← Chapters

စောင့်ကြိုခြင်း

Vol. 84 Ch. 1159

စောင့်ကြိုခြင်း

Vol. 84 Ch. 1159

ဝမ်ပေါင်လဲ့ မျက်လုံးများ ပွင့်လာသည်နှင့် သူ၏ မျက်ဝန်းများထဲ၌ လျှပ်စီးများ လက်သွားသကဲ့သို့ပင်။ အဆုံးမဲ့မိုးကောင်းကင်ဝာာအို၏ စွမ်းအားများနှင့် စည်းမျဉ်းဥပဒေသများမှာ သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရစ်ပတ်သွားကြပြီးနောက် ရှေးဟောင်း ကမ္ဗည်းစာလုံးများအဖြစ် ပြောင်းလဲသွားပြီး သူ၏ ကိုယ်ပေါ်၌ စွဲထင်ကျန်ရစ်ခဲ့၏။

၎င်းမှာ မိုးကောင်းကင်တာအိုဘက်မှ ကြယ်နယ်မြေအား အသိအမှတ်ပြုသည့် အမှတ်အသားဖြစ်ပေသည်။ သို့သော် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် အဆုံးမဲ့မိုးကောင်းကင်ဝာာအိုတစ်ခုတည်းသာမက အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုလည်း ရှိနေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် ခဏအကြာတွင် အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို၏ စွမ်းအားများနှင့် စည်းမျဉ်းဥပဒေသများမှာလည်း ဆင်းသက်လာကြပြီး သူ၏ ကိုယ်ပေါ်၌ စွဲထင်ကျန်ရစ်ခဲ့တော့သည်။

ထိုကဲ့သို့ မိုးကောင်းကင်တာအိုနှစ်ခု၏ ကောင်းချီးပေးမှုကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာရ၏။ ထို့နောက် ယခင်တုန်းကထက် ပို၍ပင် အစွမ်းထက်သည့် စွမ်းအင်လှိုင်းများမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာသည်။ ၎င်းတို့မှာ ကြောက်မက်ဖွယ်ရာ သွေးချီတစ်မျိုးအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် သူ၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးထဲတွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာရသည်။ သို့ဖြစ်ရာ သူသည် အာကာသကောင်းကင်ကြီးအပေါ် လွှမ်းမိုးမှုရှိနေသကဲ့သို့ပင်။

ထို့ကြောင့်လည်း ကြယ်နယ်မြေအဆင့်မှာ ကြောက်စရာကောင်းနေခြင်းဖြစ်သည်။

ပုံမှန်အတိုင်းသာဆိုပါက ထာဝရယြယ်အဆင့် ကျင့်ကြံသူအများစုမှာ ကျင့်ကြံခြင်းအဆင့်နှင့် နတ်ဘုရားဝိညာဉ်များကိုသာ ကြယ်နယ်မြေအဆင့်သို့ အရင်ဆုံး မြှင့်တင်နိုင်ခြင်းဖြစ်သည်။ အပြင်ခန္ဓာကိုယ်အား အထွတ်အထိပ်အဆင့်သို့ ရောက်အောင်မြှင့်တင်ရသည်မှာ အလွန်အင်မတန်မှခက်ခဲ၏။

သို့သော် ဝမ်ပေါင်လဲ့မှာ အခြားသူများနှင့် ပြောင်းပြန်ဖြစ်နေ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နှောင်းပိုင် ထာဝရကြယ်အဆင့်တွင်သာ ရှိနေသေးသည်။ သူ၏ နတ်ဘုရားဝိညာဉ်မှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည့်တိုင်အောင် အဆင့်အနည်းငယ်မျှသာ တက်လှမ်းရသေးသည်ဖြစ်ရာ ကြယ်နယ်မြေအဆင့်သို့ ဖောက်ထွက်နိုင်ရန် အဝေးကြီးလိုသေးသည်။ သူ၏ အပြင်ခန္ဓာကိုယ် တစ်ခုတည်းသာလျှင် ကြယ်နယ်မြေအဆင့်သို့ အရင်ဆုံးရောက်ရှိသွားသဖြင့် သဟဇာတမရှိသော ဖြစ်ရပ်အချို့ ပေါ်ပေါက်လာ၏။

အရေးအကြီးဆုံးအချက်မှာ ဝမ်ပေါင်လဲ့သည် မတူညီသော မိုးကောင်းကင်တာအိုနှစ်ခု၏ စည်းမျဥ်းဥပဒေသများကို ပိုင်ဆိုင်ထားခြင်းပင်။ ပုံမှန်အတိုင်းသာဆိုပါက ၎င်းတို့ကြောင့် ပဋိပက္ခများ ပေါ်ပေါက်လာမည်သာ ဖြစ်သည်။ အခြားသူများမှာ ထိုပဋိပက္ခများကို တောင့်ခံနိုင်စွမ်းရှိမည်မဟုတ်ဘဲ တစ်ကိုယ်လုံး ပေါက်ကွဲကာ အသက်သေဆုံးသွားမည်သာ ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့၏ ဓားအိမ်လေးမှာ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။ ထို့ကြောင့် ၎င်း အသက်ဝင်လာသည်နှင့် အုန်းခနဲ မြည်သံကြီးတစ်သံထွက်ပေါ်လာပြီး မိုးကောင်းကင်တာအိုနှစ်မျိုး၏ စွမ်းအားများမှာ ဖိနှိပ်ချုပ်တည်းခံလိုက်ရ၏။ ၎င်းတို့မှာ တစ်သားတည်း ပေါင်းစည်းကာ အတူတကွ ယှဉ်တွဲနေထိုင်ရုံမှလွဲ၍ အခြာရွေးချယ်စရာမရှိတော့ပေ။

သို့သော် ပြဿနာများမှာ ထိုမျှလောက်နှင့် ကုန်ဆုံးမသွားသေးပေ။ ဟင်းလင်းပြင်ကြီးထဲ၌ အဆက်မပြတ် ပေါ်ပေါက်လာနေသည့် အက်ကွဲကြောင်းများအား အချိန်တိုလေးအတွင်း ဖယ်ရှားနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်သာ တိုးတက်လာခြင်း မရှိပါက အစွမ်းထက် ကျင့်ကြံသူကြီးတစ်ယောက်မှာ သူ၏ကိုယ်စား ၎င်းတို့အား ဖယ်ရှားပေးရန် လိုအပ်ပေသည်။

ထို အစွမ်းထက်ကျင့်ကြံသူကြီးမှာ... အလျင်အမြန်ပေါ်ပေါက်လာ၏။

ပို၍ တိတိကျကျဆိုရပါက ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ် ကြယ်နယ်မြေအဆင့်သို့ ဖောက်ထွက်သွားပြီး ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးထဲ၌ အက်ကွဲကြောင်းများ ပေါ်ပေါက်လာစဉ်ကတည်းက ထို အစွမ်းထက် ကျင့်ကြံသူကြီးမှာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထိုကျင့်ကြံသူကြီးမှာ... မီးတောက်ခေါင်းဆောင်ကြီးဖြစ်ပေသည်။

သူသည် လူကိုယ်တိုင် ရောက်လာခဲ့ခြင်းမရှိပါသော်လည်း ဝမ်ပေါင်လဲ့အား ပေးထားသည့် သစ်ရွက်လေးအား ခြေရာခံပစ္စည်းတစ်ခုအဖြစ်အသုံးပြု၍ သူ၏ နတ်ဘုရားအာရုံဖြင့် ရောက်ရှိလာပြီး ဝမ်ပေါင်လဲ့၏ ဘေးပတ်ပတ်လည်အား လွှမ်းခြုံပေးလိုက်ခြင်း ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား ကာကွယ်ပေးထားသလို သူ၏ ဖောက်ထွက်မှုကြောင့် ပေါ်ပေါက်လာသည့် ထူးဆန်းသော ဖြစ်စဉ်များကိုလည်း ဖယ်ရှားပေးလိုက်သည်။

ထိုနေရာတွင် အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများစွာ ရှိနေကြပါသော်လည်း သူတို့အများစုမှာ အဝေးကြီးတွင် ရောက်နေကြ၏။ ထို့အပြင် ချန်ရှင်း ထုတ်လွှတ်နေသည့် အလင်းရောင်များမှာ မျက်စိကျိန်းစရာကောင်းလွန်းနေသောကြောင့် မည်သူကမှ ဝမ်ပေါင်လဲ့အား ဂရုမစိုက်နိုင်ပေ။ နတ်ဧကရာဇ်နှစ်ပါးပင်လျှင် ဝမ်ပေါင်လဲ့အား ဂရုမစိုက်နိုင်ကြပေ။

ချန်ရှင်းမှာ ထိုနေရာတစ်ဝိုက်ရှိ လူတိုင်း၏ အာရုံကို ဖမ်းစားထားသည်မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် မီးတောက်ခေါင်းဆောင်ကြီး၏ အကူအညီဖြင့် ဖောက်ထွက်သွားခဲ့သည့် မြင်ကွင်းမှာ အံ့သြတုန်လှုပ်ဖွယ်ရာ ကောင်းနေသည့်တိုင်အောင် မည်သူကမှ သတိမထားမိလိုက်ကြပေ။

တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ လေထုကြီးမှာ တွန့်လိမ်ပုံပျက်သွားပြီး သူသည် ပျောက်ကွယ်သွား၏။ သူ ပြန်လည်ပေါ်ပေါက်လာချိန်တွင် သူသည် မီးဖိုကြီးထဲတွင် ရှိမနေတော့ဘဲ မီးတောက်ခေါင်းဆောင်ကြီး၏ ဘေးသို့ ပြန်ရောက်နေပြီဖြစ်သည်။ ရှဲ့ဟေးရန်မှာလည်း ထိုနေရာတွင် ရှိနေ၏။ သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်ပြီးနောက် ချန်ရှင်းအား လှမ်းကြည့်လိုက်၏။ ထိုအခါ သူ၏ မျက်ဝန်းများထဲတွင် အံသြတုန်လှုပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

သူသည် ဝမ်ပေါင်လဲ့မှာ ချန်ရှင်းနှင့် စကားပြောခွင့် ရလိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားခဲ့ပါသော်လည်း သူတို့နှစ်ယောက်၏ ကြားမှ ဆက်ဆံရေးမှာ သူ ထင်ထားသည်ထက် ပို၍ ရင်းနှီးနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ဝမ်ပေါင်လဲ့ အမှောင်ဂိုဏ်းသားတစ်ယောက် ဖြစ်နေသည့်အချက်ကို သူ ယခုအထိ မရိပ်မိသေးပါက သူ့ကိုယ်သူ ရှဲ့ဟေးရန်ဟုပင် မခေါ်သင့်တော့ပေ။

ဝမ်ပေါင်လဲ့မှာမူ အပြင်ဘက်သို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရသဖြင့် အစတွင် ဆွံ့အမှင်တက်သွား၏။ တစ်အောင့်ခန့်အကြာမှ သူသည် အခြေအနေအား နားလည်သွားသဖြင့် အောက်သို့ တင်ပျဥ်ခွေထိုင်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် အင်အားကြီးအဖွဲ့အစည်းများထဲမှ ကျင့်ကြံသူအချို့မှာလည်း အလားတူ ပညာရပ်များကို အသုံးပြုလိုက်ကြ၏။ သူတို့မှာ မန္တန်အစီအရင်ကြီးထဲသို့ ဝင်ရောက်သွားခဲ့ကြပြီးနောက် အသက်သေဆုံးသွားခြင်း မရှိသေးသည့် သူတို့၏ ဂိုဏ်းသားများကို ပြန်၍ဆင့်ခေါ်ကာ အဝေးသို့ ချက်ချင်းထွက်ပြေးဆုတ်ခွာသွားကြသည်။ အခြေအနေများမှာ ပြောင်းလဲသွားပြီမဟုတ်ပါလော။ ဤနေရာတွင် ဆက်ရှိနေပါက အကျိုးမရှိနိုင်သည့်အပြင် အန္တရာယ်များနှင့်ပါ ကြုံတွေ့ရနိုင်ပေသည်။

" နတ်နွားကြီး။ ငါတို့ကို အဝေးကို ခေါ်သွားတော့လေ " မီးတောက်ခေါင်းဆောင်ကြီးမှာ သူ၏ တပည့် အပြင်ဘက်သို့ ရုတ်ခြည်းဆိုသလို တည်နေရာ ပြောင်းရွှေ့ခံခဲ့ရသည့်တိုင်အောင် တည်ကြည်မှုအပြည့်ရှိနေသည်ကို မြင်လိုက်ရသဖြင့် ပြုံးမိသွား၏။ ထို့နောက် သူသည် သူ၏ အင်္ကျီလက်အား ဝှေ့ယမ်းကာ နတ်နွားကြီးအား ပုတ်၍ သတိပေးလိုက်သည်။ ထိုအခါ နတ်နွားကြီးမှာလည်း အဝေးသို့ ချက်ချင်း ထွက်ပြေးဆုတ်ခွာသွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ မျက်စိပေကလတ်ပေကလတ် ဖြစ်နေ၏။ သူသည် သူ၏ ဆရာဖြစ်သူအား နတ်နွားကြီးကို လက်ဖြင့် ပုတ်နေစရာမလိုသလို သတိပေးနေစရာလည်း မလိုကြောင်း ပြောချင်နေသည်။ နတ်နွားကြီးကိုယ်တိုင်မှာလည်း သူ၏ဆရာ ဖြစ်နေသည် မဟုတ်ပါလော ...

" ကြည့်ရတာ ဆရာ မေ့သွားတာလားမသိပါဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးကာ ဟန်ဆောင်ချောင်းဟန့်လိုက်၏။ နတ်နွားကြီး အဝေးသို့ ထွက်ပြေးဆုတ်ခွာသွားနေစဉ် သူသည် နောက်သို့လှည့်ကာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးချန်ရှင်း ကျန်ရစ်ခဲ့သည့် စစ်မြေပြင်ကြီးအား လှမ်းကြည့်လိုက်သည်။

" လှမ်းကြည့်မနေနဲ့တော့။ မင်းရဲ့ လူမဆန်တဲ့ ဂိုဏ်းတူအစ်ကိုကြီးက ဒီတစ်ခေါက် တော်တော်ကို တရားလွန်သွားပြီ။ သူက သူ့ကိုယ်သူ မိုးကောင်းကင်တာအို ဖြစ်သွားအောင် ပြောင်းလဲပစ်ရတယ်လို့။ သိပ်မကြာခင်မှာ အဆုံးမဲ့မျိုးနွယ်စုနဲ့ အမှောင်ဂိုဏ်းရဲ့ကြားမှာ တိုက်ပွဲတွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတော့မှာ "

" မင်းက အမှောင်ဂိုဏ်းက ဆိုပေမဲ့ မီးတောက်မျိုးနွယ်စုဝင်တစ်ယောက်လည်း ဖြစ်နေတာလေ။ ဒီ အဖြစ်အပျက်တွေကို ရှောင်လွှဲလို့မရနိုင်ပေမယ့် ငါ မင်းကို ထွက်ပေါက်တစ်ပေါက် ရှာပေးနိုင်ပါတယ် " မီးတောက်ခေါင်းဆောင်ကြီး ထိုသို့ဆိုလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွား၏။ တစ်အောင့်ခန့်အကြာတွင် သူသည် စကားပြောရန် ပြင်လိုက်၏။

သို့သော် မီးတောက်ခေါင်းဆောင်ကြီးမှာ ခေါင်းယမ်းကာ ပြုံး၍ ဆက်ပြောလိုက်၏ " မင်း ဘာစကားမှ ပြောနေစရာမလိုပါဘူး။ ငါလည်း အသက်ကြီးနေပြီဆိုတော့ ဒီလို ပွဲကြီးပွဲကောင်းမျိုးကို ကြည့်ခွင့်ရတာ ကံကောင်းတာပဲ။ ပြီးရင်... မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း အမှောင်ဂိုဏ်းနဲ့အတူ အောင်ပွဲရနိုင်ဖို့ ငါမျှော်လင့်ပါတယ်။ အဲတာမှ ငါလည်း ငါ့ရဲ့ ဒေါသတွေကို ဖြေဖျောက်ခွင့်ရမှာ "

" ဒါပေမဲ့ ပြဿနာလေးတစ်ခုတော့ ရှိတယ်ကွ။ မင်းကို သတိထားမိခဲ့တဲ့လူ မရှိနိုင်ဘူးလို့ ငါ တွေးနေပေမယ့် တကယ်စဉ်းစားကြည့်လိုက်ရင်တော့ မဖြစ်နိုင်ဘူး။ မင်း အဲဒီနေရာမှာ ရှိနေခဲ့တာကို မြင်ခဲ့တဲ့လူတွေ ရှိလောက်တယ်။ ချန်ရှင်းက လူတိုင်းရဲ့အာရုံကို ဖမ်းစားထားခဲ့လို့သာ ဘယ်သူကမှ မင်းကို သတိမထားမိခဲ့ကြတာ "

" ငါတို့တွေ မီးတောက် ကြယ်စင်စုထဲကိုပြန်ရောက်ရင် မင်း ချက်ချင်း တံခါးပိတ်လေ့ကျင့်လိုက်။ အဆုံးမဲ့မျိုးနွယ်စု မီးတောက်ကြယ်စင်စုထဲမှာ မင်းကို ပြဿနာလာရှာရဲမလားဆိုတာ ကြည့်ကြတာပေါ့ "

" ဆရာ... " ဝမ်ပေါင်လဲ့မှာ မတ်တတ်ထလာပြီး မီးတောက်ခေါင်းဆောင်ကြီးအား ဦးညွှတ်အရိုအသေပေးလိုက်၏။ သူသည် အပြစ်ရှိသလို ခံစားနေရသည်။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး၏ ဆုံးဖြတ်ချက်အား ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။ ထို့အပြင် သူသည် ယခုအကြိမ်တွင် အခွင့်အရေး အလုံအလောက် ရရှိသိမ်းပိုက်နိုင်ခဲ့သည် မဟုတ်ပါလော။ သူသည် အခြားသူများ သူ၏ လျှို့ဝှက်ချက်အား သတိထားမိသွားသည့် အချက်ကိုသာ စိုးရိမ်နေစရာ လိုပေသည်။

သို့သော် ထိုကိစ္စနှင့် ပတ်သတ်၍ သူ့ဘက်မှ ဘာမှ လုပ်နိုင်မည်မဟုတ်ပေ။ ယခုတွင် သူ၏ လျှို့ဝှက်ချက်မှာ ပေါ်သွားပြီဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရတော့မည် ဖြစ်သည်။ ထို့အပြင် သူသည် ချန်ရှင်းကိုလည်း စောင့်ဆိုင်းနေ၏။

သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ သူ စခဲ့သည့် အရှုပ်ထုပ်ကြီးအား ရှင်းရန် သေချာပေါက် ရောက်လာလိမ့်မည်ဟု ဝမ်ပေါင်လဲ့က မှတ်ယူလိုက်၏။ သို့သော် သူသည် ချန်ရှင်းအား ယခင်တုန်းကအတိုင်း အပြည့်အဝ မယုံကြည်ရဲတော့ပေ။

အဘယ်ကြောင့်ဆိုသော် သူသည် မိုးကောင်းကင်တာအိုအဖြစ်သို့ ရောက်သွားခဲ့သည့် သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ သူနှင့် သူစိမ်းအဖြစ်သို့ ရောက်သွားသည့်အလား မည်သည့်အကြောင်းကြောင့်မှန်းမသိ ခံစားခဲ့ရသောကြောင့်ပင်။

ထိုကဲသို့ ထူးဆန်းသော ခံစားချက်ကြီးကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းနှင့်အများ ဇဝေဇဝါဖြစ်သွားရ၏။

သို့သော် ထိုခံစားချက်ကြီးမှာ ကြာကြာမခံလိုက်ပေ။ နတ်နွားကြီး စစ်မြေပြင်ကြီးထဲမှ ထွက်ခွာလာပြီး လဝက်တိတိ ကုန်ဆုံးသွားချိန်တွင် မီးတောက်ကြယ်စင်စုဆီသို့ ပြန်သည့် အိမ်အပြန်လမ်းခရီး၌ မျက်လုံးများမှိတ်ကာ တင်ပျဉ်ခွေထိုင်နေခဲ့သည့် မီးတောက်ခေါင်းဆောင်ကြီးမှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာသည်။ ထို့နောက် သူ၏ မျက်ဝန်းများမှာ ဝင်းလက်စွာတောက်ပသွား၏။ သူ၏ အောက်ရှိ နတ်နွားကြီးမှာလည်း ချက်ချင်းရပ်တန့်သွားသည်။ ထို့နောက် အုန်းခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး မီးပင်လယ်ကြီးတစ်စင်းမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။

" ချန်ရှင်း "

ဝမ်ပေါင်လဲ့မှာလည်း တစ်စုံတစ်ခုအား အာရုံခံမိထားခဲ့ပြီးသား ဖြစ်သောကြောင့် ခေါင်းမော့ကာ ခပ်လှမ်းလှမ်းရှိ အာကာသကောင်းကင်ကြီးအား လှမ်းကြည့်လိုက်၏။ သူသည် သူ၏ ခန္ဓာကိုယ်ထဲရှိ အမှောင်ဂိုဏ်း မိုးကောင်းကင်တာအို၏ စည်မျဥ်းဥပဒေသစွမ်းအားများ အပြင်းအထန် တုန်ရီနေသည်ကို ခံစားနေရသည်။ ခဏအကြာတွင် သူ လှမ်းကြည့်နေသည့် အာကာသကောင်းကင်ကြီးထဲ၌ သူ ရင်းရင်းနှီးနှီး မြင်ဖူးနေသော လူတစ်ယောက်မှာ ဟင်းလင်းပြင်ကြီးထဲမှ ထွက်ပေါ်လာသည်။ သူသည် ရှေ့သို့ တစ်လှမ်းချင်းစီ လှမ်းကာ နတ်နွားကြီး ထုတ်လွှတ်ထားသည့် မီးပင်လယ်ကြီး၏ အစွန်းသို့ ရောက်ရှိလာ၏။

သူသည် အစိမ်းရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် ဆံပင်ရှည်ရှည်နှင့် လူငယ်လေးတစ်ယောက်ဖြစ်သည်။ သူ၏ လက်ထဲတွင် အရက်ထည့်ထားသည့် ဘူးသီးခြောက်တစ်လုံးနှင့် သစ်သားဓားတစ်လက် ရှိနေ၏။

ထိုသူမှာ.... မျက်ခုံးနှစ်ဖက်ကြားတွင် အနက်ရောင်ငါးပုံစံ အမှတ်အသားတစ်ခု ရှိနေသည့် ချန်ရှင်း ဖြစ်ပေသည်။

" ကျွန်တော်တို့ဂိုဏ်းရဲ့ အမှောင်ကလေးငယ်ကို ကာကွယ်စောင့်ရှောက်ပေးထားတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်းရင်းမီးတောက် " ချန်ရှင်းမှာ ပြုံးကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ မီးတောက်ခေါင်းဆောင်ကြီးအား ဂါရဝပြုလိုက်၏။

မီးတောက်ခေါင်းဆောင်ကြီးမှာမူ မျက်နှာအမူအရာ သုန်မှုန်နေပါသော်လည်း စကားတစ်ခွန်းမှ မပြောဘဲ နှာမှုတ်လိုက်သည်။

ချန်ရှင်းမှာ စိတ်ကွက်သွားခြင်းမရှိဘဲ ပြုံးကာ ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် နူးညံ့သိမ်မွေ့မှု အပြည့်ရှိသော မျက်ဝန်းများဖြင့် တိုးတိုးလေး ဆိုလိုက်သည်။

" ပေါင်ခဲ့။ မင်း ငါနဲ့ အမှောင်ဂိုဏ်းဆီ လိုက်ခဲ့ချင်လား။ ငါတို့တွေ အရင်တစ်ခေါက်တုန်းက အဆုံးအထိ မရောက်ခဲ့တဲ့ ခရီးကို ဆက်လျှောက်ကြတာပေါ့ “

All Chapters