← Chapters

အမှောင်ကြယ်စင်စု

Vol. 84 Ch. 1160

အမှောင်ကြယ်စင်စု

Vol. 84 Ch. 1160

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်နေ၏။ စစ်မြေပြင်ကြီးထဲ၌ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများမှာ သူ၏ အသိစိတ်ထဲ၌ ပြန်လည် ပေါ်ပေါက်လာသည်။ သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ အစကတည်းက သူ့အား အမှန်အတိုင်း ပြောပြခဲ့၍ရပေသည်။

သို့သော် သူ ပြောပြခဲ့ခြင်းမရှိလျှင်တောင် ဝမ်ပေါင်လဲ့မှာ အငြိုးထားနေမည်တော့ မဟုတ်ပေ။ ဤကိစ္စကြီးမှာ အမှောင်ဂိုဏ်းနှင့် ဆက်နွှယ်နေသည်ဖြစ်ရာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး သတိကြီးကြီးထား၍ ဆောင်ရွက်ခဲ့သည်မှာ အပြစ်မဆိုသာပေ။

ထို့အပြင် သူသည် ထိုကိစ္စကြီးကြောင့် အထူးအခွင့်အရေးတစ်ခု ရရှိပိုင်ဆိုင်သွားခဲ့သည် မဟုတ်ပါလော။ သူ၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားနိုင်ခြေရှိပါသော်လည်း ၎င်းတို့အား အမြဲတမ်း ဖုန်းကွယ်ထား၍ ရမည်မဟုတ်ပေ။

ထို့အပြင် သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ သူ့အား အစမှ အဆုံးအထိ ကာကွယ်စောင့်ရှောက်ပေးခဲ့သည်သာဖြစ်သည်။ သူ စစ်မြေပြင်ကြီးထဲမှ ထွက်ခွာမလာခင်တုန်းကပင်လျှင် ချန်ရှင်းမှာ သူ့အား သူ၏ ခန္ဓာကိုယ်အစစ်၏ နောက်တွင် နေရာယူခိုင်းခဲ့သည် မဟုတ်ပါလော။

သို့ဖြစ်ရာ မည်သည့် ရှုထောင့်မှကြည့်ကြည့် ပြဿနာမရှိပေ။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားနေရဆဲပင်။ သူ၏ ရှေ့တွင် ရှိနေသည့် ဂိုဏ်းတူအစ်ကိုကြီးမှာ သူ၏ မှတ်ဉာဏ်များထဲမှ ဂိုဏ်းတူအစ်ကိုကြီးနှင့် မတူဘဲ ကွဲပြားခြားနားနေ၏။

ဝမ်ပေါင်လဲ့မှာ ထိုသို့ ခံစားနေရသည့် အကြောင်းရင်းကို အတိအကျမသိပေ။ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို ပြန်လည်ပေါ်ပေါက်လာပြီး သူနှင့်အတူ ပေါင်းစည်းသွားခဲ့သောကြောင့် ဂိုဏ်းတူအစ်ကိုကြီးမှာ ပို၍ ခံ့ညားထည်ဝါနေသည့်ပုံ ပေါက်နေခြင်း ဖြစ်ရမည်ဟု ဝမ်ပေါင်လဲ့က ခန့်မှန်းလိုက်၏။

မည်သို့ပင်ဆိုစေတာမူ ဝမ်ပေါင်လဲ့မှာ သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်းအား ဘယ်သောအခါမှ သံသယမဝင်ခဲ့ပေ။ ပြည်ထောင်စုကြီးထဲ၌ သူ ကြုံတွေ့ခဲ့ရသည့် အရာများကြောင့် သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား အပြည့်အဝ ယုံကြည်နေဆဲပင်။ ထို့ကြောင့် တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့မှာ ဆုံးဖြတ်ချက် ချပြီးသွားသောကြောင့် မီးတောက်ခေါင်းဆောင်ကြီးအား လှည့်ကြည့်လိုက်၏။

မီးတောက်ခေါင်းဆောင်ကြီးမှာ စကားပြောရန် ပြင်လိုက်ပါသော်လည်း နှုတ်ဆိတ်သွားသည်။

" ဆရာ " ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ခေါ်လိုက်၏။ သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုသေပေးနေခြင်းမရှိဘဲ ဒူးထောက်ကာ ရှိခိုးဦးချလိုက်သည်။

သူသည် စကားအများကြီး မပြောပါသော်လည်း မီးတောက်ခေါင်းဆောင်ကြီးမှာ နားလည်လိုက်၏။ ထို့ကြောင့် သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

" ဆရာ ပြောခဲ့တဲ့ စကားကို မမေ့နဲ့နော်။ မီးတောက်ကြယ်စင်စုက မင်းအတွက် ထွက်ပေါက်ပဲ "

ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း ခေါင်းညိတ်ပြလိုက်၏။ သူသည် မီးတောက်ကြယ်စင်စုထဲ၌ ဆက်ရှိနေ၍ မဖြစ်ပေ။ ထိုသို့သာ မဟုတ်ပါက သူ၏ ဆရာမှာ အမှောင်ဂိုဏ်းနှင့် အဆုံးမဲ့မျိုးနွယ်စု၏ ကြားမှ ပဋိပက္ခထဲသို့ အလိုလို ရောက်သွားမည်ဖြစ်သည်။ သူသည် ထိုသို့ ဖြစ်သွားမည်ကို မလိုလားပေ။

ထို့အပြင် သူ့ဆီတွင် အမှောင်ဂိုဏ်း၏ အမှတ်အသား ရှိနေသေးသည်မဟုတ်ပါလော။ သူသည် အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နေသည်ဖြစ်ရာ သူနှင့် အမှောင်ဂိုဏ်း၏ ကြားတွင် ဖြတ်တောက်၍မရနိုင်သည့် ကံကြမ္မာအချိတ်အဆက်ကြီးတစ်ခု ရှိနေ၏။ ထို့ကြောင့် သူသည် ဤကိစ္စကြီးထဲ၌ ဝင်မပါဘဲ ရှောင်လွှဲနေ၍ မဖြစ်ကြောင်း နားလည်ထားသည်။

ထို့အပြင်... ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ပို၍ အစွမ်းထက်လာအောင်လည်း လုပ်ချင်နေသေးသည်။

အကယ်၍ သူသာ မီးတောက်ကြယ်စင်စုထဲ၌ ဆက်ရှိနေမည်ဆိုပါက သူ့ကိုယ်သူ အစွမ်းထက်လာအောင် လုပ်နိုင်မည့်အခွင့်အရေးများကို ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။ အချိန်သိပ်မကျန်တော့သဖြင့် သွေးနီရောင် ကင်းခြေများကြီးမှာလည်း အချိန်မရွေး ပေါ်ပေါက်လာနိုင်သည်မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အရဲစွန့်ရန် လိုအပ်ပေသည်။

ထိုအကြောင်းရင်းများကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ပိုင်းဖြတ်လိုက်၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး မဝံ့မရဲ ဖြစ်နေသည့်ပုံ ပေါက်နေသော ရှဲ့ဟေးရန်အား တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် ချန်ရှင်းဘက်သို့ လှည့်ကာ ပြောလိုက်၏။

" ဂိုဏ်းတူအစ်ကိုကြီး။ လခြမ်းဧကရာဇ်ကြီး အသုံးပြုခဲ့တဲ့ မီးဖိုမန္တန်အစီအရင်ကြီးကို ရှဲ့မိသားစုက ဖန်တီးပေးခဲ့တာ။ ကျွန်တော်တို့တွေ အဲဒီကိစ္စအကြောင်း မေ့ထားလိုက်လို့ရမလား "

ချန်ရှင်းမှာ ထိုစကားကို ကြားလိုက်ရသောအခါ ပြုံးလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ စကားများကြောင့် စိတ်လှုပ်ရှားကာ ရင်တထိတ်ထိတ် ဖြစ်သွားသည့် ရှဲ့ဟေးရန်အား လှမ်းကြည့်လိုက်ပြီး ခေါင်းညိတ်ကာဆိုလိုက်သည်။

" ဒီကိစ္စက ရှဲ့မိသားစုနဲ့ ဘာမှမဆိုင်ပါဘူး "

သူ ထိုသို့ဆိုလိုက်သည်နှင့် ရှဲ့ဟေးရန်မှာ အားအင်များ ကုန်ခမ်းသွားသည့်ပုံ ပေါက်သွား၏။ ထို့နောက် သူသည် အောက်သို့ လဲကျမသွားအောင် မာန်တင်းကာ ဝမ်ပေါင်လဲ့နှင့် ချန်ရှင်းတို့အား ဦးညွှတ်အရိုအသေပေးလိုက်သည်။ သူ၏ နှလုံးသားထဲတွင်မူ ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေ၏။ သူသည် ဝမ်ပေါင်လဲ့၏ နောက်မှ လိုက်လာခဲ့စဉ်တုန်းက ချန်ရှင်းမှာ ယခုလို အစီအစဉ်ကြီးတစ်ခု ကြိုတင်ရေးဆွဲထားပြီး သူ့ကိုယ်သူ မိုးကောင်းကင်တာအိုအဖြစ်သို့ ပြောင်းလဲပစ်လိုက်လိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။

ရှဲ့မိသားစုပင်လျှင် ထိုကဲ့သို့သော အင်အားကြီးပုဂ္ဂိုလ်ကြီးတစ်ယောက်နှင့် ရင်ဆိုင်ရာတွင် သတိကြီးကြီး ထားရမည်ဖြစ်သည်။ ဤပြဿနာကြီးသာ ပြေလည်သွားခြင်းမရှိပါက သူတို့မှာ သူ၏ ဖခင်၏ သွေးမျိုးဆက်ကိုပင် မိသားစုထဲမှ ထုတ်ပယ်လျှင် ထုတ်ပယ်နိုင်ပေသည်။ လက်ရှိအခြေအနေများအရဆိုလျှင် အမှောင်ဂိုဏ်းနှင့် အဆုံးမဲ့မျိုးနွယ်စု၏ ကြားမှ စစ်ပွဲကြီးထဲသို့ မည်သူကမှ ဝင်ရောက်ဆင်နွှဲလိုကြမည် မဟုတ်ပေ။

" ဂိုဏ်းတူညီလေး သွားကြစို့ " ချန်ရှင်းမှာ ထိုပြဿနာအား ဖြေရှင်းပေးလိုက်ပြီးနောက် ပြုံးကာ ဆိုလိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ မီးတောက်ခေါင်းဆောင်ကြီးအား နောက်ထပ်တစ်ကြိမ်ထပ်၍ ဦးညွှတ်အရိုအသေပေးလိုက်၏။ ထို့နောက် သူသည် နတ်နွားကြီး၏ ကျောကုန်းပေါ်မှ ဆင်းကာ မီးပင်လယ်ကြီးအား ဖြတ်သန်း၍ ချန်ရှင်းဆီသို့ ဦးတည်သွားလိုက်သည်။ မီးတောက်ခေါင်းဆောင်ကြီးမှာ သူ၏တပည့် တဖြည်းဖြည်းနှင့် ထွက်ခွာသွားသည်ကို လှမ်းကြည့်နေရင်း အနည်းငယ် စိတ်ဓာတ်ကျသွား၏။ ထိုအခိုက်အတန့်တွင် သူသည် သေဆုံးသွားပြီဖြစ်သည့် သူ၏ အခြားတပည့်များအကြောင်းကို မည်သည့်အကြောင်းကြောင့်မှန်းမသိ ပြန်၍ စဉ်းစားမိသွားသည်။

သူသည် အဆုံးမဲ့မျိုးနွယ်စုနှင့် ရန်ငြိုးရှိပါသော်လည်း လက်တုံ့ပြန်နိုင်စွမ်း မရှိပေ။ သူ့ဆီတွင် ကျိန်စာတစ်ခုသာရှိပြီ ၎င်းမှာလည်း အဟန့်အတားတစ်ခုအဖြစ်သာ အသုံးပြု၍ ရပေသည်။ အကယ်၍ သူ အစွမ်းကုန်ထုတ်၍ သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်မည်ဆိုပါက နတ်ဧကရာဇ်တစ်ပါးအား သူနှင့်အတူ သေရွာသို့ ခေါ်သွားနိုင်မည်ဖြစ်သည်။

သို့သော်... သူ့ဆီတွင် ပြန်၍ငဲ့ကြည့်နေရသည့် အရာများ ရှိနေသေးသည်။ ယခင်တုန်းကဆိုလျှင် သူသည် အသက်ရှင်ကျန်ရစ်ခဲ့သည့် သူ၏ တစ်ဦးတည်းသောတပည့်လေးကိုသာ ပြန်၍ ငဲ့ကြည့်နေခဲ့ရပါသော်လည်း ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ သူ၏ ဒုတိယတပည့် ဖြစ်နေပြီမဟုတ်ပါလော။

ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ ဘေးမှနေ၍ သူ့အား ကာကွယ်ပေးလို၏။ အကယ်၍ ထိုတပည့်လေးမှာ အမှောင်ဂိုဏ်းထဲသို့ မဖြစ်မနေ ဝင်လိုပါက သူ့ဘက်မှ ကူညီပေးသည့်အနေဖြင့် သူ၏ အသက်ကိုစတေး၍ နတ်ဧကရာဇ်တစ်ပါးအား သတ်ဖြတ်ပစ်ခြင်းမှာ ပိုကောင်းပေလိမ့်မည်။

သို့သော် ဝမ်ပေါင်လဲ့မှာ သူ့အား ထိုသို့ မလုပ်စေချင်ကြောင်း သိနိုင်ပေသည်။

ထို့ကြောင့် မီးတောက်ခေါင်းဆောင်ကြီးမှာ ချန်ရှင်း၏ ဘေးတွင်ရှိနေသည့် ဝမ်ပေါင်လဲ့အား ကြည့်ရင်း နှုတ်ဆိတ်နေလိုက်ပြီးနောက် ချန်ရှင်းဆီသို့ အသံလွှင့်အကြောင်းကြားစားတစ်စောင် ပေးပို့လိုက်၏။

" သူက မင်းကို ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက်လို တကယ်သတ်မှတ်ထားတာ။ ချန်ရှင်း... မင်းရဲ့အကြံအစည်က ဘာလဲဆိုတာ ငါမသိဘူး။ ဒါပေမဲ့ မင်း ငါ့ရဲ့တပည့်ကို စတေးပစ်မယ်ဆိုရင် ငါ မင်းကို ဘာမှမလုပ်နိုင်ရင်တောင် ငါ့ကိုငါ အသေခံပြီး ငါ့ရဲ့ကျိန်စာကို အဆုံးမဲ့မိုးကောင်းကင်တာအိုနဲ့ ပေါင်းစည်းပစ်မယ်။ အဲတာဆိုရင် အဆုံးမဲ့မိုးကောင်းကင်တာအိုက ပိုပြီးတော့ အစွမ်းထက်လာမှာ "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို မကြားနိုင်ပါသော်လည်း သူ၏ ဂိုဏ်းတူအစ်ကိုကြီး ချန်ရှင်း ခြေလှမ်းများ ရပ်တန့်သွားသည်ကို မြင်လိုက်ရ၏။

" ကျွန်တော်လည်း ဂိုဏ်းတူညီလေးကို ကျွန်တော့်ရဲ့ တစ်ဦးတည်းသော မိသားစုဝင်အဖြစ် သဘောထားတာပါ " ချန်ရှင်းမှာ မီးတောက်ခေါင်းဆောင်ကြီးအား တိုးတိုးလေးပြန်ပြောလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ပြုံးပြကာ သူ၏ လက်အား ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အနက်ရောက်မြူခိုးများ ထွက်ပေါ်လာပြီး ဧရာမ အနက်ရောင်ငါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ ၎င်းမှာ အာကာသကောင်းကင်ကြီးအား စိုက်ကြည့်ကာ အော်ဟစ်မြည်တမ်းလိုက်သည်။ ထို့နောက် ၎င်းမှာ လေပေါ်သို့ တစ်ချက်ခုန်တက်ကာ ဝမ်ပေါင်လဲ့အား ဟင်းလင်းပြင်ကြီးထဲသို့ ခေါ်ဆောင်သွားပြီး ပျောက်ကွယ်သွားတော့သည်။

အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားသောအခါ မီးတောက်ခေါင်းဆောင်ကြီးမှာ အကြည့်လွှဲလိုက်၏။ သူသည် စိတ်ပျက်လက်ပျက်နှင့် မရွှင်မပျ ဖြစ်နေပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းများစွာ အသက်ကြီးသွားသကဲ့သို့ပင်။

သူ၏ ဘေးတွင်ရှိနေသည့် ရှဲ့ဟေးရန်မှာ မီးတောက်ခေါင်းဆောင်ကြီး၏ မျက်နှာအမူအရာကို သတိထားမိလိုက်သဖြင့် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် လေသံတိုးတိုးဖြင့်ဆိုလိုက်သည်။

" ဆရာဘိုးဘိုး။ ဦးလေးဆရာပေါင်လဲ့ မရှိတော့ပေမဲ့ ကျွန်တော် ရှိပါသေးတယ် "

" မင်းရှိတာ ဘာလုပ်ရမှာလဲ... " မီးတောက်ခေါင်းဆောင်ကြီးမှာမူ သူ့အား တစ်ချက်လှမ်းကြည့်ကာ နှာမှုတ်လိုက်သည်။

" ပါးစပ်ပိတ်ထား " သူ ထိုသို့ရေရွတ်ကာ သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ အောက်တွင် ရှိနေသည့် နတ်နွားကြီးမှာ အော်ဟစ်မြည်တမ်းကာ ရှေ့သို့ ပြေးထွက်သွား၏။ ၎င်းမှာ မီးတောက်ကြယ်စင်စုဆီသို့ ဦးတည်သွားနေခြင်းဖြစ်သည်။ နတ်နွားကြီး၏ ကျောကုန်းပေါ်တွင်ရှိနေသော ရှဲ့ဟေးရန်မှာမူ မမျှမတ ဆက်ဆံခံနေရသည့်အလား ခံစားနေရသည်။

မီးတောက်ခေါင်းဆောင်ကြီး အာကာသကောင်းကင်ကြီးထဲသို့ တဖြည်းဖြည်း ဝင်ရောက်ပျောက်ကွယ်သွားစဉ် ဝမ်ပေါင်လဲ့နှင့် ချန်ရှင်းတို့မှာလည်း ဟင်းလင်းပြင်ကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသလို အင်အားကြီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများမှာလည်း လူစုခွဲကာ သူတို့၏ သက်ဆိုင်ရာနယ်မြေများဆီသို့ ပြန်သွားကြ၏။ ထိုအခါမှသာ နတ်ဧကရာဇ်များ၏ ကြားမှ တိုက်ပွဲကြီးမှာ ပြီးဆုံးသွားသည်။ တစ်ချိန်တည်းမှာပင် ထိုတိုက်ပွဲကြီးနှင့် ပတ်သက်သည့် သတင်းများမှာလည်း အလျင်အမြန် ပျံ့နှံ့သွားကြ၏။

အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအိုမှာ ချန်ရှင်း၏ ခန္ဓာကိုယ်ထဲ၌ ပြန်လည်နိုးထလာပြီဖြစ်သည်။ ချန်ရှင်းမှာ အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို ဖြစ်နေပြီဖြစ်သည်။

ထိုသတင်းများမှာ အဆုံးမဲ့မျိုးနွယ်စု တစ်ခုလုံးထဲ၌ တောမီးများကဲ့သို့ ပျံ့နှံ့သွားသောကြောင့် အင်အားကြီးအဖွဲ့အစည်း အားလုံးနီးပါးမှာ မငြိမ်မသက်ဖြစ်လာကြ၏။ ၎င်းတို့ထဲတွင် အမှောင်ဂိုဏ်းအကြောင်း သိရှိထားခြင်းမရှိသော အဖွဲ့အစည်းများမှာလည်း ထိုကိစ္စအကြောင်း အလျင်အမြန် စုံစမ်းလိုက်ကြသည်။ အမှောင်ဂိုဏ်းအကြောင်း သိရှိထားပြီးဖြစ်သော အဖွဲ့အစည်းများမှာမူ စိုးရိမ်စိတ်များ ကြီးထွားလာကြတော့သည်။

သိပ်မကြာခင်တွင် လေပြင်းမုန်တိုင်းကြီးတစ်ခု တိုက်ခိုက်တော့မည့် အလားပင်။ အင်အားကြီးအဖွဲ့ကြီးအများစုမှာ ဤ အရှုပ်ထုပ်ကြီးထဲ၌ ဝင်မပါလိုကြသောကြောင့် သူတို့၏ အလုံပိတ် မန္တန်အစီအရင်များကို စတင် အသက်သွင်းနေကြပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော... လူတိုင်းမှာ မကြာသေးမီတုန်းက ပေါ်ပေါက်လာခဲ့သည့် တိုက်ပွဲကြီး၏ ရလဒ်ကြောင့် တုန်လှုပ်ချောက်ချားသွားကြသောကြောင့်ပင်။

လခြမ်းဧကရာဇ်ကြီးမှာ သေဆုံးသွားပြီဖြစ်ပြီး နတ်ဧကရာဇ်တိရှန်းမှာ သူ၏ တာအိုခန္ဓာကိုယ်အား ဆုံးရှုံးလိုက်ရ၏။ ထို့အပြင် အလင်းနတ်ဧကရာဇ်နှင့် နတ်ဧကရာဇ်ရွှမ်ဟွားတို့မှာလည်း ချန်ရှင်းအား ဒဏ်ရာရအောင်ပင် မလုပ်နိုင်ခဲ့ပေ။ အဆုံးမဲ့မျိုးနွယ်စု၏ နတ်ဧကရာဇ်ငါးပါးထဲ၌ အလျှို့ဝှက်ဆုံးဖြစ်သည့် အဆုံးမဲ့ခေါင်းဆောင်ကြီးသာလျှင် ချန်ရှင်းအား အန္တရာယ်ပြုနိုင်စွမ်း ရှိပေသည်။

ထို လျှို့ဝှက်ဆန်းကြယ် ခေါင်းဆောင်ကြီး လူမြင်ကွင်း၌ ရုပ်လုံးထွက်မပြခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သည်။ သူ့အား ကာကွယ်စောင့်ရှောက်နေသည့် အရာမှာ ရုပ်အလောင်းတစ်ခုသာ ဖြစ်သည်။ ထို ရုပ်အလောင်း၏ နာမည်မှာ ကျိကျားဖြစ်ပြီး ပြင်ပကမ္ဘာကြီးထဲ၌ သူသည် ခေါင်းဆောင်ကြီးအား ကိုယ်စားပြုပေးသည်။

ထိုသို့ဖြင့် အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးမှာ မုန်တိုင်းမတိုက်ခင် တိတ်ဆိတ်ငြိမ်သက်နေသည့်အလား ငြိမ်ကျသွား၏။

တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်ကြီးထဲ၌ ချန်ရှင်း အသွင်ပြောင်းလဲသွားရာမှ ပေါ်ပေါက်လာသည့် မိုးကောင်းကင်တာအို ငါးလေးမှာ ပေါ်တစ်ဝက် ပျောက်တစ်ဝက် ဖြစ်နေသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့အား အာကာသကောင်းကင်ကြီးထဲရှိ အဓိကနယ်မြေကြီး သုံးခုဆီသို့ ခေါ်သွားနေခြင်းမဟုတ်ဘဲ ဟင်းလင်းပြင်ကြီးတစ်ခုထဲသို့ ခေါ်ဆောင်သွားခြင်းသာ ဖြစ်သည်။ ၎င်းမှာ အောက်သို့ အဆက်မပြတ် နစ်ဝင်သွားနေ၏။

အကယ်၍ အာကာသကောင်းကင်ကြီးအား စာရွက်တစ်ရွက်အဖြစ် သတ်မှတ်လိုက်မည်ဆိုပါက ထို စာရွက်၏ အထက်တွင် ရှိနေသည့်အရာများမှာ စကြဝဠာကြီးနှင့် အဓိကနယ်မြေကြီးသုံးခု ဖြစ်နေမည် ဖြစ်ပြီး အောက်တွင်ရှိနေသည့် အရာများမှာမူ ငရဲကိုးထပ် ဖြစ်နေမည်ဖြစ်သည်။

ယခုတွင် ချန်ရှင်း ပြောင်းလဲသွားရာမှ ပေါ်ပေါက်လာသည့် မိုးကောင်းကင်တာအိုငါးလေးမှာ ရှေ့မှ ဦးဆောင်၍ ဝမ်ပေါင်လဲ့အား ငရဲကိုးထပ်၏ အတွင်းပိုင်းထဲသို့ ခေါ်ဆောင်သွားနေ၏။

ထိုသို့ဖြင့် သူတို့မှာ အသက်ရှင်ကျန်ရစ်ခဲ့သည့် အမှောင်ဂိုဏ်းသားများ နေထိုင်နေခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သည့် နေရာသို့ တဖြည်းဖြည်းနှင့် ရောက်ရှိလာတော့သည်။

၎င်းမှာ အမှောင်ကြယ်စင်စု ဖြစ်ပေသည်။

All Chapters