← Chapters

လုံချန်၏ အခက်အခဲများ

Vol. 14 Ch. 184

လုံချန်၏ အခက်အခဲများ

Vol. 14 Ch. 184

ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်လိုက်၏။ ခရေစေ့တွင်းကျ နည်းမလည်သည့်တိုင် နဂါးသွေး ဇာတိဝိညာဥ်၏ အသွင်ပြောင်းခြင်း ဖြစ်စဥ်ကို ပြီးဆုံးသွားပြီ ဖြစ်ကြောင်းတော့ သူ သဘောပေါက်ပါသည်။

သူ လျှင်မြန်စွာပင် နှလုံးသားကို စစ်ဆေးကြည့်လိုက်၏။ ထိုအခါ သွေးများမှာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖြတ်၍ အရှိန်အဟုန်နှင့် စီးဆင်းနေကာ သူ၏ နှလုံးသားမှာလည်း သာမန် နှလုံးသားများထက် သုံးဆခန့် ပိုမို ကြီးမားနေကြောင်း တွေ့လိုက်ရသည်။

သို့သော်လည်း ထိုဖြစ်စဥ်တွင် သက်တောင့်သက်သာ မဖြစ်မှု တစ်စုံတစ်ရာပင် ရှိမနေကာ နှလုံးသားမှာလည်း သဘာဝအတိုင်းပင် ခုန်နေဆဲ ဖြစ်သည်။ အသစ် ဖြစ်ပေါ်နေသည့် သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများသာလျှင် တစ်နည်းအားဖြင့် အမြင်ဆန်းသစ်နေသည်။

“ဟင်းလင်းပြင် ဆိုတာ ဘာလဲ...”

ဝေ့ဝူယင်က သူ၏ နှလုံးသား ဖြစ်သည့် နဂါးသွေး ဇာတိဝိညာဥ်ကို မေးလိုက်၏။ မသေမျိုးတို့၏ ခန္ဓာများ၊ ကြယ်တာရာများနှင့်  ပြည့်နှက်နေသည့် အမှောင် ဟင်းလင်းပြင် အကြောင်းတော့ သူ ကြားဖူးပါသည်။ ထိုနေရာမှာ အန္တရာယ် အတိပြီးသည့် ဇုန်နယ်မြေတစ်ခု ဖြစ်ကာ လောကသခင် အဆင့်များ၊ ကြယ်တာရာ အဆင့် သားရဲများနှင့် ပိုင်လင်တို့ ကဲ့သို့ ထူးဆန်းသော တည်ရှိမှုများ သာလျှင် မည်သည့် အရာကိုမှ မှုစရာ မလိုပဲ ဖြတ်သန်း သွားလာနိုင်စွမ်း ရှိပေသည်။

နဂါးသွေး ဇာတိဝိညာဥ်မှာ အနည်းငယ် တုန်ရီသွား၏။ ၎င်းက ချက်ချင်းပင် ဝိညာဥ်နှင့် စိတ်စွမ်းအင်များကို စုစည်းကာ ဝေ့ဝူယင်ထံ သတင်းစကား ပေးပို့ရန် ဟန်ပြင်လိုက်သည်။ လွန်ခဲ့သည့် သုံးနှစ်အတွင်း၌ ၎င်းမှာ အသွင်ပြောင်းလဲခြင်း ဖြစ်စဥ်၌ နစ်မြုပ်နေရာ အခြား ဇာတိဝိညာဥ်များ၏ ဆက်သွယ်ရေး ပုံစံကို အသားမကျသေးချေ။

အဂ္ဂိရတ် ဧဒင် ဇာတိဝိညာဥ်။    ။ ငါကူညီပေးမယ်...

ဆန်းကြယ် ဒြပ်စင် ဇာတိဝိညာဥ်။     ။ ငါရောပဲ... ငါရောပဲ... ငါလည်း ကူညီချင်တယ်... ငါ့ကို ကူညီခိုင်းနော်

ဆန်းကြယ် ဆေဘာ ဇာတိဝိညာဥ်။      ။ ကလန့် ကလန့်

ဇာတိဝိညာဥ်သုံးခုသည် ဆက်သွယ်ရေးနှင့် ပတ်သက်၍ ကိုယ်ပိုင် အတွေ့အကြုံများ ပါဝင်သည့် မှတ်ဉာဏ်များကို နဂါးသွေး ဇာတိဝိညာဥ်ထံ ဖြည်းညင်းစွာပင် လွှဲပြောင်း ပေးလိုက်ကြသည်။ ၎င်းတို့၏ ပုံစံများက ညီငယ်လေးအား စက်ဘီး စီးတတ်အောင် စိတ်ရှည်လက်ရှည် သင်ကြားပေးနေသည့် အကိုများ အလားပင်။

ဝေ့ဝူယင် ထိုအရာကို အေးအေးဆေးဆေးပင် စောင့်နေလိုက်သည်။ ပြောဆို ဆက်သွယ်နိုင်သည့် စွမ်းရည်ကို စတင် ရရှိခဲ့သည့် အချိန်မှ စ၍ ဇာတိဝိညာဥ်များ၏ ပင်ကိုယ် စရိုက်လက္ခာများမှာ တဖြည်းဖြည်းပင် ကွဲပြားလာခဲ့သည်။ သို့သော်လည်း သူတို့ အားလုံး၏ တူညီသည့် ကိုယ်ရည်ကိုယ်သွေး တစ်ခုက တစ်ဦးအပေါ် တစ်ဦး ကူညီလိုစိတ် ဖြစ်သည်။

“ဟင်းလင်းပြင် ဆိုတာက တာအို တစ်ခုပဲ... အဲဒီတာအိုမှာ အာကာသ အချိန် နက္ခတ္တ အင်အားတွေနဲ့ ဟင်းလင်းပြင် စွမ်းအားတွေ ပါဝင်တယ်... အာကာသက ပုံသေဖြစ်တယ် တည်ငြိမ်တယ်...အချိန်က အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ အထီးကျန်ခြင်းနှင့် ဝိရောဓိဖြစ်ခြင်းတို့ရဲ့ ကာလအပိုင်း အခြား ဖြစ်တယ်”

နဂါးသွေး ဇာတိဝိညာဥ်က ပြောလာ၏။

“တာအိုတစ်ခု...”

ဝေ့ဝူယင် အံ့အားသင့်သွားသည်။ သူသည် အနန္တ စစ်တာအို နန်းတော်တွင် တာအို အကြောင်းကို ကြားဖူးခဲ့ကာ ဆေဘာမှာ လက်နက် တာအို၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထို့အပြင် စိတ်တာအိုနှင့် ရုပ်တာအိုတို့လည်း ရှိသေးသည်။ ဧဒင်ချီသည် စိတ်တာအို၏ အစိတ်အပိုင်း တစ်ခုဖြစ်ကာ ဒြပ်စင်ချီမှာ ရုပ်တာအို ဖြစ်သည်။ လောကနှင့် ဆန္ဒကို အစိုးရသည့် ‌ကောင်းကင်တာအိုများနှင့် အဂ္ဂိရတ် တာအိုတို့မှ လွဲ၍ သူ အခြား တာအိုများကို မသိချေ။

သို့သော်လည်း နဂါးသွေး ဇာတိဝိညာဥ်က ဟင်းလင်းပြင် တာအို ဆိုသော အရာကို သူ့အား မိတ်ဆက်လာသည်။ ယင်းက ပုံသေဖြစ်ခြင်း၊ တည်ငြိမ်ခြင်း၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ အထီးကျန်ခြင်း၊ ဝိရောဓိ ဖြစ်ခြင်းတို့နှင့် ဆက်စပ်နေသည်ဟု ပြောသည်။

ဝေ့ဝူယင် စိတ်များ ရှုပ်ထွေးသွားသောကြောင့် အသက်ကို လေးငါးကြိမ်ခန့် ခပ်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ် လိုက်ရသည်။ ပင်ပန်း နွမ်းနယ်စွာ အိပ်ပျော်နေသည့် အလှပဂေး နှစ်ယောက်ကို တစ်ကြိမ်မျှ လှည့်ကြည့် လိုက်ပြီးနောက် သူ အခန်းအတွင်းမှ တိတ်တဆိတ်ပင် ထွက်ခွာလာခဲ့သည်။

မကြာခင်မှာပင် အဂ္ဂိရတ် ခန်းမဆီသို့ သူ ရောက်ရှိလာခဲ့၏။ ထိုနေရာ၌ မရေမတွက်နိုင်သော စာအုပ်စင်များ၊ ဝိညာဥ် ကျောက်စိမ်းပြားများ၊ ကျောက်စိမ်း ဆေးပုလင်းများစာ ပြန့်ကြဲနေ၏။ ဝေ့ဝူယင် တည်ငြိမ်စွာပင် ကုလားထိုင် တစ်လုံးပေါ်၌ ထိုင်လိုက်ကာ နဂါးသွေး ဇာတိဝိညာဥ်ကို အမျိုးမျိုးသော မေးခွန်းများ မေးလေတော့သည်။

မဟုတ်သေး... ဟင်းလင်းပြင် နဂါးသွေး ဇာတိဝိညာဥ်ဟု ပြောင်းလဲ ခေါ်ဆိုသင့်သည်။ အဂ္ဂိရတ် ဧဒင် ဇာတိဝိညာဥ်တွင် ဧဒင်ချီ၊ ဆန်းကြယ် ဒြပ်စင် ဇာတိဝိညာဥ်တွင် ဒြပ်စင်ချီ၊ ‌ဆန်းကြယ် ဆေဘာဇာတိဝိညာဥ်တွင် ဆေဘာချီ... စသည်ဖြင့် အသီးသီး ရှိကြသကဲ့သို့ ဟင်းလင်းပြင် အခြေပြု စွမ်းအားများ ရှိနေပြီ ဖြစ်သည်။

ဟင်းလင်းပြင် နဂါးသွေး ဇာတိဝိညာဥ်၏ ရှင်းလင်း ပြောပြချက်များ အရဆိုလျှင် ၎င်း၏ သွေးမျိုးဆက် စွမ်းအင်များမှာ နိုးထလာခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း နဂါးရုပ်လုံးပေါ်ခြင်း ဆိုသော ထူးခြားသည့် အဆင့် တစ်ခုကို ရောက်မှသာ ဝေ့ဝူယင် အနေဖြင့်ထိုစွမ်းအင်များကို အသုံးပြုလာနိုင်လိမ့်မည် ဖြစ်သည်။

ထို့အပြင် ဒုတိယ အနေဖြင့် ယင်းက သူ၏ လူသား အသွင်အပြင် အပေါ်တွင်လည်း လွှမ်းမိုးမှုများ ရှိလာမည် ဖြစ်ကာ အစစ်အမှန် နဂါးသွေးမှာ သူ၏ သွင်ပြင်လက္ခဏာ အချို့ကို ပြောင်းလဲစေလိမ့်မည် ဖြစ်သည်။

“ဒါဆို နောင်ကျရင် ငါက အစစ်အမှန် နဂါးတစ်ကောင် ပုံစံကို ပြောင်းနိုင်မှာလား...”

ဝေ့ဝူယင်က မေးလိုက်ရာ ဟင်းလင်းပြင် နဂါးသွေး ဇာတိဝိညာဥ်က ခေါင်းညိတ်၏။ အမှန်တကယ်ပင် သူ နဂါးတစ်ကောင် အဖြစ် အသွင်ပြောင်းနိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ကန့်သတ်ချက် များစွာ ရှိ၏။ ထိုစွမ်းရည်ကို ထုတ်သုံးရန် အတွက် သွေးမျိုးဆက် စွမ်းအင် ပမာဏ အမြောက်အများ ကုန်ကျလိမ့်မည် ဖြစ်ကာ စွမ်းအင် ရင်းမြစ် ကုန်ဆုံးသွားသည်နှင့် ပုံမှန် အခြေအနေသို့ ပြန်ပြောင်း သွားပေလိမ့်မည်။

ဟင်းလင်းပြင် နဂါးသွေး မျိုးဆက်၏ ပထမဆုံး မွေးရာပါ စွမ်းရည်ကို အဆုံးမဲ့ လေဟာနယ် တောင်ပံ ဟု ခေါ်သည်။ သူ့အနေဖြင့် ထိုတောင်ပံကို အသုံးပြုကာ ပျံသန်းနိုင်ပေလိမ့်မည်။ သူ့အနေဖြင့် ထိုအတွက် မန်နာကို လိုအပ်တော့မည် မဟုတ်ချေ။

ဒုတိယမြောက် မွေးရာပါ စွမ်းရည်ကိုမူ ဟင်းလင်းပြင် ပုံဆောင်ခဲ ဟု ခေါ်သည်။ ထိုမွေးရာက စွမ်းရည်ဖြင့် ဆိုပါက သူသည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များကို အေးခဲကာ ပုံဆောင်ခဲများ အဖြစ် ပုံသွင်းလာနိုင်လိမ့်မည် ဖြစ်သည်။ ခွက်တစ်ခွက် ဖြစ်စေ၊ လက်နက်တစ်ခု ဖြစ်စေ... သူ့အတွက် အခက်အခဲ ရှိလိမ့်မည် မဟုတ်တော့။

ထို့အပြင် သေးငယ်သည့် ပစ္စည်းတစ်ခုထဲတွင် လွတ်လပ်ပြီး တည်ငြိမ်သည့် လေဟာနယ် တစ်ခုကို ဖန်တီးလာနိုင်လိမ့်မည် ဖြစ်သည်။ ဆိုလိုသည်က သူ့အနေဖြင့် သုံးလွှာ လက်စွက်ကဲ့သို့သော သီးခြား ဖြစ်တည်နေသည့် သိုလှောင်ခန်းများကို ဖန်တီးလာနိုင်လိမ့်မည် ဖြစ်သည်။

တတိယမြောက် တစ်ခုမှာ နဂါးအသက်ရှူခြင်းဟု အမည်ရ၏။ ထိုနာမည်ကို ကြားရချိန်၌ ဝေ့ဝူယင်မှာ တဒိန်းဒိန်း တုန်ရီလာခဲ့သည်။ မီးတောက်များကို မှုတ်ထုတ်ပစ်သည့် နဂါးများ၏ ပုံပြင် ဒဏ္ဍာရီ မြောက်များစွာကို သူကလေး ဘဝတည်းကပင် အကြိမ်ကြိမ် အခါခါ ကြားခဲ့ရဖူးသည်။ သူသည် ထိုအရာများကို အလွန်တရာပင် စိတ်ဝင်စားခဲ့ကာ အားလပ်ချိန်တိုင်း ပုံပြင်စာအုပ်များ အကြား၌ ခေါင်းနစ်မြုပ်နေခဲ့ဖူးသည်။

ယခုတွင်မူ သူ၏ နဂါးအသက်ရှူခြင်းမှာ အမှန်တကယ် မီးတောက်များ ဖြစ်လာတော့မည် ဖြစ်ကာ ၎င်းတို့ကို ဟင်းလင်းပြင် မီးတောက်များဟု ခေါ်သည်။ ဝေ့ဝူယင်မှာ ထိုအရာကို စမ်းကြည့်ချင်နေခဲ့ပြီ ဖြစ်သော်လည်း ဟင်းလင်းပြင် နဂါးသွေး ဇာတိဝိညာဥ်က တားဆီးထား၏။

မီးများကို ထုတ်လွှတ်ပေးမည့် သူ၏ လည်ချောင်းထဲရှိ အင်္ဂါ အသစ်မှာ ယခုမှ ဖွံ့ဖြိုးဆဲ အဆင့်တွင်ပင် ရှိနေသေးဆဲ ဖြစ်သည်။ အကယ်၍ သူသာ အတင်းအကြပ် ကြိုးစားကြည့်ပါက သူ၏ လည်ချောင်းနှင့် ခေါင်းတစ်ခုလုံးမှာ ချက်ချင်းပင် မီးလောင်ကာ သေဆုံးရလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်သည် စိတ်လှုပ်ရှားစွာဖြင့် အမျိုးမျိုးသော မေးခွန်းများကို ဆက်လက် မေးနေခဲ့သည်။ သို့သော်လည်း ကံဆိုးစွာပင် ဟင်းလင်းပြင် နဂါးသွေး ဇာတိ ဝိညာဥ်သည် ဟင်းလင်းပြင် တာအို အခြေခံနှင့် သွေးမျိုးဆက် စွမ်းရည် အချို့မှ အပ အခြား မည်သည့် အရာကိုမှ မသိသေးချေ။ အဆိုးဆုံးက ၎င်းမှာ အာကာသနှင့် အချိန်တို့ကို ထိန်းချုပ်ရန် အတွက် ဟင်းလင်းပြင် စွမ်းအားအား မည်ကဲ့သို့ သုံးရမည်ကိုပင် သိရှိထားခြင်း မရှိပါချေ။

“ဟူး...”

ဝေ့ဝူယင် သက်ပြင်းချ လိုက်မိ၏။ မည်သို့ပင် ဆိုစေ... ဤသည်က ကျင့်ကြံခြင်း ခရီးလမ်း ဖြစ်သည်။ အကန့်အသတ် တစ်ခုသို့ မရောက်ခင် အချိန်အထိ အရာအားလုံးကို ရှေးမျိုးဆက်များထံမှ လက်ဆင့်ကမ်း သင်ယူ ကြရသည်။  ဝူကျိုးပင်လျှင် သူ ဖြတ်သန်းဖူးသည့် ကျင့်ကြံခြင်း အဆင့်များကိုသာ တိကျစွာ ရှင်းပြနိုင်ခဲ့သည်။

သူ၏ ဇာတိဝိညာဥ်များမှာ ပင်မဝိညာဥ်၊ စိတ်နှင့် ရုပ်တို့ထံမှ ဆင်းသက်လာသည့် အကိုင်းအခက်များသာ ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းတို့ အလုံးစုံကို မသိရှိနိုင်ခြင်းက သဘာဝ ကျပေသည်။ အကယ်၍ ထိုမျှသာ လွယ်ကူပါက သူ့အနေဖြင့် အဂ္ဂိရတ် တာအိုကို သင်ယူ ဆည်းပူးစရာပင် မလိုပဲ ချက်ချင်းပင် အောင်မြင်ကာ ကမ္ဘာတစ်ဝှမ်း ပြိုင်ဘက်ကင်း သွားလိမ့်မည် ဖြစ်သည်။

အဂ္ဂိရတ် ခန်းမထဲသို့ ရောက်တုန်းရောက်ခိုက် ဆေးလုံးအချို့ကို ဖော်စပ်ရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်၏။ ထိုအချိန်တွင်ပင် စုမေ့ထံမှ နောက်ထပ် စာတစ်စောင် ဝင်လာခဲ့လေသည်။

အရှင်ဝေ့... ခုလေးတင်ပဲ အရေးကြီးတဲ့ သတင်းတစ်ခု ကျွန်မ ရထားတယ်... ချင်ချူးမူ တစ်ယောက် သေဒဏ်ပေးခံရတော့မယ် တဲ့

“သေဒဏ်ပေးခံရမယ်”

ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ စုမေ့အား လာရောက်ရန် စာပို့လိုက်သည်။ မကြာခင်မှာပင် စုမေ့မှာ စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ခုကို သယ်ဆောင်ကာ အဂ္ဂိရတ် ခန်းမ အတွင်း ရောက်ရှိလာခဲ့တော့သည်။

ယင်းကား ကံကြမ္မာ ချားရဟပ်ကို စီးနင်းရင်း ကပ်ဘေးများစွာထဲ၌ တဝဲလည်လည် နစ်မြုပ်နေခဲ့သည့် လူငယ်လေး တစ်ဦးနှင့် ပတ်ဝန်းကျင်ရှိ လေထုအလွှာများ၏ လောင်မြိုက်မှု အကြောင်းပင် ဖြစ်လေသည်။

...

လွန်ခဲ့သော သုံးနှစ်က စစ်တောင်ထွတ်တွင် လုံချန်သည် သူ ချစ်ရသည့် မိန်းကလေး၏ ဂုဏ်သိက္ခာကို ဆယ်ယူရန် ကြိုးပန်းရင်း အလွန် အင်အားကြီးသော မျိုးနွယ်တစ်ခုမှ သခင်လေးကို သတ်ဖြတ်ခဲ့မိသည်။ ထိုအဖြစ်အပျက်သည် ကံကြမ္မာဆိုးကြီး တစ်ခု အသွင် ပြောင်းလဲသွားကာ သူ့နောက်သို့ တကောက်ကောက် လိုက်လေတော့သည်။

သူသည် သေမျိုး ဖုန်မှုန့် အဆင့် တပည့် တစ်ယောက် ဖြစ်သော်လည်း သူ၏ ရန်သူက အဆများစွာ အင်အား ပိုမို သာလွန်သည့် ကျိမျိုးနွယ် ဖြစ်သည်။ ကျိမျိုးနွယ်စု ခေါင်းဆောင်မှာ အထွတ်အထိပ် အဆင့် သေမျိုးခေါင်းဆောင် အကြီးအကဲ တစ်ယောက် ဖြစ်သည့်အပြင် သူတို့တွင် ဒါဇင်နှင့်ချီသော ကြယ်တာရာ အမြုတေ အဆင့်များလည်း ရှိပေသည်။

သို့သော်လည်း ဂိုဏ်းတွင်း စည်းကမ်းများကြောင့် ထိုအကြီးအကဲများမှာ လုံချန်ကို တိုက်ရိုက် သတ်ဖြတ်၍ မရခဲ့ချေ။ သူတို့ လုပ်နိုင်သမျှက ဖိအားပေးခြင်းနှင့် သေမျိုးဖုန်မှုန့်အဆင့် လူငယ်မျိုးဆက်များ စေလွှတ်ကာ အင်ပါယာ စိန်‌ခေါ်ပွဲများ စဥ်ဆက်မပြတ် ဆင်နွှဲစေခြင်း ဖြစ်သည်။

လုံချန်၏ စွန့်စားခန်းများက တောက်ပခဲ့သည်။ သူသည် ကံကြမ္မာအစား၊ ကိုယ်ပိုင် အရည်အချင်းနှင့် ဆန္ဒ ပြင်းပြမှုတို့ကို အားကိုးကာ အမျိုးမျိုးသော စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ခဲ့သည်။ သုံးနှစ်ဆိုသော ကာလအတွင်း၌ လုံချန်ဆိုသော နာမည်သည် စစ်တောင်ထွတ်တွင် တဖြည်းဖြည်း ကျော်ကြားလာစေခဲ့ကာ သူ၏ အောင်မြင်မှု လမ်းကြောင်းက ဒဏ္ဍာရီ သဖွယ်ပင် ဖြစ်တည်လာခဲ့၏။

မရေမတွက်နိုင်သော ရှုံးနိမ့်မှု များစွာ အပြီး၌ ကျိမျိုးနွယ်သည် လုံချန်ကို စိန်မခေါ်တော့ပဲ သူ့ဘေးနားရှိ မိန်းကလေးများကိုသာ ပစ်မှတ်ထား လာလေတော့သည်။

လုံချန်သည် မိန်းကလေးများနှင့် ပတ်သက်ပါက ကံကောင်းသူ တစ်ဦး ဖြစ်သည်။ သူသည် အနန္တကုန်းမြေတိုက်ကြီးမှ အချောဆုံး အလှဆုံးများဟု ဆိုနိုင်သည့် မိန်းကလေးများ၏ အသည်းနှလုံးများကို ခိုးယူနိုင်ခဲ့သည့် အပြင် အနန္တဧကရာဇ်ဂြိုဟ်ပေါ်တွင်လည်း ရှောင်ပင်း၊ ဟောင်ယုဆိုသော မိန်းကလေး နှစ်ယောက်ကိုပါ ထပ်မံ ပိုင်ဆိုင်ခဲ့သည်။ သို့သော်လည်း ထိုအရာကပင် သူ့အားနည်းချက် ဖြစ်လာခဲ့၏။

လွန်ခဲ့သော သုံးရက်ခန့်က ကျိယု၏ ညီမဖြစ်သူ ကျိယင်သည် လင်းကျိရန်ကို တိတ်တဆိတ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့၏။

ငယ်ရွယ်သွေးဆူကာ အကိုဖြစ်သူ အတွက် လက်စားချေလိုစိတ် တစ်ခုသာ ရှိခဲ့သည့် ကျိယင်၏ လက်ထဲသို့ ကျရောက်သွားသည့် လင်းကျိရန်၏ ကံကြမ္မာကို လုံချန်တို့ ခန့်မှန်းနိုင်ကြသည်။ မည်သို့မျှ ရှာဖွေ မတွေ့သည့် အဆုံး၌ ဝူပိုင်ကျိုးသည် ချင်ချူးမူနှင့် လုံထျန်းယုတို့ကို ဆက်သွယ်လေတော့သည်။

မိန်းကလေး နှစ်ယောက်သည် တံခါးပိတ် ကျင့်ကြံခြင်းကို လျှင်မြန်စွာပင် အဆုံးသတ်က ဒေါသတကြီးနှင့် စစ်တောင်ထွတ်ဆီသို့ ဆင်းသက်လာခဲ့ကြသည်။ ထိုအချိန်၌ လုံထျန်းယုသည် သူမနှင့် သွေးမျိုးဆက်ခြင်း တူညီသည့် ဘိုးဘေး တစ်ဦးကို နတ်ဆိုးတောင်ထွတ်တွင် ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်သည်။ ထိုဘိုးဘေးမှာ ကောင်းကင် ဗိုလ်ချုပ် အဆင့် အကြီးအကဲတစ်ဦး ဖြစ်၏။

ကောင်းကင်ဗိုလ်ချုပ် မျိုးဆက်နှင့် မူလ အင်ပါယာ သူ‌တော်စင်၏ မျိုးဆက်တို့၏ ဝန်းရံမှုနှင့် အတူ လုံချန်မှာ ကျိမျိုးနွယ်၏ တံခါးဝ အထိ ဝင့်ကြွားစွာ လျှောက်လာနိုင်ခဲ့သည်။ ကျိမျိုးနွယ်သည် လင်းကျိရန်ကို ပြန်လည် ထုတ်ပေးခဲ့ပါသည်။ သူမမှာ အသက် မသေသေးသည့်တိုင် အလွန်တရာ ဆိုးရွားသည့် နှိပ်စက်မှုမျိုးစုံကို ခံခဲ့ရခြင်းကြောင့် စိတ်နှင့် ကိုယ်ပင် ကပ်ခြင်း မရှိတော့ချေ။

လုံချန်မှာ ဒေါသများက အဆုံးမဲ့ ပေါက်ကွဲထွက်ကာ အရူးတစ်ယောက်အလား ကျိမျိုးနွယ်ဝင်များကို တိုက်ခိုက်လေတော့သည်။ သို့သော်လည်း သူသည် သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်ကို ချဥ်းကပ်ရန် ကြိုးပမ်းနေသည့် ချီပျစ်ခဲခြင်း အဆင့်ရှစ် တစ်‌ယောက်သာ ဖြစ်ရာ ကြယ်တာရာ အမြုတေ အဆင့် အကြီးအကဲများကို မည်ကဲ့သို့ ယှဥ်နိုင်ပါမည်နည်း။

အဆင့်မြင့် ကျိမျိုးနွယ်ဝင်များမှာ သူ့အား အလွယ်တကူပင် ထိန်းချုပ်နိုင်ခဲ့သည်။ ထိုကိစ္စက တောမီးအလား လျှင်မြန်စွာပင် ပျံ့နှံ့သွားကာ အုပ်ချုပ်ရေး အဖွဲ့များမှာ စတင် စစ်ဆေးလေတော့သည်။ သို့သော်လည်း မကြာခင်မှာပင် လင်းကျိရန်မှာ ကျွန်တပည့် တစ်ယောက်မျှသာ ဖြစ်ကြောင်း တွေ့ရှိသွား၏။ ဂိုဏ်းဥပဒေအရ ဂုဏ်ထူးဆောင် ကျွန်တပည့်များမှာ မည်သည့် အကာအကွယ်မျှ မရကြသလို သူတို့အပေါ် ကျူးလွန်သည့် ပစ်မှုများမှာလည်း တရားဝင်မှု မရှိချေ။

တရားရေး အဖွဲ့များသည် ထိုအချက်ကို ကိုင်ဆွဲကာ ကျိယင်၏ ပစ်မှုကို လျော်ပေးခဲ့သည်။ ထိုအဖြစ်များ၏ နောက်ကွယ်၌ သေမျိုး‌ခေါင်းဆောင် အဆင့် ကျိမျိုးနွယ်စု ခေါင်းဆောင်၏ လာဘ်ထိုးမှုများလည်း ပါဝင်ကောင်း ပါဝင်ပေလိမ့်မည်။ ပဋိပက္ခများ အဆုံးသတ်သွားပြီဟု အားလုံး ထင်နေကြချိန်တွင် ပိုမို ဆိုးရွားသော ပြဿနာက ပေါ်လာခဲ့ပြန်တော့သည်။

***

All Chapters