုးရောင် ဖျော့ဖျော့ အဖြစ် ပြောင်းလဲလာနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်းများကို ဦးတည်သည့် သွေးလွှတ်ကြောနှင့် သွေးပြန်ကြော အသစ်များကို ထပ်မံ မွေးဖွားပေးခဲ့သည်။
ထို့အပြင် သူ၏ လည်ချောင်း အဝရှိ အာသီး၏ နောက်တွင် ထူးခြားသော အင်္ဂါအသစ် တစ်ခုပင် ထပ်မံ ပေါ်ပေါက် လာခဲ့သည်။ ထိုအရာက အပြည့်အဝ မဖွံ့ဖြိုးသေးသော်လည်း အမျိုးမျိုးသော အသွင်ပြောင်းခြင်း ဖြစ်စဥ်များကို ကျော်လွန်ပြီး နောက်တွင်မူ အပြည့်အဝ ပုံပေါ်လာမည်ဟု ဝေ့ဝူယင် ခံစားရသည်။
ကောင်းကင်ဘုံ နတ်မျက်လုံး၏ အကူအညီနှင့် အတူ ဝေ့ဝူယင်သည် သူ၏ ခန္ဓာကိုယ် အတွင်းရှိ အသေးစိတ် ပြောင်းလဲပုံများကို မြင်တွေ့နေရသည်။ လှိုင်းတံပိုးများ ကဲ့သို့ အဆုံးမရှိ ထပ်ခါ ထပ်ခါ တုန်လှုပ်နေပုံက နဂါးသွေး နှလုံးသား စုပ်ယူစားသုံးခဲ့သည့် ကျောက်စိမ်းတုံးလေးနှင့်ပင် တူနေသေး၏။
“အဲဒါက အတိအကျ ဘာလဲ...”
“ရား...”
ဝေ့ဝူယင် မေးခွန်းထုတ်လိုက်စဥ်မှာပင် ကောင်းကင်နန်းတော် တစ်ခုလုံးကို တုန်ခါသွားစေသည့် ဟိန်းဟောက်သံ တစ်ခု သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သူ၏ ခြေဖဝါးအောက်ရှိ ကြွေပြားများမှာ အစိတ်အမွှာမွှာ ကြေမွသွားကာ အက်ကွဲကြောင်းများမှာ ထူထပ်သော နံရံများ အထိ ကျယ်ပြန့်သွားသည်။ တစ်ပြိုင်နက်တည်း လိုလိုပင် သူ၏ စိတ်၊ နှလုံးသားနှင့် ဝိညာဥ်တို့ဆီသို့ အသံတစ်ခု ရောက်ရှိလာ၏။
“ငါက ဟင်းလင်းပြင်...”
ပင်လယ်သေ တစ်ခုတွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်သွား သကဲ့သို့ ထိုစကားလုံးများမှာ ရှင်းလင်း ပြတ်သားလှ၏။ ၎င်းတို့က ပစ္စုပ္ပန်နှင့် အနာဂတ်၊ နီးခြင်း၊ ဝေးခြင်း သဘောတရားများကို ဆုပ်ကိုင်ထားကာ အသိမြင် ကွဲလွဲ ချောက်ချားမှုကို ဖြစ်ပေါ်စေနိုင်စွမ်း ရှိသည်။
ဒါက မှတ်ဉာဏ်တွေရဲ့ အသံလား... ကြိုတင် သတိပေးချက် တစ်ခုလား... ငါ တကယ် ကြားလိုက်ရတာလား... ထင်ယောင်ထင်မှား ဖြစ်တာလား...
ထိုမေးခွန်းများ စိတ်ထဲတွင် နေရာယူလာခြင်းနှင့် အတူ သူ၏ နှလုံးသားက ကြောက်မက်ဖွယ် အင်အားနှင့် တုန်ခါလာလေသည်။ ၎င်းသည် ဒဏ္ဍာရီလာ ရှေးဟောင်း နတ်ဘုရား တစ်ပါး အလား ထည်ဝါနေပြီး လျှို့ဝှက် ဆန်းကြယ်သည့် အရည်များကို ခန္ဓာကိုယ်ထဲသို့ ပန်းထုတ်လာသည်။ ၎င်းတို့က သွေးလွှတ်ကြော၊ သွေးပြန်ကြော အသစ်၊ အဟောင်းများမှ တစ်ဆင့် မတူကွဲပြားသော ခန္ဓာ အစိတ်အပိုင်းများသို့ စီးဆင်းသွားကာ ဦးနှောက် အထိပင် ရောက်ရှိလာသည်။
၎င်းတို့က အသိစိတ် ပင်လယ် အတွင်းရှိ အတွေးအာရုံများကိုပင် ဖုံးလွှမ်းသွားလေရာ အသိစိတ်မှာ ဟန်ချက် ကင်းလွတ် သွားခဲ့၏။ သူသည် ကာလရှည်ကြာ ခရီးနှင်လာခဲ့သည့် ယာဥ်တစ်စီးပေါ်မှ ခရီးသည် တစ်ဦး အလား မူးဝေသွားကာ ဘာကိုမှ သတိပြုနိုင်စွမ်း မရှိတော့ချေ။
သစ်ပင်တစ်ပင်မှ ဝင်ရောက် မဖြေရှင်းပေးသေးခင် အချိန်အထိ ထိုအဖြစ်အပျက်မှာ စက္ကန့် အနည်းငယ် ကြာသွားခဲ့သည်။ အဂ္ဂိရတ် ဇာတိဝိညာဥ်သည် သက်တန့်ရောင် အလင်းတန်းများကို ထုတ်လွှတ်ကာ အသိစိတ် ပင်လယ် တစ်ခုလုံးကို ဖုံးလွှမ်းပစ်လိုက်၏။
“ဘာဖြစ်တာလဲ”
စိတ်ကြွရူးသွပ်ဆေးရှိန် ကုန်သွားသည့် လူတစ်ယောက် အလား ဝေ့ဝူယင်မှာ ကယောင်ချောက်ချား ပြန်လည် နိုးထလာ၏။ သူ ခေါင်းကို ဆုပ်ကိုင်လိုက်ရင်း ဘာဖြစ်သွားသည်ကို ရှာဖွေရန် ကြိုးစားလိုက်သည်။
“မျှဝေသွားတာ...” အဂ္ဂိရတ် ဇာတိ ဝိညာဥ်
လွန်ခဲ့သော သုံးနှစ်၊ ထိုနေ့မှ စတင်၍ အဂ္ဂိရတ် ဇာတိဝိညာဥ်သည် သူနှင့် တိုက်ရိုက် ဆက်သွယ်နိုင်စွမ်းတွင် နှံ့နှံ့စပ်စပ် တိုးတက်လာခဲ့သည်။ ၎င်း၏ လေသံက ပျော့ပျောင်းကာ ခံစားချက် ကင်းမဲ့ဟန် ရသော်လည်း ရှင်းလင်း၏။
အဂ္ဂိရတ် ဇာတိ ဝိညာဥ်သည် ထိုစွမ်းရည်ကို တစ်ကိုယ်တည်း သိမ်းမထားချေ။ အခြား ဇာတိဝိညာဥ်များကိုလည်း မျှဝေကာ ဝေ့ဝူယင်နှင့် ဆက်သွယ်နိုင်စွမ်း ရှိအောင် ကူညီပေးသည်။ အခြား ဇာတိဝိညာဥ်များသည် ကိုယ်ပိုင် ပြောဆိုနိုင်စွမ်း မရှိသည့်တိုင် အဂ္ဂိရတ် ဇာတိဝိညာဥ်ထံမှ ဧဒင်ချီများကို ရယူ၍ အသိစိတ် ပင်လယ် အတွင်း ပို့လွှတ်ခြင်းဖြင့် သတင်း စကားများ ပေးပို့နိုင်ကြသည်။
ဇာတိဝိညာဥ် အားလုံး၏ အသံများက တူညီကာ အသံနေ၊ အသံထားပင် ကွဲပြားမှု သိပ်မရှိလှချေ။ သို့သော်လည်း သူတို့ ပြောသည့် စကားများကမူ လုံးဝ ကွဲပြားကာ ခွဲခြားရန် လွယ်ကူပါသည်။
ထိုကဲ့သို့ ဆက်သွယ်ပြောဆိုနိုင်စွမ်းမှ တစ်ဆင့် ဝေ့ဝူယင်၏ ဇာတိဝိညာဥ်များ အပေါ် နားလည်မှုမှာ ပို၍ တိုးတက်လာခဲ့သည်။ ဇာတိဝိညာဥ်များသည် ၎င်းတို့ မည်ကဲ့သို့ ဉာဏ်ရည်များ ရရှိလာသည်၊ လွတ်လပ်စွာ ပြုမူနိုင်လာသည်ကို ရှင်းပြနိုင်စွမ်း မရှိသော်လည်း အရေးကြီးသည်ဟု ထင်ရသည့် အရာအချို့ကိုတော့ ဝေ့ဝူယင် သိရှိခဲ့ရသည်။
သူတို့ကား သူနှင့် အလုံးစုံ ချိတ်ဆက်နေသည်။ သူခံစားရသည့် အရာ မှန်သမျှကို သူတို့လည်း ခံစားရသည်။ သူ သေဆုံးပါက သူတို့လည်း လိုက်ပါ သေဆုံးရလိမ့်မည်။ သူတို့သည် သူ့အပေါ် အလုံးစုံ မှီခိုနေရကာ သူ မရှိပါက တစ်စက္ကန့်ပင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပါချေ။
ထို့ကြောင့်ပင် ဝေ့ဝူယင်သည် သူ၏ ဇာတိ ဝိညာဥ်များ အပေါ် အကြွင်းမဲ့ ယုံကြည်ပေသည်။ သို့သော်လည်း သူ သတိကင်းလွတ်နေမည်တော့ မဟုတ်ပါချေ။ မည်သို့ပင် ဆိုစေ... သူ၏ အသိစိတ်ပင်လယ် အတွင်း ရှိနေသည့် ဧဒင်သစ်ပင်သည် တစ်ချိန်က သူ၏ ခန္ဓာကိုယ်ကို မောင်ပိုင်စီးရန် ကြိုးစားခဲ့ဖူးသည် မဟုတ်ပါလား။
“မျှဝေတယ် ဆိုတာ ဘာကို ပြောတာလဲ...”
ဝေ့ဝူယင်က မေးလိုက်၏။
“အခိုက်အတန့်တွေကို မျှဝေတာ”
အဂ္ဂိရတ် ဇာတိဝိညာဥ်က ပြန်ဖြေလိုက်၏။
***