← Chapters

နတ်သူငယ်စျာပန

Vol. 9 Ch. 3

နတ်သူငယ်စျာပန

Vol. 9 Ch. 3

လီဆာရဲ့လက်သီးချက်က တော်တော်ပြင်းတယ်။ ရုတ်တရက်ကြီးမလို့ မက်ဒါနာခုခံချိန်မရလိုက်ဘဲ မျက်နှာတည့်တည့်အထိုးခံလိုက်ရတာပေါ့။ အေမီက ကြမ်းပြင်ပေါ်ပြုတ်မကျအောင် လှမ်းထိန်းထားလို့သာ တော်တော့တယ်။

"မမလေး၊ သတိထားပါဦး။" အေမီက သူ့ရင်ခွင်ထဲမှာ ခွေခွေလေးလှဲနေတဲ့ မက်ဒါနာကိုကြည့်ပြီးစိုးရိမ်စွာပြောလိုက်တယ်။ မက်ဒါနာကတော့ ခေါင်းထဲမှာ ကြယ်တွေလတွေမြင်နေပြီ။ အေမီက မက်ဒါနာကို ထပ်ပြီးရိုက်နှက်ချင်နေသေးပေမဲ့ စားသောက်ဆိုင်ထဲက လူတွေအားလုံး သူတို့ကြည့်နေတာကြောင့် အားလုံးကိုရှက်ပြုံးပြုံးပြလိုက်ပြီး ဘာမှမဖြစ်သလိုမျိုး နောက်ထပ်အော်ဒါတွေကို လိုက်ပို့ပေးတယ်။

"လင်ဒါက အခုနေပြန်ကောင်းနေပါပြီ။" ဆယ်မိနစ်လောက်ကြာတော့ မက်ဒါနာသတိကောင်းကောင်း ပြန်ရလာပြီ။ မက်ဒါနာကအလုပ်ရှုပ်နေတဲ့ လီဆာကိုကြည့်ရင်း ပြောလိုက်တယ်။ မက်ဒါနာအမြင်မှာတော့ လီဆာအနေနဲ့ စိတ်ဆိုးစရာကိုမရှိတော့တာ။ လင်ဒါက တကယ်ပဲသေသွားခဲ့တယ်ဆိုပေမဲ့ အခုယာမီရဲ့အစွမ်းနဲ့ ပြန်ရှင်လာပြီလေ။

"အဲဒါနဲ့ကျွန်မက ရှင့်ကိုခွင့်လွှတ်ပေးမယ်လို့ထင်နေတာလား။ အစကတည်းက ရှင်သာပြတ်သားခဲ့ရင် ခုလိုဖြစ်မှာမှမဟုတ်တာ။"

လီဆာက လက်ထဲမှာ ဟင်းပွဲပန်းကန်နှစ်ချပ်ကိုကိုင်ပြီး စားဖိုချောင်ထဲကနေထွက်လာတယ်။ သူက စားသုံးသူတွေဆီ ပန်းကန်ချပေးပြီးတဲ့နောက် မက်ဒါနာရဲ့စကားကို ခွန်းတုံ့ပြန်တယ်။ မက်ဒါနာလည်း သက်ပြင်းချလိုက်လေရဲ့။

"လီဆာရေ၊ နင်ဘယ်အချိန်အထိတစ်ယောက်တည်း လျှောက်သွားနေဦးမှာလဲ။ လင်ဒါက နင့်ကိုစိတ်ပူနေပြီ။"

မက်ဒါနာက လောလောဆယ် လီဆာကို နဂါးနှလုံးသွေးကြောကိစ္စမပြောချင်သေးဘူး။ အဲဒီအစား လီဆာကို နယူးယောက်ပြန်ခေါ်သွားချင်နေတယ်။ နဂါးနှလုံးသွေးကြောကို ဘယ်လိုထုတ်ရမလဲ သူမသိဘူး။သိတဲ့သူက ဖရာလီတာမဟုတ်လား။ လင်ဒါက အဲဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ကောက်နေတယ်ဆိုပေမဲ့ လီဆာကိုမြင်လိုက်ရရင် တစ်မျိုးတစ်မည်ပြောင်းသွားနိုင်တယ်။

"ကျွန်မဘာသာကျွန်မ ဒီမှာတစ်ယောက်တည်းနေလဲ အဆင်ပြေပါတယ်။ ကလေးမှမဟုတ်တော့တာ၊ ကိုယ့်ဝမ်းကိုယ်ကြောင်းနိုင်တယ်။ ပြီးတော့ ရေဂင်ကိုမတွေ့မချင်း မပြန်နိုင်ဘူး။"

လင်ဒါပြန်ရှင်လာမှန်းသိတာတောင်မှ လီဆာက ရေဂင်ကို နည်းနည်းလေးမှ အလျှော့ပေးချင်ပုံမပေါ်ဘူး။လုံးဝ လက်စားချေချင်စိတ်ပြင်းထန်နေတုန်းပဲ။ မက်ဒါနာနဲ့စကားပြောနေတုန်း လီဆာက အလုပ်ဆက်လုပ်နေပြီးတော့ မက်ဒါနာကတော့ လီဆာကိုစည်းရုံးဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ အချည်းအနှီးပါပဲ။ ပြီးတော့ ဆိုင်ထဲလူတအားများလာတဲ့အတွက် အေမီလည်း ရပ်ကြည့်မနေတော့ဘဲ လီဆာကိုကူညီပြီး စားပွဲထိုးပေးရပါလေရော။

"မမလေး၊ ကျွန်မလည်း ဝင်ပြီးလုပ်အားပေးလိုက်ဦးမယ်။" ဒီလိုနဲ့မက်ဒါနာတစ်ယောက်ပဲ စားပွဲမှာထိုင်ပြီးလီဆာကို စကားပြောနေရတော့တာ။ နောက်ဆုံးတော့ မက်ဒါနာလည်း သက်ပြင်းချလိုက်ပြီး...

"ဟုတ်ပါပြီ၊ ဒါပေမဲ့ရေဂင်လို စုန်းပြူးကောင်ကို အနိုင်တိုက်ဖို့ဆိုတာက စောင့်ရှောက်သူတစ်ယောက်အတွက်တောင် ခက်ခဲတယ်။ ငါလည်းကူတိုက်ပေးမယ်လေ။" လို့ပြောလိုက်တယ်။

တစ်ဖက်မှာတော့ လီဆာက မက်ဒါနာရဲ့စကားကို သိပ်ပြီးအလေးထားပုံမပေါ်ဘူး။ အဲဒီအစား သူက ပခုံးတွန့်ပြလိုက်တယ်။ နောက်တော့...

"ကျွန်မဘာသာကျွန်မ သူ့ကိုအနိုင်တိုက်နိုင်မယ်လို့ ယုံကြည်တယ်။ အရင်ကထက်စာရင် အများကြီးပိုအစွမ်းထက်လာပြီပဲဥစ္စာ။"

လီဆာက ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်တာပါ။ လီဆာနဂါးပြာကို စရတုန်းက နဂါးပြာရဲ့ခန္ဓာကိုယ်ကိုပဲ အားကိုးခဲ့တာ။ အခုတော့ တိုက်ခိုက်ရေးနည်းစနစ်နဲ့ လေမုန်တိုင်းစွမ်းအားကိုအသုံးချနည်းတချို့ သိနေပါပြီ။

"ဆိုင်ပိတ်ချိန်တောင် ရောက်တော့မှာလား..." လီဆာက ဆိုင်ထဲလူရှင်းသွားတာကို သတိထားမိလိုက်ပြီး ဆိုင်ထဲက တိုက်ကပ်ချိန်သီးနာရီအဟောင်းကြီးကို မော့ကြည့်လိုက်တယ်။ ကိုးနာရီထိုးနေပြီဆိုတာ သိရတော့ စားပွဲထိုးအစ်မကြီးနဲ့အတူ ခြံဝင်းအပြင်ဘက်က စားပွဲဝိုင်းတွေသိမ်း၊ ဆိုင်တံခါးတွေကူပိတ်တယ်။

အေမီကတော့ စားပွဲတွေကို သန့်ရှင်းရေးကူလုပ်ပေးတာပေါ့။

ဆိုင်သိမ်းပြီးတဲ့နောက်တော့ စားပွဲထိုးအစ်မကြီးက ပြန်သွားပြီး စားဖိုမှူးအဖွားက လီဆာနဲ့မက်ဒါနာအတွက် ညစာပြင်ဆင်ပေးပါတယ်။

"ကျေးဇူးတင်ပါတယ်၊ ဖွားဖွား။" လီဆာက ဆိုင်ရှင်အဖွားအိုကို ကျေးဇူးတင်လိုက်ပြီး မက်ဒါနာတို့နဲ့ခပ်ဝေးဝေးခုံမှာသွားထိုင်တယ်။ ဒါပေမဲ့ မက်ဒါနာက သူ့ညစာပန်းကန်ကို ကိုင်ပြီးလီဆာဘေးမှာသွားထိုင်ပါတယ်။

"လီဆာ၊ နင့်ဘာသာတစ်ယောက်တည်း ရေဂင်ကို ရှာနိုင်လို့လား။ ငါတို့မဟာမိတ်က ဂြိုဟ်တုသစ်လွှတ်ပြီးပြီ။ အေမီက အဲဒီဂြိုဟ်တုကိုသုံးပြီး ရေဂင်ကိုရှာနိုင်တယ်။ နင်ငါ့ကိုစိတ်ဆိုးမပြေသေးဘူးဆိုရင်တောင် ရေဂင်ကိုရှာဖို့ အကျိုးတူပူးပေါင်းကြရအောင်။"

မက်ဒါနာက ကောက်ကျစ်တော့မယ့်အပြုံးလေးနဲ့ ပြောလိုက်ရင်း အေမီအလုပ်ကူလုပ်လို့ ဆိုင်ရှင်အဖွားဆုချထားတဲ့ ငါးအသားလုံးကြော်ကို လက်နဲ့ကောက်ပြီးပါးစပ်ထဲထည့်လိုက်တယ်။ နောက်တော့ လီဆာရဲ့ဆံပင်ကိုသပ်ပေးပြီး ချော့မြူဖို့ကြိုးစားကြည့်ပါလေရော။ လီဆာက မက်ဒါနာရဲ့ကြောင်ရိုင်းဆန်ဆန်အပြုအမူကြောင့် ဒေါသထွက်လာပြီး လက်သီးနဲ့မျက်နှာကိုပိတ်ထိုးပစ်လိုက်တယ်။

ခွက်....

"အရူးမကြီး၊ လက်မှာဆီတွေနဲ့ကို။ တမင်ညဖက်ခေါင်းလျှော်ရအောင် လုပ်နေတာလား။"

"မမလေး၊ မမလေး။ သတိထားပါဦး။" မက်ဒါနာကတော့ ကြယ်တွေလတွေမြင်ပြီး အေမီရင်ခွင်ထဲကို ပုံလျက်သား လဲကျသွားပြန်ပါပြီ။ လီဆာကတော့ တစ်ကိုယ်လုံးတုန်ရင်နေပြီး ဒေါသစိတ်ကိုထိန်းရင်းနဲ့ အပေါ်ထပ်ကိုတက်သွားလေရဲ့။

"အေမီရေ၊ ငါက လူတွေကိုချော့တဲ့နေရာမှာ အဲဒီလောက်တောင် ညံ့တာလားဟင်။" မက်ဒါနာက အေမီရဲ့ရင်ခွင်ထဲ ဇိမ်ယူနေရင်းကနေ အေမီရဲ့မျက်နှာကို မော့ကြည့်ပြီးမေးလိုက်တယ်။ အေမီကတော့ မက်ဒါနာရဲ့နဖူးပေါ်မှာ ရှုပ်ယှက်ခတ်နေတဲ့ ဆံစလေးတချို့ကို လက်နဲ့ဖယ်ရှားပေးလိုက်ပြီး ပြောလိုက်ပါပြီ။

"အဲဒီလို မဟုတ်ပါဘူး။ လီဆာကိုချော့ဖို့ အချိန်တွေအများကြီးရှိသေးတာပဲ။ လက်ဆေးပြီးရင် အိပ်ရေးဝအောင်အိပ်လိုက်တော့နော်။ မနက်မှတစ်ခါထပ်ပြီး ကြိုးစားကြည့်။"

"အွန်း၊ ငါ့ရဲ့အေမီလေးက အကောင်းဆုံးအိမ်စေပဲ။" မက်ဒါနာက ဆီတွေကွင်းနေတဲ့နှုတ်ခမ်းနဲ့ အေမီရဲ့ပါးကို ပျော်ရွှင်စွာနမ်းလိုက်တယ်။ အေမီကတော့ အပြုံးမပျက်အောင်လုပ်ပြုံးပြုံးထားရင်း ပါးမှာပေနေတဲ့ ဆီကွက်ကြီးကို တစ်ရှုးနဲ့သုတ်ပြီး သန့်ရှင်းပစ်ရတာပေါ့။

.....

နယူးယောက်။

ဖလေရာက လက်ထဲမှာဖုန်းမျက်နှာပြင်ကို သဘောတကျစိုက်ကြည့်နေတယ်။ မက်ဒါနာ တောင်အမေရိကမသွားခင်တုန်းက လက်နက်ဒီဇိုင်းတော်တော်များများကို သူကူးယူခဲ့တယ်လေ။ ဒီနေ့က ရှယ်ယာရှင်တွေနဲ့အတူ ဒီဇိုင်းအသစ်စီမံကိန်းအတွက် ဆွေးနွေးကြမယ့်နေ့ပါ။

"အမှုဆောင်ချုပ်၊ ရုံးကိုရောက်ပါပြီ။" ဒရိုက်ဘာက သတိပေးမှပဲ ဖလေရာစိတ်ကူးယဥ်နေရာကနေ ပြန်နိုးထလာတယ်။ သူကားတံခါးကိုဖွင့်ပြီး ဆင်းလိုက်တော့ ဟောင်းနွမ်းနေတဲ့ မက်တယ်ပလာဒင်ရုံးချုပ်ကို ပြင်ဆင်နေတဲ့ ဆောက်လုပ်ရေးလုပ်သားတချို့ကို မြင်လိုက်ရပါပြီ။

"ဟုတ်သားပဲ၊ မြို့တော်ဝန်ရွေးပွဲပြီးတဲ့နောက် ဟိုငနှဲကောင်ရဲ့မူဝါဒအတိုင်း အလုပ်သမားတွေငှားလိုက်ရတာပဲ။" သူတို့နှစ်ယောက်ကို မက်ဒါနာဆွဲထုတ်သွားပြီးတဲ့နောက် နယူးယောက်မြို့တော်ဝန်သစ်က ဂျင်ကယ်ရီဖြစ်သွားတယ်လေ။ ဒီတော့ သူ့ရဲ့အကြံဆိုးကြီးအတိုင်း အလုပ်လက်မဲ့တွေကို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာခန့်ထားလိုက်တယ်။ အစိုးရစီမံကိန်းတွေအပြင် ကုမ္ပဏီတွေကိုပါ ဝင်ကူညီပေးဖို့ ဂျင်ကယ်ရီကတောင်းဆိုခဲ့သေးတယ်။

"အင်း၊ ဆိုးတော့မဆိုးပါဘူး။" မှန်ချပ်အဟောင်းတွေကို ဖြုတ်ပြီးတော့ ခေတ်ပေါ်မှန်ချပ်သစ်တွေတပ်နေတာကိုကြည့်ရင်း ဖလေရာက ခေါင်းညိတ်လိုက်မိပါတယ်။ မက်တယ်ပလာဒင်အဆောက်အဦးကိုမမြင်တာ အတော်ကြာပြီ။ ဘေးကတိုက်တွေနဲ့ယှဥ်ရင် တော်တော်ဟောင်းနေပြီဖြစ်တာကြောင့် လက်ရှိအမေရိကကုန်းမြေတိုက်ရဲ့အကြီးဆုံး ဟီးရိုးနည်းပညာကုမ္ပဏီဂုဏ်ပုဒ်နဲ့ မလိုက်ဖက်တော့ဘူး။ ဒါကြောင့်လည်း ဖလေရာက ဂျင်ကယ်ရီရဲ့အကူအညီတောင်းမှုကို လက်ခံလိုက်တာ။ တကယ်လည်း ပြင်ဖို့လိုနေတာကိုး။

ဖလေရာက ကြည့်လို့ဝသွားပြီးတဲ့နောက် စိတ်ကျေနပ်မှုအပြည့်နဲ့ ရုံးထဲကိုဝင်လိုက်တယ်။ အရင်လိုမဟုတ်တော့ဘဲ ရုံးတံခါးဝမှာ ဧည့်ကြိုတချို့ရှိနေပြီး သူ့ကိုစီးကြိုနှုတ်ဆက်ကြပါတယ်။

"မင်္ဂလာညနေခင်းပါ အမှုဆောင်ချုပ် မစ်ဖလေရာ။"

ဖလေရာကလည်း သူတို့ကိုပြန်လက်ပြနှုတ်ဆက်ပြီး ဓာတ်လှေကားအခန်းထဲ ဝင်လိုက်တယ်။ ဓာတ်လှေကားကနေထွက်တော့ စင်္ကြံလမ်းအဆုံးက အစည်းအဝေးခန်းဆီကို လျှောက်သွားလိုက်တယ်။

ဒေါက်.. ဒေါက်... ဒေါက်...

အစည်းအဝေးခန်းမဆီကို သူခြေလှမ်းသွားလိုက်တိုင်းမှာ ဒေါက်ဖိနပ်သံကိုကြားနေကတယ်။ ခန်းမအစောင့်က သူ့အတွက်တံခါးဖွင့်ပေးလိုက်ပြီး အတွင်းကမြင်ကွင်းတွေကို စမြင်ရတယ်။ ဘုတ်အဖွဲ့ဝင်တစ်ဒါဇင်လောက်က သူ့ကိုစောင့်နေကြပြီဖြစ်ပြီး တစ်ဝက်လောက်က မျက်နှာသစ်တွေပါ။ မက်တယ်ပလာဒင်ရှယ်ယာတွေ အဝယ်လိုက်နေလို့ ဘုတ်အဖွဲ့ဝင်သစ်တွေရှိလာတာ အထူးအဆန်းတော့မဟုတ်ဘူး။ သူတို့က မတ်တပ်ရပ်လိုက်ပြီး သူ့ကိုနှုတ်ဆက်ကြတယ်။

"မစ်ဖလေရာ၊ ရောက်လာပြီလား။" သူတို့ထဲက တစ်ယောက်က ပြောလိုက်တော့ ဖလေရာကလည်း သူတို့ကို ပြန်ပြုံးပြလိုက်တယ်။

"အားလုံးထိုင်ကြပါ၊ ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးမယ့်အကြောင်းကို အားလုံးကြိုသိထားကြလောက်ပြီထင်ပါတယ်။" ဖလေရာက အခုလိုပြောလိုက်တော့ သက်ကြီးပိုင်းဘုတ်အဖွဲ့ဝင်တချို့က ခေါင်းညိတ်ပြကြတယ်။ လူငယ်ဘုတ်အဖွဲ့ဝင်တွေရဲ့မျက်လုံးကတော့ တောက်ပနေကြပြီး အလွန်စိတ်လှုပ်ရှားနေကြတဲ့ပုံပဲ။

"ဒါနဲ့၊ ဘုတ်အဖွဲ့ဝင်တစ်ယောက် အစည်းအဝေးမတက်သလိုပဲနော်။" ဘုတ်အဖွဲ့ဝင်သစ်တွေထဲက တစ်ယောက်က အစည်းအဝေးခန်းထဲက ခုံအလွတ်တစ်ခုကို ညွန်ပြလိုက်တယ်။ အဲဒီခုံရဲ့ရှေ့မှာတော့ နာမည်ကတ်ပြားတစ်ခုရှိနေပြီး မက်ဒါနာလို့ရေးထားတယ်။

"ဪ၊ အဲဒီဘုတ်အဖွဲ့ဝင်က မဟာမိတ်အဖွဲ့ထဲက ကျွန်မလုပ်ဖော်ကိုင်ဖက်ပါ။ သူကအလုပ်များလို့ သူ့ရှယ်ယာတွေကို ကျွန်မကပဲ ကိုယ်စားပြုရတယ်လေ။"

အရင်ကတည်းက ဖလေရာက မက်ဒါနာရဲ့အမြတ်ဝေစုတစ်ပိုင်းတစ်စကို သူ့ကုမ္ပဏီထဲ ထည့်ထည့်ပေးနေခဲ့တာဖြစ်ပါတယ်။ ဝန်ထမ်းစာရင်းထဲကနေ မထုတ်ခဲ့ရုံတင်မကဘဲ ရှယ်ယာရှင်ဖြစ်လာအောင်ပါ ထိန်းသိမ်းထားခဲ့တာပါ။ ဒီနေ့တော့ ဘုတ်အဖွဲ့ဝင်ဖြစ်ဖို့လုံလောက်တဲ့ရှယ်ယာကို ပိုင်ဆိုင်ထားပြီလေ။

"မက်ဒါနာဆိုတော့ ဆုဗာနာနိုင်ငံ နယ်စားမင်းသမီးများဖြစ်နေမလား။ ပြီးတော့ သူ့ရှယ်ယာပိုင်ဆိုင်မှုက ဒုတိယအများဆုံးနော်။ ငါတို့ အမှုဆောင်ချုပ်က အရည်အချင်းရှိတယ်ဆိုပေမဲ့ အခုလိုလစ်လျူရှုထားတာကျတော့ မကောင်းဘူးထင်တယ်။ သူ့အတွက် ကျုပ်တို့တွေ ကိုယ်စားလှယ်တစ်ယောက် ရွေးပေးသင့်တယ်မထင်ဘူးလား။"

ကုမ္ပဏီတစ်ခုမှာက ရှယ်ယာပိုင်ရှင်တိုင်း ဘုတ်အဖွဲ့ဝင်ဖြစ်ကြတာမဟုတ်ပါဘူး။ ရှယ်ယာရာခိုင်နှုန်းပမာဏတစ်ခုကို ပိုင်ဆိုင်ထားမှသာလျှင် ဘုတ်အဖွဲ့ဝင်ဖြစ်ဖို့ထိုက်တန်တာပါ။ ဒါတောင်မှ ဘုတ်အဖွဲ့ဝင်ဖြစ်ဖို့ တခြားဘုတ်အဖွဲ့ဝင်တွေရဲ့သဘောတူညီချက်လိုသေးတယ်။ တကယ်လို့ တစ်စုံတစ်ယောက်က သူ့ရှယ်ယာတွေကို ကိုယ်တိုင်မစီမံနိုင်ဘူးဆိုရင် ကိုယ်စားလှယ်တစ်ယောက် ရွေးပေးဖို့လိုလိမ့်မယ်။

"အင်း၊ ရှင်တို့စိုးရိမ်နေတာကို ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့ သူက ကျွန်မတို့ကုမ္ပဏီရဲ့အဓိကထုတ်ကုန်အများစုကို ဒီဇိုင်းဆွဲပေးခဲ့တာဆိုတော့ ဘုတ်အဖွဲ့မှာရှိစေချင်ရုံပါ။ နောက်မှ သူ့ကိုကိုယ်စားလှယ်လွှတ်ဖို့ပြောလိုက်မယ်လေ။ ခုတော့ အဓိကကိစ္စကိုပဲ ဆွေးနွေးရအောင်။"

ဖလေရာက ပြောပြောဆိုဆိုနဲ့ ထိပ်ဆုံးကခုံမှာဝင်ထိုင်လိုက်ပြီး အသင့်ချပေးထားတဲ့ လက်တော့ကို ဖွင့်လိုက်တယ်။ အဲဒီနောက် မန်မိုရီစတစ်ကိုထုတ်လိုက်ပြီးတော့ ဒီဇိုင်းအသစ်ပါတဲ့ဖိုင်လို့ထင်တဲ့ဖိုင်ကို ဖွင့်လိုက်လေရဲ့။ အဲဒီနောက်တော့ အိမ်မှာလေ့ကျင့်ထားတဲ့အတိုင်း အချက်အလက်တွေကိုစပြီး အလွတ်ပြောတယ်။

"ဒီလက်နက်ကို ဒီဇိုင်းဆွဲတဲ့သူက ကျွန်မတို့ကုမ္ပဏီရဲ့ဒုတိယရှယ်ယာအများဆုံးရှယ်ယာရှင် မက်ဒါနာပါပဲ။

အမျိုးအစားက ပုဆိန်သေနတ်ကပြားလက်နက်ပါ။ အများအပြားထုတ်ဖို့သင့်တော်ပြီး...."

ဖလေရာက လက်နက်အကြောင်း ရှင်းပြဖို့ကြိုးစားနေရင်းကနေ ဘုတ်အဖွဲ့ဝင်တွေရဲ့အကြည့်က နည်းနည်းထူးခြားနေတဲ့အကြောင်း သတိထားမိသွားပါတယ်။ သူတို့အကုန်လုံးက ပရိုဂျက်တာပေါ်ကပုံရိပ်ကို မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ စိုက်ကြည့်နေကြတာဖြစ်ပြီး ငယ်ရွယ်တဲ့ရှယ်ယာရှင်တချို့ဆိုရင် မျက်နှာတွေနီမြန်းနေကြတယ်။

"ရှင်တို့ဘာဖြစ်နေကြတာလဲ..." ဒါပေမဲ့ ဖလေရာက သူ့စကားကိုအဆုံးမသတ်ရသေးခင်မှာပဲ လက်တော့ကို ပြန်ကြည့်လိုက်မိပြီး မျက်နှာရောနားရွက်တွေပါ ထူပူနီမြန်းသွားတယ်။

"သောက်ကျိုးနည်း...." အဲဒီနောက်တော့ သူ့မျက်နှာကိုသူ လက်ဝါးနဲ့အုပ်ထားမိတော့တာပဲ။ ရှက်လွန်းလို့ တစ်ကိုယ်လုံးပူရှိန်းနေပြီး အချိန်မရွေးလေဖြတ်သွားတော့မလိုခံစားရနေရတယ်။ 'ငါတော့ သောက်ရှက်ကွဲပြီ၊ သောက်ရှက်တွေတော့ ကုန်ပါပြီ။' ဆိုပြီးရေရွတ်ရင်း မျက်ရည်ကျမိတဲ့အထိပဲ။

အကြောင်းကတော့ ပုဆိန်သေနတ်လက်နက်ကိုပြသနေသင့်တဲ့ သူ့ရဲ့လက်တော့မျက်နှာပြင်ပေါ်မှာတော့ အိပ်ရာပေါ်မှာ ခေါင်းအုံးကိုကျောမှီပြီး အနက်ရောင်ဇာပါးဘလောက်ဇာဝတ်စုံလေးကိုဝတ် ရှက်ရှက်နဲ့ပို့စ်ပေးနေတဲ့ မက်ဒါနာရဲ့ပုံပေါ်နေလို့ပါ။ နှစ်သစ်ကူးညတုန်းက သူပျင်းပျင်းရှိတာနဲ့ မက်ဒါနာကိုဖိအားပေးဝတ်စုံဝတ်ခိုင်းပြီး ရိုက်ထားတဲ့ပုံ။ ပြီးတော့ အဲဒီလက်တော့က ပရိုဂျက်တာနဲ့ချိတ်ထားတာဖြစ်ပြီး တူညီတဲ့ပုံကိုပဲ ပရိုဂျက်တာမှပြသနေတာ။

"ဆောရီး၊ ကျွန်မဖိုင်မှားဖွင့်မိပြီထင်တယ်။" ဖလေရာက သတိပြန်ဝင်လာပြီးတဲ့နောက် လက်တော့ကိုပိတ်ချလိုက်ပြီး အားလုံးကိုတောင်းပန်လိုက်တယ်။ ခန်းမထဲက ရှယ်ယာဝင်တွေကတော့ သူတို့စီအီးအိုကိုပြုံးစိပြုံးစိနဲ့ ကြည့်နေကြလေရဲ့။

....

ဆိုဖီယာက မြှောက်ထားတဲ့လက်ကို ပြန်ချလိုက်တယ်။ ကောင်းကင်ပေါ်မှာ သူစုစည်းထားတဲ့ ကျောက်ဆိုင်ကျောက်ခဲတွေက မြေပြင်ပေါ်ကို မိုးသီးမိုးပေါက်တွေလို ရွာသွန်းပြီး မြေပြင်ပေါ်မှာရှိနေတဲ့ အင်းစက်ပိုးကောင်မျိုးစိတ်ပေါင်းစုံပါတဲ့ ထောင်ချီတဲ့ပိုးကောင်အင်ပါယာစစ်တပ်တစ်ခုလုံးကို သတ်ဖြတ်ပစ်လိုက်တယ်။ သူ့ရဲ့တခြားလက်တစ်ဖက်မှာတော့ အပြာရောင်မီးအိမ်တစ်လုံးကို ကိုင်ထားပြီး သေဆုံးသွားတဲ့ ပိုးကောင်တွေဆီက အဖြူရောင်အငွေ့စွမ်းအင်တချို့ကို မီးအိမ်ကစုပ်ယူနေတယ်။

ဖရက်ကတော့ ဆိုဖီယာနဲ့ခပ်လှမ်းလှမ်းမှာရှိနေပြီး လက်ထဲမှာ မိုးကြိုးလေးကိုထုတ်ဖော်ကိုင်ဆောင်ထားတယ်။ ပိုးကောင်မျိုးကွဲခေါင်းဆောင်တချို့က အခြေအနေစောင့်ကြည့်ပြီး သူ့ကိုဝင်တိုက်ခိုက်ကြပေမဲ့ ဖရက်က လေးကြိုးကိုဆွဲကာ အေးဆေးစွာ ပြန်တုန့်ပြန်တယ်။ တိုက်ပွဲအချိန် ငါးမိနစ်မပြည့်ခင်မှာပဲ ပိုးကောင်မျိုးကွဲခေါင်းဆောင်တွေ သေဆုံးသွားပြီး သူတို့ဆီက ထူထဲတဲ့ အဖြူရောင်အငွေ့အသက်တွေက ဖရက်ခါးမှာချိတ်ထားတဲ့ ရှေးဟောင်းပုံစံရွှေရောင်အိတ်ဆောင်နာရီထဲကို စိမ့်ဝင်သွားတယ်။

မြို့ထဲက ပိုးကောင်တော်တော်များများကို ရှင်းပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်က မြို့လယ်ပလာဇာမှာ ပြန်လူစုပါတယ်။ ဖရက်က ဆိုဖီယာကို မေးငေါ့ပြလိုက်တယ်။

"ငါ့နာရီရဲ့ဝိညာဥ်စွမ်းအားသယ်ဆောင်နိုင်တဲ့ အကန့်အသတ်ပြည့်သွားပြီ။ မင်းရဲ့မီးအိမ်ရော။" ဖရက်က ပြောလိုက်တော့ ဆိုဖီယာကလည်း သူ့မီးအိမ်ကိုဖရက်မြင်အောင် မြှောက်ပြပြီး "ပြည့်နေပြီ။" လို့ခွန်းတုန့်ပြန်တယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်ကြပါပြီ။

"ဖရီးမေဆင်တွေမှာ ဝိညာဥ်စွမ်းအားစုဆောင်းနိုင်တဲ့ မှော်အဆောင်တွေရှိနေတာ ကံကောင်းတယ်။ ဒီလိုမှမဟုတ်ရင် ငါတို့ဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး။" ဆိုဖီယာက ကောင်းကင်ပေါ်ကနေ ဆင်းလာပြီး ဖရက်အနားမှာလာရပ်ကာ ပြောလိုက်တယ်။ ဖရက်သိသလောက် လိပ်နက်တစ်ယောက်ပဲ ဝိညာဥ်စွမ်းအင်ကို တိုက်ရိုက်စားသုံးနိုင်တာပါ။ သာမန်လူတွေက အဲဒီလိုစွမ်းအားကို သုံးဖို့မပြောနဲ့ ထုတ်ယူဖို့တောင် မတတ်နိုင်ကြဘူး။

"ဒီမြို့က ငါတို့အမြစ်ဖြတ်ပစ်နိုင်ခဲ့တဲ့ တတိယမြောက်မြို့ပဲ။ ပြန်သွားတိုင်း ဝိညာဥ်စွမ်းအားအပြည့်နဲ့ဆိုပေမဲ့ လိပ်နက်က နည်းနည်းလေးတောင်လှုပ်မလာဘူး။ ငါတို့သယ်လာသမျှကို ဝါးမျိုပစ်တယ်ဆိုပေမဲ့ပေါ့။" ဖရက်က မျက်မှောင်ကြုတ်ပြီး ပြောပါတယ်။ ဆိုဖီယာကလည်း သက်ပြင်းချပြီး လေပူတွေကို မှုတ်ထုတ်လိုက်တယ်။

သူတို့နှစ်ယောက်က ပိုးကောင်အသေတွေနဲ့ပြည့်နှက်နေတဲ့ မြို့လယ်ခေါင်လမ်းမပေါ်မှာ လျှောက်နေရင်းနဲ့ပလာဇာဘေးက တံခါးအလုံပိတ်ထားတဲ့ ဘုရားကျောင်းဆီရောက်လာတယ်။ ဘုရားကျောင်းထဲကနေ မနှစ်မျို့စရာကောင်းတဲ့ အနံအသက်တွေထွက်နေတာကြောင့် သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးအချက်ပြတယ်။

ဂျိန်း....

ဖရက်က ဘုရားကျောင်းတံခါးကို လေးနဲ့ဖျက်ဆီးပစ်လိုက်ပြီး ဆိုဖီယာက စိတ်စွမ်းအားနဲ့ဒိုင်းတစ်ခု ထုတ်ဖော်ကာပျံသန်းဝင်ရောက်လိုက်တယ်။

"စက်ဆုပ်စရာကောင်းလိုက်တာ။" အထဲရောက်တာနဲ့ ဆိုဖီယာက သူ့နှာခေါင်းကိုလက်နဲ့ဖုံးလိုက်ပြီးပြောပါတယ်။ ဖရက်ဝင်လာတော့ ငရဲတမျှဆိုးဝါးလှတဲ့ မြင်ကွင်းကို မြင်လိုက်ရတယ်။

"ကယ်ကြပါ၊ ကယ်ကြပါ။" ဖရက်နားထဲမှာ လူတွေရဲ့နာကျင်စွာ အကူအညီတောင်းသံတွေနဲ့ပြည့်နေတယ်။ ဘုရားကျောင်းထဲမှာ အသက်ရှင်နေသေးတဲ့ ကျားမအရွယ်စုံ လူရာကျော်ရှိနေပြီး သူတို့အရေပြားအောက်မှာ တွေထဲမှာ သွားလာနေတဲ့ ပိုးကောင်သားလောင်းတွေကို အတိုင်းသားမြင်နေရတယ်။

"ကပ်ပါးယင်ကောင်မျိုးစိတ်၊ လူသားတွေကို အရှင်အတိုင်းထားပြီးတော့ သူတို့ရဲ့သားဖောက်စရာအိမ်အဖြစ် အသုံးချနေတာပဲ။" ဆိုဖီယာက ဒေါသလေသံနဲ့ ပြောလိုက်တယ်။ ဖရက်ကတော့ သူ့လက်ထဲက မိုးကြိုးလေးကို အသင့်ပြင်လိုက်ပါပြီ။

"သူတို့ကို ကယ်တင်ဖို့နောက်ကျသွားပြီ။ သူတို့ဘဝကို အဆုံးသတ်ပေးမှ ဒီငရဲကနေလွတ်မြောက်နိုင်မှာ။" ပိုးကောင်သားလောင်းတွေက သူတို့ခန္ဓာကိုယ်တွေကို တတိတိစားသုံးပြီးသားမလို့ ဒီကနေကယ်ထုတ်လာရင်တောင် အကြာကြီးအသက်ရှင်နိုင်တော့မှာမဟုတ်ဘဲ မသေခင်မချိမဆန့်ဝေဒနါခံစားသွားရမှာပါ။

"နင်လက်အညစ်ပတ်မခံနဲ့။" ဖရက်က မိုးကြိုးသွားနဲ့ ဘုရားကျောင်းကို ဖျက်ဆီးပစ်ခါနီးမှာပဲ ဆိုဖီယာက ဖရက်ရဲ့လက်ကိုဖမ်းကိုင်ပြီးတားလိုက်တယ်။ အဲဒီနောက် သူက လေးနက်တဲ့အကြည့်တွေနဲ့အတူ ဝေဒနါခံစားနေရသူတွေကို ကြည့်လိုက်ပြီး လက်ကိုရှေ့ဆန့်ထုတ်လိုက်တယ်။

"ငါလုပ်လိုက်မယ်။" ဆိုဖီယာက အဲဒီစကားနဲ့အတူ ဖရက်နားမလည်နိုင်တဲ့ နတ်သူငယ်ဘာသာစကားနဲ့ တီးတိုးစကားတစ်ခွန်းရေရွတ်လိုက်ပြီး လက်ကိုဖမ်းဆုပ်လိုက်တယ်။ ဘုရားကျောင်းထဲမှာရှိနေသူတွေ စက္ကန့်အနည်းငယ်အတွင်း မနာမကျင်အသက်ပျောက်သွားပြီး ခန္ဓာကိုယ်တွေက ရွှေရောင်အလင်းတန်းအဖြစ်ကို ပြောင်းလဲပျောက်ကွယ်သွားလေရဲ့။

"နင်ဘာလုပ်လိုက်တာလဲ။"

"သူတို့ကို နတ်သူငယ်တွေရဲ့စျာပနနည်းအတိုင်း သဘာဝတရားကြီးနဲ့ပြန်ပေါင်းစပ်ခွင့်ပေးလိုက်တာ။" ဆိုဖီယာက ရှင်းပြတာကို ဒီလောက်နဲ့ပဲ ရပ်ထားလိုက်တယ်။

All Chapters